တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန်၊ မရမ်းတလင်းတောစပ်ရှိ အယူတော်မင်္ဂလာခြံ၏ ရှေ့သို့ ထော်လာဂျီတစ်စီးလာ၍ ရပ်လေ၏။ လူတစ်ယောက်သည် နောက်မှီလွန်စွာမြင့်သော ရှေးဟောင်းကုလား ထိုင်အနက်ကြီးတစ်လုံးကို ကျောတွင်ပိုးလျက် ၎င်းထော်လာဂျီပေါ်မှ ဆင်းလာ၏။ လက်တစ်ဘက်တွင်လည်း အနက်ရောက်လက်ကိုင်တုတ်ကြီးတစ်ချောင်း ကိုင်ထားလေ၏။ ကျွန်ုပ်သည် ထိုသူအား မည်သူမည်ဝါဖြစ် သည်ဟု မပြောနိုင်ပါ။

ထိုသူသည် ကုလားထိုင်ကြီးကို ထမ်းလျက် ကျွန်ုပ်၏ အနီးသို့ လျှောက်လာပြီးလျှင် ကုလားထိုင်ကြီးကို ချလိုက်လေ၏။ ကျွန်ုပ်လည်း ထိုသူကို သေချာစွာကြည့်နေမိလေ၏။ ထိုကုလားထိုင်ကိုချ ပြီးလျှင် ထိုသူသည် ကုလားထိုင်ပေါ်၌ အကျအနထိုင်လိုက်လေ၏။ ထိုလူ၏ အပြုအမူမှာ အနည်းငယ်ဆန်ုး သကဲ့သို့ဖြစ်နေ၍ ကျွန်ုပ်လည်း ဂရုစိုက်၍ ကြည့်နေမိလေ၏။ ထိုသူသည် ကိုင်ထားသောလက်ကိုင်တုတ်ကို အခြားသောလက်တစ်ဖက်သို့ ပြောင်း၍ကိုင်လိုက်ပြီးနောက် . . “ မောင်အောင်ထွန်း. . ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက် . .” ဟု ကိုးရိုးကားယား နှုတ်ဆက်လိုက်လေ၏။

ထိုအခါကျမှပင် ကျွန်ုပ်သည် ထိုသူကို ကောင်း စွာ မှတ်မိသွားလေ၏။ “ အလို . . ကိုပီတာကြီးပါလား . .” ဟု ကျွန်ုပ်က ဝမ်းသာအားရပြန်၍နှုတ်ဆက် လိုက်လျှင် ၎င်းကိုပီတာကြီးက . . “ဟုတ်ပါတယ်၊ မဟုတ်ပါဘူး” ဟု ပြန်၍ပြောပြေန်လေ၏။ ၎င်းကိုပီတာကြီး မှာ ကျွန်ုပ်ကို လွန်စွာခင်မင်၏။ သို့ရာတွင် သူသည် လူကောင်းတစ်ဦးမဟုတ်ပေ။ စိတ်ဝေဒနာရှင်တစ်ဦးဖြစ်၏။ မည်သို့ဖြစ်သည်မသိ၊ စကားပြောလျှင် ဆန့်ကျင်ဘက်နှစ်ခုကို အမြဲတွဲစပ်၍ ပြောတတ်၏။

“ ကိုပီတာကြီ ကို မနက်စားကျွေးရမယ်၊ ဘာဟင်းနဲ့စားမလဲ” ဟု ကျွန်ုပ်က ပြောလိုက်ရာ ၎င်းက ရယ်ဟော၍ . . “ ဘဲရီးဂွတ်ဒ်၊ ဘဲရီးဘက်ဒ် . . ” ဟု ပြောပြန်လေ၏။ ထို့နောက် ၎င်းကပင် . . “ ငါးသလောက် အချဉ်ဆီပြန် မယ်ဇလီဖူးဟင်းချို၊ ချဉ်ဖတ်အစုံကို နှမ်းဖြူပြီးသုပ်မယ်၊ ကြက်သွန်ဖြူကို ပါးပါးလှီးပြီး ဒိန်ချဉ်နဲ့စိမ်မယ်၊ ဗာလာ ချောင်ကြော်တစ်ခွက်လည်းပါရမယ်၊ အဲဒါဆို တော်လောက်ပါပြီ” ဟု ဆိုလေ၏။ ထို့ကြောင့် ကျွန်ုပ်လည်း ၎င်းစားချင်သည့်အရာများကို စီမံပေးရလေ၏။

“ နေစမ်းပါဦး ကိုပီတာရယ်. . . ဒီလောက်အဝေးကြီးကို ဒီ ကုလားထိုင်ကြီးကို ဘာပြုလို့ ယူလာရတာလဲ” ဟု ကျွန်ုပ်ကမေးလိုက်ရာ ကိုပီတာကြီးက . . “ ဒီကုလားထိုင် ကြီးက ကိုယ့်ရဲဘကြီး ကျန်ခဲ့တဲ့အမွေပါ၊ ဒီလက်ကိုင်တုတ်ကြီးကလည်း သူ့ဟာပဲ၊ နာမည်တော့ မပြောတော့ ပါဘူး၊ အဲဒီဘကြီး ဟာ ဟိုးရှေးခေတ်တုန်းက မြို့ပိုင်ဖြစ်ခဲ့ဖူးတယ်၊ အဲဒီပစ္စည်းနှစ်ခုကတော့ နောက်ဆုံးကျန် ခဲ့တဲ့ပစ္စည်းပဲ၊ ကိုယ်တို့အမျိုးထဲမှာတော့ ဒီလူကြီးဟာ အတော့်ကိုကြိုးစားတဲ့လူကြီး၊ ဘွဲ့ရအောင်လည်း ဆင်း ဆင်းရဲရဲနဲ့ ကြိုးစာခဲ့ရရှာတယ်၊ အလုပ်လုပ်တဲ့အခှါာလည်း အတော့်ကို ကြိုးစားလုပ်ပါတယ်၊ ဒါကြောင့်လည်း ကိုယ်တို့အမျိုးထဲမှာ သူဟာ ရာထူးဌာနန္တရ အကြီးဆုံးရခဲ့တဲ့လူပဲ” ဟု ပြောလေ၏။

“ ထားပါတော့ဗျာ၊ အဲဒါ ကြီးကို ဘာပြုလို့ ယူလာရတာတုံး ဟု ကျွန်ုပ်က မေးလိုက်ရာ . . “ကိုယ်က အိမ်ရှိတာ မဟုတ်ဘူးလေ၊ ဟို ဓမ္မာရုံမှာ နေရ၊ ဒီမီးကင်းမှာနေရနဲ့ အဲဒီလို နေ နေရတာ၊ ဒီပစ္စည်းနှစ်ခုက ကျောက်မြောင်းက အသိအိမ်မှာ အပ်ထားရတာ၊ အဲဒီအိမ်က ကလေးတွေကလည်း ဒီကုလားထိုင်ကြီးကို ရှေးဟောင်းပစ္စည်းဆိုပြီရောင်းစားဖို့ မျက်စောင်းထိုးနေကြတယ်၊ ဒါကြောင့် ဒီကိုယူလာပြီး မောင်အောင်ထွန်းကို ပေးတာပါ” ဟု ကိုပီတာကြီးက ပြန်ပြောလေ၏။

“ မလုပ်ပါနဲ့ ကိုပီတာကြီးရယ်၊ ကျုပ် မယူပါရစေနဲ့ ထိုင်လည်း မထိုင်ရဲပါဘူး၊ ကျုပ်နဲ့လည်း မတန်ပါဘူး၊ နောက်တစ်ခုက ကျုပ်ဟာ ကုလားထိုင်တွေ ဘာတွေနဲ့ မထိုတတ်ဘူးဗျ၊ ခင်ဗျားသိတဲ့အတိုင်းပဲ ကျုပ်က ဖျာကလေးခင်းပြီး ကြမ်းပြင်ပေါ်မှာ ထိုင်လေ့ရှိတယ်၊ လမ်းလျှောက်တဲ့ လက်ကိုင်တုတ်လည်း ကျုပ် အတွက် မလိုပါဘူးဗျာ၊ ပြီးတော့ ဒိလိုကြီးမားတဲ့ ပုဂ္ဂိုလ်သုံးခဲ့တဲ့ပစ္စည်းကိုလည်း ကျုပ်အနေနဲ့ မသုံးရဲပါဘူး၊ အကောင်းဆုံးကတော့ ဘုန်းကြီးကျောင်းကို လှူလိုက်ပါ” ဟု ကျွန်ုပ်က ပြောလိုက်လျှင် ၎င်းကိုပီတာကြီးက “ မထိုင်ရဲဘူး၊ ဟုတ်လား၊ ဘာပြုလို့ မထိုင်ရဲတာလဲ၊ အလကားရတာပဲ ထိုင်ပေါ့၊ အတော်ကြောက်တတ်တဲ့လူ ပဲ၊ ဒါကြောင့်လည်း ထင်မိထင်ရာ စွတ်လုပ်တ်ာပေါ့” ဟု ပြောလေ၏။

ထို့နောက်တွက်ကား ကျွန်ုပ်လည်း ၎င်း အား ငါးသလောက်အချဉ်ဆီပြန်ဟင်း၊ မယ်ဇလီဖူးဟင်းချို စသည်တို့ကို ချက်ပြုတ်စီမံ၍ နံနက်စာကိုကျွေးရ လေ၏။ ကိုပီတာကြီးသည် ထမင်းကို ထည့်ပြီးရင်းထည့်၍ စားနေလေ၏။ ထို့သို့စားရင်း . . “ အတော့်ကို မြိန် တာပဲ၊ ဒါပေမယ့် စားလို့မကောင်းဘူး . .” ဟု ပြောသဖြင့် ကျွန်ုပ်က . . “ မြိန်တယ်ဆိုတာ စားလို့ကောင်းတာ ကို ပြောမဟုတ်လား . .” ဟု ပြောလိုက်၇ာ “ မြိန်တယ်လေ၊ ဒါပေမယ့် အလကားစားရတယ်ဆိုပြီး ထမင်း တွေ ထပ်ထပ်ပြီးထည့်လို့တော့ ဘယ်ကောင်းမလဲ၊ အဲဒါကြောင့် စားလို့မကောင်းဘူးလို့ပြောတာ၊ ကိုယ့်အိမ် မှာကိုယ်စားတာ မဟုတ်ဘူးလေ၊ သူများအိမ်မှာဆိုတော့ လူမြင်ကောင်းအောင်စားရတာပေါ့၊ ဒါကြောင့် မြိန်တော့ မြိန်တယ်၊စားလို့မကောင်းဘူးလို့ ပြောတာပေါ့” ဟု ရှင်းပြလေ၏။

ထမင်းစားပြီးသောအခါ၌ ကိုပီတာ ကြီးက .. “ကောင်းပြီလ၊ မောင်အောင်ထွန်းက လက်မခံတော့လည်း ကျောက်မြောင်းက ဘုန်းကြီးကျောင်း တစ်ကျောင်းကို လှူလိုက်ပါ့မယ်၊ အဲဒါပိုပြီးကောင်းပါတယ်” ဟု ပြောလေ၏။ ကျွန်ုပ်လည်း ၎င်းအားလက်ဖက် ရည်၊ မုန့်များ ထပ်မံတိုက်ကျွေးပြန်လေ၏။ ထိုသို့တိုက်ကျွေးရာ၌ ကျွန်ုပ်၏တပည့် ဗေဒင်ဆရာမတစ်ဦးက လက်ဖက်ရည်များ၊ မုန့်များစီမံကာ လာ၍ပို့ရလေ၏။ ကိုပီတာကြီးသည် ထိုဗေဒင်ဆရာမကို သေချာစွာကြည့် ပြီးလျှင် .. “ ဆရာမကို မြင်ဖူးသလိုလိုပဲ၊ အတော်ချောတာပဲ၊ ကြည့်လို့မကောင်းဘူး” ဟု ပြောသဖြင့် ထိုဆရာမလည်း ရှုံ့မဲ့၍ အနီးမှ ထွက်သွားလေ၏။

“ဘယ်လိုပြောလိုက်တာလဲ ကိုပီတာကြီးရယ်၊ ချောတယ် လည်း ပြောသေးတယ်၊ ကြည့်လို့လည်း မကောင်းဘူးလို့ ပြောတယ်၊ ဟုတ်နိုင်ပါမလား” ဟု ကျွန်ုပ်ကပြန်၍ မေးလိုက်ရာ ကိုပီတာကြီးက .. “ဟုတ်ပါတယ်၊ ချောတယ်ဆိုတာက လူရဲ့ ပင်ကိုရုပ်ရည်ကိုပြောတာပါ၊ ကြည့်မကောင်းဘူးဆိုတာက လူ့ရဲ့အပြင်အဆင်ကိုပြောတာပါ၊ ကိုယ်ကစကားပြောရင် ရှင်းအောင်ပြော တယ်၊ ကိုယ့်လူက ရှုပ်အောင် မလုပ်ပါနဲ့” ဟု ပြောလိုက်သောကြောင့် ကျွန်ုပ်မှာ ရယ်ရသေးတော့၏။

ထို့နောက်ကျွန်ုပ်က .. ”ကိုပီတာကြီးရဲ့အဘကြီးက ဘယ်အချိန်တုန်းက သေတာလဲ” ဟု ကျွန်ုပ်က မေးလိုက်ရာ ၎င်းက .. “ကြာပါပြီ၊ အလုပ်ကအနားယူပြီး အကြာကြီးနေမှ သေတာပါ၊ အတော့်ကို ဆင်းရဲသွားရှာတယ်၊ မသေခင်မှာ မယားငယ်တွေ ဘာတွေ ယူသွားသေးတာ၊ ရန်ကုန်မြစ်ဝအထွက် ရွာသာကြီးတို့၊ တိုးကြောင်လေးတို့ဘက်မှာရှိတဲ့ ရွာကလေးတစ်ရွာမှာပါပဲ၊ အဲဒီမှာ တဲကလေးနဲ့ နေသွားရတယ်၊ သူ့မိန်းမကြီးကလည်း ပစ္စည်းတွေအားလုံး ယူထားလိုက်တယ်၊ သေတော့လည်း အဲဒီမှာပဲ သေတာပါပဲ၊ အလုပ်က နားသွားတဲ့အခါမှာ အသက်က သိပ်မကြီးသေးပါဘူး၊

ဒါပေမယ့် ငယ်ငယ်က ကြိုးစားသလောက်အဲဒီအချိန်မှာ ဘာမှမကြိုးစား တော့ဘူး၊ မယားငယ်ဆီမှာ အလဟဿ အချိန်တွေဖြုန်းပြီး သေသွားရှာတယ်၊ ကိုယ်က ဒါကြောင့် အချိန်ဖြုန်း တဲ့ကိုယ့်ဘကြီးကို မသေခင်ကတည်းက သေစာရင်းသွင်းထားလိုက်တာ”ဟု ကိုပီတာကြီးက ပြောလေ၏။ “ဘာဖြစ်လို့ ခင်ဗျားက သေစာရင်းသွင်းထားရတာလဲ” ဟု ကျွန်ုပ်က အားမလိုအားမရ မေးလိုက်လေ၏၊။ ထိုအခါ ကိုပီတာကြီးက .. “မောင်အောင်ထွန်း တစ်ခုစဉ်းစားကြည့်လေ၊ မင်းတို့ ငါတို့ တစ်ယောက်နဲ့တစ် ယောက် တွေ့တဲ့အခါမှာ အသက်ဘယ်လောက်ရှိပြီလဲလို့ မေးကြတယ်ဆိုပါစို့၊ အဲဒီမှာ အသက် ဘယ်နှနှစ် ရှိပါပြီလို့ပြန်ဖြေတယ် မဟုတ်လား၊ အဲဒီ့နှစ်တွေဟာ အချိန်တွေကို ပြောတာပဲလေကွာ၊ ဒါကြောင့် အသက်နဲ့ အချိန်ဟာ တစ်ထပ်တည်းပဲလို့တောင် ယူဆရမယ်၊ အဲဒီတော့ အချိန်ဖြုန်းတယ်ဆိုတာ အသက်ကို ဖြုန်းတာ ပဲမဟုတ်လား၊

ကိုယ့်ဘကြီးဟာ တောက မယားငယ်လေး တစ်ယောက်နဲ့ အသက်တွေ ဖြုန်းခဲ့တယ်ကွ၊ ဒါမှမဟုတ် အချိန်တွေ ဖြုန်းခဲ့တယ်ကွ၊ ဒါကြောင့် သူ့ကိုငါက မသေခင်ကတည်းက သေစာရင်း သွင်းထားလိုက်တာ၊ မောင်အောင်ထွန်းလည်း မှတ်ထားကွ၊ အချိန်ကို မဖြုန်းနဲ့ကွ၊ “ Time Waste is Life Waste ” အချိန်ဖြုန်း တာဟာ အသက်ဖြုန်းတာပဲ” လို့ မြဲမြဲမှတ်ထားကွ၊ ငါသွားမယ်“ ဟု ဆိုကာ ကုလားထိုင်ဟောင်းကြီးကို ထမ်းပိုး၍ ခြံတွင်းမှ ထွက်သွားလေ၏။ ကျွန်ုပ်သည် ကိုပီတာကြီးအား .. “ကုလားထိုင်ကြီးနဲ့ လက်ကိုင်တုတ်ကြီးကို ဘုန်းကြီးကျောင်းကို လှူပစ်မယ်ပေါ့” ဟု လှမ်း၍ မေးလိုက်ရာ ကိုပီတာကြီးက ခေါင်းကို တွင်တွင်ရမ်းပြလေ၏။ “ဒီလောက်ညံ့တဲ့ လူကြီးရဲ့ပစ္စည်းကို ဘုန်းကြီးကို မလှူတော့ပါ ဘူး မောင်အောင်ထွန်းရယ်၊ ဒီလူကြီးရဲ့ သင်္ချိုင်းအုတ်ဂူက ရွာသာကြီး ဘက်မှာရှိတယ်၊ သူ့ဂူမှာပဲ သွားထားလိုက်မယ်၊ ယူချင်တဲ့လူ ယူပါစေ၊ ဆွေချင်းဆွေပါစေ၊ ငါနဲ့ မဆိုင်တော့ပါဘူး၊ ငါ့ဘကြီးဟာ ဘဲရီးဂွတ်ဒ်၊ ဘဲရီးဘက်ဒ်ပဲကွ၊ ကဲ .. ပြန်မယ် မောင်အောင်ထွန်းရေ .. ” ဟု ပြောဆိုကာ ထော်လာဂျီ တစ်စင်းပေါ်သို့ တက်သွားလေတော့သတည်း။

About အူးစည်

has written 140 post in this Website..