ဗိုလ်ချုပ်ပေးသော အသိလေးများ(၂)

who whoJanuary 4, 20121min1285

ဗိုလ်ချုပ်အောင်ဆန်း အမည်ဖြင့် ဗိုလ်ချုပ်ကိုယ်တိုင်ရေးထားသော ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွင် ပညာနှင့်ပတ်သက်၍ သူ၏ အယူအဆများကို တွေ့ရသည်။ “ ပညာသည် စာအုပ်များထဲ၌သာ ရှိသည်မဟုတ်၊ စာအုပ်ကို ကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။ ပညာသည် လူ၏ဉာဏ်ကိုသာ ပြုပြင်တိုးချဲ့ရုံသာမဟုတ်။ လူ၏ စိတ်နေစိတ်ထား အယူအဆများကိုလည်း တိုးတက်စေရမည်။ လူ၏ ဆန္ဒအား လုပ်အားကို နူးညွတ်စေရမည်။ ရာဇဝင်သိရုံသာမဟုတ်။ ရာဇဝင်ကို ဖန်တီးနိုင် ရမည်။ လောကဓါတ်ပညာကို သိရုံသာမဟုတ်။ လောကဓာတ်ပညာကို တိုးချဲ့ နိုင်စေရမည်။ပထမပညာကို သိရုံသာမဟုတ်။ မြေသစ်၊ ရေသစ်၊ တောတောင်သစ်တို့ကို ရှာဖွေ စုံစမ်း နိုင်စွမ်းစေရမည်။ လောကအကြောင်းကို နားလည်စေရုံသာ မဟုတ်။ သည့်ထက် ကောင်းသော လောကကို ဖန်ဆင်းနိုင်စေရမည်။ ဤကား ပညာ၏ သရုပ်အကျဉ်းမျှပင်တည်း။” ဟု ရေးထားပါသည်။
ကျနော်စဉ်းစားကြည့်မိတယ်။ ကျနော်တို့ ဆီမှာက ပညာတတ် မတတ်ကို ဘာနဲ့ တိုင်းတာသလဲဆိုရင် ဘွဲ့တွေ၊ ဒီဂရီတွေနဲ့ တိုင်းတာနေကြ တယ်နော်။ တကယ်တော့ ဉာဏ်ကို တိုင်းတာကြရမှာပါ။ ဘာဉာဏ်လဲဆိုရင် အသိဉာဏ်ကိုပေါ့။ သင်ရိုးပါ စာတွေကို ကျက်ပြီး တစ်နှစ်တစ်တန်းအောင်လု့ိ ဘွဲ့တွေ တန်းစီချိတ်ထားပါသော်လည်း မွေးကတည်းက သေသည်အထိ အယူဝါဒ အပြောင်းအလဲ မရှိသူဟာ ပညာတတ်လို့ ဆိုနိုင်ပါမည်လား။ ပညာ မသင်ခင်ကလည်း ဒီစိတ်ထားပဲ ၊ ဒီအတွေးအခေါ်ပဲ။ ဒီအကျင့်စရိုက်ပဲ။ ဘွဲ့တွေယူပြီးတော့လည်း ရှိရင်းစွဲ ဒုံရင်း အယူအဆတွေ၊ အတွေးအခေါ်တွေ အတိုင်းဆိုရင်တော့ ဘာများတိုးတက်တော့မှာပါလဲ။
ကိုယ့်ကိုယ်ကို ပြန်ပြီး မေးကြည့်မိပါတယ်။ ငါသင်ထားတယ်ဆိုတဲ့ ပညာတွေအရ ငါ့ရဲ့စိတ်နေစိတ်ထား အယူအဆတွေရော တိုးတက်လာပါရဲ့ လားလို့ပေါ့။ ဒီနေရာမှာ ဗိုလ်ချုပ်ရဲ့ အတွေးအခေါ်လေး တစ်ခု သဘောကျမိ တာလေးရှိပါသေးတယ်။ အဲဒါလေးကတော့
“ဒီနေ့ အယူအဆနဲ့ နက်ဖြန်အယူအဆ တူချင်မှတူပေမည်။ အမှန်ကား… လူတစ်ဦး၏ တစ်ဘဝတွင် အကျွန်ုပ်တို့သည် အယူဝါဒပြောင်းလဲခြင်းများကို တွေ့သောအခါ ထိုလူသည် သမာဓိမတည်၊ ရှေ့နောက်မညီဟု ထင်မှတ်မှား လေသည်။ သမာဓိမတည်ခြင်းမှာ ကိုယ်ကျင့်တရား ဖောက်လွဲဖောက်ပြန်ဖြစ် ခြင်းပင်တည်း။ ဝါဒပြောင်းလဲမှုမှာ ဉာဏ်အမြင်ပြောင်းလဲမှုကြောင့်သာ။ သမာဓိ မတည်ခြင်းမဟုတ်ပေ။ တနည်း တိုးတက်ခြင်းပေတည်း။ ”လို့ ရေးသားထားပါ တယ်။
အင်းလူတိုင်းမှာဉာဏ်အမြင်တွေ တိုးတက်လာတာနဲ့ အတွေးအခေါ်၊ အယူအဆတွေ ပြောင်းလဲသွားမြဲပါ။ ပြောင်းလဲသွားတယ်ဆိုတာကလည်း အကောင်းပြောင်းလဲသွားခြင်းမျိုးသာ ဖြစ်ရပါမယ်။ ပညာဆိုသော အရာသည် ဉာဏ်ကိုချဲ့ပေးတယ်ဆိုတော့ ဉာဏ်ကမှ ဘာတွေကို သိစေမလဲ။ အကောင်း၊ အဆိုး၊ အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြား ဆန်းစစ်နိုင်ရမယ်မလား။
“ပညာဆိုသည်မှာ စာအုပ်စာတမ်းဖတ်၍ စာသိမှုကို မဆိုပေ။ ပညာသည် အတိုင်းအဆမထင် အလွန် ကျယ်ပြောနက်နဲလှပေသည်။ ကမာ္ဘရှိ စာအုပ် အားလုံးပင်လျှင် ပညာအားလုံးကို ဖော်ပြခြင်းဌာ မတတ်နိုင်ပေ။ ပညာ အားလုံးကို လောကပြင်ကျယ်တည်းဟူသော အကြီးဆုံးကျောင်း၌သာ တွေ့နိုုင်လေသည်။ ထိုလောကပြင်ကျယ်တည်းဟူသော ကျောင်းကြီး၌ ကျွန်ုပ်တို့သည် ပုခက်တွင်းမှသည် မြေကြီးထဲသို့ ရောက်သည့်အချိန်အထိ ပညာသင်များ ဖြစ်ကြပေသည်။”
ဒီနေရာမှာ ကျနော် စဉ်းစားမိတာက နေ့စဉ်လောကထဲမှာ တစ်နေ့ တစ်မျိုး မရိုးရအောင် အတွေ့အကြုံ အသစ်တွေကို သင်ခန်းစာ အသစ် အသစ်တွေအဖြစ် နေ့စဉ်သင်ကြားနေရတာမို့ ကျနော်တို့ နေ့စဉ် ကြုံတွေ့ နေရတဲ့ လောကဓံမျိုးစုံအပေါ်မှာ မေးခွန်းလွှာတွေလို သဘောထားကာ အရင်ဆုံးကိုယ့်စိတ်ကိုယ်စစ်ပြီး အမှတ်ပေးကြည့်ဖို့ လိုပါတယ်။ အော် လောကပြင်ကျယ်ဆိုတဲ့ ကျောင်းက ကြီးလွန်းတာမို့ ဒို့တော့ ဒီလို အကြီးဆုံး ကျောင်းမှာ တက်ရင်း ဒီကစစ်မေးတဲ့ နေ့စဉ် မေးခွန်းတွေကို ဖြေရှင်းရင်းနဲ့ အောင်စာရင်းတွေ ထုတ်ပေးနေရပါတော့မယ်။ ငါတော့ ဒီနေ့ ကြုံသမျှတွေ အပေါ်ဖြေရှင်းဖို့ ဉာဏ်မှီရဲ့လား။ ဉာဏ်မှီမမှီဆိုတာ ကြုံလာသမျှအပေါ် အကောင်းဆုံး နှလုံးသွင်းမျိုးနဲ့ ဖြေရှင်းနိုင်ပါရဲ့လားလို့ အမှတ်ပြန်ပေးရပါမယ်။ အင်း…ရှိရှိသမျှ စာမေးပွဲတွေထဲမှာမှ ဒီလောကဓံစာမေးပွဲက အခက်ဆုံးမို့ သူ့ကိုအောင်ဖို့က အတော့ကို ကြိုးစားရပါတော့မယ်။ ဘာလို့ခက်တာလဲ ဆိုတော့ ကြုံလာမယ့် အရာတွေက unseen မေးခွန်းတွေပဲမလား။
သင်ပြီးစာကို ဖြေနိုင်တာထက် ရုတ်တရက်ကြုံလာမယ့် unseen မေးခွန်းတွေကို ဖြေနိုင်ဖို့ကတော့ ဉာဏ်ရှိမှာ ဖြစ်မှာပါနော်။ အင်း ဒီနေ့တော့ ငါဟာ ကြုံလာရတဲ့အပေါ်မှာ စိတ်ပုပ်၊ စိတ်ယုတ်တွေ မွေးမိနေပြီမို့ ဒီနေ့တစ်ရက်စာ စာမေးပွဲ မအောင်သေးဘူး။ နက်ဖြန်တော့ အောင် အောင် ကြိုးစားရမယ်ဆိုတဲ့ ကိုယ့်စိတ်ကလေးကို နေ့စဉ် စာမေးပွဲ စစ်ပေး သွားရမယ်။ ဒီနောက်မှ ကိုယ့်စိတ်ကလေးက ဒီနေ့တော့ စိတ်ပုပ်တွေ မထားတော့ပဲ စိတ်ကောင်းပဲထားမိတာကြောင့် ဒီနေ့ စာမေးပွဲ အောင်သွားပြီ ဆိုရင် နက်ဖြန်ကျတော့ ဂုဏ်ထူးပါအောင် ကြိုးစားကြတာပေါ့။ ဘယ်လို ဂုဏ်ထူးမျိုးလည်း ဆိုတော့ ကိုယ်၊ နုတ်၊ စိတ် သုံးပါးလုံးကို အကောင်းဆုံး ဖြစ်အောင် မွန်းမံပြီး ကောင်းသော အကြောင်းတွေကို ပြုကြရပါမယ်နော်။ ဒါဆို အဲဒီနေ့ဟာ ဂုဏ်ထူးတစ်ခု ပါသွားပါပြီ။ နောက်တော့ ဂုဏ်ထူးတစ်ခုမှ နှစ်ခုပါအောင် ကြိုးစားရပါမယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ကိုယ်ကို ကောင်း အောင်ကြိုးစားပြီးရင် ကိုယ့်ပတ်ဝန်းကျင်ကို ကောင်းအောင် ကြိုးစားရမှာ မို့ပါပဲ။ အဲလိုသာ ကိုယ်နှင့်အတူ ကိုယ့်ပတ်ဝန်းကျင်ကို လက်ရှိထက် ပိုကောင်းအောင် ဖန်တီး နိုင်တယ်ဆိုတဲ့နေ့ဟာ ကိုယ့်အတွက် ဂုဏ်ထူးနှစ်ခုနဲ့ စာမေးပွဲအောင်တဲ့နေ့ပဲပေါ့။ ဒီကနေမှ တစ်ဆင့်တက်လို့ ကိုယ့်နယ်ပယ်ကိုချဲ့ လို့ ကောင်းအောင် တိုးတက်အောင် လုပ်ဆောင်မှု စွမ်းရည် အတိုင်းအတာကို မြှင့်တင်ပေးသွားနိုင်ရမယ်။ ဒါဆိုရင်တော့ နေ့စဉ် စာမေးပွဲမှာ ဂုဏ်ထူးများစွာနဲ့ အောင်မြင်အောင် ကြိုးစားနိုင်သွားပါပြီနော်။ တစ်နေ့ထက် တစ်နေ့ ဂုဏ်ထူး တွေ တိုးသထက်တိုးအောင် ကြိုးစားနိုင်တဲ့ ဉာဏ်မျိုးရသွားမယ် ဆိုရင်တော့ နေ့စဉ် ဉာဏ်ဂုဏ်ထူးတွေနဲ့ ဂုဏ်တွေရှိနေပါတော့မယ်နော်။
အင်း… ကိုယ့်မှာ ဘွဲ့တွေ ဘယ်လောက်ပဲ များနေပါစေ ကိုယ်လုပ် နေတဲ့ အလုပ်ဟာ အကောင်းလား အဆိုးလားရယ်လို့ ခွဲခြားသိနိုင်တဲ့ အသိလေးမှ မရှိရင်တော့…….
ခွဲခြားသိနိုင်ပြန်တော့လည်း ရှောင်ရန်နဲ့ ဆောင်ရန်လေးမှ မသိပြန်ရင်တော့……….
သိပြန်ပြီး မလိုက်နာနိုင်ရင် တော့…………..
လိုက်နာနိုင်ပေမယ့် ကိုယ့်ပတ်ဝန်းကျင်ကို လက်ရှိထက် ကောင်းအောင် တိုးတက်အောင် မစွမ်းဆောင်ဘူးဆိုရင်တော့ ကိုယ့်ကိုယ် ကိုယ် ပညာတတ်လို့ ခေါ်သင့်ပါသလား ဆိုတာလေး တွေးမိရင်းနဲ့ပဲ ဗိုလ်ချုပ်ရဲ့ အယူအဆလေးတွေနဲ့ စပ်လျဉ်းလို့ မိမိ တွေးမိတာလေးတွေကို ပြန်လည် ဝေမျှ လိုက်ပါရစေ။
လူတိုင်း နေ့စဉ် ဉာဏ်ဂုဏ်ထူးပန်းတွေနဲ့ အလှဆင်ရင်း အနာဂါတ်တွေ လှပနိုင်ပါစေ။

Knowledge is not limited to book knowledge
But is wide and deep without bounds.
All the books in the world cannot express
All the knowledge which can be found
Only in the largest school which is life itself.
From the cradle to the grave,
We are all students at this school.

5 comments

  • kai

    January 5, 2012 at 4:22 am

    အဆင်ပြေရင်..
    “လမ်းပေါ်မှာ ဆေးရိုးလှမ်းတယ် ” ပါတဲ့မိန့်ခွန်း..အဲဒီအပိုဒ်လေး အတိအကျရေးတင်ပေးစေလိုပါတယ်ခင်ဗျား…။
    အင်တာနက်ထဲ.. ဘယ်မှာရှာရှာ.. မတွေ့လို့ပါ..။

  • whowho

    January 5, 2012 at 9:14 am

    ဟုတ်။ ကျနော် ရှာကြည့်ပေးပါ့မယ်။ စာအုပ်တွေထဲပါရင်တော့ ရှာလို့ရပါလိမ့်မယ်။ ခုက ကျနော် ဖတ်ကြည့်ပြီး ဉာဏ်မှီတာလေးလောက်သာ ကောက်နုတ်ရေးဖြစ်တာမို့ တစ်ချို့သိပ်မြင့်တာတွေကျ ကျနော် ကျော်ချလိုက်တာတွေလည်း ရှိတယ်။

  • whowho

    January 5, 2012 at 11:29 am

    “၁၉၄ရခု၊ ဇူလိုင်လ ၁၃ရက်နေ့တွင် မြို့တေ်ခန်းမကြီး၌ ကျင်းပသော ပြည်သူ့ အစည်းအဝေးကြီးတွင် ဗိုလ်ချုပ်အောင်ဆန်း နောက်ဆုံး ပြောကြားခဲ့သော မိန့်ခွန်းမှ ကောက်နုတ်ချက်”

    “ဂျပန်ခေတ်တုန်းက ဂျပန်ခေတ် ဗမာ့လွတ်လပ်ရေး။ ဘုရားစူး ဗမာ့လွတ်လပ်ရေးတုန်းကဆိုလို့ရှိရင် လွတ်လပ်ရေးရပြီ ဆိုတော့ကာ ဟင်္သာတနယ်ထဲမှာ ကျွန်တော်တွေ့ခဲ့တယ်။ ဘာတွေ့သလဲဆိုရင် လမ်းမပေါ် မှာ ဆေးလှန်းတယ်။ ဟာ…လွတ်လပ်ရေးရပြီကွ ဆိုပြီးတော့ လူတကာသွားတဲ့ လမ်းမပေါ်မှာ ထွက်ပြီး ဆေးတွေလှန်းတယ်။ အဲဒီတော့ လမ်းသွား လမ်းလာ တဲ့လူတွေ အတော်ဂွကျတယ်။ အဲဒါဟာ လွတ်လပ်ရေးမဟုတ်ဘူး။”

    • kai

      January 5, 2012 at 12:57 pm

      ကျေးဇူးကမ္ဘာဗျို့..။ 😆

  • ကြောင်ကြီး

    January 5, 2012 at 12:18 pm

    ~~လောကအကြောင်းကို နားလည်စေရုံသာ မဟုတ်။ သည့်ထက် ကောင်းသော လောကကို ဖန်ဆင်းနိုင်စေရမည်။~~
    ဗိုလ်ချုပ်မှာတဲ့အတိုင်း ဗိုလ်ချုပ်ထက်သာတဲ့ ဗိုလ်ချုပ်ကြီးရာထူး၊ နောက်တော့ သူ့ထက်သာတဲ့ ဗိုလ်ချုပ်မှူးကြီးရာထူးကို ဖန်ဆင်းထားပါသည်။။။။

Leave a Reply