လွတ်လပ်ရေးနေ့ အမှတ်တရမှသည်… ဗိုလ်ချုပ်ပေးသော အသိလေးများ(၁)

who whoJanuary 4, 20121min21010

လွတ်လပ်ရေးနေ့ အမှတ်တရမှသည်…
ဗိုလ်ချုပ်ပေးသော အသိလေးများ(၁)

အင်း…ဒီနေ့က လွတ်လပ်ရေးနေ့မို့ အလုပ်တွေအားလုံးကို နားထား ပြီး သိပ်ကို လုပ်ချင်နေသော ဆန္ဒတစ်ခုကို အကောင်အထည် ဖော်ရပါတော့ မယ်။ အဲဒါကတော့ ဗိုလ်ချုပ်နှင့် ပတ်သက်လို့ သူ့ရဲ့ အယူအဆတွေ၊ သူ့ရဲ့ စိတ်ဓါတ်တွေ၊ သူ့ရဲ့ ခံယူချက်တွေက ဘာတွေလဲ ဆိုတာတွေကို သိချင်ခဲ့တာ ကြာပါပြီ။ သူ့အကြောင်းလေ့လာဖို့ အချိန်မပေးနိုင်တာလည်းပါသလို အလှည့် တွေက များနေတာကြောင့် အင်း…ငါ ဒီနေ့တော့ဖြင့် ရှိသမျှ လုပ်စရာတွေ အသာထားလို့ ဒို့ ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ လေ့လာ အတုယူစရာလေးတွေကို အေးအေးဆေးဆေးလေး ဖတ်မှတ်လေ့လာပါဦးမယ်ရယ်လို့ ဆုံးဖြတ်မိတာ ကြောင့် စာအုပ်ဆိုင်တွေမှာ ဗိုလ်ချုပ်နဲ့ပတ်သက်လို့ ထွက်သမျှစာအုပ်တွေကို လိုက်ဝယ်ခဲ့တယ်။ တကယ်တော့ ငယ်ကတည်းက ကျောင်းသင်ခန်းစာမှာ ပါသလောက်သာ သမိုင်းကို သိခဲ့ပေမယ့် ဒို့ဗိုလ်ချုပ်ရဲ့ အကြောင်းကို အထူး တလည်လည်း မလေ့လာဖြစ်ခဲ့ပါဘူး။
စာအုပ်ဆိုင်မှ ဗိုလ်ချုပ်ပုံပါစာအုပ်လေးကို ကိုင်ရင်းနဲ့ကို သိချင်နေပါ တယ်။ဗိုလ်ချုပ်ရဲ့ ခံယူချက်တွေ၊ အယူအဆတွေနဲ့ သူဘာတွေများ ဘယ်လို စိတ်ဓါတ်တွေနဲ့ လုပ်ဆောင်ခဲ့သလဲ ဆိုတာကစပေါ့…။ အင်း…စာအုပ်တွေကို ရင်မှာပိုက်လို့ ပြုံးပျော်နေပါတယ်။ ကိုယ်တကယ်လေးစားကြည်ညိုရသော ပုဂ္ဂိုလ်တစ်ဦးဆီက ရလာမယ့် အတုယူဖွယ် စိတ်ဓါတ်တွေကို တွေးရင်းနဲ့ ကျေနပ်နေပါပြီ။ ဒါကြောင့်ပဲ ဖတ်မှတ်မိသမျှ စာအုပ်တွေထဲမှ အဖိုးတန်ပြီး အတုယူသင့်တယ် ထင်တာလေးတွေကို ထုတ်နုတ်လို့ မှတ်တမ်းလေး အဖြစ် ဒီစာလေးကို ပြုစုမိသွားတာပါ။ တစ်နေ့တစ်နေ့ နည်းနည်းချင်းစီ ဖတ်မှတ်လို့ ကိုယ်ကြိုက်တဲ့ အတွေးအခေါ် ၊ အယူအဆတွေကို ဖတ်ရင်းက လိုက်ပြီး ကိုယ်ဉာဏ်မှီသလောက် တွေးမိတာလေးတွေကိုပါ တွဲလို့ ဖော်ပြသွားမှာပါ။
“လူသားတို့၏ စိတ်ထားသည် လောကဓါတ်ပညာ တိုးတက် သလောက် မမြင့်မြတ်သေးသောကြောင့် အဆင်ပြေအောင် မဆောင်ရွက် နိုင်ကြသေးရကား၊ အထင်မှား အမြင်မှား စစ်ပွဲကြီးများပင် ဖြစ်ပွားလျက်ရှိသေး ၏။ တစ်နေ့သောအခါ အဇ္ဈတ္တသဏ္ဍာန်မြင့်မြတ်မှု နှင့် ဗဟိဒ္ဓသဏ္ဍာန်တိုးတက် မှုကို ကိုက်ညီသောအခါ ကျွန်ုပ်တို့ မျှော်မှန်းရာဖြစ်သော ကမ္ဘာ့အိမ်ထောင်စု ဖြစ်လာမည်မှာ မလွဲဧကန်ဟု ဆိုရပေမည်။”
ဒါကတော့ဗိုလ်ချုပ်အောင်ဆန်းပြောကြားသော မိန့်ခွန်း ကောက်နုတ် ချက်မှ ဖြစ်သည်။
ကျနော့ အတွေး
ကျနော် အဲဒီ စကားစုလေးကို ဖတ်မိသွားတာနဲ့ သဘောကျမိပါ တယ်။ ဟုတ်လိုက်တာနော်။ တကယ်တော့ ခုခေတ်မှာ ခေတ်မှီ ဖွံ့ဖြိုး တိုးတက်မှု ဆိုတာတွေ အားလုံးသည် ဗဟိဒ္ဓလို့ ဆိုသောအပြင်ပိုင်းတိုးတက်မှု တွေသာ ဖြစ်ပါတယ်နော်။ အပြင်ပိုင်းပညာတွေကို တိုးတက်သည်ထက် တိုးတက်အောင် ကြိုးစားနေပေမယ့် အတွင်း အဇ္ဈတ္တသဏ္ဍာန် ကိုကျတော့ မြင့်မြတ်သည်ထက် မြင့်မြတ်အောင် ပြုပြင်ပြောင်းလဲယူဖို့ကို အားထုတ်မှုက နည်းနေပါတယ်။ အင်း ဒီတော့ ဘက်ညီမှုက မရှိတော့ဘူးပေါ့။ အရာရာဟာ equilibrium အခြေအနေမှာမှ တည်ငြိမ်မှု ရနိုင်မယ်မလား။ အပြင်မှာ တိုးတက်လာလေလေ၊ စိတ်ဓါတ်တွေ မြင့်မြတ်လာလေလေ ဆိုရင်တော့ ဒါဟာ ဘက်ညီမှု အခြေအနေမှာရှိနေတာမို့ တည်ငြိမ်အေးချမ်းနေမှာပါပဲ။ အဲလိုမှမဟုတ်ပဲ တစ်ဖက်ဖက်က အလေးသာနေမယ်ဆိုရင်တော့ ချော်နေဦး မှာပေါ့နော်။ အော် ဒါကြောင့်ပဲ သိပ်ကို အဆင့်အတန်းမြင့်ပါတယ်ဆိုတဲ့ ဗဟိဒ္ဓ အရာတွေ နောက်ကို လိုက်ရင်းလိုက်ရင်းနဲ့ပဲ ကိုယ့်ရဲ့ အဇ္ဈတ အတွင်းစိတ် တွေက နိမ့်သည်ထက် နိမ့်လာလိုက်တာတောင် သတိမထားမိ နိုင်တာ ကြောင့် အဆင်မပြေမှုတွေကတော့ များသထက်ကို များနေပါတော့တယ်။ ဒါ ကလည်း နေရာတိုင်းမှာလိုလိုကို ဖြစ်နေပါပြီ။ လူချမ်းသာမှုနောက်ကို လိုက်ရင်း စိတ်ချမ်းသာမှုတွေ ပျောက်နေရတာကိုက လွဲနေပါပြီနော်။
အင်း ဗိုလ်ချုပ်ကတော့ ဒီအချက်ကို ကောင်းကောင်းကြီးကို ထောက်ပြခဲ့တာပဲနော်။ ယူတတ်ရင်တော့ ပညာပါပြီး ထိရောက်လှပါတယ်။ ဆိုလိုချင်တာကိုက ပြင်ပတိုးတက်မှုတွေရအောင် ကြိုးစားသလို အတွင်း စိတ် ထားတွေကိုလည်း မြင့်မြတ်သည်ထက် မြင့်မြတ်အောင် ဆောင်ရွက်နိုင်လို့က တော့ ဒို့ တကမာ္ဘလုံးဟာ ချစ်ခင်ရင်းနှီးသော မိသားစုသဖွယ် ဖြစ်လာလိမ့်မယ် လို့ ထောက်ပြလိုက်တာပါပဲနော်။ ဒါဆို အထင်မှား ၊ အမြင်မှားတာတွေပျောက် လို့ စစ်ပွဲတွေလည်း ရပ်တန့်သွားမှာ ဖြစ်ပြီး အားလုံး ပျော်ရွှင်အေးချမ်းသော ဘဝပိုင်ရှင်တွေ ဖြစ်လာကြပါလိမ့်မယ်ဆိုတာလေး တွေးမိရင်းနဲ့ အော် ဒီလို အသိမျိုးကို ပေးခဲ့တဲ့ ဗိုလ်ချုပ်ရဲ့ ထူးကဲလှသော အတွေးအခေါ်ကိုလည်း ချီးကျူးလေးစားမိပါတယ်။ လူသားအားလုံးရဲ့ အဓိက ဟာကွက်ကြီးကို ထင်ထင်ရှားရှားကို ထုတ်ဖော် ထောက်ပြနိုင်ခဲ့တဲ့ ဉာဏ်ရှင်ပုဂ္ဂိုလ်ထူးကြီးရဲ့ မိန့်ခွန်းစကားလေးတခွန်းကို သိရှိရတာနဲ့တင်ကို ကိုယ့်အတွက် အကျိုးအမြတ် တွေများစွာ ရှိသွားပြီမို့ အတွင်းစိတ်သဏ္ဍာန် မြင့်မြတ်စေဖို့ ကြိုးစားလိုက်ကြပါ စို့နော်။

10 comments

  • ဦးဦးပါလေရာ

    January 4, 2012 at 10:28 am

    တဖက်က ကြည့်မိပြန်တော့လဲ လူသားတို့ရဲ့စိတ်ထား မမြင့်မြတ် မပြည့်ဝ တာကပဲ ရုပ်ပိုင်းဆိုင်ရာတွေ အပြိုင်အဆိုင်တိုးတက်အောင် ဖြစ်စေသလားလို့ ထင်မိပြန်တယ်။

    ရုပ်ပိုင်းဆိုင်ရာတွေ (အကျိုးရှိအောင်အသုံးပြုဘို့ထက်ပိုလွန်ပြီး) တိုးတက်လွန်းတာဟာ တနေ့နေ့ တချိန်ချိန်မှာ လူသားတွေ သက်ရှိတွေကို ပြန်လည်ဖျက်စီးဖြစ်မှာကို စိုးရိမ်မိတယ်။

    • whowho

      January 4, 2012 at 9:46 pm

      စိုးရိမ်နေတာတွေ လက်တွေ့မှာ ဖြစ်မလာဖို့ အတွင်းစိတ်လေးတွေ တိုးတက်မှဖြစ်မယ်လို့…

      • kai

        January 5, 2012 at 4:07 am

        Maslow’s Pyramid အရကတော့.. အောက်ကပုံအတိုင်းပါ..။
        လူသားဟာ..စိတ်ထားမြင်မြတ်ပြည့်ဝဖို့.. အောက်ခြေကနေစပြီး.. အပေါ်တက်ရာမှာ.. အောက်ခြေပြည့်စုံမှ ရပါတယ်…။

        http://czgz.wordpress.com/2010/04/07/maslows-hierarchy-of-needs/#more-50

        • whowho

          January 5, 2012 at 9:21 am

          ဟုတ် အောက်ခြေကဘာတွေလဲ။ ဘယ်လိုအချက်တွေကို ဘယ်လိုကြိုးစားရင် ဘယ်လို ပြည့်စုံတဲ့ အခါ ဘယ်လိုတွေတိုးတက်လာမယ်ဆိုတာလေး ကျနော်တို့ကို နားလည်အောင် ဗမာလိုနဲ့ ရှင်းပြ ပေးပါလား။ ဘာပဲဖြစ်ဖြစ် အသိတိုးတာပေါ့။ ကျေးဇူးတင်ပါတယ်။

  • ဦးဦးပါလေရာ

    January 4, 2012 at 10:30 am

    ဦးပါလေရာ စာလုံးပေါင်းမှားသွားပါသည်။ ဖျက်စီး မဟုတ် ဖျက်ဆီး ဖြစ်ပါသည်။

    • ငပေါက်ဖော်

      January 4, 2012 at 10:55 am

      ရပါတယ်..ဦးပါ
      မမ မရောက်သေးပါဘူး..အေးဆေးပြင်ပါ
      😆

      @ဆရာလေးရေ
      စိတ်ချမ်းသာမှ လူချမ်းသာအောင် လုပ်နိုင်မဗျ
      လူချမ်းသာမှလဲ စိတ်ချမ်းသာ မဗျ

      စကားမစပ်
      ဗိုလ်ချုပ်ပြောသလိုပဲ အဇ္ဈတ္တသဏ္ဍာန်မြင့်မြတ်မှု နှင့် ဗဟိဒ္ဓသဏ္ဍာန်တိုးတက် မှု ကိုက်ညီစေသတည်းပေါ့ဗျာ

  • Anzartone

    January 4, 2012 at 10:39 am

    ကျုပ်တို့ ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတိုင်းဟာ အနှစ်သာရ ပြည့်ဝနေတာ အမှန်ပါပဲ။ အခု မိန့်ခွန်းထဲမှာလည်း ကမ္ဘာကြီးရဲ့ တကယ့်ချိန်ခွင်လျှာဟာ ကမ္ဘာသူားတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှု ကိုက်ညီခြင်းကို ဆိုလိုတယ်ဆိုတာ ပြောသွားခဲ့ပါတယ်။ ဒါကြောင့် ရုပ်ပိုင်းဆိုင်ရာတွေ တိုးတက်လာတဲ့ အခုလို ခေတ်ကြီးထဲမှာ ကျုပ်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာတွေ တိုးတက်လာဖို့အတွက်လည်း ကြိုးစားကြရမှာ အမှန်ပါပဲ။

  • whowho

    January 4, 2012 at 9:49 pm

    ဟုတ်ကဲ့။ ကျနော်တို့အတွက်ကတော့ အတုယူစရာတွေ တစ်ပုံကြီးပဲမို့ နည်းနည်းချင်းစီ ဉာဏ်မှီသလောက် ပြန်မျှလိုက်ရပါတော့သည်။

  • Onyx

    January 5, 2012 at 9:17 am

    အဲဒီ နှစ်မျိုးလုံး ကိုက်ညီ ဘို့ ဆိုတာလဲ တယ်မှ မလွယ်တာကိုးဗျ ။ ဗိုလ်ချုပ်ပြောသွား ၊ မိန့် သွားတဲ့ စကားတွေက တစ်ကယ့်ကို မှတ်သား လိုက်နာဖို့ကောင်းတယ် ။
    အခုခေတ် ဆိုပိုဆိုးပါတယ် ဘယ်လောက်ပဲ ခေတ်မီမီ တစ်ချို့များသိပ်ကို စိတ်ဓါတ် မပြည့်တာ
    တွေ တွေ့ ရသေးတယ် ၊ အကောင်းဆုံးကတော့ နှစ်ခုလုံးကို တိုးတက်ပိုင်ဆိုင်တာ အကောင်းဆုံး
    ပါပဲ ။

    • whowho

      January 5, 2012 at 9:25 am

      ဟုတ်ကဲ့။ ဒီကလူငယ်တွေမှာ စံပြပုဂ္ဂိုလ်တော်တော်ရှားနေတယ်လို့ ခံစားမိတယ်။ ဒါကြောင့် ဗိုလ်ချုပ်လို စံပြပုဂ္ဂိုလ်တွေရဲ့ အတွေးအခေါ်၊ အယူအဆလေးတွေ ပြန်ဖော်ထုတ်ပေးခြင်းဖြင့် ဖတ်မိတဲ့ လူငယ်တွေအတွက် စိတ်ဓါတ်တက်ကြွလာဖို့နဲ့ အတုယူတတ်ဖို့ အဓိက ရည်ရွယ်မိပါတယ်။ နှစ်တစ်ရာတောင် တစ်ယောက်ထွက်မလာသေးတာဆိုတော့ တော်တော် လိုအပ်နေပါသေးတယ်။ ဒါကလည်း ကျနော့အနေနဲ့ ကိုယ့်ဉာဏ်လေး မှီသလောက်သာ ဆန့်ထုတ် နိုင်တာမို့ တစ်စုံတစ်ရာ အကျိုးရှိသွားမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပဲပေါ့ဗျာ။

Leave a Reply