ဂျာနယ်ပါဆောင်းပါးဖြစ်တဲ့ ရင်းနှီးခြင်းရဲ့ အကျိုးရလာဒ်

ဒီခေါင်းစဉ်လေး ရေးဖြစ်ရခြင်းအကြောင်းကတော့ ဦးဇင်းအွန်လိုင်းသုံးရင်းနဲ့ မေးကြတဲ့လူတွေကို ဖြေပေးတာများ စုစည်းထားရာကနေ ဆောင်းပါးတစ်ပုဒ် ဖြစ်လာခဲ့တာပါ။ ဦးဇင်းနဲ့အွန်လိုင်းကနေ ခင်လာတဲ့လူတချို့ဟာ ခင်မင်မှုများလာတဲ့အခါ ဦးဇင်းကို သူတို့ရဲ့မောင်နှမသားချင်းလို သဘောထား လာကြပါတယ်။ အဲဒီလိုနဲ့ facebook သုံးသူများကပါ ဦးဇင်းကို သူတို့မောင်နှမလိုသဘောထားပြီး ဦးဇင်းအကောင့်ကို သူတို့စာမျက်နှာက မိသားစုစာရင်းမှာ ထည့်သွင်းထားကြပါတယ်။ အဲဒီလို ဦးဇင်း စာမျက်နှာမှာ မောင်နှမတွေ တွေ့လာရတဲ့အခါ ဦးဇင်းမောင်နှမတွေက များလှချည်းလားလို့ မေးလာကြပါတယ်။ ဒါနဲ့ ဦးဇင်းမှာ ညီမအရင်းနှစ်ယောက်သာရှိပါတယ်။ သူတို့ဟာလည်း နယ်မှာနေသူများမို့ အင်တာနက်မသုံးကြပါဘူး။ ခုဦးဇင်းစာမျက်နှာမှာရှိတဲ့လူတွေဟာ ဦးဇင်းကိုသူတို့ မောင်နှမမိသားစုလို သဘောထားပြီး မွေးစားထားတဲ့လူတွေပါ။

အခုဦးဇင်းကိုမွေးစားထားကျတော့ ရိုးရိုးခင်မင်မှုထက် ပိုမိုအကျိုးများတဲ့ သက်ရောက်မှုတော့ရှိမယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရိုးရိုးခင်မင်တဲ့လူဆိုရင် သူတို့ကလည်း ဦးဇင်းကို အားနာစရာတွေဖြစ်ပြီး မေးချင်တာ မမေးရဲတာတွေဖြစ်တတ်သလို ရဟန်းသံဃာနဲ့ရင်းနှီးမှုမရှိရင် ဘုန်းကြီးကျောင်းကန်တွေကစပြီး မရောက်ဖြစ်ကြပါ။ ရဟန်းသံဃာနဲ့မောင်နှမသားချင်းလို ခင်မင် ရင်းနှီးမှု တွေဖြစ်နေတဲ့အခါကျတော့ ကိုယ့်သံဃာလေး ကျောင်းမှာရှိတယ်ဆိုရင် အနည်းဆုံး ဘုန်းကြီးကျောင်းကန်တော့ရောက်ပြီး ကျောင်းရဲ့ဝေယျာဝစ္စဖြစ်စေ၊ လိုအပ်တာတစ်ခုခုကိုဖြစ်စေ လှူဒါန်းမှုဒါနကုသိုလ် ပြုလုပ်ဖြစ်သလို ဝေယျာဝစ္စကုသိုလ်လည်း လုပ်ဖြစ်ကြပါတယ်။ ဒါဟာ ရဟန်းသံဃာနဲ့ရင်းနှီးလို့ ရောက်လာကြတဲ့သူတွေရဲ့ အကျိုးပါ။

ဒါပြင် ဦးဇင်းကလည်း ကိုယ့်နဲ့ရင်းနှီးသူများဆို အားမနာတမ်းဆုံးမလို့ ရသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကို မောင်နှမသားချင်းလို သဘောထားပြီးဆိုတော့ ဆုံးမပိုင်ခွင့် ရသွားလို့ပါ။ အဲဒီလိုရအောင်လည်း ဦးဇင်းကတော့ အားလုံးကို မောင်နှမသားချင်း မိသားစုများလို သဘောထားပါတယ်။ ဒီလိုသဘောထားလို့လည်း တချို့က ဦးဇင်းကို ကိုယ့်မောင်နှမသားချင်းလို ပြန်သဘောထားကျလို့ ဦးဇင်းလည်း ဝမ်းသာပီတိဖြစ်ရပါတယ်။ မြတ်ဗုဒ္ဓကိုယ်တိုင်ကလည်း ကိုယ့်ထက်ကြီးတဲ့လူကို အကို၊ အမရင်းလို၊ ကိုယ့်ထက်ငယ်တဲ့လူကို ညီမ၊ ညီအရင်းလို သဘောထားကာ ပြောဆိုဆက်ဆံဆုံးမပေးကြဖို့ မိန့်တော်မူခဲ့ပါတယ်။ အဲဒါကြောင့် ဦးဇင်းကတော့ မောင်နှမသားချင်းလို အားလုုံးကို သဘောထားပြီးသားဖြစ်တဲ့အတွက် မိမိကို ပြန်လည်သဘောထားတဲ့လူတွေကိုလည်း အားမနာတမ်းဆုံးမပြောဆိုလေ့ရှိပါတယ်။

မနှစ်ကမြန်မာပြည်အလည်ပြန်တော့ ဦးဇင်းနဲ့အွန်လိုင်းကနေ မောင်နှမလိုခင်တဲ့ ယောက်ျားလေးတွေ၊ မိန်းကလေးတွေ ဦးဇင်းကိုလာတွေ့ကြပါတယ်။ အဲဒီလိုလာတွေ့တဲ့အထဲမှာ အရင်က ဘုန်းကြီးကျောင်းဆို တစ်ခါမှမသွားဖြစ်တဲ့လူတွေတောင် ပါသေးတယ်တဲ့။ ဘုန်းကြီးကျောင်းသွားဖို့ဆို အတော်ဝန်လေးတယ်။ ပြောဆိုဆက်ဆံဖို့ ခက်တယ်ဆိုပြီး မသွားဖြစ်ကြဘူးတဲ့။ ဦးဇင်းနဲ့ကျတော့ စကားပြောရတာလည်း အဆင်ပြေတယ်။ ဦးဇင်းကလည်း အားလုံးကို နားလည်ခွင့်လွတ်ပေးတယ်။ ပြောဆိုဆုံးမပညာပေးတယ်။ လူငယ်လည်းဖြစ်တာဆိုတော့ ဦးဇင်းဆီလာရတာ ပျော်ကြတယ်တဲ့။ ရန်ကုန်ကလူတွေဆို ဦးဇင်းမုံရွာကိုပြန်သွားတာနဲ့ နိုင်ငံခြားပြန်သွားဖို့ ရန်ကုန်ကို မလာသေးဘူးလားလို့ ခဏခဏ ဖုန်းဆက်ကြတယ်။ ဦးဇင်းရန်ကုန်ရောက်ရင် သူတို့ကလာပြီး စကားပြောချင်၊ ဩဝါဒဆုံးမ စကားများ နားထောင်ချင်လို့တဲ့။ အဲဒါနဲ့ ဦးဇင်းလည်း ဘယ်သံဃာမဆို မိမိတို့က ရင်းနှီးစွာနဲ့ ပြောဆိုဆက်ဆံပါ။ အဲဒီလိုလုပ်မယ်ဆိုရင် မင့်တို့အတွက် ကောင်းမွန်တဲ့ဗဟုသုတပညာများရရှိပြီး လူတော်လူကောင်းလေးတွေဖြစ်ကာ မျက်မှောက်မှာရော သံသရာမှာပါ အကျိုးရှိတဲ့ လူလေးတွေ ဖြစ်ကြပါလိမ့်မယ် လို့ ပြောဆိုဆုံးမပေးခဲ့ပါတယ်။

ဒါနဲ့ ဒီနေရာမှာ ဆက်စပ်မိလို့ ကောသလမင်းကြီး မြတ်စွာဘုရားနဲ့ အမျိုးတော်ချင်တာကို စိတ်ထဲပေါ်လာလို့ ပြောပါဦးမယ်။ မြတ်ဗုဒ္ဓရဲ့သံဃာတော်တွေကို နေ့စဉ်နေ့တိုင်း အနာထပိဏ်သူဌေး၊ ဝိသာခါကျောင်းအမ၊ ကောသလမင်းတို့က သံဃာတော်တွေကို ဆွမ်းစားပင့်ပါတယ်။ အဲဒီလို ပင့်တဲ့အခါကျတော့ သံဃာတော်တွေက ကောသလဘုရင်မင်းမြတ်ရဲ့ရွှေနန်းတော်ကို မသွားကြဘဲ ဝိသာခါ၊ အနာထပိဏ်သူဌေးတို့ထံသာ သွားလေ့ရှိကြပါတယ်။ ဒါနဲ့ ကောသလဘုရင်က “ဘယ်သူကများ ငါ့ထက် ပိုမိုကောင်းမွန်အောင် ကျွေးမွေးလှူဒါန်းနိုင်မလဲ။ ငါ့နန်းတော်ကသာ အကောင်းမွန်ဆုံးတွေကို လှူဒါန်းနိုင်တာပါ။ ဘာဖြစ်လို့ သံဃာတွေ မကြွကြတာလဲ” လို့ စဉ်းစားရခက်နေပါသတဲ့။

တကယ်တော့ သံဃာပဲဖြစ်စေ၊ လူပဲဖြစ်စေ၊ မိမိနဲ့ရင်းနှီးကျွမ်းတဲ့အိမ်ကိုသာ သွားလာချင်ပါတယ်။ မိမိနဲ့မရင်းနှီးမကျွမ်းဝင်တဲ့အိမ်ဆို မသွားလာချင်ပါဘူး။ ခုလည်း သံဃာတော်တွေဟာ ကောသလဘုရင်နဲ့စာရင် ဝိသာခါ၊ အနာထပိဏ်တို့နဲ့ ပိုမိုရင်းနှီးတဲ့အတွက် ကြွရောက်ခြင်းပါ။ အဲဒီလိုဖြစ်တာကို ကောသလဘုရင်က စဉ်းစားမရတာနဲ့ မြတ်စွာဘုရားကို ဘာဖြစ်လို့ ဒီလိုဖြစ်ရတာလဲ ဘုရားလို့သွားလျှောက်တဲ့အခါ မြတ်ဗုဒ္ဓကလည်း ဘယ်သူမဆို မိမိနဲ့ရင်းနှီးကျွမ်းဝင်တဲ့အိမ်၊ အမျိုးလိုဖြစ်နေတဲ့ အိမ်ကိုသာ ကြွချင်ကြတာမို့ သံဃာတွေဟာ ဝိသာခါ၊ အနာထပိဏ်တို့နဲ့ ဆွေမျိုးလိုခင်မင်နေကြတဲ့အတွက် ကြွရောက်ခြင်းသာဖြစ်ပါတယ် လို့ ပြန်လည်မိန့်ကြားပေး လိုက်ပါတယ်။

ဒါနဲ့ ကောသလဘုရင်ဟာ သူ့နန်းတော်ကို သံဃာတွေဆွမ်းစားကြွအောင်၊ မြတ်စွာဘုရားနဲ့ အမျိုးတော်ရင် သံဃာတွေ သူ့နန်းတော်ကို ဆွမ်းစားကြမယ်ထင်ပြီး မြတ်စွာဘုရားအမျိုးဖြစ်တဲ့ သာကီဝင်မင်းသမီး တစ်ယောက်ကို မိဖုရားမြှောက်ဖို့ ကြံစည်ခဲ့ပါတယ်။ ဒီလိုကြံစည်တာဟာ ကောသလမင်းရဲ့ အတွေးမှားမှုပါပဲ။ အဲဒီလိုလုပ်ရုံနဲ့ သံဃာတွေရဲ့စိတ်ကို ရင်းနှီးမှုမရနိုင်ပါ။ မိမိကလည်း သံဃာတွေကို ကိုယ့်မောင်နှဆွေမျိုးလိုသဘောထားမှ သံဃာတွေကလည်း ကိုယ့်ကိုပြန်လည် သဘောထားမှာပါ။ အဲဒီလို သဘောထားမယ်ဆိုရင် သံဃာတော်များမှာလည်း ပစ္စည်းလေးပါးအတွက် မပူပင်ရသလို ဒကာ-ဒကာမတွေမှာလည်း ကောင်းမှုများနေ့စဉ်ပြုလုပ်ခွင့်ရပြီး တရားစကားများကို နေ့စဉ်နာကြားခွင့်ရကာ မိမိအမှားရှိရင်လည်း ချက်ခြင်းပြုပြင်ပေးနိုင်မဲ့လူ အရန်သင့် ဖြစ်နေမှာပါ။

ဒါ့ကြောင့် ဦးဇင်းကတော့ ကိုယ့်နဲ့အမျိုးလိုဖြစ်နေတဲ့လူဆိုရင်တော့ အာမနာတမ်းပြောလို့ရတဲ့အတွက် အမျိုးတော်လေး ကောင်းလေးပဲလို့ တွေးမိပါတယ်။ မိမိနဲ့ မရင်းနှီးတဲ့လူက အမှားလုပ်တော့မယ်ဆိုရင် သူကကိုယ်ပြောတာ ကြိုက်လားမကြိုက်လား မသိလို့ မပြောဆိုမဆုံးမဖြစ်တာက များပါတယ်။ မိမိနဲ့ရင်းနှီးတဲ့သူဆိုရင်တော့ ကိုယ့်ရှေ့မှာ အမှားပြုလုပ်တော့မယ်ဆိုရင် အားမနာတမ်း ပြောလေ့ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ကိုယ့်အမျိုးလိုဖြစ်နေတော့ ပြောရဲဆိုရဲ့တဲ့ သတ္တိရှိနေလို့ပါ။ ဦးဇင်း သာသနာ့တက္ကသိုလ်ကနေ သာသနတက္ကသီလဓမ္မာစရိယဘွဲ့အောင်မြင်ပြီးတဲ့အခါ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့တောင်တန်းဒေသမှာ သာသနာပြုတာဝန်(၂)နှစ်ကျတာနဲ့ သွားရောက် သာသနာပြုပေးခဲ့စဉ်ကလည်း တစ်မြို့လုံးကို ကိုယ့်အမျိုးတွေလို သဘောထားကာ အားမနာတမ်း ပြောဆို ဆုံးမခဲ့ပါတယ်။

ဦးဇင်းသာသနပြုကျတဲ့ကျောင်းမှာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းလည်းရှိတာဆိုတော့ ဦးဇင်းအတွက် ပိုအဆင်ပြေပါတယ်။ တာဝန်ကျတဲ့မြို့လေးမှာနေတဲ့ တိုင်းရင်းသားပေါင်းစုံအားလုံးက ဦးဇင်းကို သူတို့ညီအကိုမောင်နှမလိုခင်မင်ကြပါတယ်။ ဦးဇင်းကလည်း ကလေးတွေကို စာသင်ပေးရင်း မင့်တို့ဟာ ငါ့ရဲ့ ညီတွေ၊ ညီမတွေဖြစ်ကြတယ်နော်။ အဲဒါကို မင့်တို့မှတ်ထား၊ မင့်တို့ကလည်း ဦးဇင်းကို ကိုယ့်အကိုအရင်းလို သဘောထားကြ၊ မိမိတို့နဲ့ ဘာသာမတူ၊ လူမျိုးမတူတာတွေ စိတ်ထဲမှာ မထားကြနဲ့လို့ ပြောဆိုပေးကာ ကလေးတွေကစပြီး ညီအကိုမောင်နှမ သံယောဇဉ်ဖြစ်အောင် ပြုလုပ်ပေးပါတယ်။

ကလေးတွေက ကိုယ့်ကို သူတို့အကိုလိုသဘောထားတဲ့အခါကျတော့ မိဘတွေလာရင် ခင်ဗျားသမီး၊ သားကတော့ ဦးဇင်းကို အကိုရင်းလိုသဘောထားတယ်။ ခင်ဗျားတို့ကရော ဘယ်လိုလဲဆိုပြီး မေးတဲ့အခါကျတော့ မိဘတွေကလည်း သဘောတူပါတယ်လို့ ပြောကြတယ်။ မိမိနဲ့ မောင်နှမလိုဖြစ်နေတဲ့ အခါကြတော့ ကလေးတွေက ကိုယ့်ပြောတဲ့စကားကို နားထောင်ကြတယ်။ ဒါလုပ်ဆို လုပ်ကြတယ်။ ဒါလေးရွတ်ပါဆိုလည်း ဘုရားစာတွေ ရွတ်ကြတယ်။ တကယ်လို့ မိမိက ကလေးတွေကို ကိုယ့်ခိုင်းတာ မလုပ်လို့ဖြစ်စေ၊ ကိုယ့်စကားနားမထောင်လို့ဖြစ်စေ ရိုက်လိုက်မိတဲ့အခါလည်း ကလေးတွေက ဦးဇင်းကို ခဏတာ အပြစ်မြင်ပေမဲ့ မိဘတွေကတော့ အပြစ်မမြင်ကြတောပါ။ ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေကသူတို့ရိုက်ခံရတဲ့အခါ အိမ်ရောက်တော့ မိဘတွေကို အမေ ဒီနေ့ အကိုက သား၊ သမီး စာမလုပ်လို့ ရိုက်တယ်လို့ တိုင်ကြပါတယ်။ အဲဒီအခါ မိဘတွေက သူတို့သားသမီးကို အကိုကရိုက်တယ်ဆိုတဲ့ တိုင်သံကြားတာနဲ့ ဦးဇင်းကို အပြစ်မြင်တဲ့စိတ်မရှိတော့ပါဘူး။ “အော်-အကိုကရိုက်တယ်ဆိုတဲ့စကားဟာ တန်ဖိုးရှိပါလားဆိုပြီး အဲဒီတုန်းက သိခဲ့ရပါတယ်။ အကိုကဆိုတဲ့ စကားလုံးကြောင့်သာ မိဘတွေက ဦးဇင်းကို အပြစ်မမြင်တာပါ။ တကယ်ဆို တောင်တန်းဒေသက မိဘတွေဟာ သူတို့သားသမီးကို မရိုက်ကြပါဘူး။ သူတို့ကိုယ်တိုင်ကလည်း သားသမီးများကို မရိုက်ကြတာမို့ သူများကရိုက်ရင်လည်း မကြိုက်ကြဘူး။ ကျန်တဲ့ဆရာ၊ ဆရာမတွေရိုက်ရင် ကျောင်းအုပ်ဆရာတွေ၊ ရဲစခန်းတွေမှာ တိုင်ကြလေ့ရှိပါတယ်။ ဦးဇင်းမို့သာ သူတို့မတိုင်ကြတာပါ။ ဒါဟာလည်း အကိုဆိုတဲ့ စကားလုံးကြောင့်ပါ။

တကယ်လို့သာ ဦးဇင်းနဲ့ ကလေးတွေသာ ညီအကိုမောင်နှမဆွေမျိုးသားချင်းလို သဘောမထားဘူးဆိုရင် ကလေးတွေကို ဦးဇင်းရိုက်မိတဲ့အခါ ဒီဦးဇင်းက ဘာဖြစ်လို့ ငါ့သားကို ရိုက်ရတာလဲလို့ ကလေးမိဘတွေဒေါသဖြစ်အပြစ်မြင်ပြီး ဦးဇင်းကိုလည်း တိုင်တောမှုတွေ လုပ်ကြပါလိမ့်မယ်။ ဒါကြောင့် ဦးဇင်း တောင်တန်းသာသနာပြုစဉ်မှာလည်း အားလုံးကို ညီအကို မောင်နှမတွေလို သဘောထား ဆက်ဆံခဲ့သလို သူတို့ကလည်း ပြန်လည်သဘောထားခဲ့တဲ့အတွက် ကိုယ့်စကားကိုနားထောင်ကာ ဘာသာမပြောင်းသော်မှ ကိုယ့်ပေးတဲ့အသိဉာဏ်တွေ သူတို့ရင်ထဲမှာ စွဲကျန်နေရစ်ခဲ့ပါတယ်။ အဲဒီလို ဦဇင်းကို မောင်နှမလို သဘောထားဆက်ဆံကြတဲ့အတွက် ဦးဇင်းလည်းနေရတာ စိတ်ချမ်းသာလို့ သာသနာပြုတာဝန်(၂)နှစ်ကျပေမဲ့ (၃)နှစ်တိတိ နေပေးခဲ့ပါတယ်။ ဦးဇင်းပညာသင်ပြီးရင်လည်း အဲဒီမှာပဲ ကျောင်းထိုင်ပါလို့ အားလုံးကလည်း တောင်းဆိုထားကြပါတယ်။ ဒါပေမဲ့ ဦးဇင်းဘဝရှေ့ရေး ဘယ်လိုဖြစ်မဲ့ဆိုတာကို သေချာမသိသေးတဲ့အတွက် အာမခံချက်တော့ မပေးခဲ့ပါဘူး။

ဦးဇင်းစာသင်ခဲ့တဲ့ ဘုန်းတော်ကြီးကျောင်းက ဆရာ၊ ဆရာမတွေဆို ဦးဇင်းကိုချီးမွမ်းလေ့ရှိပါတယ်။ “ဦးဇင်းက သူများချစ်အောင်လည်း ပြောဆိုတတ်တယ်။ စိတ်ထားတတ်တယ်။ စိတ်မဆိုတတ်ဘူး။ အလုပ်အကိုင်လည်း နေရာတကာမှာ ပညာတတ်ဦးဇင်းဆိုပြီး မာနမထားဘဲ လုပ်ပေးတတ်တယ်၊ ကလေးမိဘတွေ စိတ်မဆိုးအောင်လည်း ဦးဇင်းက စကားလုံးလှလှလေးတွေနဲ့ သူတို့အပြစ်မမြင်အောင် မောင်နှမသံယောဇဉ်ထားပြီး ပြောဆိုဆက်ဆံတတ်တယ်”လို့ ချီးမွမ်းခန်း ထုတ်လေ့ရှိပါတယ်။ မနှစ်က မြန်မာပြည်အလည်ပြန်တော့ တောင်တန်းကို သွားခဲ့ပါသေးတယ်။ ဦးဇင်းလာတာနဲ့ “ဟော့ တို့ဦးဇင်းလာပြီ၊ တို့အကိုလာပြီ၊ တို့မောင်လေးလာပြီ”ဆိုပြီး ကြိုလိုက်ကြတာ အားရဝမ်းသာစရာ မြင်းကွင်းတွေနဲ့ ကြုံခဲ့ရပါတယ်။ ဒါဟာ မောင်နှမလို သဘောထားခြင်းရဲ့ အကျိုးရလဒ်တွေပါ။

ခုလည်း ဦးဇင်းကို မွေးစားထားကြတဲ့ အကို၊ မောင်၊ ညီ၊ သားစတဲ့လူတွေအားလုံးကို ဦးဇင်းက ပထမဦးဆုံး စကားနဲ့ဆုံးမမယ်။ စကားနဲ့မရရင် လက်နဲ့ဆုံးမရမယ်။ လက်နဲ့ဆုံးမလို့မှ မရတော့တဲ့လူဆိုရင်တော့ သတ်ပစ်လိုက်မယ်လေ။ သတ်ပစ်လိုက်မယ်ဆိုလို တစ်မျိုးတော့ မထင်ကြပါနဲ့။ လူကိုသတ်မှာမဟုတ်ဘူး။ စွန့်ပစ်ထားလိုက်မှာပါ။ ဒီလိုဆုံးမမှုနဲ့ပတ်သတ်ပြီး သတ်ပစ်တယ်ဆိုတဲ့စကားကို နားလည်အောင် မြတ်ဗုဒ္ဓလက်ထက်က မြတ်စွာဘုရားနှင့်ကေသီမြင်းထိန်းတို့ရဲ့ အကြောင်းအရာလေးကို လမ်းကြုံတာနဲ့ ရေးလိုက်ပါဦးမယ်။

ကေသိအမည်ရှိတဲ့မြင်းထိန်းဆရာဟာ မြတ်ဗုဒ္ဓနဲ့တွေ့တဲ့အခါ သာသနာတော်မှာရှိတဲ့ သံဃာတွေကို ဘယ်လိုနည်းနဲ့ ယဉ်ကျေးလိမ်မာအောင် ဆုံးမပေးသလဲလို့ မေးခဲ့ပါတယ်။ အဲဒီအခါ မြတ်ဗုဒ္ဓက အသင်မြင်းဆရာရော မြင်းတွေကိုလိမ်မာယဉ်ကျေးအောင် ဘယ်လိုဆုံးမပါသလဲလို့ ပြန်မေးလိုက်ပါတယ်။ ဒါနဲ့ မြင်းဆရာက ပထမအနေနဲ့ နှုတ်ကနေ ငေါက်ငမ်းပြီး လိုရာသွားတတ်အောင်၊ ကိုယ့်စကားကို နားလည်အောင်၊ ယဉ်ကျေးအောင် ဆုံးမပါတယ်။ အဲဒီလို ဆုံးမလို့မရတဲ့မြင်းကို ချွန်းတံနဲ့သွေးထွက်အောင် ထိုးစွပြီး ဆုံးမပေးပါတယ်။ အဲဒီလိုမှမရတဲ့မြင်းကို သတ်ပစ်လိုက်ပါတယ်လို့ ဖြေပါတယ်။

ထိုအခါ မြတ်ဗုဒ္ဓကလည်း ငါလည်း သင်လိုပဲ ပထမအနေနဲ့ တရားဟောဩဝါဒပေးပြီး လမ်းညွှန်ဆုံးမပေးတယ်။ အဲဒီလိုမှမရရင် သိက္ခာပုဒ်စည်းကမ်းဥပဒေထုတ်ပြီး ဒါတွေလုပ်ရင် ဒီလိုအကျိုးတွေခံစားရတယ်လို့ အပြစ်တွေကိုမြင်အောင်ပြော ဆုံးမတယ်။ ဒီလိုပြောတာမှမရတဲ့ သံဃာကိုတော့ ငါလည်း သတ်ပစ်လိုက်တယ်လို့ မိန့်တော်မူပါတယ်။ အဲဒီအခါ မြင်းထိန်းဆရာက အရှင်ဘုရားကိုယ်တိုင် သူတစ်ပါးအသတ်ကိုမသတ်ရဆိုပြီး ငါးပါးသီလထဲမှာ ပါဏာတိပါတသိက္ခာပုဒ်ကို ဟောထားခဲ့တယ် မဟုတ်လား။ အဲဒီလိုဟောထားပါလျက်နဲ့ ဘာဖြစ်လို့ သူတစ်ပါးအသက်ကို မိမိကိုယ်တိုင် သတ်ရတာလဲလို့ပြောတော့ မြတ်ဗုဒ္ဓက ငါသတ်ပစ်တယ်ဆိုတာက မင့်လို သူတစ်ပါး အသက်သေအောင် သတ်တာမဟုတ်ဘူး။ ငါဘယ်လိုမှ ဆုံးမလို့မရတဲ့သံဃာကို ဘေးမဲ့ပေးတဲ့အနေနဲ့ ဘာမှပြောဆိုခြင်းမရှိဘဲ နေလိုက်တာကို ပြောတာပါ။ အဲဒီလို ငါဘုရားရှင်ရဲ့ ဘေးမဲ့ပေးခြင်း၊ ပြောဆိုဆုံးမလို့မရတဲ့ပုဂ္ဂိုလ်ဟာ ကောင်းမှုဆိုတာ လုပ်ဖြစ်တော့မှာမဟုတ်သလို သူတော်ကောင်းစကားဆိုတာလည်း သူ့မှာမရှိတဲ့အတွက် မျက်မှောက်ရော တမလွန်မှာပါ သုံးစားလို့ရမဲ့ပုဂ္ဂိုလ်မဟုတ်တဲ့အပြင် အပါယ်ကိုသာ သွားရမဲ့ လူဖြစ်လိမ့်မယ်လို့ မိန့်ကြားတော်မူခဲ့ပါတယ်။

ဒါကြောင့် ဦးဇင်းကလည်း ဘယ်လိုမှဆုံးမလို့မရတဲ့သူဆိုရင် စကားမပြောဘဲ ကိုယ်နဲ့မသိတဲ့ လူပုံစံမျိုးနေလိုက်ကာ သတ်ပစ်လိုက်မှာလို့ ပြောခြင်းဖြစ်ပါတယ်။ အဲဒီတော့ ဦးဇင်းရဲ့ ဒကာ-ဒကာမအားလုံးဟာလည်း မိဘရဲ့သတ်ဖြစ်ခြင်း၊ ဆရာသမားရဲ့သတ်ဖြတ်ခြင်း၊ ပတ်ဝန်းကျင်ရဲ့ သတ်ဖြတ်ခြင်းများ ခံကြရတဲ့လူများ မဖြစ်အောင် ပြုလုပ်နေထိုင်စေချင်ပါတယ်။ မိဘကသတ်ခဲ့ရတဲ့ သားသမီးဟာ ဘဝမှာ သုံးစားလို့ ရတဲ့လူဖြစ်မလာနိုင်သလို ဆရာက သတ်ခံရတဲ့လူဆိုရင်လည်း သုံးစားလို့ ရတော့မှာ မဟုတ်ပေ။ နိဂုံးချုပ်အနေနဲ့ ပြောချင်တာကတော့ ဦးဇင်းကို ဆွေမျိုးသားချင်းလို သဘောထားပြီဆိုရင်တော့ ဆုံးမခံရဖို့သာ ပြင်ထားဖို့နဲ့ ဦးဇင်းသတ်ပစ်ခြင်းမှ ကင်းဝေအောင် ပြုမှုနေထိုင်ကြပါ လို့ ပြောလိုက်ပါရစေ။

ဂျာနယ်ကို Download လုပ် ဖတ်ချင်တယ်ဆိုရင်တော့ ဒီမှာ ယူလိုက်ပါ။ http://www.mediafire.com/?zq24sdqxe6gj40r

ဦးဇင်း စာဖတ်ပရိသတ်အားလုံး ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး လိုရာဆန္ဒပြည့်ဝကြပါစေလို့ ဆန္ဒပြုလျက်…..။

အရှင်ကောမလ(ခ)ဆန်နီနေမင်း
University of Mandalay (B.A- Buddhism)
University of Kelaniya in Sri Lanka (Master of art)
Master of philosophy (M.phil)
sanninaymin@gmail.com
http://www.sanninaymin.com
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။

One comment

  • Thel Nu Aye

    January 2, 2012 at 5:47 pm

    မှတ်သားထိုက်ပါတယ်။ မှတ်သားလိုက်ပါတယ်ဘုရား။ လိုက်နာနိုင်အောင်လဲကြိုးစားပါမယ်ဘုရား။

Leave a Reply