အသုဘသည် ဓမ္မသဘော


၂၀၁၂ နှစ်သစ်မင်္ဂလာ အခါသမယကို မြတ်ဗုဒ္ဓဟောကြား ဆုံးမခဲ့တဲ့ ရုပ်နာမ်ဓမ္မ သစ္စာတရားများနဲ့ စတင်ချင်ပါတယ်။ ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါးဆိုတာ ဝိပဿနာကမ္မဌာန်းရှုသူအတွက် အခြေခံတရားများဖြစ်ပြီး အောက်အဆင့်မှာ အသိညဏ်နက်ရှိုင်းလာတာနဲ့အမျှ ဒီဘူတာပဲ ပြန်ဆိုက်ပါတယ်။ အလွယ်ရှင်းဆုံးပြောရင် ခံစားမှုမရှိတဲ့ ရုပ်ဝတ္ထု အတွေးအာရုံသက်သက်တို့သည် ရူပက္ခန္ဓာ၊ ဘာညာမသိဘဲ အပြင်ဖက်က တစုံတခု သို့မဟုတ် စိတ်ထဲပေါ်လာတာနဲ့ ဘမ်းကနဲတိုက်ရုံ တိုက်မိလိုက်ခြင်းသည် ဝေဒနက္ခန္ဓာ၊ သိရှိခံစားပြီးသား အာရုံကို သတိရမိခြင်းသည် သညက္ခန္ဓာ၊ ထိုအာရုံအား ခံစားမှုအဖြစ်သို့ ပြောင်းလဲသိရှိခြင်းသည် သင်္ခါရက္ခန္ဓာ၊ နောက်ခံစားမှု တခုသို့ ပြောင်းလဲသွားခြင်းသည် မနောဝိညက္ခန္ဓာ ဖြစ်ပါတယ်။

ဝိပဿနာမှာ ရုပ်ကမ္မဌာန်း၊ နာမ်ကမ္မဌာန်း နှစ်မျိုးရှိတယ်။ ရုပ်ကမ္မဌာန်းသည် သမာဓိအားကောင်းရပြီး နာမ်ကမ္မဌာန်းက ပေါ့ပေါ့ပါးပါး ပိုရှိပါတယ်။ တချို့လည်း နာမ်ကမ္မဌာန်းသည် ခန္ဓာကိုယ် ဓာတ်ကြီးလေးပါးကို အထူမပြုလို့ စိတ်ထဲပေါ်လာတဲ့ အာရုံလိုက်ရှုနေတာနဲ့ စိတ္တာသတိပဌာန် စိတ္တာနုပဿနာ အမှတ်မှားတယ်။ အပေါ်ယံ ဝေါဟာရများ အရေးမပါပေမဲ့ ကိုယ်စီးတဲ့မြင်း အထီးအမတော့ ကွဲသင့်ပါတယ်။ ရုပ်နာမ်နှစ်ခုအပေါ် ပညတ်ခံစားမှု ဂဏကျေနေမှ၊ ကိုယ်ကာယပြောင်းလဲမှု အစွဲဖြုတ်နိုင်၊ ရုပ်အပျက်သဘော အမှန်မြင်နိုင်ပြီးမှသာ စိတ်ချည်းသက်သက် ရှုကောင်းတယ်။ ဓမ္မာသတိပဌာန် ဓမ္မာနုပဿနာကတော့ အစွဲအားလုံးဖြုတ် ရုပ်နာမ်ဓမ္မ အရှိအတိုင်းနေတဲ့ အမြင့်ဆုံးအဆင့် ဖြစ်ပါတယ်။

ပြောချင်တာ ဝေဒနာသတိပဌာန်ပါ။ ဒုက္ခ၊ သုခ၊ ဥပက္ခာ ခံစားမှုဝေဒနာ သုံးမျိုးရှိပြီး ဗုဒ္ဓဘာသာသည် ဝေဒနာအားလုံးမှ လွတ်မြောက်ရေး ဖြစ်ပါတယ်။ ဝေဒနာသည် ခန္ဓာငါးပါးအနက် ဒုတိယခန္ဓာဖြစ်ပြီး ပရမတ် သဘောမှာ ခံစားမှုကင်းတယ်၊ ကျနော်တို့က ဘာပဲညာပဲ အစွဲနဲ့ ပြုပြင်လိုက်လို့ ပညတ်ခံစားမှု ဖြစ်လာတယ်။ ဝေဒနာရတယ်၊ တဏှာ ဥပါဒါန် ဘဝ ဇာတိ ဆက်တိုက်လိုက်ပြီး ပဋိစ္စသမုပ္ပစက်ဝန်း လည်ပါတယ်။ နာတာကို နာတယ်၊ ယားတာကို ယားတယ် လိုက်မှတ်တာ ဝေဒနာသတိပဌာန်အစစ် မဟုတ်တာကို သိထားဖို့လိုတယ်။ အစမိုလို့ မိမိစိတ်ကျရာ မှတ်ပေမဲ့ ရှေ့ဆက်ညဏ်ဖြစ်ဖို့ အစွဲသတ်မှတ်ချက်များ စွန့်ပယ်ရပါမယ်။ နာမ်သည် တွယ်ရာမှီရာရှိမှ နေနိုင်လို့ စက္ကန့်မလပ် ရုပ်တခုခုနဲ့ တိုက်ဆိုင်ရတယ်၊ သိလိုက်ရုံသဘောမျှကို ဆင်ခြင်ရင်း ဘာမှမဟုတ်ပါလား အသိဝင်လာဖို့ ဖြစ်ပါတယ်။ အောင်မြင်သွားရင် စိတ်သဏ္ဍာန်မှာ ဓမ္မ သဘောသက်သက် တည်နေပါတော့တယ်။ (ကုသိုလ် အကုသိုလ် ကင်းနေတယ်လို့ဆိုပေမဲ့ တဏှာမကုန်လို့ ကုသိုလ်ဖြစ်ပါတယ်) ဖြစ်ချုပ်ဝေဒနာကို အောက်အဆင့် အသိညဏ်နဲ့ ပယ်သတ်ပြီး လွတ်မြောက်ရာရတယ်။ အသိစိတ်ဝင်ရာမှာ တကြိမ်တခါ၊ ရံဖန်ရံခါ မဟုတ်ဘဲ အမြဲတစေ ဖြစ်မှသာ တည်မြဲတဲ့ ပညာညဏ်အစစ် ဖြစ်ပါတယ်။

ဒီနေရာမှာ ပစ္စုပ္ပန်ဝါဒီများပြောတဲ့ လူမှုကိစ္စများကို ထင်ဟပ်မှုရှိရမယ်၊ လူ့ဘဝနဲ့ လိုက်လျောညီထွေ ရှိခြင်းကို ပထမအဆင့် ဝေဒနာ အသိညဏ်မှာ တွေ့နိုင်တယ်။ ထေရဝါဒကို အစွန်းရောက်၊ ဝိပဿနာကို ဘုရား မဟောခဲ့ ဆိုသူများ သိထားဖို့ပါ။ ဝိပဿနာဆိုတဲ့ ပညတ်နာမည်ကို ဖယ်ထားလိုက်ပါ၊ သူကပေးတဲ့ ပရမတ် အသိညဏ် အမှန်သစ္စာကို မြင်ကြည့်ပါ။ ဓမ္မသဘောမှာ အရာရာတိုင်းသည် အမှန်သစ္စာ ထိုက်နိုင်စွမ်းရှိတယ်။ ဝင်လေထွက်လေ အာနာပါနကိုပဲ ခန္ဓာငါးပါး၊ ရုပ်နာမ်နှစ်ပါး၊ ဓာတ်ကြီးလေးပါ၊ လက္ခဏာသဘော အမြင်များနဲ့ ပြောင်းလဲဆင်ခြင်ကြည့်တတ်ရင် ဝိပဿနာထိုက်တယ်။ သစ်ရွက်လှုပ်တာ၊ လေတိုက်တာ၊ တုံးမောင်းခေါက် အစရှိတာများလည်း ထိုနည်း၎င်းပဲ၊ သို့သော်လည်း အပြင်ဗဟိဒ္ဓိလှုပ်ရှားမှုများထက် မိမိ အဇ္ဇတ္တသဏ္ဍာန်ကို စူးစိုက်ထားခြင်းသည် ပိုသမာဓိရလွယ် ညဏ်ဖြစ်လွယ်တယ်။

ရုပ်နာမ်ဓမ္မဖြစ်စဉ်မှာ သဘာဝနဲ့ သာမညဆိုပြီး နှစ်မျိုးရှိတယ်။ ရုပ်သဘာဝသည် အစဉ်ပြောင်းလဲနေပြီး နာမ်သဘာဝသည် အချိန်တိုင်း ရုပ်အခံတခုခုကို (အတွေးအာရုံသည် ဓမ္မရုပ်သဘော) လိုက်လံကပ်ညိတယ်။ သာမညဆိုတာကတော့ ဖြတ်ကနဲ ဖြစ်ချုပ်ပြောင်းလဲခြင်း အလွန်လျင်မြန်တဲ့ ရုပ်နာမ်ဓမ္မ သဘောသက်သက်ပါ။ ရုပ်သဘာဝကို နာမ်သဘာဝ အမြင်နဲ့ ဆင်ခြင်ရပြီး ရုပ်သာမညကို နာမ်သာမည အသိနဲ့ မှတ်သားနေမှသာ ညဏ်ဖြစ်နိုင်ပါတယ်။ အဲဒါ အရမ်းအရေးကြီးတယ်။ နှစ်ခုစလုံး ပညတ်စကားလုံးတွေဖြစ်ပေမဲ့ ရဟန္တာမဖြစ်သ၍ ပညတ်များမှသာ အဝိဇ္ဖာမှ ဝိဇ္ဖာအသိညဏ်သို့ ကူးပြောင်းရတာမို့ နှစ်ခုစပ်ဟပ်မိဖို့ လိုပါတယ်။ တကယ်တော့ ရုပ်နာမ်ဓမ္မ ပြောင်းလဲခြင်း သဘာဝဖြစ်စဉ်သည် သာမညသဘော ရုပ်နာမ် သီးခြားဖြစ်ရပ်များ စုပေါင်းထားခြင်း သဘောမျှသာရှိတယ်၊ အတည်ယူဆုပ်ကိုင် တွယ်ညိထားမရလို့ နားလည်သွားရင် နာမ်နဲ့ရုပ် တိုက်ဆိုင်မိတိုင်း လိုက်ခံစားနေရတဲ့ ဒုက္ခဝေဒနာ အကြမ်းအားဖြင့် ငြိမ်းအေးပါတယ်၊ သုခဝေဒနာ ခံစားလည်း သတိလက်လွတ် မဖြစ်တော့ဘူး။ ယောဂီမှ သတိမမူမိဘဲ ရုပ်သဘာဝကို နာမ်သာမညနဲ့ လိုက်နေရင် ဒါမှမဟုတ် ရုပ်သာမညကို နာမ်သဘာဝ အမြင်နဲ့ လိုက်နေရင် ခေါင်းနဲ့ကိုယ် လွဲနေလို့ တိုးတက်ရန်ခက်ပါတယ်။

အကျိုးရလဒ်က ဘာနဲ့ပဲကြုံလာလာ စိတ်ထားတတ်သွားမယ်။ ပရမတ်သဘောအရ နာမ်ရုပ်နှစ်ပါး ပေါင်းဆုံမိခြင်း ဖဿဝေဒနာသာရှိတယ်၊ အကောင်းအဆိုးသည် တမင်လိုက်လုပ်နေလို့ ဖြစ်တာပါလားလို့ မှန်ကန်တဲ့အမြင်နဲ့ ဖြတ်တောက်နိုင်ရင် ဝေဒနာခံစားမှုများကနေ သက်သာရ ရပါမယ်။ ဒိဠိပြုတ်တယ်ဆိုတာ ခန္ဓာငါးပါး ရုပ်နာမ် နှစ်ပါး အမြင်မှန်နဲ့ မရှိတဲ့ငါအတ္တ အယူမှားကို ပယ်သတ်ခြင်း ဖြစ်ပါတယ်။ သတိထားဖို့က ဒိဠိပြုတ်တာနဲ့ တဏှာသေတာ တခြားစီကိုပါ။ ဒိဠိဆိုတာ အမြင်မှား၊ တဏှာသည် စွဲလန်းခြင်း၊ အမြင်မှန်တာနဲ့ စွဲလန်းခြင်း မပြုတ်ဘူး။ သိထားလို့ အကုသိုလ် ဖြစ်လောက်အောင် မကျူးလွန်တော့ဘူး။ အောက်နှစ်ဆင့် အသိညဏ်မှာ လောကီအာရုံများနဲ့ ပျော်မွေ့နေသေးတယ်။ ဒါကို နားမလည်သူများ တရားကျင့်တယ်လည်း ဆိုသေး သူလိုငါလိုပဲဆိုပြီး ဝေဖန်ကဲ့ရဲ့ မိတတ်ပါတယ်။ (ဒါကိုပဲ အခွင့်ကောင်းယူပြီး လိမ်လည်ဟန်ဆောင်သူ၊ မိမိကိုယ်မိမိ အထင်မှားသူများလည်း ပေါ်ရတယ်။) အမြင်မှန်ရုံ အဆင့်ထက် လွန်မြောက်ချင်ရင် ရုပ်အပျက် ပညတ်ဝိဇ္ဇာအမြင်ရအောင် အသုဘလက္ခဏာတင်ရှုနိုင်မှ ရုပ်အပေါ် စွဲလန်းတက်မက်ခြင်း တဏှာနဲသွားတဲ့ ဒုတိယအသိညဏ်ဖြစ်ပါတယ်။ ရုပ်လက္ခဏာ မတင့်တယ် မဖွယ်ရာ ပြောင်းလဲပျက်စီးခြင်းကို ဆင်ခြင်ခြင်းဖြစ်ပြီး သမထကမ္မဌာန်းလို တနေရာထဲ အာရုံစူးစိုက်ထားခြင်း မဟုတ်ပါ။ ဒါမှသာ ရှိထားတဲ့ ဖြစ်ချုပ်အသိနဲ့ လောကီ အာရုံ ခံစားနေခြင်း မှားယွင်းမှုကို မြင်ရပြီး ရုန်းထွက်ရန် လမ်းပွင့်တယ်။ ယောက်ျားကိုယောက်ျား၊ မိန်းမကိုမိန်းမ အကောင်းပတိ မြင်နေသေးသ၍ လောကီအာရု့များကို သံယောဇဉ် မပြတ်ပါဘူး။

သဲအင်းဂူဆရာတော်ကြီးက လက္ခဏာလေးပါးရှိတယ်။ လူအများသိနေတာ သုံးပါးထဲ။ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာသုံးပါးသည် ဒဠိသတ်၊ အသုဘလက္ခဏာသည် တဏှာသတ်တရားဖြစ်တယ်။ ဘုရားဟော မူရင်း တရားထဲမှာလည်း အဲလိုပါတယ်လို့ အတိအလင်း ဆိုပါတယ်။ ဒါကြောင့် မြင်တွေ့ကြားသိ ခံစားရတိုင်း ဖြစ်ချုပ်ရုပ်နာမ် သဘာဝ၊ သာမည သဘောတရားများကို နှလုံးသွင်းကြပါ။ သွားလာ ကြုံကြိုက်လို့ အသုဘကို ကြားမြင်လိုက်ရရင် ရှားရှားပါးပါး မင်္ဂလာ သတ်မှတ်ပြီး ရုပ်နာမ်ဓမ္မ မတင်တယ်မဖွယ်ရာ ပြောင်းလဲပျက်စီးခြင်း သဘောကို ဝမ်းသာအားရ ဆင်ခြင်ကြပါ။ နှစ်သစ်မှာ ရုပ်နာမ်ဓမ္မ သင်္ခါရ အချစ်စစ် မင်္ဂလာအစစ်များ ရယူနိုင်ကြပါစေ။

သဲအင်းဂူဆရာတော်ကြီးဟောတဲ့ ထီးရိုးမိုးကြိုးပစ် တရားကို နားထောင်ရင် ပိုရှင်းသွားပါလိမ့်မယ်။ http://dhammadownload.com/MP3Library/TheeInnGuSayadaw/MP3D06/015-D06-TheeInnGuSayadawUOakKaHta-HteeYoeMoeKyoePyit.mp3
အကျိုးမသတ်ဘဲ အကြောင်းသတ်ရန် (ရုပ်လက္ခဏာ၊ နာမ်လက္ခဏာ တရားတော်) http://www.mediafire.com/?mtnijzdyyhm

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 642 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး