အားနည်းသူ ဖေးကူခြင်း။

Ma MaJanuary 4, 20124min55636

မနေ့က (၃.၁.၂၀၁၂) မှာ စက်ဆန်းမီးလောင်ပေါက်ကွဲမှုမှ မီးဘေးသင့်ပြည်သူတွေကို ထားရှိရာ ကယ်ဆယ်ရေးစခန်းတစ်ခုဖြစ်တဲ့ မဟာဝိဇယရာမ ဘုန်းတော်ကြီးကျောင်းကို ရောက်သွားခဲ့ပါတယ်။

ကယ်ဆယ်ရေးစခန်းအနေနဲ့ ဖွင့်လှစ်ထားတဲ့ အခြားစခန်းတွေလည်း ရှိသေးကြောင်း သိရပါတယ်။
အခုစခန်းမှာတော့ မိသားစု ၂၈စု၊ လူဦးရေ ၁၂ဝခန့်ထားရှိပါတယ်။

ထိုစခန်းတွင် အဖွဲ့အစည်း အသီးသီးမှ ကျန်းမာရေး စောင့်ရှောက်မှုများပေးနေကြောင်း တွေ့ရှိခဲ့ရပါသည်။

မီဘေးဒုက္ခသည်တွေကို စေတနာရှင်များမှ လာရောက်လှူဒါန်းမှုများ အများအပြားတွေ့ရှိရာ ဝမ်းမြောက်ဖွယ်ရာပင် ဖြစ်ပါသည်။
(ဟိုးတုန်းကထက်စာလျှင် ယခုအခါ လူအများ၏ အတွေးအခေါ်များ လုပ်ဆောင်ချက်များ မှန်ကန်ကောင်းမွန်လာပါတယ် ချာတူး ရေ။)

သောက်ရေသန့် ဖြည့်နေစဉ်

အားလုံးအတွက် အလှူခံဌာနတွင် စုပေါင်း လှူဒါန်းနိုင်သလို လူတစ်ဦးချင်းစီသို့လည်း ကိုယ်ထိလက်ရောက် လှူဒါန်းနိုင်ပါသည်။ လာရောက်လှူဒါန်းနေသူများကိုလည်း တွေ့ရှိခဲ့ရပါသည်။
လာရောက်လှူဒါန်းကြသူများ

လတ်တလောတွင် နေရေးအတွက် ကယ်ဆယ်ရေးစခန်းများတွင်လည်း ထားရှိလျှက်ရှိပြီး၊ ယခင်နေထိုင်ရာ နေအိမ်များတွင်လည်း နေထိုင်နိုင်ကြောင်း သိရပါသည်။
စားရေးအတွက် အလှူ့ရှင်များမှ ထမင်းထုပ်များကို လာရောက် ဝေငှပေးနေကြောင်း သိရှိရပါသည်။
ထို့အပြင် ကယ်ဆယ်ရေးစခန်း ဘုန်းကြီးကျောင်းမှလည်း ချက်ပြုတ်ကျွေးမွေးခြင်းများ ရှိပါသည်။
ကျမတို့ရောက်ရှိနေချိန်တွင် ထူးထရေးဒင်းမှလည်း လှူဒါန်းရန် ရောက်ရှိနေတာ တွေ့မြင်ခဲ့ရပါသည်။
ညနေစာအတွက် ဝေငှလှူဒါန်းရန် ရောက်ရှိနေသော ဒန်ပေါက်ထုပ်များကိုလည်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ပါသေးသည်။

လာရောက်လှူဒါန်းထားသော အဝတ်အစားနှင့် သောက်ရေသန့်များကိုလည်း မြင်တွေ့ခဲ့ရပါသည်။

မီးဘေးသင့်ပြည်သူများနေထိုင်ရာသို့ သွားရောက်ပြီး လိုအပ်ချက်များကိုမေးမြန်းခဲ့ရာ ယခု လောလောဆယ်တွင် ထမင်းထုပ်များ ဝေငှလျှက်ရှိသော်လည်း၊ ရေရှည်အတွက်မူ ကိုယ်တိုင် ချက်ပြုတ်စားသောက်ရန်အတွက် အိုးခွက်ပန်းကန်များ လိုအပ်ကြောင်း ပြောပြကြပါသည်။

မီးလောင်ကျွမ်းသော ဂိုထောင်များမှာ လူနေအိမ်များနှင့် လမ်းခြားနေပြီး မီးကူးခြင်းမရှိပဲ ပေါက်ကွဲမှု၏ တုန်ခါမှုကြောင့် ရပ်ကွက်တွင်းရှိ လူနေအိမ် ၇၅လုံး မှာ မီးလောင်ကျွမ်းမှုမရှိပဲ ပြိုကျပျက်စီးသွားရခြင်း ဖြစ်ကြောင်း သိရှိပါသည်။
အိမ်နံရံများ ပွင့်ခြင်း၊ ခေါင်မိုးများ လွှင့်စင်ကုန်ခြင်း စသည့် ပျက်စီးမှုများ ဖြစ်ခဲ့ရပါသည်။

အိမ်တစ်အိမ်မှ အရုပ်တစ်ရုပ်ကို သစ်သားချောင်းများ လွင့်စင်ထိုးစိုက်လျှက်ရှိသည်ကိုလည်း ထိတ်လန့်စဖွယ် မြင်တွေ့ခဲ့ရပါသေးသည်။

ကံကောင်းထောက်မသဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ရသူများ၏ ပြောကြားချက်အရ သူတို့အနီးရှိလူအချို့မှာ လူတစ်ယောက်ပင်လျှင် မသယ် မ နိုင်သော ကွန်ကရစ်တုံးကြီးများ လွင့်စင်ထိမှန်ခြင်း၊၊ သွပ်ပြားများ၊ သစ်စများ ထိုးစိုက်မိခြင်းတို့ကြောင့် သေဆုံးဒါဏ်ရာရခဲ့ကြရသည်ဟု သိရပါသည်။

အုန်းပင်တွင် ထိုးစိုက်မိနေသော သံချောင်းနှင့် လွင့်စင်မှုခံထားရသော ဒါဏ်ရာဒါဏ်ချက်များ။

ယခုအခါ ပြိုပျက်သွားသော နေအိမ်များကို ခွဲတမ်းကျ ရရှိသော သွပ်ပြားများဖြင့် ပြန်လည် ပြုပြင်တည်ဆောက်နေကြပြီ ဖြစ်ပါသည်။

အခြား မြို့နယ် ရပ်ကွက်များမှလည်း လုပ်အားပေးများ စေလွှတ်ကာ အိမ်ပြန်လည် ပြုပြင်တည်ဆောက်ရေးတွင် အကူအညီပေးခြင်းများ ရှိကြောင်းလည်း သိခဲ့ရပါသည်။

မီးဘေးသင့်ပြည်သူများအား လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် အဖွဲ့အစည်းအသီးသီးမှ ကူညီပံ့ပိုးမှုများမှာ အားရစရာကောင်းလှပါသည်။
လူအများမှ အားနည်းသူကို ဖေးကူကြသည့် ကောင်းမြတ်သော စေတနာလက္ခဏာများကို မြင်တွေ့ခဲ့ရပါသည်။

36 comments

  • KING

    January 4, 2012 at 5:28 pm

    ဝမ်းသာပီတိ ဂွမ်းဆီထိ ဖြစ်ခဲ့ရပြီ …

  • hmee

    January 4, 2012 at 5:42 pm

    မမရေ သာဓုခေါ်ပါတယ်နော်။ တကယ်လိုအပ်နေတဲ့ နေရာမှာ လှုတာမို့ တကယ်လည်း မွန်မြတ်ပါတယ်။

    • MaMa

      January 4, 2012 at 9:26 pm

      @KING
      လူအများကြီးကို ကိုယ်တစ်ယောက်တည်းလည်း ပြည့်စုံအောင် မလှူနိုင်ဘူးလေ။
      အများက ဝိုင်းလှူကြတာ မြင်ရတော့ မီးဘေးသင့်သူတွေအတွက် ဝမ်းသာမိတယ်။
      @hmee
      ရွာမှာနေခြင်းရဲ့ အကျိုးဆက်လည်း ပါပါတယ်။ အရင်ကဆိုရင် ဘုန်းကြီးကျောင်းလှူမှ ကုသိုလ်ရတယ်ထင်ပြီး အဲဒီနေရာတွေပဲ လှူချင်နေတာလေ။
      ခုတော့ လူမှုရေးကိစ္စတွေဘက်ကို အားသန်လာမိတယ်။
      @alinsett
      အားပေးတာ ကျေးဇူးပါ။

  • alinsett

    January 4, 2012 at 6:32 pm

    မမရေ…ဒီလို ပို့စ်လေးကို ဝေမျှ တင်ပြပေးလို ့ဝမ်းသာရပါတယ် ။

    သိပ်ကောင်းတဲ ့ပို့စ်လေးပါ ။

    အားပေးနေလျက်…

  • weiwei

    January 4, 2012 at 6:40 pm

    မီးလောင်ပေါက်ကွဲမှု နောက်ဆက်တွဲသတင်းကို ဓါတ်ပုံနဲ့တကွ မြင်တွေ့ရလို့ ကျေးဇူးတင်ပါတယ်…

    • MaMa

      January 4, 2012 at 9:28 pm

      ဝေဝေရေ-
      သွားလေရာ ကင်မရာယူသွားတတ်အောင် သဂျီးကပဲ ထိန်းကျောင်းပေးခဲ့တယ် ထင်တာပဲ။ 😉
      စာနဲ့ရေးတာထက် ဓာတ်ပုံနဲ့ပြတာက ပိုထိရောက်တယ်လေ။

  • koaung

    January 4, 2012 at 6:49 pm

    ဒီလိုပဲဖြစ်သင့်တယ် ဟိုရွှေဒီရွှေဆိုမဖြစ်သင့်ဘူး လူကိုလူလိုမြင်တတ်ဖို့ပဲလိုပါတယ် သေရင်လက်ကြီးပဲပါသွားမယ်ဆိုဒါ မမေ့ကြနဲ့

    • MaMa

      January 4, 2012 at 9:33 pm

      ရပ်ရွာတည်တံ့ခိုင်မြဲရေးအတွက် အလှူပေးတဲ့ ကိုအောင်ကိုလည်း မြန်မာအစားအစာလေးတွေ အမှတ်တရ ပို့ပေးချင်ပါတယ်။
      (လူကြုံရှိရင် မှာလိုက်ပါ 😛 )

      • koaung

        January 5, 2012 at 3:15 am

        မမခင်ဗျား ကျနော်ကနောက်တတ်လို့ပါ ကျနော်ဒို့စီမှာဘာမဆိုရတတ်ပါတယ် ဈေးလဲပေါတယ်လို့ဆိုရမယ် ကျေးဇူးကဘာပါဗျာ
        (အိမ်ကိုတောင်ဘာမှမပို့ခိုင်းဘူးပါ) သူကြီးဒို့စီကနဲနဲဝေးတော့ များများစားလို့ကောင်းတယ် အဲလေ ပိုပြီးရှားပါးတတ်မယ် 😀

        • MaMa

          January 5, 2012 at 5:57 pm

          ကျမကလည်း စနောက်တဲ့အနေနဲ့မို့ လူကြုံရှိရင် မှာလိုက်ပါလို့ ရေးထားတာ 😛
          အားမနာပါနဲ့နော်။

  • MaMa

    January 4, 2012 at 7:07 pm

    ကိုယ်တိုင်လည်းတစ်ခါမှ မီးလောင်ပြင်တွေ၊ ဒုက္ခသည်တွေဆီကို မသွားဖူးပါဘူး။
    လှူချင်ရင်လည်း တဆင့်ပေးပြီး လှူလိုက်တာပဲ။
    ဒီတစ်ခါတော့ ကိုယ်တိုင်သွားပြီး လှူလည်း လှူဖြစ်တယ်။ စကားလည်း ပြောဖြစ်လို့ ပြန်မျှဝေတာပါ။
    အဲဒီမှာ လာလှူကြတာတွေ အများကြီးပဲတွေ့ရတော့ ဝမ်းသာစိတ်လည်း ဖြစ်မိတယ်။
    အရင်တခါတုန်းက ခဝဲခြံမျက်မမြင်ကျောင်းကို သွားလှူတုန်းက အဲဒီက ဆရာကြီး ဦးသိန်းလွင်က “မေတ္တာကို ပြသပေးလို့ ကျေးဇူးတင်ပါတယ်” လို့ ပြောခဲ့ဖူးတာမို့
    အခုလည်း မေတ္တာကို ပြသတဲ့အနေနဲ့ ကိုယ်တိုင်သွားလှူဖြစ်သွားတယ်။

  • Khin Latt

    January 4, 2012 at 7:14 pm

    မမ ရေ – သာဓုပါနော်။
    ဒီလို ကိုယ်တိုင်သွားပြီး အားပေးကြရင် အဲဒီလူတွေ မှာ ဘယ်လောက် အားရှိလိုက်မလဲ တွေးကြည့်မိပါတယ်။
    ~~~ အိမ်တစ်အိမ်မှ အရုပ်တစ်ရုပ်ကို သစ်သားချောင်းများ လွင့်စင်ထိုးစိုက်လျှက်ရှိသည်ကိုလည်း ထိတ်လန့်စဖွယ် မြင်တွေ့ခဲ့ရပါသေးသည်။~~~~
    တမင် ချိန်ပြစ် ရင်တောင်မှ အဲလို စိုက်ပါ့မလား မသိဘူး။ အဲဒါမျိုး လူတွေကို လဲ ထိမှာဘဲနော်။
    အသံပါတဲ့ ပုံလေးတွေအတွက် ကျေးဇူးပါ။
    ဒါထက်ပိုပြီး လှူနိုင်တန်းနိုင် ပြည်သူတွေကို အကျိုးပြုနိုင်ပါစေ။

    • MaMa

      January 4, 2012 at 8:01 pm

      မလတ်ရေ-
      အဲဒီကလူတွေ ပြောပြတုန်းက သိပ်မကြောက်မိဘူး။
      သူ့အိမ်က အရုပ်ကို ပြတော့မှ တော်တော်ထိတ်လန့်သွားမိတယ်။

  • ဝမ်းသာစရာ သတင်းပါဗျာ။ဆထက်တပိုး ကူညီထမ်းရွက်နိုင်ပါစေ။
    ဒုက္ခသည်များအားလုံးကိုယ်စား ထပ်တူခံစားရပါတယ်။

    • MaMa

      January 4, 2012 at 9:36 pm

      မီးဘေးသင့်ပြည်သူတွေအနေနဲ့ သူတို့ကို ကိုယ်ချင်းစာတဲ့သူ၊ စာနာသနားတဲ့လူရှိတယ်ဆိုတာကို သိရတာလည်း စိတ်ဓာတ်အင်အားတစ်ခုပါပဲ သန်းထွဋ်ဦးရေ။

  • windtalker

    January 4, 2012 at 7:46 pm

    အားနည်း သူ ကို ဖေးကူ ကြ တာ ဝမ်းသာကြည်နူးစရာပါ
    ဒီလို အားနည်း သူတွေ ကို ဖေးကူ နိုင်တဲ့ နေရာတွေ
    ဖေးကူနိုင်မယ့် အကြောင်းတွေ
    ပရဟိတ စိတ် လေးတွေ ဖြစ်ပွားလာဖို ့
    နှိုးဆော် ရေးသားကြရမှာ က
    “ မန်းတလေးဂေဇက်ဝင်များ ” ရဲ ့တာဝန်တစ်ရပ်ပေပ။

    • MaMa

      January 4, 2012 at 8:08 pm

      မောင်ပေရေးတင်ဖူးတဲ့ အလှူတွေမှာ လိုက်ချက်ပေးတဲ့ လူတစ်ယောက်အကြောင်းကလည်း ဒီပိုစ့်တွေ ဖြစ်လာစေဖို့ တွန်းအားတစ်ခုပေ့ါ။ 🙂

  • kotun winlatt

    January 4, 2012 at 7:53 pm

    သာဓု..သာဓု..သာဓုပါဗျာ…
    ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်…။

  • nature

    January 4, 2012 at 8:05 pm

    အဲဒီမှာလောလောဆယ်အနံ့တော့သိပ်မကောင်းဘူး။ အက်ဆစ်နံ့တွေရတယ်။ တချို့အိမ်တွေဆို လက်သမားတွေနဲ့ ပြန်တောင်ဆောက်နေကြပြီ။ အဲဒီက အုန်းပင်တွေကြည့်ရတာ ဂဲနဲ့ပေါက်ထားသလို အသားတွေဖွာထွက်နေတာတွေ့ရတယ်။ ၁ဝပေလောက်နက်တဲ့ တွင်းကြီးဘေးမှာ မြေကြီးအက်ကြောင်းတွေနဲနဲတွေ့တယ်။ အဲဒီနားမှာရှိတဲ့ ဘုန်းကြီးကျောင်းကပျက်စီးသွားတာ ရေစက်တောင်မချရသေးဘူးတဲ့။ တရားကျစရာကောင်းလိုက်တာ။

  • bigbird

    January 4, 2012 at 8:29 pm

    အခုလိုကြားရတာ ဝမ်းသာအားရလိုက်တာဗျာ။သာဓုလဲခေါ်ပါတယ်..ကျေးဇူးလဲတင်ပါတယ်။

  • Thel Nu Aye

    January 4, 2012 at 8:33 pm

    ကျေးဇူးပါ။ ဘာလှုရင်ကောင်းမလဲစဉ်းစားနေတာ။ ကိုယ်ကလဲအများကြီးမတတ်နိုင်ဘူးလေ။ တတ်နိုင်သလောက်ကလဲအသုံးမဝင်မှာစိုးနေတာ။ အခုကပမာဏ အများကြီးကိုမျိုးစုံအောင် လာလှုနေတာဆိုတော့။ အခုလိုလိုအပ်ချက်လေးတွေသိရတော့ကျေးဇူးပါပဲ။

  • MaMa

    January 4, 2012 at 9:44 pm

    @kotun winlatt
    ကိုထွန်း+မဝင်းမိသားစုနဲ့တကွ ရွာသူားများ အားလုံးကိုလည်း ပြုခဲ့တဲ့ ကောင်းမှုကုသိုလ်ကို အမျှဝေလိုက်ပါတယ်။
    @nature
    ပိုစ့်မှာ ကျန်ခဲ့တာတွေကို ဖြည့်စွက်ပေးတာ ကျေးဇူးပါ။
    @bigbird
    ူလူမှုရေးကိစ္စတွေမှာ လူတွေရဲ့ အမြင်တွေ ပြောင်းလဲတိုးတက်လာတာကို ထူးထူးခြားခြား သတိထားမိတာကို ပြောချင်တာပါ။
    @Thel Nu Aye
    တတ်နိုင်သလောက်ကိုပဲ တစ်နိုင်တစ်ပိုင်လာလှူသူတွေလည်း ရှိကြပါတယ်။ ကိုယ်ထိလက်ရောက်လှူဒါန်းနိုင်ပါတယ်။

    • Khin Latt

      January 5, 2012 at 3:19 am

      Sar Du, Sar Du, Sar Du.
      We all can rejoice all merits you did.
      I really appreciate it. Thanks again. 🙂

  • ဦးဦးပါလေရာ

    January 5, 2012 at 12:09 am

    မမ လက်တို့မှပဲ အဲဒါလေး ပြန်အာရုံရောက်တယ်။
    မမ အလှူကိုလဲ သာဓုခေါ်ပါတယ်။
    ကျုပ်လဲသွားဖြစ်အောင်သွားလိုက်ဦးမယ်။

    လူတွေကြား ပရဟိတစိတ်ဓါတ် ပိုမိုပြန့်ပွားလာတာလဲ သတိထားမိပါတယ်။
    အစိုးရအထောက်အပံ့မလုံလောက်တဲ့ မြန်မာပြည်အတွက်တော့
    အဲဒါက အရေးကြီးတဲ့ အား ပါပဲ။

  • manawphyulay

    January 5, 2012 at 11:59 am

    ခုလို လှူဒါန်းတာတွေ ကြားရမြင်ရ တွေ့ရတာ အလွန်တရာမှ ဝမ်းသာပီတိဖြစ်မိပါတယ်။ ဘာပဲဖြစ်ဖြစ် အားနည်းသူကို တစ်ဖက်တစ်လမ်းက လက်တွဲကူတာ အလွန်မွန်မြတ်လှတဲ့ အလှူ၊ အမြတ်ဆုံး အလှူတစ်ခုဖြစ်တဲ့အတွက် ကုသိုလ်ရေးကို သာဓုခေါ်မိပါတယ်ရှင်။

  • amatmin

    January 5, 2012 at 12:06 pm

    အန်တီ မမ ရဲ့ တတပ်တအား အလှူအတွက် သာဓုပါဗျာ..
    နှစ်သစ်မှာ ပြုတဲ့ ကောင်းမှုကြောင့် တနှစ်တာပတ်လုံး စိတ်အေးချမ်းပါစေ လို့……..

  • ကြောင်ကြီး

    January 5, 2012 at 12:14 pm

    အဆိုးထဲက အကောင်းတွေးရင် အခုလို ဟိုးလေးတကျော်ဖြစ်သွားလို့ အကူအညီများများရတယ် ပြောနိုင်မယ်ထင်တယ်နော်။ ကံဆိုးတာတောင် ကံခြင်းမတူဘူး သဂျီးရေ…..

  • pooch

    January 5, 2012 at 3:44 pm

    ခုလို လှူကြတန်းကြတော့ တော်သေးတာပေါ့နော် ဘာပဲဖြစ်ဖြစ် မိသားစုဝင်များကို ဆုံးရှုံးထားရတဲ့ သူတွေအနေနဲ့ ဒီလိုလေး နှစ်သိမ့်မှုရတော့ ဖြေသာတာပေါ့လေ…

    အရင်တုန်းကဆို ဒီလို လှူဖို့တန်းဖို့ သိပ်မရှိတာ ဒီလိုလှူဖို့ သိလာတာ လှူလာတာ ဝမ်းသာစရာကောင်းပါတယ်…မမလည်း ကြုံကြိုက်လို့ ကာလဒါနမြောက်အောင် လှူခဲ့ရတာမို့ မွန်မြတ်တဲ့ ဒါနတခုပါ…..သာဓုခေါ်လိုက်တယ်နော် မမရေ…

  • ဆူး

    January 5, 2012 at 3:47 pm

    ၂၉ရက်နေ့ည ၂နာရီ (၁း၅၈) အိပ်ပျော်နေရင်းနဲ့ ဝုန်းကနဲ အသံကြားပြီး အိမ်လည်း တုန်သွားတယ် အစ အန စင်တဲ့ အသံမျိုးကြားပြီး လန့်သွားတယ်။
    ဗုံးပေါက်သလား မသိဘူး လူတွေတော့ ထိကုန်တော့မှာပဲ တလောကမှ လှည်းတန်းမှာ ပေါက်ထားတာ မကြာသေးဘူး အနီးအနားက ထင်တယ် ဆိုတဲ့ အတွေးနဲ့ ဘေးဘီ လှမ်းကြည့်တာ မီးနဲ့ တူတာ တခုမှ မတွေ့တော့ ကိုယ်နဲ့ ဝေးတယ် လို့ တွေးပြီး အိပ်လိုက်ပေမဲ့ စိတ်ထဲမှာတော့ ဘာမှ မဖြစ်ပါစေနဲ့လို့ ဆုတောင်းမိတယ်။
    မနက်လင်းတော့ အဲဒီ စကားသံတွေ ကြားရတာ စိတ်မကောင်းစရာ ကောင်းလှပါတယ်။
    နောက်နေ့ သူငယ်ချင်းတွေက အလှူခံတယ် သွားလှူမယ်တဲ့ နေအုန်း များများရအောင် အမေ ကို အလှူခံပေးမယ် ပြောလိုက်တော့ အမေက ကိုယ်တိုင် သွားလှူမယ်ဆိုပြီး ပြောတာနဲ့ အမြန်ဆုံးပဲ ၃၁ရက်နေ့မှာ သွားလှူလိုက်တယ်။ ထူးထူးခြားခြား တသက်နဲ့ တကိုး ပထမဆုံး ရတဲ့ စာမူခလေးပါ.. ဘယ်မှာ သုံးရမှန်း မသိတာနဲ့ ရထားတာလေး ထည့်လှူလိုက်တယ် အမေ ရဲ့ အလှူငွေ နဲ့ ဆူး ရဲ့ အလှူငွေ လည်း ပေါင်းပြီး လှူလိုက်ပါတယ်။ နောက်ထူးခြားတာ တခုကတော့ သူငယ်ချင်း တယောက်က အဝေးကနေပြီးတော့ လှမ်းပြီး လှူချင်တယ် ဆိုလို့ လှူပေးထားပါတယ်။
    အန်တီ လိုတော့ ဆူး ကင်မရာ ယူမသွားခဲ့ဘူး။ အမြန်သွားပြီး အမြန်ပြန်လာခဲ့တယ်။
    အန်တီ ကုသိုလ် အမျှဝေ သလို ဆူး ရဲ့ ဒါနလည်း အမျှဝေပါတယ်။

    လက်တွဲညီတူ ဖေးမကူ.. ကူညီလက်လှမ်း ထွေးပွေ့ ဆွဲယူ အားငယ်သူ။

  • ငပေါက်ဖော်

    January 5, 2012 at 4:06 pm

    လေးစားပါတယ်ဘိုရီး
    နောက်လဲ များများ ကူညီနိုင်ပါစေ

  • နွယ်ပင်

    January 5, 2012 at 4:34 pm

    အန်တီမမရေ အလှူအတွက်သာဓုပါနော် …
    မီးလောင်ပေါက်ကွဲမှုပြီးလို့ နောက်ဆက်တွဲကိုအခုလို
    သတင်း ဓါတ်ပုံနဲ့သေသေချာချာဖော်ပြပေးတဲ့ အတွက်လည်း
    ကျေးဇူးပါ ….

  • inz@ghi

    January 5, 2012 at 6:52 pm

    သာဓု ခေါ်သွားပါသည် မာမား ….
    သာဓု သာဓု သာဓု ပါခင်ဗျား..

    မမ နွယ်ပင် ပြောသလို မှတ်တမ်းသတင်း ပုံစံ ဖော်ပြနိုင်တာကိုလည်း
    လေးစား အားကျရပါသည်ဗျာ…

    ခင်တဲ့ ဂီ…

  • တညင်သား

    January 5, 2012 at 8:56 pm

    အလှူ အတွက် သာဓု ခေါ်ပါတယ်နော်….မမ
    အင်း ………..ပြောရအုံးမယ် ခောတ်တွေစနစ်တွေက မတူဘူးလေ. ကိုယ်လှူတာကို တကမာ္ဘလုံး သာဓု ခေါ်နိင်တဲ့ မီဒီယာတွေ ရှိနေပြီလေ… အရင်ကလို ရွာထဲလောက်သာကြားနိင်တဲ့ လော်တွေနဲ့မဟုတ်တော့ဘူး… သူများတကာတွေပြောနေကြတာတော့ ဒီမိုကရေစီ စနစ်ဆိုလားပဲ …ဟုတ်မှာပါလေ အခုထက်ထိအောင် ကျွန်တော်တို့ ပြောနေတဲ့စကား ရှိသေးတယ် နိုင်ငံတော် စရိတ် တဲ့ ဒီစရိတ်ကိုအားကိုးလို့မရတော့တဲ့အခါကြတော့ ဒီလိုတွေဖြစ်လာတာပါ.. မယုံမရှိနဲ့ မပြောကောင်းမဆိုကောင်း နောက်ဒီလိုမျိုးထပ်ဖြစ်ရင် ဒီထက်လှူတဲ့သူပိုများလာမှာ သေခြာတယ်……………..

  • MaMa

    January 5, 2012 at 9:41 pm

    ဒီပိုစ့်ကို တင်တုန်းက စိတ်ဝင်စားတဲ့သူ များလိမ့်မယ် မထင်ခဲ့မိဘူး။

    ပြုခဲ့တဲ့ကုသိုလ်ကိုလည်း အားလုံးကို အမျှဝေပါတယ်။

    စိတ်ဝင်စားပြီး ဝိုင်းဝန်းအားဖြည့်ပေးကြတဲ့ ရွာသူားများ အားလုံးကို ကျေးဇူးတင်ပါတယ်။
    🙂 🙂 🙂 🙂 🙂

  • padonmar

    January 6, 2012 at 1:04 am

    သာဓုသာဓုသာဓုပါ။

    ဒုက္ခသည်တွေ အများကြီး၊အိမ်တွေလည်းတော်တော်ပျက်စီးကုန်ကြတာဆိုတော့ အလှူတွေကတော့ လိုနေအုံးမှာပါ။
    အဲဒီနားမှာ အက်ဆစ်နံ့တွေနဲ့ဆိုတော့ ကျန်းမာရေးအတွက်တော့ မကောင်းပါဘူး၊အနည်းဆုံး အသက်ရှူလမ်းကြောင်းရောဂါတွေရနိုင်ပါတယ်။
    အိမ်ရှင်တွေမှာလည်း ကိုယ့်နေရာသံယောဇဉ်နဲ့မခွာနိုင်ဘူးပေါ့၊
    အဲဒီအတွက်နည်းပညာ အကူအညီပေးနိုင်ကြရင်ကောင်းမယ်လို့တွေးမိပါတယ်။

  • snow white

    March 3, 2012 at 1:29 pm

    တကယ်ကောင်းပါတယ် အလှူအတန်းရက်ရောကျတဲ့ သူတွေကျန်းမာချမ်းသာကြပါစေ မီးဘေးသင့် ခံရသော ခုနှစ်ရက်သားသမီးလည်း အမြန်ဆုံးစိတ်ချမ်းသာ ကို်ယ်ချမ်းသာနဲ့အမြန်ဆုံးကိုယ့်အိုးကိုယ် အိမ်နဲ့ပြန်လည်နေထိုင်နိုင်ပါစေ

Leave a Reply