နိုင်ငံတော်သမ္မတအမိန့်ဖြင့် လွှတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း – Eleven Media Group သတင်း

that naing ooJanuary 2, 20121min19616

Monday, 02 January 2012 16:55  http://www.weeklyeleven.com
နိုင်ငံတော်သမ္မတ၏ အမိန့်ဖြင့် သေဒဏ်ပြစ်ဒဏ်များကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း၊ နှစ် ၃ဝ အထက် ထောင်ဒဏ်များကို နှစ် ၃ဝ သို့လည်းကောင်း၊ နှစ်၂ဝနှင့် ၃ဝကြားကို နှစ် ၂ဝ အဖြစ်လည်းကောင်း၊ နှစ်၂ဝ အောက်ထောင်ဒဏ်များကို ၄ပုံ၁ပုံလျှော့ကာ ဇန်နဝါရီလ ၃ ရက်နေ့တွင် စတင်လွှတ်ပေးမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီလ၂ရက်နေ့တွင် ပြောကြားခဲ့သည်။

”သက်ဆိုင်ရာက နိုင်ငံပိုင်မီဒီယာတွေကနေ အကျဉ်းသားတွေနဲ့ ပတ်သက်တဲ့ သတင်းကို ဇန်နဝါရီလ ၂ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ကျွန်တော်တို့ အကျဉ်းဦးစီးဌာနက စာရင်းဇယားတွေလုပ်ပြီး ဇန်နဝါရီလ ၃ရက်နေ့မှာ စတင်လွှတ်ပေးပါမယ်။အများစုကို အင်စိန်အကျဉ်း ထောင်မှာ လွှတ်ပါမယ်။ နိုင်ငံရေး အကျဉ်းသားတွေပါ၊မပါကိုတော့ မနက်ဖြန်မှ သိရပါမယ်”ဟု ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီလ ၂ရက်နေ့ တွင် ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတအမိန့်ဖြင့် လွှတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းကို နောက်ဆုံးအကြိမ်အဖြစ် အောက်တိုဘာလ ၁၂ရက်နေ့က လွှတ်ပေးခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင် ၄၂ ခုနှင့် အလုပ်စခန်း ၁၀၉ ခု ရှိ အကျဉ်းသားဦးရေ ၄၀၀၀ဝ ကျော်အနက်မှ နေသား ၅ဝ ရာခိုင်နှုန်းမှ ၇၅ရာခိုင်နှုန်းရှိ အကျဉ်းသား ၆၃၅၉ ဦးကို စိစစ်ကာ လွှတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ယင်အနက် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ အချို့နှင့် ဦးသူရ (ခေါ်) လူရွှင်တော် ဇာဂနာတို့ ပါဝင်ခဲ့သည်။ အောက်တိုဘာလ လွတ်ငြိမ်းချမ်းသာခွင့်အရ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရပြီး လွတ်မြောက်လာသူ ၂၀၀ ကျော်ထဲတွင် ဦးသူရ (ခေါ်) လူရွှင်တော် ဇာဂနာ၊ ဗိုလ်ချုပ်ဆေထင် (SSPC ဥက္ကဌ)၊ ကိုကိုကြီး (စမ်းချောင်း)၊ မစုစုနွေးတို့လည်း ပါဝင်ခဲ့သည်။

နိုင်ငံတော်သမ္မတ၏ ပထမဆုံး လွှတ်ငြိမ်းချမ်းသာခွင့်အဖြစ်  မေလ ၁ရရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်၄၂ ခုနှင့် အလုပ် စခန်း ၁၀၉ ခုတွင် အကျဉ်းသား ဦးရေ ၆၀၀၀ဝ ဝန်းကျင်ရှိသည့် အနက်မှ ၁၄၆၀ဝ ကျော်ကို လွှတ်ပေးခဲ့ပြီး ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသူ အချို့လည်း ပါဝင်ခဲ့သည်။

http://www.weeklyeleven.com/index.php?option=com_content&view=article&id=11733:2012-01-02-10-26-47&catid=42:2009-11-10-07-36-59&Itemid=112

16 comments

  • Thel Nu Aye

    January 2, 2012 at 5:28 pm

    အဲဒါဆိုကိုမင်းကိုနိုင်တို့ပြန်မပါလာနိုင်သေးဘူးပေါ့။ ဘယ်တော့မှပါမှာလဲ။

  • ဆူး

    January 2, 2012 at 5:45 pm

    လွတ်မြောက်ကြမဲ့ မိသားစုတွေ အတွက် ဝမ်းသာ ပီတိ ဖြစ်ပါတယ်။
    အခုလောက်ဆို မိသားစုတွေ နေ့ရက်တွေ တွက်ချက်ပြီး ပျော်နေရောပေါ့..
    မပါတဲ့ လူတွေလည်း မပါပါလား ဆိုပြီး တော်တော် ဝမ်းနည်းနေလောက်ပြီ။
    ဒီတခါတော့ ကြေညာတဲ့ အထဲမှာ ကျန်းမာရေး မကောင်းတဲ့ လူတွေ ပါမသွားဘူး။
    မိသားစု အားလုံး ပျော်ရွင်ကြဖို့ မျှော်လင့်ပါတယ်။

  • kotun winlatt

    January 2, 2012 at 6:07 pm

    ဝမ်းသာစရာသတင်းလို့ပြောရမယ်ထင်ပါ့ဗျာ…။

  • MaMa

    January 2, 2012 at 6:16 pm

    ဝမ်းသာစရာသတင်း သတင်းကောင်းလေးပါ။ ထို့ထက်ပို၍ ဝမ်းသာချင်ပါသေးသည်။

  • koyinmaung

    January 2, 2012 at 6:59 pm

    ဝမ်းသာစရာသတင်းဘဲဗျို့….

  • ဝမ်းသာချင်ပါတယ်ဗျာ။ဒါပေမယ့် ဒီကိစ္စဟာ လွတ်ငြိမ်းချမ်းသာလို ့မမည်ဘူးလို ့ပြောချင်ပါတယ်။
    ထုံးစံအတိုင်း သူခိုး၊ကျပိုးတွေကိုဘဲ ဦးစားပေးလွှတ်အုံးမယ်ထင်တယ်။

  • bigbird

    January 2, 2012 at 7:51 pm

    သခိုး၊ဂျပိုး၊မုဒိမ်းကောင်၊လူသတ်သမားတွေကို အများဆုံးလွှတ်ပေးတာပါ…
    အရေးကြီးတဲ့နိုင်ငံရေးအကျင်းသားတွေက မလွှတ်သေးပါဘူး။
    ဝမ်းနည်းစရာကောင်းတဲ့ သတင်းပါ။

  • unclegyi1974

    January 2, 2012 at 8:54 pm

    ဝမ်းသာရမှာလားဝမ်းနည်းရမှာလားမသိန်းကြည်ရယ်

  • htoosan

    January 2, 2012 at 11:24 pm

    နောက်ဆက်တွဲ ထပ်မပါ၊ မပြောင်းလို့ကတော့ အတော် ဝမ်းနည်းစရာ ဖြစ်သွားပြီ။ ယုံကြည်မှု့တည်ဆောက်ရန် အတော် ခက်ခဲပြီ။

  • မှန်ပါတယ် ကိုထူးဆန်းရေ။ဘယ်လိုမှ ယုံကြည်လို ့မရတော့ဘူးဗျ။ခုဘဲကြည့်ဗျာ သမ္မတက. ထိုးစစ်တွေရပ်ပါအမိန် ့ပေးတယ်။ဒါပေမယ့်ဆက်တိုက်တယ်။
    ဘာလို ့လဲ အမိန် ့ကိုမနာခံရင်ဒါ စစ်သားမပီသတာပါဘဲနော်။ခုလဲကြည့် လွှတ်ပေးလိုက်မယ့်၊လျှော့ပေးလိုက်တဲ့ပြစ်ဒဏ်တွေ နိုင်ငံတကာကိုရော၊ပြည်သူကိုပါ စော်ကားနေသလိုပါဘဲ။

  • Gipsy

    January 3, 2012 at 9:10 am

    အော်.. အဆင်ပြေတော့မယ်ထင်နေတာ .. ခက်ခဲမြဲ ခက်ခဲလျှက် နေဦးမှာလား…။
    သတင်းကောင်းလို့ ထင်ရပေမဲ့ .. လိုအပ်ချက်တွေက ပြင်းထန်နေဦးမှာ…။

  • naung

    January 3, 2012 at 9:13 am

    နိုင်ငံရေးအကျဉ်းသား(ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ)တွေတော့ မလွှတ်ဘဲနဲ့ ၊ ပြစ်မှုကျူးလွန်လို့ ပြစ်ဒဏ်ခံနေရသူတွေဘဲ လွှတ်ပေးနေတယ် ဆိုတော့ နောက်ထပ် ရာဇဝတ်မှုတွေ များအုံးတော့မှာ။

  • kai

    January 3, 2012 at 9:17 am

    http://www.weeklyeleven.com/index.php?option=com_content&view=article&id=11734:2012-01-02-13-45-04&catid=42:2009-11-10-07-36-59&Itemid=112

    နိုင်ငံတော် သမ္မတ၏ အမိန့်ဖြင့် ထုတ်ပြန်သော ပြစ်ဒဏ်ကျခံနေရသူများနှင့် ပါတ်သတ်သည့် ကြေညာချက်အပေါ် ထင်မြင်ယူဆချက်များ
    Monday, 02 January 2012 20:12

    ဒီကြေညာချက်ကြောင့် နှစ်ပေါင်း ၅ဝလုံးလုံး ဗြောင်လိမ်ခဲ့တဲ့ အစိုးရရဲ့ လုပ်ရပ်တွေဟာ တကျော့ပြန်လာပြီလားလို့ စိတ်ထဲမှာ တွေးမိပါတယ်။ အခုချိန်မှာ ဟိုဝန်ကြီးက ပြောလိုက်၊ ဒီဝန်ကြီးက ပြောလိုက်၊ လူ့အခွင့်အရေး ကော်မရှင်က ပြောလိုက်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတော့မလိုလိုနဲ့ ပြောခဲ့ကြပြီးမှ မလွှတ်ချင်တဲ့အတွက် တိုင်းပြည်ကို ဗြောင်လိမ်သလိုဖြစ်နေပြီး ဘာကိုမှ မယုံကြည်ရတော့သလို ဖြစ်သွားပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကိစ္စဟာ အင်မတန်အရေးကြီးပါတယ်။ ဒါကြောင့် အခုကြေညာချက်ဟာ အစိုးရကို သိက္ခာကျစေခဲ့သလို ယုံကြည်မှုလည်း ကင်းမဲ့စေပါတယ်။ ဒီကြေညာချက်ကြောင့် အစိုးရအဖွဲ့သစ်ရဲ့ လုပ်ဆောင်မှုတွေအပေါ် ယုံချင်သလိုဖြစ်နေတဲ့ စိတ်တွေတောင် ပျောက်ဆုံးသွားပါတယ်။ ဒါကိုမှ မယုံရရင် ဒေါ်စုကို ဒီမိုကရေစီဖြစ်ထွန်းရေးမှာ ပါဝင်ခွင့်ပေးတာတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှု လုပ်တာတွေကို ဘယ်လိုလုပ်ပြီး ယုံကြည်ရတော့မလဲ။ အစိုးရအတွက်တော့ အင်မတန်အရှက်ကွဲပြီး သိက္ခာကျစေတဲ့ ကြေညာချက်ဖြစ်ခဲ့ပါတယ်။ နောက်တစ်ချက်ကတော့ ဒါဟာ လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ပါဘူး။ လုပ်ရိုးလုပ်စဉ် လျော့ရက်ပေးတာမျိုးပါ။ ဒီလိုမျိုးဆိုတာ ထောင်ထဲမှာ ရှိပြီးသားပါ။ နောက်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ရာဇဝတ်သားတွေနဲ့ တန်းတူသဘောထားပြီး လုပ်နေတာတွေဟာ နိုင်ငံရေးအကျဉ်းသားတွေကို သိက္ခာချနေတဲ့ လုပ်ရပ်လို့ မြင်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ပေးပဲနဲ့တော့ ဒီမိုကရေစီဖြစ်ထွန်းရေးကို မလုပ်နိုင်ပါဘူး။
    လူထုဦးစိန်ဝင်း (ဝါရင့်သတင်းစာဆရာ)

    အခုလို နားလှည့်ပါးရိုက်တဲ့ ပုံစံမျိုးတွေ လုပ်တဲ့ဟာက ရှင်းရှင်းပြောရရင် ဘာနဲ့တူသလဲဆိုတော့ သူတို့ကိုယ်သူတို့ အရှက်ကွဲနေသလိုဖြစ်နေတယ်။ ကမ္ဘာ့အလယ်မှာရော ပြည်သူလူထုအလယ်မှာရော သူတို့သိက္ခာမရှိသလိုဖြစ်နေတယ်။ ဒီလူတွေဟာ ဘယ်လောက်အထိ အငြိုးအာဃာတ ကြီးနေသလဲ၊ အရပ်စကားနဲ့ပြောရရင် ကလိမ်ကကျစ်တွေ များနေသလဲဆိုတာ လူတွေက အဲလိုပဲဖြစ်ကုန်တာပေါ့။ ဒါဟာ သိပ်မကောင်းဘူးလို့ထင်တယ်။ ဘာလို့လဲဆိုတော့ ဒီပြဿနာဟာ တိုင်းပြည်မှာ အရေးကြီးဆုံး ပြဿနာလိုလဲ ဖြစ်တယ်။ လူတိုင်းရဲ့ခေါင်းထဲမှာ ရင်ထဲမှာ ရောက်နေတဲ့ ပြဿနာလည်းဖြစ်တယ်။ ဒီပြဿနာမျိုးကို ကျွန်တော်ထင်တယ် တစ်ခါထဲကို ခဝါဖွတ်သလို လျှော်ချလိုက်ပြီးတော့ ရှင်းလိုက်ရင်တော့ သူတို့အဖို့လည်း အကောင်းဆုံး ဖြစ်မယ်လို့ ကျွန်တော်တို့ထင်တယ်။ လူတွေက အခု ဦးသိန်းစိန်တို့ ဘာတို့ကို လူတွေက လေးစားနေတဲ့ အထင်ကြီးနေတဲ့ ဝမ်းသာအားရ ဖြစ်နေတဲ့ဟာတွေ အကုန်လုံးအဲဒါတွေ ဆုံးရှုံးသွားအောင် လုပ်နေတာပဲဗျ။ အဲဒီတော့ ကျွန်တော့်အထင်ကတော့ ဒီပြဿနာကို အခုလို နှစ်ပေါင်း၆ဝကနေ၃ဝရောက်၊ ၆ဝနဲ့ ၆ဝခံနေရတာကနေ ၃ဝပဲခံရခံရ ခွန်ထွန်းဦးလိုလူမျိုး နှစ်ပေါင်း ၉ဝ ကနေပြီးတော့ ၃ဝပဲခံရခံရ တူတူပဲဗျ၊ နှစ်ပေါင်း ၃ဝ ဆိုတာကလည်း နည်းနည်းနောနောနှစ်မဟုတ်ဘူး။ အဲဒီတော့ ကျွန်တော်က ဒီဟာတွေလုပ်မနေဘဲနဲ့ နိုင်ငံရေးအကျဉ်းသားတွေကိစ္စကို လွှတ်ဖို့ကိစ္စကို စဉ်းစားဖို့လိုတယ်။ နောက်တစ်ခါ အခြေအနေကြုံခဲ့သော်၊ ကြုံမှကြုံဦးမလားတောင် မသိပါဘူး။ ပေါ်ခဲ့သော် တစ်ခါတည်း လွှတ်ပေးဖို့ တစ်ခါတည်း ဒီပြဿနာတွေကို ရှင်းဖို့ စဉ်းစားဖို့ကောင်းတယ်လို့ ကျွန်တော်ကထင်ပါတယ်။
    ဦးဝင်းတင် (ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်, NLD)

    အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာNLD ပါတီရွေးကောက်ပွဲဝင်ရုံလောက်နဲ့ ဖြစ်လာမှာ မဟုတ်ဘူး။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပြန်လည်တည်ဆောက်တယ် ဆိုတာကလည်း လက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်ရုံနဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး တည်ဆောက်တာမဟုတ်ဘူး။ တကယ်အနှစ်သာရရှိတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အစိုးရအနေနဲ့ စစ်စစ်မှန်မှန် လုပ်ဆောင်ဖို့ လိုနေပြီ။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရတဲ့ သူတွေကိုသီးသန့်လွှတ်ပေးမှ အမျိုးသားပြန်လည် သင့်မြတ်ရေး လမ်းကြောင်းပေါ် ရောက်မယ်လို့ ပြည်သူတွေက ယူဆနေကြတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူတွေကို ထိန်းသိမ်းတာတွေ ရပ်စဲခြင်းမရှိရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီလမ်းကြောင်းကို သွားနေတယ်လို့ လုံးဝယူဆလို့မရနိုင်တဲ့ အခြေအနေမျိုးတွေ ဖြစ်သွားနိုင်တယ်။
    ဒေါက်တာ သန်းထွဋ်အောင် (CEO, Eleven Media Group)

    ဒီကြေညာချက် ထွက်လာပြီးနောက်မှာ ကျွန်တော်နားလည်မိတာကတော့ အနှစ် ၂ဝအောက် ထောင်ဒဏ်ကျခံနေရတဲ့သူတွေကို ပြစ်ဒဏ် လေးပုံတစ်ပုံ လျော့မယ်ဆိုတာ ဖြစ်ပါတယ်။ ကိုမင်းကိုနိုင်တို့ အပါအဝင် ထောင်ဒဏ် ၆၅နှစ် အထက်ကျခံနေရသူတွေဟာ အမှုတစ်ခုချင်းစီအလိုက် ထောင်ဒဏ် ၁၅နှစ်နဲ့ လေးမှုအထက် ကျသူတွေ ဖြစ်နေပါတယ်။ ဒီအတွက်ကြောင့် သူတို့တွေဟာ အနှစ် ၂ဝအောက် လေးပုံတစ်ပုံထဲပါနေတယ်လို့ နားလည်ပါတယ်။ အခု လျော့ချလိုက်တဲ့အတွက် ထောင်ထဲမှာ ၄၈နှစ်နဲ့ ၄ လကျော်ကျော်လောက် ဆက်ရှိနေရမဲ့ သဘောဖြစ်နေပါတယ်။ ဒါကြောင့် သူတို့တွေ လွတ်လာဖို့ မလွယ်ပါဘူး။ ဒီလို လေးပုံတစ်ပုံ လျော့ချပုံအရကြောင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ နိုင်ငံရေးအကျဉ်းသားတွေ အများကြီးလွတ်လာဖို့ မမျှော်လင့်ရပါဘူး တစ်ချို့လွတ်ရက်နီးလို့ ရက်စေ့တဲ့သူတွေတော့ ပါကောင်းပါလာနိုင်ပေမဲ့ ခေါင်းဆောင်တွေကတော့ ကျန်နေခဲ့ရမဲ့ သဘောရှိပါတယ်။ အစိုးရအနေနဲ့ကတော့ ဒီမိုကရေစီစနစ်ကို သွားနေတယ်၊ ပြုပြင်ပြောင်းလဲမှုအတွက် ကောင်းတာတွေလည်း လုပ်သင့်သလောက် လုပ်နေတဲ့အချိန်မှာ ဒီလူတွေကို လွှတ်ပေးတာဟာ အရေးကြီးတဲ့ အခန်းကဏ္ဍ ဖြစ်နေပါတယ်။ နောက်တစ်ချက်ကတော့ ပြည်သူတွေ လိုလားတောင့်တနေတဲ့ ဒီမိုကရေစီ ဝိသေသတွေ၊ ဒီမိုကရေစီ ဖြစ်ထွန်းမှုတွေမှာ ဒီလူတွေ ပါဝင်ခွင့်မရသေးတာကြောင့် အနှောက်အယှက် ဖြစ်နေဦးမယ်လို့ ကျွန်တော်ထင်ပါတယ်။
    ကိုမြတ်သူ (ကိုမင်းကိုနိုင် ဦးဆောင်သော ၈၈မျိုးဆက်ကျောင်းသား အဖွဲ့၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်)

    အခုကြေညာသွားတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ခိုးဆိုးဓားပြမှုတွေနဲ့ ရာဇဝတ်မှု ကျူးလွန်နေသူတွေကို နိုင်ငံတော်အတွက် စွန့်လွတ်အနစ်နာခံထားတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေနဲ့ တစ်တန်းတည်းထားပြီး သတ်မှတ်မယ်ဆိုရင် လုံးဝမတရားပါဘူး။ ဒီလိုရာဇဝတ်မှု ကျူးလွန်သူတွေကို ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေသူတွေနဲ့ တစ်တန်းတည်း ထားလိုက်တာဟာ နိုင်ငံတော်သစ်အတွက် အန္တရာယ်အရမ်းကြီးပါတယ်။ ဖြစ်စေချင်တာက ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေကို တရားရှင် လွှတ်ပေးသင့်တာပါပဲ။ ဒီလိုမှ မဟုတ်ရင် ဒီလွတ်ငြိမ်းချမ်းသာခွင့်ဟာ ထင်သာမြင်သာမရှိဘဲ ပွင့်ပွင့်လင်းလင်းလည်း မရှိဘူး။ ဒီမိုကရေစီနိုင်ငံသစ်ကို သွားနေတယ်ဆိုတာကိုလည်း ကျွန်တော်တို့ ဘယ်လိုဆက်ပြီး ယုံကြည်ရမှာလဲ။
    ဒါရိုက်တာ ဝိုင်း

    ဒီလိုလျော့ချမှုတွေကို ဘယ်သူတွေကမှ ထောက်ခံမှာ မဟုတ်သလို ဘယ်သူတွေကမှ သဘောကျမှာလည်း မဟုတ်ဘူးလို့ ထင်ပါတယ်။ ဖြစ်သင့်တာကတော့ case တစ်ခုချင်းစီကို case by case ပြန်ပြီး စဉ်းစားသင့်တယ်၊ သုံးသပ်သင့်တယ်လို့ ထင်ပါတယ်။ ဒီအမှုတွေကို စီရင်ခဲ့တဲ့ ကိစ္စတွေကို ပြန်ပြီး စိစစ်သင့်တယ်။ အမှုတွေဟာ တရားဝင်၊ မဝင်၊ တကယ်ရှိ၊ မရှိ ပြန်သုံးသပ်သင့်တယ်လို့ ထင်ပါတယ်။ နောက်ပြီးတော့၊ အစိုးရကို မကောင်းပြောခဲ့တာလေး တစ်ခုနဲ့ ဒီလူတွေကို ၆၅နှစ်လောက် ထောင်ထဲမှာ မထားသင့်တော့ပါဘူး။ မုဒိမ်းမှုကျူးလွန်တဲ့သူတွေတောင် ဆယ်နှစ်လောက်ပဲ ထောင်ကျတာ။ ဟိုအရင်ခေတ်က အစိုးရကို မကောင်းပြောခဲ့တာပဲ။ ဒီဘက်ခေတ် အစိုးရလက်ထက်မှာ ဒီလူတွေကို လွှတ်ပေးလိုက်ပြီး ဒီမိုကရေစီ အခင်းအကျင်းမှာ ပါခိုင်းလိုက်ပေါ့။ ဒီဘက်ခေတ်မှာ ဒီလူတွေက ဥပဒေနဲ့ မညီတာတွေလုပ်ရင် ဒီဘက်ခေတ်ဥပဒေနဲ့ ပြန်ပြီး အရေးယူပေါ့။ နိုင်ငံရဲ့ အပြောင်းအလဲမှာ ဒီလူတွေကို ပါဝင်ခွင့်မပေးတာဟာ ဒီမိုကရေစီစနစ်နဲ့ ဆီလျော်မှုမရှိပါဘူး။ လွှတ်ပေးစေချင်ပါတယ်။ ဒီလိုတွေကို လွှတ်ပေးခြင်းအားဖြင့် ဒီမိုကရေစီဖြစ်ထွန်းရေးမှာ ပိုကောင်းတာတွေ ဖြစ်လာလိမ့်မယ်လို့လည်း ယူဆပါတယ်။
    တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင်

    ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေအတွက် သူတို့ရဲ့ မိသားစုဝင်တွေရော အများပြည်သူတစ်ရပ်လုံးကပါ လွတ်စေချင်နေကြပါပြီ။ သူတို့တွေက ရာဇဝတ်မှု ကျူးလွန်ထားတာ မဟုတ်ဘဲ နိုင်ငံအတွက် အနစ်နာခံပြီး ရောက်နေကြရတာလေ။ အခုကြေညာသွားတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ရာဇဝတ်မှု ကျူးလွန်ထားသူတွေနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေကို ရောနှောပြီး သုံးနှုန်းပြောဆိုတာ ခွဲခွဲခြားခြား မသိရတာတွေကို တော်တော်လေးကို စိတ်မကောင်းဖြစ်ရပါတယ်။ ဒါကို ကြည့်ချင်အားဖြင့် ဒီမိုကရေစီနိုင်ငံကို သွားနေတဲ့ အစိုးရသစ်တစ်ရပ်ဆိုတာကို ယုံကြည်နိုင်ဖို့ အရမ်းကို ခက်ခဲနေပါတယ်။
    ဒါရိုက်တာ မင်းထင်ကိုကိုကြီး

    ဒီကြေညာချက် ထွက်လာတဲ့အခါမှာ Something is better than nothing လို့ ထင်ပေမဲ့ ပြည်သူတွေကရော၊ နိုင်ငံခြားမှာရှိနေတဲ့သူတွေကရော လွတ်လွတ်ကျွတ်ကျွတ် လွတ်လာမှာကို မျှော်လင့်နေကြတာ တွေ့ရပါတယ်။ ဒါကြောင့်မို့ အခုလို ဈေးဆစ်ပြီး လုပ်နေတာတွေကို လျော့ပြီး ဒီလူတွေ (ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ) ဒီမိုကရေစီဖြစ်ထွန်းမှုမှာ ပါလာပြီဆိုရင် ပိုပြီး အကျိုးရှိတာတွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ နောက်ပြီး အခုချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး လုပ်နေတယ်။ NLD နဲ့ ဒေါ်စုကို ရွေးကောက်ပွဲဝင်ဖို့ အခင်းအကျင်းတွေ လုပ်ပေးခဲ့တယ်။ ဒါတွေဟာ နိုင်ငံတကာ ပြည်သူတွေရော၊ ပြည်တွင်း ပြည်သူတွေအတွက်ပါ မျှော်လင့်ချက်တွေ ဖြစ်စေခဲ့တယ်။ သူတို့တွေ ဖြစ်ချင်နေတဲ့ မျှော်လင့်ချက်တွေကို ပြည့်စေချင်တယ်။ NLD မှတ်ပုံတင်ဖို့နဲ့ ဒေါ်စုကို ရွေးကောက်ပွဲဝင်စေဖို့ အကြာကြီးစောင့်ပေးခဲ့တာပဲဗျာ။ အဲသလောက်တောင် စောင့်ပေးခဲ့ပြီးခါမှာ ဒီလူတွေကိုလည်း နိုင်ငံရေးအခင်းအကျင်းထဲ ပြန်ပြီးတော့ ပါဝင်နိုင်အောင် လုပ်ပေးရင် ပိုကောင်းလိမ့်မယ်လို့ ထင်ပါတယ်။
    ဦးကြည်မြင့် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

    ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးတွေတုန်းကလည်း လွတ်ငြိမ်းချမ်းသာခွင့်တွေနဲ့ ပါတ်သတ်ပြီး အဆိုတင်သွင်းကြသလို တပ်မတော်သားကိုယ်စားလှယ်တွေရော အာဏာရ ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်တွေပါ ထောက်ခံဆွေးနွေးခဲ့ကြတယ်။ လွှတ်တော် ဥက္ကဋ္ဌတွေကလည်း ဒီကိစ္စကို ပြောခဲ့တယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေကို လွှတ်ပေးဖို့ ယခင်ကထက် နီးကပ်လာပြီလို့ ဒီဇင်ဘာလဆန်းတုန်းက ပြောထားပါတယ်။ ဟီလာရီကလင်တန်လာတုန်းကလည်း ဒီကိစ္စကို အဓိက ကိစ္စတစ်ခုအဖြစ် ဆွေးနွေးခဲ့ကြတယ်။ ဘာပဲဖြစ်ဖြစ် မဏ္ဍိုင်တစ်ခုနဲ့တစ်ခု အပြန်အလှန်လေးစားမှုရှိဖို့ လိုပါတယ်။ ဥပဒေပြုရေး မဏ္ဍိုင်ထဲမှာပါဝင်တဲ့ လွှတ်တော်တွေ၊ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာတွေ၊ ပဉ္စမမဏ္ဍိုင်ဖြစ်တဲ့ ပြည်သူတွေရဲ့ ဆန္ဒကို အုပ်ချုပ်ရေးမဏ္ဍိုင်က အသိအမှတ်ပြု လေးစားသင့်ပါတယ်။ အခုထုတ်ပြန်ချက်က အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်တဲ့ အစိုးရအပေါ်မှာပဲ မူတည်နေပါတယ်။
    ဝေဖြိုး (အယ်ဒီတာချုပ်၊ Weekly Eleven News Journal)

  • Shwemoe

    January 3, 2012 at 9:45 am

    အမြန်ဆုံးလွတ်ငြိမ်းချမ်းသာခွင့်ရကြပါစေလို့ပဲ ဆုတောင်းနေပါတော့မယ် ။

  • Onyx

    January 3, 2012 at 12:57 pm

    တစ်ကယ့် မပြစ် မရှိသူတွေကို မလွတ်ပေးပဲ ။ အပြစ် ရှိသူတွေကို လွတ်ပေးတဲ့ လီတ်ငြိမ်းချမ်းသာခွင့်
    မျိုးဆို ရင်တော့ အတော်ပင် ဝမ်းနည်းစရာကောင်းတဲ့ သတင်းပါ
    သတင်းကောင်းတွေကို ပဲ နှစ်သစ်မှာ ကောင်းတဲ့ အပြောင်းလဲ အဖြစ် မြင်ချင် ကြားချင်
    နေကြပါပြီ လို့ ပြောချင် ပါတယ် ခင်ဗျာ……………….

  • three colors

    January 3, 2012 at 5:10 pm

    ပြည်သူတရပ်လုံး လိုလားနေတဲ့နိုင်ငံရေးအကျဉ်းသားတွေ လွှတ်တာမဟုတ်သေးပါ၊ ရာဇဝတ်သား တွေပြစ်ဒဏ်လျှော့တာပဲ ရှိသေးတာပါ၊ လွတ်ငြိမ်းချမ်းသာခွင့်တောင် မဆိုနိုင်ပါဘူး၊လာလိမ့်ဦးမယ် ထင်ပါတယ်၊ ပြည်သူ့အသံကိုနားထောင်နေတဲ့
    ပြည်သူ့အစိုးရ တရပ်မှို့ လုပ်ပေးလိမ့်မယ်ထင်ပါတယ်။ကတိတွေလဲ နိုင်ငံခြားကိုရော၊ပြည်သူတွေကိုပါ ပေးထားတာပဲဗျာ၊ကျွန်တော် အကောင်းမြင်လွန်းတာ မဟုတ်ပါဘူး၊ မလွှတ်ရင် တော့ နိုင်ငံ ဒုံရင်းအတိုင်း
    တိုးတက်မှူနှေးပြီး တိုင်းပြည် နစ်နာ၊နောက်ကျတော့မယ်ဆိုတာ လူကြီးတွေ သိမှာပါ။

Leave a Reply