မြန်မာပြည်၏ အထက်ပိုင်းတွင် တောကြီးတစ်တောသည် ရှိ၏။ ထိုတော၌ ကျွန်းပင်များကဲ့သို့ မြင့်မားသောပင် စည် ပင်ဆောက်ကြီးမားသည့် အပင်များသည် ထူထပ်သိပ်သည်းစွာ ပေါက်ရောက်လျက်ရှိ၏။ ထိုတောသည် အမျိုးပေါင်း အရာထောင်သော တောပန်းတို့ဖြင့်ပြီး၏။ ထို့အတူ အမျိုးပေါင်း အရာထောင်သော ပျားပိတုန်းလိပ်ပြာတို့သည်ရှိ၏။ ထို့အတူ ပျားအုံကို ဖဲ့၍ဖဲ၍ စားတတ်သော ဝက်ဝံတို့သည်လည်း အမြောက်အများရှိ၏။ ထို့ကြောင့် ထိုတောကို “ဝက်ဝံတော” ဟု ခေါ်ကြကုန်၏။ အချို့ကလည်း ထိုဝက်ဝံတောကြောင့် ထိုတောင်သည် ဝက်ဝံတောင်ဖြစ်သည်မဟုတ်၊ ထိုတောင်ကိ အဝေးမှကြည့်လျှင် ဝက်ဝံကြီးတစ်ကောင်နှင့် အလား သဏ္ဌာန်တူသောကြောင့် မူလကပင် ဝက်ဝံတောင်ဟု ခေါ်ခဲ့ကြ၏။ ထို့ကြောင့် ထိုဝက်ဝံတောင်နှင့် နီးသောတောကိုလည်း “ဝက်ဝံတော” ဟု ခေါ်ခဲ့ကြသည်ဟု ဆို၏။ အဆိုနှစ်ခုသည် ခိုင်မာလာသော အခါ၌ အငြင်းပွားဖွယ်ရာ ဖြစ်တော့၏။ မည်သို့ဆိုစေ “ဝက်ဝံတောင်” သည် တောင်အဖြစ် လှပနေ၏။ ထိုအတူ “ဝက်ဝံတော” သည်လည် တောအဖြစ် လှပနေ၏။

လှပသော ဝက်ဝံတောင်ကို မော်တော်ကားလမ်း တစ်ခုသည် ကွေ့ပတ်၍ အရစ်ဖော်ထား၏။ ထို့အတူ လှပသော ဝက်ဝံတောကိုလည်း စမ်းချောင်းငယ်တစ်ခုသည် အလယ်တည့်တည့်မှ ဖြတ်၍ အစင်းဖော်ထား၏။ ထိုလှပသော တောနှင့် ထိုလှပသောတောင်တွင် မကောင်းသော အရာတစ်ခုသည်ရှိ၏ ထိုအရာမှာ ခရီးသည်ကို မကြာခဏ ဓါးပြတိုက်ခံရခြင်းဟူသော နာမည်ပျက်ပင်ဖြစ်၏။ တောင်အလှနှင့် တောအလှကို ပျက်စီးစေလောက်အောင် ထိုနာမည်ပျက် အမည်းကွက်ကြီးက လွှမ်းအုပ်ထား၏။ ထို့ကြောင့် ခရီးသည်တို့သည် “ဝက်ဝံတောင်” ဟု ဆိုလိုက်လျှင် နှာခေါင်းရှုံ့ကြကုန်၏။ ထို့အတူ “ဝက်ဝံတော” ဟု ဆိုလိုက်လျှင်လည်း လက်ကာကြာကုန်၏။ ထိုခရီးသည် အဆင်မသင့်လျှင် စည်းစိပ်ပြုတ်၊ အသက်ဇီဝိန်ပင် ကြွေနိုင်သည်ဟု ထင်မှတ်ကြကုန်၏။

ထိုဝက်ဝံတောနှင့် ဝက်ဝံတောင်သည် ခရီးသည်တို့အား ဓါးပြတိုက်နေသည်မှာ တစ်ဦးတစ်ယောက် တည်းသာရှိ၏။ ထိုသူကား သေနတ်သမား လူရမ်းကားဖြစ်၏။ ပုဒ်မ၊ ဂဏန်းပေါင်း မြောက်များစွာဖြင့် ဝရမ်းထုတ်ထားရသော ဝရမ်းပြေးတစ်ဦးလည်း ဖြစ်၏။ သူသည် ထိုတောနှင့်ထိုတောင်တွင် သောင်းကျန်းနေသော်လည်း တစ်ယောက်တည်းဖြစ်၍ အရှာရခက်လှ၏။ သက်ဆိုင်ရာမှ တောနင်း၍ ရှာလျှင်လည်း ထိုတစ်ယောက်တည်း ဆိုးသွမ်းနေသော လူဆိုးကား တောနှင့်တောင်ကိုစွန့်၍ ရုပ်ဖျက်ကာ အခြားနေရာသို့ ရှောင်တိမ်း ထွက်ခွာသွားတတ်၏။ သက်ဆိုင်ရာမှ ထောင်၍ဖမ်းရန် အမျိုးမျိုးအဖုံဖုံ စီစဉ်ခဲ့၏။ ခရီးသည် ယောင်ဆောင်၍ ၎င်းဓါးပြတိုက်မည့် နေရာသို့ သွားခဲ့ကြ၏။ သင်းက ထိုသူတို့အား ဓါးပြတိုက်ဖို့ဝေးစွ ချောင်း၍မျှပင် မကြည့်ခဲ့ပေ၊ ထိုအခါမျိုး၌ ရှာသူတို့သည် ဖတ်ဖတ်မောကြကုန်၏။ “မရှိတော့ဘူးနဲ့ တူပါရဲ့ကွာ” ဟု ထင်မှတ်ကာ စိတ်ချလက်ချ နေပြီဆိုလျှင် ဓားပြမှုများ ပေါ်ပေါက်လာပြန်၏။

ထို့ကြောင့် ကလေးများ သူခိုးပုလိမ် လုပ်တမ်းကစားသကဲ့သို့၊ ထိုဝရမ်းပြေးလူဆိုးနှင့် ပုလိမ်တို့သည် ကစားနေကြလေ၏။ ၎င်းတို့ကစားပွဲသည် ကြာညောင်းလာသော အခါ၌ အသက်မရှိသော တောနှင့်တောင်သည် အချောင် နာမည်ပျက်ရရှာ လေတော့သတည်း။ တစ်နေ့သ၌ အထက်ကဆိုခဲ့သော ဝက်ဝံတောင်ကို မုတ်ဆိတ်ဖြူ အဘိုးအိုတစ်ဦးသည် တရွေ့ရွေ့တက်လာလေသည်။ ထိုအဘိုးအိုမှာ မြန်မာပြည်ပေါက် တရုတ်ကပြား တစ်ဦးဖြစ်၏။ သူသည် မြန်မာစကားနှင့် မြန်မာစာကို ကျွမ်းကျင်စွာတတ်၏။ မြန်မာဓလေ့စရိုက်နှင့် စိတ်နေ သဘာဝတို့ကို ချစ်မြတ်နိုး၏။ အသက်အရွယ်အိုမင်းပြီ ဖြစ်သောကြောင့် ၎င်း၏ ဆံမုတ်ဆိတ်တို့သည် ဥဗျိုင်း၏အတောင်ကဲ့သို့ ဆွတ်ဆွတ်ဖြူနေပြီဖြစ်၏။ သူသည် လွယ်အိတ်ကြီးတစ်လုံးကို လွယ်လျက်၊ သူ၏ အရပ်ထက် များစွာမြင့်မားသော ဝါးတောင်ဝှေးကြီးကို တဒေါက်ဒေါက် ထောက်လျက် တောင်ကို ကွေ့ပတ်ကာ တက်လာခဲ့၏။ တောင်ထိပ်သို့ ရောက်သောအခါ၌ အခြားတစ်ဘက်သို့ တရွေ့ရွေ့ ဆင်းသွားလေ၏။ ထိုသို့ ဆင်း၍သွားရာ တောင်ခြေရှိ ချောက်ကမ်းပါးတစ်ခုသို့ ရောက်လေ၏။ ထိုနေရာသို့ အရောက်၌ မိုးစုတ်စုတ် ချုပ်သွားလေတော့၏။

သို့ရာတွင် မုတ်ဆိတ်ဖြူကြီးသည် ပူပင်ခြင်းမရှိပေ။ ချောက်ကမ်းပါး၏ ထိပ်တွင်ရှိသော ညအိပ် ထမင်းဆိုင်ကလေးသို့ ဝင်လိုက်လေ၏။ သူသည် ထမင်းဆိုင်ရှင်အား.. “ကျုပ်ဒီမျာ ညစာလဲစားမယ်၊ ညအိပ်လဲတည်းခိုမယ်၊ အဲဒီအတွက်လဲ ကျသင့်တဲ့အဖိုးအခကို ပေးပါမယ်” ဟု ပြောလိုက်လေ၏။ ထိုအခါ ညအိပ် ထမင်းဆိုင်ရှင်သည် တစ်ညတည်းခိုခွင့် ပေးလိုက်လေတော့၏။ မုတ်ဆိတ်ဖြူကြီးသည် ညစာထမင်းတစ်ပွဲ မှာယူ စားသောက်၏။ ထိုသို့မှာယူ စားသောက်ပြီးနောက် ၎င်းအတွက် ရရှိသော ကင်းကောခုတင် ကလေးတွင်ထိုင်ကာ သူ၏ အိတ်တွင်းမှ လက်မခန့်ရှိသော ပိတ်စကလေးများကို စိတ်ရှည်လက်ရှည် ချုပ်နေလေ၏။ ၎င်းပိတ်စကလေးများသည် လွန်စွာ သေးကွေးသော်လည် အဘိုးကြီးသည် ပဆစ်ကွက် သဏ္ဌာန်ဖော်၍ စပ်စောင်တစ်ထည် ချုပ်နေခြင်းဖြစ်၏။

ထိုအချိန်မှာပင် ရာဇဝတ်အုပ် တစ်ယောက်နှင့် ပုလိပ်သား ခုနှစ်ယောက်သည် ထိုဆိုင်သို့ ရောက်ရှိလာလေ၏။ ထမင်းမှာယူ စားသောက်ကြ၏။ ညအဖို့ အိပ်စက်ရန် ကင်းကော့ကလေးများ တောင်းယူကြ၏။ သို့ရာတွင် ၎င်းတို့သည် ချမ်းအေးလွန်းသောကြောင့် အိပ်စက်ခြင်းမပြုနိုင်ဘဲ မီးဖိုကြီးဘေးတွင် စုပြုံ၍ ထိုင်နေကြလေ၏။ ထိုပုလိမ်များ ရောက်ရှိလာပြီးနောက် လူငယ်တစ်ဦး ရောက်ရှိလာလေ၏။ ထိုလူငယ်သည် ဘင်ဂျိုတစ်လုံးကို လွယ်လျက် ပတ္ထူလွယ်အိတ်တစ်လုံးကို လက်မှဆွဲလျက် ဝင်လာခြင်းဖြစ်၏။ လူငယ်သည်လည်း ထမင်းဆိုင်ရှင်ထံ၌ ညအိပ်ခွင့်တောင်းလေ၏။ ထို့နောက် လူငယ်သည် ထမင်းတစ်ပွဲ မှာယူစားသောက်လေ၏။ ထမင်းစားခါနီးတွင် လူငယ်သည် ၎င်း၏ ပတ္ထူလွယ်အိတ်အတွင်းမှ အရက်ပုလင်း တစ်လုံးကို ထုတ်လိုက်လေ၏။ ထိုအရပ်ပုလင်းမှာ အဖိုးတန်အရက်ပုလင်းဖြစ်၏။ လူငယ်သည် ဖန်ခွက်တစ်လုံးကို တောင်းယူပြီးနောက် ငှဲ့၍သောက်မည်ပြုပြီးမှ ပုလိပ်များကိုမြင်လျှင်… “သြော်.. မိတ်ဆွေတို့ရယ် သောက်ကြပါဦးဗျာ” ဟု ပြောရာ ရာဇာဝတ်အုပ်က နေပါစေဟု ပြောသော်လည်း ၎င်းလူငယ်ကမူ မိမိသောက်ရန်အတွက် ဖန်ခွက်ထဲတွင် လက်နှစ်လုံးခန့် ငှဲ့ယူထားပြီးနောက် အရက်ပုလင်းကို ပုလိပ်များ၏ အလယ်သို့ချပေးလိုက်လေ၏။

ထိုသို့ ချပေးရင်း “သောက်ကြပါခင်ဗျာ၊ ကျုပ်ကခင်ဗျားတို့ကို ကျေးဇူးပြုတာပါ ကျုပ်တို့လို ကုန်သည်အဖို့ ခင်ဗျားတို့ရှိတာ သိပ်ပြီးကောင်းတာပဲ၊ တောင်ခြေမှာ ကားပျက်သွားလို့ တချို့က တောင်ပေါ်မတက်ဘဲ တစ်စု တစ်ဝေးတည်း လာလမ်းအတိုင်း ပြန်သွားကြတယ်၊ ကျုပ်ကတော့ တစ်ယောက်တည်း တောင်ပေါ် စွတ်တက် လာခဲ့တာနေလဲ ဝင်သွားရော ဒီဆိုင်ကလေး တွေ့လို့ တော်သေးတာပေါဗျာ။ ဒါပေမယ့် စိတ်ကတော့ သိပ်ပြီးမချဘူး၊ ဆိုင်ထဲကို လှမ်းကြည့်လိုက်တော့လဲ ဘာမှ အားကိုးလို့ မရမယ့် မုတ်ဆိတ်ဖြူ အဘိုးကြီးတစ်ယောက်ပဲ တွေ့ရတယ်၊ ကျုပ်မှာ အဲဒီအထိ တထိတ်ထိတ်ပဲ နောက်ဆိုင်ထဲကို ဝင်လိုက်မှ မိတ်ဆွေတို့တစ်စုကို မြင်လဲမြင်လိုက်ရော အားကိုရှိသွားတာပဲ၊ ကျုပ်ဖြင့် ဒီဆိုင်ထဲမှာ စိတ်ချလက်ချ အိပ်ဝံပါပြီဗျာ” ဟု ပြောလိုက်လေ၏။

ထိုအခါ ရာဇဝတ်အုပ်က ၎င်း၏တပည့် ပုလိပ်သားတစ်ဦးကို ဖန်ခွက်ယူခိုင်းပြီး လူငယ်ဘက်သို့လှည့်ကာ..“ ဘာမှမပူပါနဲ့ ကိုယ့်လူရယ်၊ ကျုပ်တို့ရှိပါတယ်၊ စိတ်ချလက်ချသာ အိပ်စမ်းပါ၊ ဒါပေမယ့် ဒီလိုနေရမျိုးကိုတော့ နေ့ဖြစ်ဖြစ်ညဖြစ်ဖြစ် တစ်ယောက်တည်း မလာလေနဲ့ဗျို့၊ ဒီနေရာအကြောင်း ကြားဖူးတယ် မဟုတ်လား၊ ဝရမ်းပြေး ဓားပြကြီး “ငဖီး” ဆိုတာ အလွန်သောင်းကျန်းတာကလား၊ ပစ္စည်းလဲယူတယ်၊ လူလဲသတ်ချင်သတ် တယ်၊ ကျုပ်တို့လဲ အထက်အမိန့်အရ ငဖီးကို တောနင်းရှာဖို့ လာခဲ့ကြတာပဲ” ဟု ဆိုကာ လူငယ်ပေးသော အရက်ကို မော့ချလိုက်လေ၏။

“ဟုတ်ပါရဲ့ဗျာ၊ အဲဒီနာမည်ကြီးကို ကြားဖူးပါရဲ့၊ ဘယ့်နှယ်ဟာကြီးမှန်းလဲ မသိပါဘူးဗျာ၊ သူ့နာမည်ကြီးကို ကြား လိုက်တာနဲ့ ကျုပ်မျက်စိထဲမှာ ငှက်ပျောသီးကြီးကို သွားမြင်မိတယ်ဗျာ၊ ငှက်ပျောသီးကို ရေရင် ကျုပ်တို့က တစ်ဖီးနှစ်ဖီးလို့ ရေတယ်မဟုတ်လား” ဟု လုင်ကပြောလိုက်လေ၏။ ထိုအခါ ပုလိမ်များသည် လူငယ်၏ စကားကို သဘောကျလွန်းသောကြောင့် ဝါးခနဲ့ ရယ်ကြလေ၏။ ရာဇာဝတ်အုပ်သည် အရပ်တစ်ခွက်ကို ထပ်၍ မော့ချလိုက်ပြီး ကျန်အရက်များကို သူ၏အပည့်များဘက်သို့ ပေးလိုက်လေ၏။ သူ၏တပည့်များသည် အရက်ကို မျှတ၍ သောက်ကြလေ၏။ ရာဇဝတ်အုပ်သည် တံတွေးကို ‘ပစ်’ ခနဲ ထွေးလိုက်ပြီးနောက် “ကိုယ့်လူ ငဖီးကို တွေ့ဖူးသလား” ဟု မေးလိုက်လေ၏။ ထိုအခါ လူငယ်သည်. “တွေ့လဲ မတွေ့ဖူးပါဘူးဗျာ၊ တွေ့လဲ မတွေ့ချင်ပါဘူးဗျာ” ဟု ထိတ်ထိတ်ပြာပြာ ပြန်၍ဖြေလေ့၏။

ရာဇဝတ်အုပ်သည် ၎င်း၏ အိတ်တွင်းမှ ဓါတ်ပုံတစ်ပုံကို ထုတ်၍…“မတွေ့ဖူးရင် ဒီကိုလာကြည့် ရန်ကုန်ပုလိပ် မင်းကြီးရုံးက ပို့ပေးလိုက်တဲ့ ငဖီးရဲ့ ဓါတ်ပုံ။ ဆုငွေတစ်ထောင်လဲ ထုတ်ထားတယ်၊ ငဖီးက ဓါးပြမှုနဲ့ ထောင်ကျဖူး တယ်၊ ဒါကြောင့်မို့ သူ့ရဲ့ရီကော့ဟာ ပုလိပ်ဘက်မှာ ရှိထားတာပေါ့ အရပ်က ငါးပေဆယ်လက်မတဲ့၊ ကိုယ်လုံးက တုတ်တုတ် အသားမည်းမည်း ဟောဒါ့သူ့ဓါတ်ပုံ” ဟု ဆိုကာလူငယ်အားပြလေ၏။ လူငယ်လည်း ထမင်းကို အပြီးသတ်စား၍ လက်ဆေးပြီး ရာဇဝတ်အုပ်ထံသို့ လျှောက်သွားလေ၏။ ထို့နောက်ရာဇဝတ်အုပ်ထံ ဓါတ်ပုံကို တောင်းယူပြီး အောက်လင်းမီးတွင် သွား၍ကြည့်လေ၏။ “အတော့ကို အရုပ်ဆိုးတဲ့လူပဲဗျာ၊ အစိုးရက ဆုငွေ တစ်ထောင်တည်း ထုတ်ထားတာ နည်းတာပေါ့ဗျာ၊ ဒီလမ်းက ဖြစ်သွားတဲ့ ကုန်သည်တွေဆီက လှူခံပြီး ဆုငွေ ထပ်ပြီး တိုးသင့်တယ်ဗျာ၊ အဲဒီလိုလုပ်မယ်ဆိုရင် ကျုပ်က ငွေတစ်ထောင်လောက် ထည့်လိုက်ချင်ပါရဲ့ဗျာ၊ ပြီးတော့လဲ ကြည့်စမ်းပါဦး ဒီလူ့မျက်နှာနှယ် ကြောက်စရာ ကောင်းလိုက်တာ၊ ကျုပ်နဲ့များ နှစ်ယောက်တည်း တွေ့ရင်တော့ သေနတ်နဲ့ချိန်ဖို့တောင် မလိုဘူး၊ သူ့မျက်နှာမြင်တာနဲ့ ကြောက်ပြီး ရှိတာတွေ အကုန်ပေးမိမှာပဲ” ဟု ပြောဆိုကာ လူငယ်သည် ဓါတ်ပုံကို ရာဇဝတ်အုပ်လက်သို့ ပြန်ပေးပြီး.. “ကဲဗျာ ကျုပ်ကိုခွင့်ပြုပါဦး၊ ကျုပ်သွားအိပ်တော့မယ်ဗျာ” ဟု ဆိုကာ လူငယ်သည် ၎င်းအတွက် ရထားသော ကင်းကော့ ခုတင်ဆီသို့သွားလေ၏။

ထိုခုတင်မှာ မုတ်ဆိတ်ဖြူကြီး၏ ခုတင်နှင့် လွန်စွာနီးလေ၏။ လူငယ်သည် ၎င်း၏ဘင်ဂျိုကို ခေါင်းရင်းတွင် ထောင်၍ လွယ်အိတ်ကို ခေါင်းအုံးအောက်တွင် ထည့်လိုက်လေ၏။ ပြီးလျှင် ကုတ်အကျီကို ကြယ်သီးများတပ်ပြီး လက်ပိုက်ကာ ခုတင်ပေါ်၌ ဆန့်ဆန့်ရပ်ရပ် လှဲချလိုက်လေ၏။ ထိုသို့လှဲချရင်း မုတ်ဆိတ်ဖြူ အဘိုးကြီးဘက်သို့ ခေါင်းကိုလှည့်ကာ… “အဘိုးကြီးအိပ်ပြီးလား” ဟု ပြောလိုက်လေ၏။ ထိုအခါ မုတ်ဆိတ်ဖြူ အဘိုးကြီးက ..“ဒါနဲ့နေပါဦး ငါ့လူရယ်၊ ဝရမ်းပြေးငဖီးကို ဖမ်းမိရင် ကိုရင်ကတော့ တကယ်ငွေတစ်ထောင် ပေးမှာလား” ဟု မေးလိုက်လေ၏။ ထိုအခါလူငယ်က.. “တကယ်ပေါ့ အဘိုးကြီးရဲ့၊ခင်ဗျားက ငွေတစ်ထောင် လိုချင်လို့လား သွားမလုပ်နဲ့ ငဖီးဆိုတဲ့ကောင်က သိပ်ပြီးဆိုးတာ၊ သေနေလိမ့်မယ်” ဟု ပြောလေ၏။

မုတ်ဆိတ်ဖြူကြီးက‘တခစ်ခစ်’ ရယ်ရင်း.. “ငါ့အနေနဲ့ ငွေနှစ်ထောင်လိုချင်ရင် ပင်းကိုအခုဖမ်းလိုက်ရုံပဲပေါ့ကွာ” ဟု လူငယ်အနီးသို့ ကပ်ကာ ခပ်တိုးတိုးပြောလိုက်လေ၏။ “အဘိုးကြီး ဘာစကားပြောတာလဲ” ဟု လူငယ်က ခပ်တိုးတိုး ခပ်ငေါ့ငေါ့ပြန်၍ ပြောလိုက်လေ၏။ “ဗမာစကားပြောတာပေါ့ကွ၊ မင်းနားမလည်ဘူးလား၊ နားမလည်ရင်တော့ ဟိုပုလိပ်တွေနဲ့ စကားပြောရလိမ့်မယ်” ဟု မုတ်ဆိတ်ဖြူကြီးက ပြောလိုက်လေ၏။ “ဘယ်လိုလုပ် ကျုပ်ကဝရမ်းပြေး ဓားပြငဖီးကြီး ဖြစ်နေရမှာတုန်း၊ ဟိုရာဇဝတ်အုပ်ဆီမှာ ဓာတ်ပုံရှိတယ်၊ သွားပဲကြည့်ပါဦး၊ ငဖီးဆိုတဲ့ ဓားပြကြီးက အသက်လေးဆယ် လောက်ရှိပြီတဲ့” ဟု လူငယ်က ခပ်တိုးတိုး ပြောလိုက်လေ၏။ “မင်းပြောတာလဲ ဟုတ်ပါတယ်၊ အဲဒီငဖီးဆိုတဲ့ ကောင်က လောကကြီးမှာ မရှိတော့ဘူး၊ ဘယ်ရှိတော့မလဲကွ၊ မင်းကသတ်ပစ်လိုက်ပြီကိုး၊ အဲဒီငဖီးနေရာမှာ မင်းကဝင်ပြီး အလုပ်လုပ်နေတာပေါ့၊ ပုလိပ်တွေက ငဖီးရဲ့၊ ဓါတ်ပုံကြီးနဲ့ရှာ၊ ဘယ်တွေ့မတုန်းကွ၊ အဲဒီတော့ ဆုတွေတစ်ထောင်ကို မင်းဆီကထုတ် ကျန်တစ်ထောင်ကို အစိုးရဆီက ထုတ်ယူရမလား၊ ဆုငွေနှစ်ထောင်လုံးကို မင်းကပဲစိုက်ပေးမလား” ဟု မုတ်ဆိတ်ဖြူကြီးက ပြောလိုက်ရာ လူငယ်သည် မုတ်ဆိတ်ဖြူကြီးက ပြောလိုက်ရာ လူငယ်သည် မုတ်ဆိတ်ဖြူကြီး၏ လက်တွင်းသို့ ငွေစက္ကူထုပ် နှစ်ထုပ်ကို ထည့်ပေးလိုက်လေတော့၏။

ထိုအခါ မုတ်ဆိတ်ဖြူကြီးက.. “ဒီလိုလဲ မဖြစ်သေးဘူးကွ၊ ပုလိပ်တွေ မရှိတော့တာနဲ့ အဲဒီငွေနှစ်ထောင်ကို မင်းကငါ့ဆီကလုပြီး သွားနိုင်သေးတယ်၊ အဲဒီတော့ မင်းရဲ့ခြောက်လုံးပြူးထဲက ကျည်ဆန်တွေကို ငါ့ကို ထုတ်ပေးထားဦး” ဟု ဆိုပြီး မုတ်ဆိတ်ဖြူကြီးသည် လူငယ်၏ ခေါင်းအုံးအောက်မှ လွယ်အိတ်ကို ဆတ်ခနဲ့ ဆွဲယူလိုက်ပြီးလျှင် လွယ်အိတ်အတွင်းမှ သေနတ်ကိုနှိုက်ကာ ကျည်ဆန်များကို ယူလိုက်လေ၏။ လွယ်အိတ်တွင်းမှ ကျည်ဆန်ပိုများကိုလည်း တပါးတည်း နှိုက်ယူလိုက်ပြီးလျှင် သေနတ်နှင့် လွယ်အိတ်ကို လူငယ်အားပြန်၍ ပေးလိုက်လေ၏။ လူငယ်သည် စီးကရက်တစ်လိပ်ကို ရှိုက်ဖွာရင်း “ဒီတစ်ခါတော့ မြွေပွေးပိုးထိပဲ” ဟု မကျေနပ်သော လေသံဖြင့် ပြောလိုက်လေ၏။

မုတ်ဆိတ်ဖြူကြီးမှာမူ တခစ်ခစ် ရယ်မောရင်း အိပ်သွာားလေတော့၏။ နံနက်မိုးလင်းသောအခါ၌ မုတ်ဆိတ်ဖြူကြီးသည် ဆိုင်ရှင်အား နှုတ်ဆက်ကာ တောင်ဝှေး တဒေါက်ဒေါက်ခေါက်၍ ထွက်သွားလေ၏။ ပုလိပ်များလည်း လူဆိုးကြီးငဖီးအား ဖမ်းဆီးရန်အတွက် ဝက်ဝံတောသို့ ဆင်းသွားကြလေ၏။ ထိုအခါ လူငယ်သည် ပြုံးလိုက်လေ၏။ ပြုံးလိုက်ပြီးလျှင် လွယ်အိတ်အတွင်းမှ သေနတ်ကို နှိုက်လိုက်ရာ သေနတ်ပြောင်းဝတွင် လိပ်၍ထိုးထားသော စက္ကူကလေး တစ်လိပ်ကို တွေ့ရလေ၏။ ထို့ကြောင့် ထိုစက္ကူလိပ်ကို ထုတ်၍ဖတ်ကြည့်၇ာ အောက်ပါအတိုင်းရေးထားသော စာကို တွေ့ရလေ၏။

ဟေ့ကောင်.. ငဖီးအတု မင်းငါ့ကို စက္ကူတွေထပ်ပြီးသား၊ အဲဒါတွေအားလုံး ခေါင်းအုံးအောက်မှာ ထားခဲ့တယ်၊ မင်းယူချင်ရင် ပြန်ယူသွားဦး၊ ဒါပေမယ့် ဘင်ဂျိုကိုတော့ ငါယူသွားပြီဟေ့၊” လူငယ်သည် ထိုစာကိုဖတ်ပြီးနောက်.. “အတော်လည်တဲ့ လူကြီးပဲ၊ ပြီးတော့ဒီလူကြီးဟာ ဘာကြီးမှန်းလည် မသိဘူး” ဟု တစ်ကိုယ်တည်း ရေရွတ် လိုက်လေတော့သတည်း။

အထက်ပါအဖြစ်အပျက်များ ဖြစ်ပွားပြီး များမကြာမီ၌မှာပင် ဝက်ဝံတောင်ရှိ ကားလမ်းပေါ်တွင် မော်တော်ကား တစ်စီးကို တုံးများခု၍ အရပ်ခိုင်းပြီးလျှင် တစ်ကိုယ်တော် ဓားပြတစ်ဦးက မျက်နှာကို အဝတ်စည်းကာ ဓားပြတိုက်လေတော့၏။ ကားပေါ်တွင် ခရီးသည်များနှင့်အတူ ပုလိပ်များသည် ရုပ်ဖျက်၍ လိုက်ပါလာခဲ့ သည်ကိုမူ ထိုဓားပြသည် မသိရှာပေ၊ ပုလိပ်များသည် ထိုဓားပြအား လက်ရဖမ်းမိရန် ကြိုးစား၏ သို့ရာတွင် ဓားပြက ခုခံသဖြင့် ပြန်လည် ပစ်ခတ်ရလေ၏။ ဓားပြနှင့် ပုလိပ်တို့သည် ဝက်ဝံတောင်ပေါ်တွင် တိုက်ပွဲဖြစ်ကြကုန်၏။ ထို့နောက် ဓားပြသည် ပေါင်နှင့် လက်မောင်းတွင် ဒဏ်ရာရကာ တောင်ကမ်းပါးရံမှ လျောဆင်း၏။ ဝက်ဝံတောအတွင်းသို့ တရွေ့ရွေ့ဝင်လေ၏။ မှောင်မိုက်နေပြီဖြစ်သဖြင့် ခက်ခဲစွာ ဝင်ရလေ၏။ ၎င်း၏ နောက်မှလည်း ပုလိပ်များသည် လက်နှိပ်ဓာတ်မီး တဝင်းဝင်းဖြင့်လိုက် လာကြလေ၏။ ဓားပြသည် စမ်းချောင်းအတိုင်း လာခဲ့ရာ အချိန်အတော်ကြာသော အခါ၌ တောကြီးမျက်မည်းထဲတွင် မှန်အိမ်ကလေး ထွန်းထားသော ခြေတံရှည် တဲအိမ်ကေးလကို ထူးဆန်းဖွယ်ရာ တွေ့မြင်ရလေ၏။ သူသည် အားတက်၍သွား၏။ ထို့ကြောင့် တဲအိမ်ကလေးဆီသို့ ကြိုးစား၍ သွားရင်နှင့်ပင် လဲကျ၍ သတိလစ် မေ့မျောသွားလေ၏။

သတိရသောအခါ၌မူ အိမ်အတွင်းရှိ အတွင်းခန်းဆီသို့ ရောက်နေပြီဖြစ်ကြောင်း သတိပြုမိလေ၏။ ထို့ကြောင့် ခါးတွင်ချိတ်ထားသော သေနတ်ကို ဖြတ်ခနဲ့ စမ်းလိုက်မိနေ၏။ ထိုအချိန်၌မှာပင် တဲအိမ်အနီးအပါးတွင် ဖိနပ်သံများ ကြားရလေ၏။ ထို့နောက် ထိုဖိနပ်သံများဆီမှ ..“ဗျို့ အဘိုးကြီး..ခင်ဗျား ဒီအိမ်ကလား” ဟု မေးလိုက်သံကို ကြားရ၏၊ တဲအိမ်ပေါ်မှ လူကလည်း “ကျုပ်ကိုလူလို့ ယူဆရင် ကျုပ်က ဒီအိမ်ကပေါ့ဗျာ၊ ဒါမှ မဟုတ်ဘဲ ရသေ့လို့ ယူဆချင်ရင် ကျုပ်က ဒီကျောင်းသင်္ခမ်းက ရသေ့ပေါ့ဗျာ” ဟူသောအသံကို ကြားလိုက်ရလေ၏။ လူငယ်သည် ထိုအသံကို ကြားဖူးသကဲ့သို့ရှိသဖြင့် အတွင်းမှနေ၍ အပြင်သို့ ချောင်းကြည့်လိုက်ရာ တစ်ခါက ၎င်းနှင့် ထမင်းဆိုင်တွင် ဆုံခဲ့ဖူးငော မုတ်ဆိတ်ဖြူ အဘိုးကြီးဖြစ်ကြောင်း သိရလေတော့၏။

ထိုအခါ အောက်မှလူများက.. “ဒီဘက်ကို လူတစ်ယောက် ပြေးလာတာ မမြင်ဘူးလား” ဟု မေးလေ၏။ လူငယ်သည် ထရံပေါက်မှနေ၍ မုတ်ဆိတ်ဖြူကြီး ဆီသေနတ်ဖြင့် တည့်မတ်စွာ ချိန်လိုက်လေ၏။ မုတ်ဆိတ်ဖြူကြီးကမူ ထိုသူများအား… “ကြံကြီးစီရာဗျာ၊ မတွေ့ရပါဘူး၊ ခင်ဗျားတို့က ဘာတွေလဲ၊ ပုလိပ်တွေလား၊ လူဆိုးထွက်ပြေးသွားလို့ လိုက်ရှာနေတာလား၊ မရှာပါနဲ့ဗျာ ဒီတောက ဝက်ဝံသိပ်များတယ်ဗျ၊ လူဆိုးကို ခင်ဗျားတို့ မတွေ့ပေမယ့် ဝက်ဝံတော့ တွေ့မှာပါပဲ၊ အဲဒီလူဆိုးကို ဝက်ဝံကုတ်လို့ သေမှာပါပဲ၊ ခင်ဗျားတို့လဲ တောထဲက အမြန်ဆုံးပြန်ထွက်ကြဗျ၊ ဒီအချိန်မှာ ဝက်ဝံတွေသိပ်ပြီး သောင်းကျန်းတယ်” ဟု လှမ်း၍ ပြောလိုက်လေ၏။

ထိုအခါ အောက်မှ လူတစ်ယောက်က..“ခင်ဗျားကိုတော့ ဒီတောထဲက ဝက်ဝံတွေက မကုတ်ဘူးလားဗျာ” ဟု ပြန်၍ မေးလိုက်လေ၏။ “ကျုပ်က ဒီနေရာကို လာနေတာ အရေးပိုင်မင်းရဲ့ ခွင့်ပြုမိန့်နဲ့ လာနေတာဗျ၊ ဟော့ဒီမှာ အမိန့်စာရွက်ရှိတယ်၊ အရေးပိုင်မင်းက မုတ်ဆိတ်ဖြူအဘိုးကြီးကို ဝက်ဝံတော အလယ်ခေါင်မှာ သီတင်းသီလ ဆောက်တည်ရန် နေထိုင်ခွင့်ပြုလိုက်သည်တဲ့၊ လက်မှတ်လဲ ထိုးထားတယ်၊ ရုံးတံဆိပ်လဲ ရိုက်ထားတယ် ရုံးတံဆိပ်မှာ ခြူးကောင်နှစ်ကောင်ပါတယ်၊ ဘေးကစာတွေကတော့ အင်္ဂလိပ်လို့ ကျုပ်မသိဘူး” လှမ်း၍အော်ကာ ပြောလိုက်လေ၏။ ထိုအခါ ပုလိပ်များအနက်မှ ရာဇဝတ်အုပ်ဖြစ်သူသည် မုတ်ဆိတ်ဖြူကြီး၏ တဲပေါ်သို့ တက်လာလေ၏။ ပြီးလျှင် မုတ်ဆိတ်ဖြူကြီးထံမှ စာရွက်ကိုယူ၍ကြည့်၏။ ထိုသို့ကြည့်ပြီးနောက်… “စာကတော့ မြို့ပိုင်မင်းရဲ့ စာအစစ်ပါပဲ၊ ဒီစာရှိတာနဲ့ပဲ ခင်ဗျားကို ဝက်ဝံက မကုတ်တော့ဘူးလား” ဟု မေးလိုက်လေ၏။ “ဝက်ဝံတွေက စာလဲဖတ်တယ်တယ်နဲ့ တူတယ်၊ ဒီစာကို ဒီမှာချိတ်ထားတာနဲ့ သူတို့မလာကြဘူးဗျ၊ ပြီးတော့လဲ ကျုပ်သိရသလောက်တော့ ဝက်ဝံတွေ တော်တော်များများဟာ လူစကားနားလည်တယ်ဗျ၊ ဒါပေမယ့် လူတော်တော်များများဟာ လူစကားနားမလည်တာ ကျုပ်တွေ့ရတယ်ဗျ” ဟု မုတ်ဆိတ်ဖြူကြီးက ပြောလိုက်လေ၏။

ထိုအခါ ရာဇဝတ်အုပ်က… “ဒီတောထဲမှာ ဝရမ်းပြေး ဓားပြကြီး ငဖီးဆိုတာ ရှိတယ် သူကတော့ ခင်ဗျားကိုလာပြီး ဒုက္ခပေးတာ မရှိဘူးလားဟု မေးလိုက်လေ၏။ “ဓားပြသူခိုးတွေဟာ ကျုပ်နဲ့တွေ့ရင် စိတ်ညစ်သွားကြတယ်ဗျ၊ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်မှာ တိုက်စရာ ခိုးစရာ ဘာမှမရှိဘဲ” ဟု မုတ်ဆိတ်ဖြူကြီးက ပြောလိုက်လေ၏။

“ခင်ဗျားဒီမှာ ဘယ်လို စားသောက်သလဲ” ဟု ရာဇဝတ်အုပ်က မေးလိုက်လေ၏။ “စားတာကတော့ မထူးပါဘူး၊ ခင်ဗျားတို့လိုပါပဲ ပါးစပ်နဲ့စားတာပါပဲ” ဟု မုတ်ဆိတ်ဖြူကြီးက ပြောလိုက်လေ၏။ “မဟုတ်ဘူးလေဗျာ၊ စားစရာ ဘယ်ကရသလဲလို့ မေးတာ” ဟု ပြန်၍ မေးလိုက်လေ၏။ “သြော်.. ဒါလား ဒါကဒီလိုဗျ၊ တစ်လတစ်ခါမြို့ကို တက်ပြီး ဆန်ကလေးဂျုံကလေး၊ ဆားကလေး၊ အခြောက်အချမ်းလေး ဝယ်ရတာပေါ့ဗျာ၊ ဝယ်တယ်ဆိုတာ အလှူခံတာပါပဲ၊ ပြီးတော့လဲ ဟိုဘက်မှာ ဟင်းသီးဟင်းရွက်လေး ဘာလေး စိုက်ခင်းလုပ်ထားသေးတယ်” ဟု မုတ်ဆိတ်ဖြူကြီးက ပြောလိုက်လေ၏။

ရာဇဝတ်အုပ်သည် မုတ်ဆိတ်ဖြူကြီးအား ခြေဆုံးခေါင်းဆုံး ကြည့်ပြီးနောက် “တရုပ် သူတော်ကောင်းကြီးပဲဗျ” ဟု ရေရွက်လိုက်လေ၏။ ထိုအခါ မုတ်ဆိတ်ဖြူကြီးက..“သူတော်ကောင်းမှာ၊ တရုတ်သူတော်ကောင်း၊ ဗမာ သူတော်ကောင်း၊ ကုလားသူတော်ကောင်းရယ်လို့ မရှိဘူးဗျ၊ သူတော်ကောင်းဟာ သူတော်ကောင်းပဲ၊ သူယုတ်မာမှာ ဒီအတိုင်းပဲ တရုတ်သူယုတ်မာ၊ ကုလားသူယုတ်မာ၊ ဗမာသူယုတ်မာရယ်လို့ မရှိဘူး၊ သူယုတ်မာဟာ သူယုတ်မာပဲ လူမျိုးမှာ ကောင်းတယ်ဆိုးတယ် မရှိဘူး” ဟု ပြောလိုက်ရာ ရာဇဝတ်အုပ်က.. “အတော့ကို ဗမာရည်လည်တာပဲ” ဟု ဆိုကာ တဲပေါ်မှ ဆင်းသွားလေ၏။ ထို့နောက် ထိုပုလိပ်များသည် ခက်ခဲ့စွာ ပြန်သွားကြလေတော့၏။

ထိုအခါကျမှ မုတ်ဆိတ်ဖြူကြီးက အတွင်းဘက်သို့ လှည့်ကာ… “ဟေ့ ငဖီးအတု မင်းဘာဖြစ်လို ငါ့ကို အထဲက သေနတ်နဲ့ ချိန်ထားရတာလဲ၊ မင်းရဲ့သေမင်းတွေ မရှိတော့ဘူး၊ သေနတ်ကို ထားခဲ့ပြီး အပြင်ထွက်လာခဲ့ဟု ဆိုလိုက်ရာ လူငယ်သည် သေနတ်ကို ခါးကြားတင်ထိုးကာ အပြင်သို့ ထွက်လာလေတော့၏။ ထိုသို့ထွက်လာပြီးနောက်. .“ကျုပ်အခန်းထဲက နေပြီး သေနတ်နဲ့ ချိန်ထားတာကို ခင်ဗျားက ဘယ်လိုလုပ်ပြီး သိနေရတာတုံး” ဟု လူငယ်က မေးလိုက်လေ၏။

“ငါနဲ့ ဟိုပုလိပ်တွေနဲ့ စကားပြောနေတဲ့ အခါမှာ အထဲမှာ မင်းရှိနေတယ်လို့ ပြောလိုက်မှာကို မင်းကစိုးရိမ်မယ်လေကွာ၊ အဲဒီလို ပြောလိုက်တာနဲ့ မင်းငါ့ကို မောင်းဖြုတ်ချလိုက်မယ်လေကွာ၊ အဲဒီအတွက် မင်းကငါ့ကို သေနတ်နဲ့ ချိန်ထားရမှာပေါ့” ဟု မုတ်ဆိတ်ဖြူကြီးက ပြောလိုက်လေ၏။ ထိုအခါ လူငယ်က..“ကျုပ် ခင်ဗျားတဲနားအရောက်မှာ သတိမေ့ပြီး လဲ သွားတယ်ဗျ” ဟု ပြောလိုက်လေ၏။ “အဲဒါကို ငါကတွေ့လို့မင်းကို မရမက ပွေ့ချီပြီး အိမ်ပေါ်တင်လာရတာ” ဟု မုတ်ဆိတ်ဖြူကြီးက ပြောလိုက်လေ၏။ ကျုပ်ဒဏ်ရာတွေမှာလဲ ပတ်တီးတွေ ဘာတွေနဲ့ပါလား” ဟု လူငယ်က ပြောပြန်လေ၏။ “ငါလဲ တတ်သ၍ မှတ်သ၍ လုပ်ပေးထားရတာကွ” ဟု မုတ်ဆိတ်ဖြူကြီးက ပြောလိုက်လေ၏။ “ဒီတောထဲမှာ ဝက်ဝံတွေ ရှိတယ်ဆိုတာ တကယ်ပဲလား မုတ်ဆိတ်ဖြူကြီး” ဟု လူငယ်က မေးလိုက်လေ၏။ “တောပုန်းကြီး ငဖီးဆိုကွ၊ တောအကြောင်းလဲ မသိပါလား၊ ဘယ်ကလာ ဝက်ဝံရှိရမလဲ” ဟု မုတ်ဆိတ်ဖြူကြီးက ပြောလိုက်လေ၏။

“နေစမ်းပါဦး၊ မုတ်ဆိတ်ဖြူကြီးရဲ့ ဟိုတစ်ခါ ထမင်းဆိုင်မှာ တွေ့တုန်းက ကျုပ်ကို ဓားပြမှန်း ခင်ဗျား ဘယ်လိုလုပ်ပြီးသိသွားတာလဲ” ဟု လူငယ်က မေးလိုက်လေ၏။ “သိတာပေါ့ကွာ၊ မင်းက ဟိုဘက်တောင်ခြေမှာ ကားပျက်လို့ မင်းတစ်ယောက်တည်း ဒီဘက်ကို ထွက်လာတယ်လို့ ပြောတယ်၊ အမှန် ဒီလိုမဟုတ်ဘူးကွ၊ မင်းက ကားကို ဓားပြတိုက်ပြီး ခရီးသည်တွေကို ကုန်းကြောင်း ဆင်းလျှောက်ခိုင်းလိုက်တယ်၊ ပြီးတော့ မင်း လွယ်လာတဲ့ ဘင်ဂျိုဟာ မင်းနဲ့ ဘာမှ မပတ်သက်ဘူး၊ အဲဒါလဲ တိုက်ရာပါ ပစ္စည်းပဲ မင်းသာ ဘင်ဂျိုသမားဖြစ်ရင် အဲဒီညက ဘင်ဂျိုကလေး တီးနေမှာပေါ့ကွာ၊ ဒီဘင်ဂျိုကို ငါကောင်းကောင်းသိတယ်ကွ၊ ဒီဘင်ဂျိုက ငါ့မိတ်ဆွေ ကိုဘကောင်းရဲ့ ဘင်ဂျို ဘင်ဂျိုပေါ်မှာ ‘ဘီကေ’ ဆိုတဲ့ စာလုံးရေးထားတာ ပါတယ်ကွ၊ ကိုဘကောင်း ငါ့ဆီလာတာ မင်းနဲ့တွေ့လို့ ပြန်ကွေ့သွားတာ၊ နှစ်လ တစ်ခါလောက် ဒီလူကြီး ငါ့ဆီလာလေ့ရှိတယ်၊ လသာတဲ့ ညတွေဆို သူက ဘင်ဂျိုတီး၊ ငါက သီချင်းဆို အတော့ကို နေရာကျတာကလား၊ ပြီးတော့ မင်းက ဝရမ်းပြေး ငဖီးကို မိရင် မင်းအနေနဲ့တောင် ဆုငွေတစ်ထောင်လောက် ပေးလိုက်ချင် သေးတယ်လို့ ပြောတယ်မဟုတ်လား၊ အဲဒီ စိတ်ဓာတ်မျိုးဟာ ဝရမ်းထုတ်ခံထားရတဲ့ ဝရမ်းပြေးရဲ့ စိတ်ဓါတ်မျိုးပဲကွ၊ ပြီးတော့ ခရီးသည်တွေကလဲ မင်းကိုပေးဖို့ ငွေစက္ကူအရွယ် စက္ကူတွေ အထပ်လိုက် ချုပ်လာခဲ့ကြတယ်၊ မင်းက ငါ့ကို ငွေနှစ်ထောင် ပေးရမယ်ဆိုတော့ အဲဒီ စက္ကူအထုပ်နှင့်ထုပ် ငါ့ကိုပေးလိုက်တာ မဟုတ်လား” ဟု မုတ်ဆိတ်ဖြူကြီးက ပြောလိုက်လေ၏။

လူငယ်သည် မုတ်ဆိတ်ဖြူကြီးအား မခိုးမခန့်ကြည့်လိုက်ပြီးလျှင်… “ခင်ဗျားက လူလည်ကြီးပါ၊ ခင်ဗျားဟာ ဘာနဲ့သလဲဆို ကြောင်ပါးကြီးနဲ့တူတဲ့ လူတစ်ယောက်ပဲ” ဟု မကျေနပ်ဖြစ်ကာ ပြောလိုက်လေ၏။ “မဟုတ်ဘူးကွ၊ ငါဟာ ကြောင်ပါးကြီးနဲ့ တူတဲ့ လူတစ်ယောက်မဟုတ်ဘူး၊ ငါဟာ မိုးတိမ်နဲ့တူတဲ့ လူတစ်ယောက်ပဲ၊ အစဉ်သဖြင့် လွင့်မျောနေတယ်၊ အစဉ်သဖြင့် ပုံသဏ္ဌာန်အမျိုးမျိုး ဖြစ်နေတယ်၊ အစဉ်သဖြင့် လွတ်လပ်ပေါ့ပါးနေတယ်” ဟု မုတ်ဆိတ်ဖြူကြီးက ပြောလိုက်လေ၏။ လူငယ်က အံကို ကြိတ်လိုက်၏။ ထို့နောက် “ဒါနဲ့ နေစမ်းပါဦး၊ ဝရမ်းပြေး ငဖီးကြီးက ဘယ်ကိုရောက်သွားတာလဲ၊ ကျုပ်သတ်လိုက်တယ်လို့ ခင်ဗျား ပြောဦးမလား” ဟု လူငယ်က ပြောလိုက်လေ၏။ ထိုအခါ မုတ်ဆိတ်ဖြူကြီးက..“ဟေ့ ဓားပြ အစုတ်ပလုပ် စကားများမနေနဲ့၊ ဟော့ဟိုမှာ ဆန်ပြုတ်နဲ့ ဝတ်သားခြောက်ရှိတယ်၊ စားလိုက်ဦး” ဟု ပြောလိုက်လေ၏။ ၎င်းကမူ လွန်စွာသေးသော ကြွေကရားလေး အတွင်းမှ ရေနွေးကြမ်းကိုငှဲ့၍ သောက်လိုက်လေ၏။

လူငယ်လည်း ဆန်ပြုတ်နှင့် ဝက်သားခြောက်ကင်ကို ထ၍ စားလေ၏။ စားပြီးသောအခါ၌.. “ဒီနေရာမှာ ကျုပ်အတွက် လုံခြုံမှု ရှိပါတယ်နော်” ဟု မေးလိုက်လေ၏။ “မကောင်းမှု ကျူးလွန်တဲ့ လူအတွက် ဘယ်နေရာမှ မလုံခြုံဘူးကွ၊ ဒါပေမယ့်လဲ စားသောက်ပြီးရင် စိတ်ချလက်ချ အိပ်ပါ၊ ပုလိပ်တွေတော့ ထပ်ပြီးလာဖို့ မရှိတော့ပါဘူး” ဟု မုတ်ဆိတ်ဖြူကြီးက ပြောလိုက်လေ၏။ ထိုအချိန်မှာပင် လသည် ထိန်ထိန်သာလျက် မြင့်တက်လာလေ၏။ လရောင်သည်လည်း တဲအတွင်းသို့ ဖြာ၍ ကျလာ၏။ လူငယ်သည် လကို လှမ်း၍ ကြည့်ပြီးနောက်… “လကလဲ ထိန်ထိန် သာနေတာပဲ၊ အတော့်ကို ကြည့်လို့ကောင်းတာပဲ” ဟု ပြောလိုက်လေ၏။

“လသာတဲ့ညမှာ ဒီအချိန်ဆို ငါ့ပြတင်းပေါက်မှာ လမင်းကြီးဟာ ထိန်ထိန်သာနေစမြဲပဲကွ၊ ငါ့ရဲ့တဲကလေးအနေနဲ့ အဖိုးတန်ပစ္စည်းဆိုလို့ အဲဒီလမင်းကြီးပဲ ရှိတယ်၊ အဲဒါကို မင်းအနေနဲ့ ဓားပြတိုက်လို့ပဲ ယူသွားယူသွား။ ခိုးလို့ပဲယူသွားယူသွား ယူသွားပေတော့” ဟု မုတ်ဆိတ်ဖြူကြီးက ပြောလိုက်လေ၏။ ထိုအခါ လူငယ်… “လကို ဓားပြတိုက်လို့ ရမလားဗျ” ဟု ပြန်၍ ပြောလိုက်လေ၏။ မုတ်ဆိတ်ဖြူကြီးသည် တဟဲဟဲ ရယ်လိုက်ပြီးနောက်… “လကိုလဲ ဓားပြတိုက်လို့ မရဘူး၊ ကြယ်တာရာတွေကိုလဲ မရနိုင်ဘူး၊ နေမင်းကြီးကိုလဲ မရနိုင်ဘူး၊ နေ့စဉ် တိုက်ခိုက်နေတဲ့ လေကိုလဲ ဓားပြတိုက်လို့ မရနိုင်ဘူး၊ ပြီးတော့ နွေးမိုးဆောင်းဆိုတဲ့ ရာသီဥတုကိုလဲ ဓားပြတိုက်လို့ မရနိုင်ဘူး၊ သစ်ပင် ပန်းမာလ်တွေကိုလဲ ဓားပြတိုက်လို့ မရနိုင်ဘူး” ဟု ပြောလိုက်လေ၏။

“အဲဒါတွေက ဘယ်ဓားပြတိုက်လို့ ရမလဲဗျ၊ တစ်ဦးတစ်ယောက်တည်း ပိုင်တဲ့ ပစ္စည်းမှ မဟုတ်ဘဲ” ဟု လူငယ်က ပြောလိုက်လေ၏။ “မင်း ပြောတာလဲ ဟုတ်တယ်၊ ပြီးတော့ အဲဒါတွေက သဘာဝတရားကွ၊ အဲဒီတော့ တရားဆိုတဲ့ သဘောမှာ အကျွမ်းဝင်နေတဲ့ အတွက် ဓားပြတိုက်လို့ မရဘူးကွ၊ မတရားမှု တစ်ခုဟာ မူဖြူစင်နေတဲ့ တရားတစ်ခုအပေါ်မှာ လွှမ်းမိုးလို့ မရဘူးကွ၊ အဲဒါကိုတော့ ဓားပြဖြစ်နေတဲ့ အတောအတွင်း မင်းမြဲမြဲ မှတ်ထားပေတော့” ဟု ပြောလိုက်ရာ လူငယ်က လရောင်ကိုတွေ့နိုင်သော နေရာတွင် တုံးတုံးလှဲ၍ အိပ်လိုက်လေ၏။ ထိုအခါ မုတ်ဆိတ်ဖြူကြီးသည် ဘင်ဂျိုကိုယူ၍ ဘင်ဂျိုတီးလေတော့၏။ လူငယ်သည် ဘင်ဂျိုသံကို နားထောင်ရင် အိပ်စက်ရန် ကြိုးပမ်းလေ၏။ သို့ရာတွင် ဒဏ်ရာများမှာ ရာသီဥတု အေးလာသည်နှင့် အမျှ ကိုက်ခဲလာလေ၏။ ထိုအခါ မုတ်ဆိတ်ဖြူကြီးသည် ရေနွေးအိုးတည်ကာ ရေနွေးကို ပုလင်းတစ်လုံးတွင် ထည့်၍ လူငယ်၏အနာကို ကပ်၍ကပ်၍ ပေးလေ၏။

နေ့စဉ်နှင့်အမျှ မုတ်ဆိတ်ဖြူကြီးသည် လူငယ်၏ အနာကို ပျောက်အောင် ပြုစုပေးလေ၏။ လူငယ်အား ၎င်း၏ ဆန်းများ၊ ဝက်သားခြောက်များကိုလည်း ချက်ပြုတ်ကျွေးမွေးလေ၏။ လူငယ်သည် မုတ်ဆိတ်ဖြူကြီး၏ တဲ၌ ချမ်းသာစွာ နားနေ၍ ဆေးကုသခွင့် ရလေ၏။ ကောင်းစွာ ကျန်းမာလာသော အခါ၌ စမ်းချောင်းထဲတွင် ဆင်း၍ ရေကူးလေ၏။ ဟိုမှသည်မှာ လျှောက်၏။ ဘင်ဂျိုကို မတီးတတ်ဘဲလျက် တဒေါင်ဒေါင်တီး၏။ ထို့နောက် မုတ်ဆိတ်ဖြူကြီး ချက်၍ကျွေးသည်ကို တဝတပြဲစား၏။ ဤသို့နေရာလာခဲ့ရာ ရက်အတန်ကြာသော အခါ၌ လူငယ်သည် တောတွင်းမှ အပြင်သို့ထွက်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်၏။ ထိုအချိန်၌ လူငယ်က.. “မုတ်ဆိတ်ဖြူကြီး ဝရမ်းပြေး လူဆိုးကြီး ငဖီး ဘယ်လိုဖြစ်သွားတယ်ဆိုတာ ပြောပြစမ်းပါဦး” ဟု မေးလိုက်လေ၏။ ထိုအခါ မုတ်ဆိတ်ဖြူကြီးက..

“အဲဒီကိစ္စကို မပြောချင်ဘူးကွယ်၊ ဒါပေမယ့် မင်းကလဲ နှစ်ကြိမ်ရှီပြီး၊ မေးတော့ ပြောပြရတာပေါ့၊ ဒီလိုကွ၊ ဟိုတုန်းက သူငယ်ချင်းသုံးယောက်ရှိတယ်၊ ငါရယ်၊ ငဖီးဆိုတဲ့ ကောင်ရယ်၊ ဘကောင်းဆိုတဲ့ ဘင်ဂျိုသမားရယ်ပေါ့ကွာ၊ အဲဒီငဖီးဆိုတဲ့ကောင်ဟာ လူကောင်းတစ်ယောက်ပဲ၊ မိန်းကလေးတစ်ယောက်ကို ချစ်မိရှာတယ်၊ အဲဒီမိန်းကလေးကြောင့်ပဲ ငဖီးဟာ ပျက်စီးသွားရရှာတယ် မိန်းကလေးရဲ့ မိဘတွေက ငဖီးနဲ့ သူတို့သမီးကို သဘောမတူဘူး၊ အဲဒီတော့ ငဖီးဟာ ချမ်းသာရာချမ်းသာကြောင်း အလုပ်တွေ အမျိုးမျိုးလုပ်တယ်၊ ဒါပေမယ့် တရားသဖြင့် အလုပ်တွေပါကွယ်၊ စကားစပ်မိ လို့ပြောရဦးမယ်၊ အဲဒီငဖီးရော ဘကောင်းရောဟာ ငါ့ထက် အသက်အများကြီး ငယ်ကြတယ်၊ သူတို့ကတော့ ငါ့ကို ဦးလေးသားချင်းလို ပေါင်းကြတယ်၊ ငါကတော့ သူတို့ကို သူငယ်ချင်းလိုပဲ ပေါင်းတယ်၊ အဲဒီငဖီးဟာ တရားသဖြင့်ရလို့ ရှာဖွေလာတာလေးကို အနိုင်ကျင့်ပြီး အလုခံရတာကို ခုခံကာကွယ်ရင်းနဲ့ မမျှော်လင့်ဘဲ လူသတ်မှုဖြစ်သွားတယ်၊ အဲဒီလူသတ်မှုနဲ့ပဲ ထောင်ကျသွားရှာတယ်၊

ထောင်က လွတ်လာပြန်တော့လဲ သူ့ရဲ့ချစ်သူဟာ ဆရာဝန် အဘိုးကြီးတစ်ဦးနဲ့ လက်ထပ်သွားပြန်တယ်၊ အဲဒီတော့ မထူးတော့ဘူးဆိုပြီး ဟောဒီ ဝက်ဝံတောင်မှာ ခိုအောင်းပြီး ဆိုးမိုက်နေခဲ့တာကွယ့်၊ အဲဒီတော့ ကြားဖြတ်ပြီး ပြောစရာတစ်ခုတော့ ရှိတယ်၊ သူ့ချစ်သူဟာ ထောင်က လွတ်လာတဲ့နေ့မှာ သူနဲ့လာတွေ့သေးတယ်၊ ဒါပေမယ့် သူ့ကို မယူနိုင်တော့ကြောင်း ပြောတာပေါ့၊ အဲဒီတွေ့တဲ့ညမှာပဲ ငဖီးနဲ့ သူ့ချစ်သူဟာ အတော်ကလေး နယ်လွန်သွားခဲကြတယ်၊ နောက်တော့လဲ တကယ်ပဲ သူ့ချစ်သူဟာ ဆရာဝန် အဘိုးကြီးနဲ့ လက်ထပ်သွားခဲ့ရတယ်၊ လက်ထပ်တဲ့ အချိန်မှာပဲ မိန်းကလေးဟာ ကိုယ်ဝန်နှစ်လလောက်ရှိနေပြီ

ကဲ ပြောရဦးမယ်ဟေ့၊ ထောက်ကလွတ် လာပြီး ငဖီးကို အနိုင်ကျင့်တဲ့လူတွေ၊ စော်ကားတဲ့လူတွေ ပေါ်ပေါက်လာခဲ့တယ်၊ ထောင်ထွက်ဆိုပြီး နှိမ်တဲ့လူတွေကလဲ အမြောက်အမြား ပေါ့ကွယ်၊ အဲဒီမှာ ချစ်သူကလဲကွဲ၊ အစစအရာရာ အဆင်မပြေတဲ့ ငဖီးဟာ တစ်နေ့မှာ မခံနိုင်တဲ့အဆုံး ရန်ဖြစ်တော့တာပဲဟေ့၊ ဒီလိုပဲ ရန်ဖြစ်ရော လက်လွန်ပြီး လူသတ်မှု ထပ်ဖြစ်ပြန်ရော၊ ဒီတော့ ငဖီးဟာ အဖမ်းမခံတော့ဘဲ ဟောဒီ ဝက်ဝံတောကြီးထဲ ထွက်ပြေးလာပြီး ဝရမ်းပြေးကြီး လုပ်နေတော့တာပဲ တကယ့် အဖြစ်အပျက်က သနားစရာကွယ်၊ အဲဒီလို ဝရမ်းပြေး မလုပ်ခင်မှာ ငဖီးကို ရာဇဝတ်အုပ်က သေနတ်နဲ့ ချိန်တယ်၊ အဲဒီသေနတ်ကို လုပြီး ထွက်ပြေးလာတော့ ငဖီးမှာ သေနတ်တစ်လက်လဲ ပါလာတာပေါ့၊ အဲဒီသေနတ်နဲ့ ငတ်ပြတ်လာတဲ့ အခါမှာ ကားတွေကို ထွက်ပြီး ဓားပြတိုက်တာပေါ့။ ပြီးတော့လဲ တောထဲဝင်ပြေးပြီး အောင်းနေတယ်၊ အဲဒီတော့ သူ့ရဲ့မိတ်ဆွေဖြစ်တဲ့ ငါနဲ့ ဘင်ဂျိုဘကောင်းက တောနင်းပြီး သူ့ကိုရှာတယ်၊ ဘင်ဂျိုဘကောင်းက ဘင်ဂျိုသံပေးပြီး ဟောဒီတောအနှံရှာ တာပေါ့၊ နောက်ဆုံးမှာ ငဖီးနဲ့ တွေ့တော့တာပဲ၊

တို့နဲ့တွေ့တဲ့အခါမှာ ငဖီးဟာ ငှက်ဖျားဖြစ်နေတယ်၊ ငါက သူ့ကို ပြုစုရတယ်၊ ဘင်ဂျို ဘကောင်းကတော့ မြို့တက်ပြီး ဆေးဝယ် ရိက္ခာဝယ်ပေါ့ကွာ၊ ရောဂါကလဲ တဖြည်းဖြည်း တိုးလာဆိုတော့ ဘကောင်းက တိတ်တဆိတ် ဆရာဝန်တစ်ယောက်နဲ့ ကုဖို့ စီစဉ်ရတော့တာပေါ့။ ဆရာဝန်အိမ်မှာ ငဖီးကိုပို့ပြီး ဆေးကုသခံဖို့ပေါ့ကွာ၊ အဲဒီလိုဖြစ်ဖို့ ကိစ္စကိုလဲ ဆရာဝန်ကတော်က ကူညီရှာတယ်ကွယ်၊ နောက်ဆုံးမှာ ဆရာဝန်ကြီးဟာ သူကိုယ်တိုင်ကလဲ အစိုးရအမှုထမ်း မဟုတ်၊ နေရာကလဲ နယ်စွန်နယ်ဖျား၊ မိန်းမလုပ်တဲ့ လူကလဲ အမျိုးအမျိုးအဖုံဖုံ သွေးဆောင်တယ်ဆိုတော့ ကုမယ်လို့ ဝန်ခံရတော့တယ်၊ သွေးဆောင်တဲ့ နည်းထဲမှာ ငဖီးက စိန်ရွှေရတနာ တွေရတဲ့နည်းဟာ အဓိကပေါ့ကွယ်။ အဲဒီတော့ ဆရာဝန်က လက်ခံမယ်လို့လဲ ပြောလိုက်ရော ငါနဲ့ ဘင်ဂျိုဘကောင်းဟာ ညကြီးမိုးချုပ်မှာ ငဖီးကို ဆရာဝန်အိမ် ပို့လိုက်တယ်။

အဲဒီဆရာဝန်ရဲ့ အိမ်မှာ အသက်နှစ်ဆယ့်လေးနှစ် လောက်ရှိတဲ့ ဆရာဝန်ရဲ့သား တစ်ယောက်ရှိတယ်၊ အဲဒီကောင်လေးဟာ ငဖီးကို လူဆိုးကြီးမှန်းလဲ သိရော ဒုက္ခပေးဖို့ အမျိုးမျိုး စဉ်ူးစားတော့တာပေါ့၊ ငဖီးရောဂါသက် သာလို့ ဆရာဝန်ကြီးအိမ်ကနေ ညဘက်ကြီးပြန်လာတယ်၊ ကောင်လေးက မြင်းနဲ့လိုက်ပို့တယ်၊ တောစပ်လဲရောက်ရော ငဖီးဆီက သေနတ်ကို ကောင်လေးက တောင်းတယ်၊ ငဖီးက ယုံကြည်လို့ ပေးလိုက်တယ်၊ အဲဒီသေနတ်နဲ့ပဲ ငဖီးကို ကောင်လေးက ပစ်သတ်လိုက်တယ်၊ ပြီးတော့ ငဖီးအလောင်းကို တောစပ်မှာ မြှုပ်ပစ်လိုက်တယ်၊ ငဖီးဟာ သိပ်မှားတယ်၊ ငါနဲ့ ဘင်ဂျိုဘကောင်းတို့ လာကြိုမှ အဲဒီအိမ်က ပြန်ခဲ့ပါလို့ အတန်တန် မှာထားပါရက်နဲ့ သူ့သဘောနဲ့သူ ပြန်ခဲ့တယ်၊ အဲဒါကြောင့် ဒင်းသေရတာ၊ အဲဒီကောင်းဟာ ငဖီးကိုသတ်ပြီး နောက်ပိုင်းမှာ မကြာခဏဆိုသလို ဝက်ဝံတောင်က ကားလမ်းကို လာပြီး ဓားပြတိုက်တယ်၊ ပုလိပ်ဘက်ကလဲ ငဖီးမှတ်လို့ မကြာခဏ တောနင်းပြီးရှာတယ်၊ ငါဟာ ငဖီးသေပြီးတဲ့ နောက်ပိုင်းမှာ ဟောဒီတောကြီးထဲမှာ အေးအေးဆေးဆေးလာပြီး နေနေတာ၊ အဲဒီလို နေနိုင်အောင်လဲ မြို့ပိုင်ဆီမှာ အမိန့်စာ တောင်းထားတယ်၊ သစ်တောဘက်ကိုလဲ နေခွင့်တောင်းထားတယ်။ ငါ့ဆီကို ဧည့်သည် ဆိုလို့ နှစ်လတစ်ခေါက်ဆိုသလို လာတဲ့ ဘင်ဂျိုဘကောင်းတော့ ရှိတယ်။ ဒုတိယဧည့်သည်ကတော့ မင်းပေါ့ကွာ၊ အခု ငါပြောပြတဲ့ ဇာတ်လမ်းကို မင်းဟာ နားထောင်ပြီးတဲ့အခါ မင်းဟာ မင်းအဖေ ငဖီးကို အဖေမှန်း မသိဘဲ သတ်မိပြီဆိုတာ နားလည်ပြီးလား၊

အဲဒီတော့ ငါ့အနေနဲ့ မင်းကို အကောင်းဆုံး အကြံပေးချင်တာက မင်းအခုလုပ်နေတဲ့ အလုပ်တွေကို ရပ်တန်းက ရပ်ပစ်လိုက်ပါ၊ အခုပြောခဲ့တဲ့ဟာ တွေကိုလဲ ထမင်းလုံး တစ္ဆေခြောက်တယ်လို့ အောက်မေ့ပြီး မေ့ပစ်လိုက်ပါ” ဟု မုတ်ဆိတ်ဖြူကြီးက ပြောလိုက်လေ၏။ ထိုအခါ လူငယ်သည် မုတ်ဆိတ်ဖြူကြီးအား မျက်လုံးစွေ၍ ကြည့်လိုက်ပြီးနောက်… “ဘကောင်းတောင် မရိပ်မိဘူး၊ ဒီလောကကြီးမှာ ဒီအကြောင်းကို သိတာဆိုလို့ ငါတစ်ယောက်တည်း ရှိတယ်” ဟု ပြောလိုက်၍ စကားဆုံးသည်နှင့် တစ်ပြိုက်နက် လူငယ်ထံမှ ‘ခြောက်’ ဟူသော အသံတစ်သံ ထွက်ပေါ်လာလေ၏။ မုတ်ဆိတ်ဖြူကြီးသည် လူငယ်အား လှမ်း၍ကြည့်လိုက်ရာ လူငယ်၏ သေနတ်ပြောင်းဝသည် မုတ်ဆိတ်ဖြူကြီး၊အား ချိန်၍ထားလိုက်ပြီဖြစ်၏။

ထို့နောက် လူငယ်က.. “ဝမ်းနည်းပါတယ်၊ မုတ်ဆိတ်ဖြူကြီး ခင်ဗျားရဲ့ အကင်းပါးခြင်းဟာ ခင်ဗျားကို သေမယ့်ဆီကို ပို့ပြီး ကျုပ်အကြောင်းကို သိနေတဲ့လူကို လောကကြီးမှာ အသက်ရှင်ခွင့် မပေးနိုင်ဘူး” ဟု ပြောလိုက်လေ၏။ ထိုအခါ မုတ်ဆိတ်ဖြူကြီးက.. “သတ်ချင်တော့ သတ်ပါကွာ၊ ငါလဲ အသက်ကြီးပါပြီ၊ မထူးတော့ပါဘူး၊ ဒါပေမယ့် ငါ့အလောင်းကို ငါ့အကောင်ကြီး ငဖီးနားမှာ မြှုပ်ပေးဖို့ မေတ္တာရပ်ခံပါတယ်” ဟု ပြောလိုက်လေ၏။ လူငယ်က မဲ့ပြုံးပြုံးလိုက်၏။ ပြုံးလိုက်သည် တစ်ခဏ၌ပင် လူငယ်ထိုင်နေသော ဝါးခင်းကြမ်း ပြင်သည် ‘ဝုန်း’ ခနဲ့ ပြုတ်ကျသွားလေ၏။ လူငယ်သည် အောက်တွင် လူတခြား သေနတ်တခြား ဖြစ်သွား၏။ လူငယ်ကျသွားသော အပေါက်မှပင် မုတ်ဆိတ်ဖြူကြီး ခုန်ဆင်း၍ လိုက်သွား၏။ အောက်သို့ ရောက်လျှင် ရောက်ချင်း လူငယ်၏ မျက်နှာကို ခြေထောက်ဖြင့် ခပ်ဆတ်ဆတ် လှမ်း၍ ကန်လိုက်၏။ လူငယ်မူးနေစဉ်၌ပင် မုတ်ဆိတ်ဖြူကြီးသည် လူငယ်အား လက်ပြန်ကြိုးတုပ်လိုက်ပြီ ဖြစ်၏။ သေနတ်ကိုလည်း ကောက်ယူလိုက်ပြီ ဖြစ်၏။

“ခက်တယ်လူကလေး ကျုပ်ရဲ့ တဲထဲက ကြမ်းပြင်တွေဟာ အားလုံး အရှင်တွေကြီးပဲ အချိန်မရွေး ပြုတ်ကျစေချင်တဲ့အခါ ပြုတ်ချလို့ ရတယ်၊ မင်းအနေနဲ့ မင်းအဖေ ငဖီးကိုသာ သတ်လို့ရမယ်၊ ဒီကောင်က လူ အ,ကွ၊ ဒီကောင်က ပုံသေမှတ်ထားတတ်တဲ့ ကောင်မျိုး၊ ငါက ဒိလိုလူစားမျိုး မဟုတ်ဘူး၊ မိုးတိမ်လို လူစားမျိုး၊ ငါက ပုံသေ ဘယ်တော့မှ မထားဘူး၊ အဲဒါကို မင်းသဘောပေါက်ကဲ.. ကောင်လေး အူကြောင်ကြောင် မလုပ်ဘဲ မင်းက ရှေ့ကသွားပေတော့။ မင်းကို လူသတ်မှု၊ ဓားပြမှုပေါင်း များစွာနဲ့ အရေးယူဖို့ ပုလိပ်လက်ကို ပို့ရမယ်၊ အဲဒီလိုဆိုတော့ မင်းကထင်မယ်၊ မုတ်ဆိတ်ဖြူကြီးက သိပ်ရက်စက်တယ်လို့၊

အမှန်က ဒီလိုမဟုတ်ဘူး၊ မင်းကို ငါ အစစအရာရာ ခွင့်လွှတ်ပြီး ဆက်ဆံခဲ့တယ်၊ အခုမင်းကို ဖမ်းပြီး ပုလိပ်လက် ပို့မှာလဲ ငါ့ကို သတ်မှာမို့ ပို့မဟုတ်ဘူး၊ မင်းရဲ့ ကျေးဇူးကန်းတတ်တဲ့ အပြုမူကြောင့် လောကဓမ္မက ဆုံးမတယ်လို့ ယူဆပါ၊ ငါ့ကို မင်းဘယ်နိုင်မလဲကွာ၊ ငါဟာ သဘာတရားနဲ့ အတူ နေထိုင်နေတာပဲ၊ သဘာဝတရားဟာ ပကတိ အပြစ်မဲ့တယ်၊ အဲဒါကြောင့် အစဉ်ထာဝရ အနိုင်ရစမြဲပဲ” ဟု ပြောဆို၍ လူငယ်အားရှေ့မှ သွားခိုင်းလေ၏။ ၎င်းကမူ အောက်ပါသီချင်းကို ဘင်ဂျိုတီး၍ သီဆိုရင်း လိုက်ပါခဲ့လေတော့၏။

မနာလိုခြင်း ထက်…ကြီးမားသော မကောင်းမှုရယ်လို့ မရှိနိုင်တယ်.. မရောင့်ရဲနိုင်ခြင်း…ငတ်မွတ်ခြင်းရယ် လို့လဲ မရှိနိုင်ပြင်းတယ်… လောဘရမ္မက်သည်…လေပြင်းမုန်တိုင်းထက် ပြင်းထန်တယ်..ရောင့်ရဲခြင်းသည်သာလျှင်… ကြွယ်ဝမှုကို ဖြစ်စေတယ်… မိုးတိမ်ပမာ လွင့်မျောနေမယ့်.. မုတ်ဆိတ်ဖြူကြီးသည် အထက်ပါအတိုင်း ဘင်ဂျိုကိုတီး၍ သီချင်းဆိုကာ လူငယ်နောက်မှ လိုက်ခဲ့လေ၏။ လူငယ်သည် ခေါင်းငိုက်စိုက် ကျလျက် ရှေ့မှ လျှောက်ခဲ့ရလေ၏။ မုတ်ဆိတ်ဖြူကြီး၏။ ဘင်ဂျိုသံ၊ သီချင်းသံသည် တောအနှံ့တောင်အနှံ့ပျံနှံ့ခဲ့ပြီဖြစ်၏။ ထိုနေရာ တစ်ဝိုက်မှာ ဓားပြတိုက်တတ်သည်ဆိုသော အမဲကွက်ကြီးလည်း လွင့်ပျောက်သွားပြီ ဖြစ်၏။ သဘာဝတရားနှင့် တစ်သားတည်းနေသော သို့တည်းမဟုတ် မိုးတိမ်နှင့်တူသော လူတစ်ယောက်သည် ကျေးဇူးကန်းသော သေနတ်သမား လူရမ်းကားကို အနိုင်ရလိုက်လေသည် တကား……..

About အူးစည်

has written 140 post in this Website..