ဂေဇက်seminar (၂) မှရသော အတွေး နှင့် နေ့စဉ်စိစစ် ကောင်းကျိုးဖြစ်

padonmarJanuary 2, 20122min18519

ကိုသစ်မင်းရဲ့ ဆီမီနာ(၂)ကို စဖတ်တော့ ကိုယ်နဲ့ ကွက်တိဖြစ်နေတဲ့ အချက်ကိုသွားတွေ့ပါတယ်။

၁၃။ကောင်းသောစကားများ၊စာများဖတ်ပြီး ဟာဟုတ်တယ်ဟေ့ လုပ်ရမယ်ဟေ့ဟု ကြွတက်

(တောက်လျှောက်တက်ကြွသောစိတ်မဟုတ်)စိတ်များဖြစ်သွားကြပြီး၊ နောက်ပိုင်းဆက်မလုပ်ဖြစ်

မလိုက်နာဖြစ်သောစိတ်များကိုပြုပြင်ရန်။

ဒီအကျင့်ပြင်ဘို့ ဒီနေ့ဘဲ ဓမ္မဗျူဟာက ရလာတဲ့ ကုသိုလ်မှတ်တမ်း ပြက္ခဒိန်လေးနဲ့ ကိုယ့်ကိုကိုယ်ပြုပြင်မယ်လို့ စိတ်ကူးမိပါတယ်။

ဒီ ကုသိုလ်မှတ်တမ်း ပြက္ခဒိန်လေး သဘောက နေ့စဉ် ပြုသင့်တဲ့ ဒါနသီလ ဘာဝနာကို ပြုဖြစ်ရင် အဲဒီရက်စွဲမှာ မင်ပြာလေးနဲ့ ခြစ်၊မပြုဖြစ်ရင် မင်နီနဲ့ ခြစ်။

ကိုယ့်မှတ်တမ်းပြန်ကြည့်ရင်းနဲ့ ကိုယ့်ကိုကိုယ် သတိပေးတဲ့ သဘောပါ။

ကုသိုလ်ရေးသာမက အခြားကောင်းကျိုးဖြစ်စေမယ့် ကိစ္စတွေလည်း မှတ်နိုင်ပါတယ်၊

စာဖတ်စာရေးတာတွေကအစ လိုရာသုံးသက်ဝေပါ။

ဥပမာ
(Nature ဆိုရင် exercise လုပ်ဖြစ်ရင် အပြာပေါ့၊ ဝေဝေ ဆိုရင် တစ်ပတ်နှစ်ပုဒ် ပို့စ ရေးဖြစ် တင်ဖြစ်ရင် အပြာပေါ့)

ကျွန်မတော့ကြိုးစားကြည့်ပါမယ်၊တစ်လကုန် တစ်နှစ်ကုန်ရင် မင်ပြာလေးတွေ များများတွေ့ အောင်ကြိုးစားရင်း

ကိုသစ်ရဲ့ အမှတ် ၁၃ ကို ဒီနေ့ဘဲ စပါမယ်လို့ အကြောင်းကြားပါတယ်။

ကိုယ့်လိုဘဲ ကောင်းတာတွေ လုပ်သင့်မှန်းသိနေပေမယ့် အပျင်းဓာတ်ခံ မတွန်းလှန်နိုင်တဲ့ရွာသူရွာသားတွေများရှိခဲ့ရင် နှစ်ဦးလက်ဆောင်လေးပေးချင်ပါတယ်။

(New Year Resolution လေးပေါ့နော်)

မေတ္တာဖြင့်

ပဒုမ္မာ(၂၀၁၂)

ကုသိုလ်မှတ်တမ်းပုံစံပါ

မှတ်တမ်း အသုံးပြုနည်းလေးပါ

Calendar 2012003

အတိတ်ကိုတွေး၊မဆွေးလေနဲ့၊
အတိတ်ဆိုတာ၊ပြန်မလာဘူး။
အနာဂတ်မှန်းဆ၊မတမ်းတနဲ့၊
အနာဂတ်ဆိုတာ၊မသေချာဘူး။
ပစ္စုပ္ပန်မှာ၊လုပ်သင့်ရာဝယ်၊
ပညာ လုံ့လ၊အသုံးချလျက်၊
ဘဝတန်ဖိုး၊အားမာန်ကိုး၍၊
မြတ်နိုးကြည်ဖြူ၊အရယူလော့၊
ပါမောက္ခချုပ်ဆရာတော်
အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ(Ph.D)

Calendar 2012004

၂၀၁၂ ပြက္ခဒိန် ၊ရက်ရာဇာ ပြဿဒါးမပါ မြန်မာရက် သိချင်သူတွေအတွက်ပါ
ပါချုပ်ဆရာတော်ရဲ့ တိုက်တွန်းစကား ကဗျာလေးပါတဲ့ ပြက္ခဒိန်ပါ

နေ့စဉ်စိစစ် ကောင်းကျိုးဖြစ်

ကိုယ့်၌ တရားရှိမရှိ၊

ကိုယ်သိတာ မှန်မမှန်၊

ကိုယ်ကြံတာ ဟုတ်မဟုတ်၊

ကိုယ်လုပ်တာ လျော်မလျော်၊

ကိုယ်သူတော် ကောင်းမကောင်း၊

အကြောင်းနှင့်တကွ နေ့စဉ်စိစစ်ပါ၊

19 comments

  • koyinmaung

    January 2, 2012 at 5:27 am

    တော်တော်ကောင်းတဲ့အစီအစဉ်ပဲ
    ပဒုမ္မာရေ အားပေပါတယ်..

  • kai

    January 2, 2012 at 6:04 am

    ၂၀၁၂ ပြက္ခဒိန် ၊ရက်ရာဇာ ပြဿဒါးပါတာလေးကို.. မန္တလေးဂေဇက်အတွက် ပုံနှိပ်ချင်တာမို့.. မူရင်းဖိုင်(Adobe .ai, .indd ) ရရင် လိုချင်ပါတယ်ခင်ဗျား…။
    မြန်မာသက္ကရာဇ် နှစ်ဆန်းလဖြစ်တဲ့.. ဧပြီမှ စမဲ့ ပြက္ခဒိန်ဖြစ်ပါတယ်…။
    ဆိုတော့…
    ၂၀၁၂ဧပြီ -၂၀၁၃ ဧပြီအထိပေါ့…။

    အဲဒါ ရွာသူားတွေထဲက.. ကူညီကြပါဦး..။
    ဝယ်ရမယ်ဆိုရင်လည်း ..ဝယ်ပါ့မယ်..။

    • Khin Latt

      January 2, 2012 at 6:16 am

      သူကြီး ရေ http://www.myanmarcalendar.info မှာ တွေ့တယ်။
      Copyright ရှိမရှိ စုံစမ်းကြည့်ပါလား။
      အဆင်ပြေပါစေ ဆုတောင်းပါတယ်။

  • Khin Latt

    January 2, 2012 at 6:10 am

    မပဒုမ္မာရေ – ကျွန်မလဲ အဲဒီလို ကြိုးစားကြည့်ပါဦးမယ်။ Idea လေးအတွက် ကျေးဇူးပါနော်။

  • thit min

    January 2, 2012 at 7:15 am

    တော်တော်ကောင်းသော ဓမ္မဒါနပါဘဲ။
    ဘာသာရေးနဲ့ ထိန်းတာကတော့ အကောင်းဆုံးမို့ ကျေးဇူးပါ ဒေါက်တာရေ့။
    ခင်မင်လေးစားစွာ
    မောင်သစ်မင်း

  • MaMa

    January 2, 2012 at 7:40 am

    ကုသိုလ်မှတ်တမ်းဆိုတာနဲ့ ခေါင်းခဲသွားတယ်။
    နေ့စဉ်နဲ့အမျှ မှတ်တမ်းတင်ရမယ်ဆိုတော့….
    ဆန်းစစ်ရမယ်ဆိုရင်တော့ ငါ့မှတ်တမ်းက အနီတွေ များနေမလားပေါ့။
    ပဋ္ဌာန်းပစ္စယနိဒ္ဒေသပါဠိ ကို တစ်နေ့တစ်ခေါက်ရွတ်မယ်ဆိုပြီးတော့ ရွတ်ဖြစ်တယ်။
    နေ့စဉ် အချိန်မှန်တော့ မရွတ်ဖြစ်ဘူး။
    အဲဒါဆိုရင် ဘာအရောင်လေး ဖြစ်မလဲ ပဒုမ္မာရေ- 😛

  • ငပေါက်ဖော်

    January 2, 2012 at 9:19 am

    ကြွတက်ကနေ တက်ကြွ ဖြစ်သွားပြီလား
    မိုက်ဒယ်ဗျာ
    ြုပက္ခဒိန်တောင် အစစ်ပါလိုက်သေး
    ငဖော်ရီးတို ့ကတော့ ငယ်ငယ်ကတည်း အနီတွေနဲ ့ယဉ်ပါးခဲ့တာမို ့
    ခုလဲ …..
    အရဂါးနောက်တာ..
    ဂွတ်အိုင်ဒီယာကြီးခင်ဗျ

  • windtalker

    January 2, 2012 at 2:27 pm

    အန်တီ ပဒုမ္မာရေ ကျေးဇူးတင်ပါတယ်နော်
    ကဗျာလေး ကို လဲ ကြိုက်လို ့ကူးသွားပါတယ် ခင်ဗျ

  • weiwei

    January 2, 2012 at 2:48 pm

    အိုင်ဒီယာလေးကတော့ ကောင်းတယ် …
    ဒါပေမယ့် ဘယ်အရာကို စံထားရမလဲဆိုတာ ခက်နေတယ် ….
    ကျွန်မအတွက်ဆို ကျောင်းစာက ပိုအရေးကြီးတယ် … ဒါပေမယ့် အဲဒါကို မလုပ်ချင်ဘူး ..
    လုပ်ဖြစ်တဲ့နေ့ကို အပြာပေးပြီး မလုပ်ဖြစ်တဲ့နေ့ကို အနီပေးရမှာ ဆိုရင် အနီတွေများနေတော့မယ် …
    ရွာထဲဝင်တဲ့နေ့ကို အပြာပေးပြီး မဝင်ဖြစ်တဲ့နေ့ကို အနီပေးရမှာဆိုရင် အပြာတွေများနေတော့မယ် …
    ၂၀၁၂ မှာ လုပ်ချင်တာတွေအရမ်းများနေတယ် … တစ်ရက်တော့ကုန်သွားပြီ .. ဘာမှဖြစ်မလာသေးဘူး …

  • nature

    January 2, 2012 at 5:37 pm

    Exercise ကစတိလုပ်ဖြစ်ရင်ကော ဘယ်လိုရေးရမလဲ။ 🙂

  • padonmar

    January 2, 2012 at 8:33 pm

    ကိုရင်မောင်(မမယ်မ မပါ)
    မခင်လတ် (ဦးပြည့်စုံမပါ)
    ကိုသစ်မင်း (တေးမြုံငှက် မဟုတ်)
    ကိုပေါက်ဖော် (ဆွေမျိုးမဟုတ်)
    ကိုပေ(Three Stooges မဟုတ်)
    ဒီလက်ဆောင်လေးနှစ်သက်တယ်ဆိုလို့ ကျေးကျေးပါနော်။

    သူကြီး ပြက္ခဒိန်တောင်းနေတာတော့ တွေ့မိသား။
    ကွန်ပျူတာ တက်ခနစ်ရှင်တွေ ပို့ပေးပြီးပြီလို့ ထင်နေတာ။
    လိုက်တော့မေးကြည့်နေပါတယ်။
    မခင်လတ်ပေးတဲ့ နေရာမှာ မရရင် ပြောပါနော်။
    ပြက္ခဒိန်ကို scan လုပ်ပေးတာလောက်တော့ တတ်ပါတယ်။

    မမရေ၊
    ချစ်လွန်းလို့ discount ပေးမယ်။
    အချိန်မှန်ဖို့ထက် ရက်မှန်ဖို့ဦးစားပေးလိုက်ပေါ့။ပြာပြာလေးနေဖြစ်သွားမယ်။
    ညအိပ်ခါနီးလို့မှ အဓိဋ္ဌာန်အတိုင်း မပူဇော်ရသေးရင် မအိပ်နဲ့။

    ဝေဝေရေ၊
    ဒီပြက္ခဒိန်လေးကို copy ကူးလိုက်၊
    ဒါမှမဟုတ် လူချင်းတွေ့ဖြစ်ရင် လက်ဆောင်ပေးမယ်။
    တစ်ရွက်က ကျောင်းစာမှတ်တမ်းထား၊
    တစ်ရွက်က ရွာဝင်မှတ်တမ်းထား၊
    တစ်ရွက်က ဒါန၊တစ်ရွက်က သီလ၊နောက်တစ်ရွက်က ဘာဝနာ မှတ်ပေါ့နော်။

    ဆရာ Nature
    မစခင်ကတည်းက ဈေးဆစ်နေတာလား၊ပိန်အုံးမယ်နော်။မဒမ် ပစ်သွားရင် ဘယ်လိုလုပ်မလဲ။
    အပြည့်အဝလုပ်တဲ့နေ့ကို အပြာခြစ်၊စတိကို အစိမ်းခြစ်၊မလုပ်တဲ့နေ့ အနီခြစ်၊
    ဘာဖြစ်ဖြစ် ကိုယ့် အကြောင်းကိုယ်သိရတာပေါ့၊
    ဒါကြောင့် ကျွန်မတို့နဲ့ သူတော်ကောင်းကြီးတွေရဲ့ စိတ်ဓာတ်နဲ့ အဝေးကြီးနေသေးတာ။
    အဓိဋ္ဌာန်ပါရမီဖြည့်ဖို့ဆိုတာ ဝေလာဝေး။

    • kai

      January 3, 2012 at 7:53 am

      ဒေါ်လတ်ပေးတဲ့.. အဲဒီလင့်ခ်က ကွန်ပြူတာအတွက်..ဂိုဂယ်ကလင်န်ဒါအတွက်ပါ..။
      ပုံနှိပ်ဖို့အတွက် သုံးလို့မရဘူးဗျာ…
      ကြုံရင်မေးပေးပါဦးနော..
      စကင်န် ဆိုသုံးမရပါဘူး..။ ပုံနှိပ်ဖို့အတွက်ပါလို့..။ ယူအက်စ်ရဲ့ အနီရက်.. ပိတ်ရက်တွေပါပြန်ထည့်ရမှာမို့.. အော်ရီဂျင်နယ်ဖိုင်ရမှ ဖြစ်မှာပါလို့…။

      • ကြောင်ကြီး

        January 6, 2012 at 11:33 am

        ကြောင်ကြီးဓာတ်ပုံကို ကလန်ဒါမျက်နှာဖုံးမှာ သုံးမယ်ဆိုရင် ကြိုတင်ခွင့်ပြုချက်ယူဖို့ သတိပေးပါတယ်နော်။

  • blackchaw

    January 2, 2012 at 9:07 pm

    ကွန်းမန့်ပေးတာ နောက်ကျနေလို့ တောင်းပန်ပါတယ် အမရေ။
    အားပေးပါတယ်နော။

  • padonmar

    January 6, 2012 at 7:13 pm

    ဦးကြောင်ကြီးပုံကို နောင်နှစ်တစ်ရာတွင်ထုတ်မည့် ဂေဇက် ပြက္ခဒိန် မျက်နှာဖုံးရော၊နောက်ကျောဖုံးရော သုံးခွင့် ပြုပါရန် အနူးအညွတ်တောင်းပန်ပါကြောင်း။

    ကိုဘလက်ရဲ့
    ဇန်နဝါရီ ရွှေပုရပိုက်မှာ ပါချင်လို့ အမြန်ရေးလိုက်ရပါတယ်။

  • ဦးဦးပါလေရာ

    January 6, 2012 at 8:50 pm

    မပဒုမ္မာရဲ့လက်ဆောင် နေ့စဉ်မှတ်တမ်းပြက္ခဒိန်လေးကို
    အပျင်းဓာတ်ခံ မတွန်းလှန်နိုင်တဲ့ရွာသားတယောက်အနေနဲ့
    ဝမ်းမြောက်စွာ လက်ခံသွားပါသဗျာ။

    အော်..
    တနှစ်လုံး အချိန်တွေကုန်သွားတာ မသိလိုက်ဘာသာနေခဲ့တာ
    ပြက္ခဒိန်ကုန်သွားမှပဲ အစားထိုးမရတဲ့ နှစ်တနှစ်ကုန်သွားမှန်း သတိပြုမိတော့တယ်…။

    • padonmar

      January 7, 2012 at 6:44 am

      ဦးပါလေရာရေ
      ကျွန်မလက်ဆောင်နှစ်သက်လို့ ဝမ်းသာပါတယ်။
      အသက်လည်း တစ်နှစ်ကြီးလာပြီနော်။
      ကျွန်မဆို ထိပ်စည်းပြောင်းသွားပြီ။

  • zaw min

    January 6, 2012 at 9:09 pm

    ဆရာမ မပဒုမ္မာရေ…ကျေးဇူးတင်ပါတယ်နော်…သဲအင်းဂူ ဆရာတော်ဘုရားကြီးဟော်ကြားတော်မူတာလည်း..ကိုယ်စိတ် ကိုယ်စစ်တာ အကောင်းဆုံးတဲ့…ကိုယ်စိတ်နဲ့သူများကိုမစစ်နဲ့တဲ့…အရိယာမှန်ရင် သူများမကောင်းကြောင်း မပြောရဲဘူးတဲ့…
    နေ့စဉ်နေတိုင်း သားကျွေးမူ၊မယားကျွေးမူတွေနဲ့ လုံးလည်လိုက်ပီး …ကာယကံ၊ဝစီကံ၊မနော်ကံတွေနဲ့ လောဘ၊ဒေါသ၊မောဟတွေကြားထဲမှာပဲ ရုံးကန်နေရတုန်းပါပဲလေ….
    ကောင်းတဲ့ စိတ်ကလေးထားပြီး ကောင်းတဲ့ အလုပ်ကို ကြိုးစားလုပ်ဆောင်နေရင်းဖြင့် ဘဝတခုကို ရိုးသားစွာဖြတ်ကျော်နေဆဲပါ….

  • padonmar

    January 7, 2012 at 6:41 am

    ကိုဇော်မင်း ပြောတာမှန်ပါတယ်။
    ကျွန်မလည်း ကိုယ့်စိတ်နဲ့သူများကိုဘဲစစ်နေမိတယ်။
    သူကတော့ လောဘစရိုက်ဖြစ်မယ်၊ဒီတစ်ယောက်ကတော့ ဒေါသစရိုက်ဖြစ်မယ်နဲ့၊
    ကိုယ့်ကိုကိုယ်တော့ မစစ်ဖြစ်ပါ၊

    “ကောင်းမှုမြတ်နိုး၊ကောင်းအောင်ကြိုး၍၊ကောင်းကျိုးကိုယ်၌၊တည်စေမင်း။”
    ကြိုးစားကြရအောင်။

Leave a Reply