စစ်တပ်ဘာကြောင့်သမ္မတအပေါ်ရောက်နေလဲ

WowJanuary 5, 20121min14910

အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ (ကာလုံ)အဖွဲ့ဟာ တိုင်းပြည်ရဲ့ တခြားလုံခြုံရေးရာ ကိစ္စတွေကို ဘယ်လိုဆုံးဖြတ်မယ်မသိရသေးပေမဲ့ နိုင်ငံရေးအကျဉ်းသားကိစ္စမှာ တော်တော် အရေးပါလာတာ တွေ့ရပါတယ်။

သာမန်အားဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ကိစ္စ (power to grant amnesty) မှာသာ နိုင်ငံတော်သမ္မတဟာ ကာလုံအဖွဲ့ရဲ့ထောက်ခံချက်နဲ့အညီ လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်တယ်လို့ အခြေခံဥပဒေ ပုဒ်မ ၂၀၄(ခ)မှာဆိုထားတဲ့အတွက် ကာလုံရဲ့ အခန်းကဏ္ဍဟာ ပုဒ်မ ၂၀၄(ခ)နဲ့သာ အကျုံးဝင်တယ်လို့ နားလည်ထားကြပါတယ်။

ပုဒ်မ ၂၀၄(က) ကတော့ သမ္မတဟာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခွင့်ရှိတယ်လို့ ဆိုထားပါတယ်။ ဆိုလိုတာက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်လိုကိစ္စမှာ ကာလုံထောက်ခံချက်မလိုဘဲ သမ္မတက လုပ်ပိုင်ခွင့်ရှိသလို ဖြစ်နေပါတယ်။

ကာလုံက သမ္မတအထက်ရောက်နေ

လက်တွေ့မှာ ၂၀၁၂ ခု ဇန္နဝါရီ ၂ ရက်နေ့ထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ ခေါင်းစဉ်သာ လွှတ်ငြိမ်းချမ်းသာခွင့်အမည်တပ်ထားပေမဲ့ ပြစ်ဒဏ် သက်သာအောင် လျှော့ပေါ့တာတွေ ဖြစ်နေလို့ ပုဒ်အ ၂၀၄(က)နဲ့သာ အကျုံးဝင်တယ်လို့ ရှေ့နေအတော်များများက မှတ်ယူကြပါတယ်။

သတင်းစာမှာ အမိန့်အပြည့်အစုံထွက်လာတော့မှ ခေါင်းစဉ်က ပုဒ်မ ၂၀၄(ခ) ဖြစ်နေပီး အမိန့်စာသားက ပုဒ်မ ၂၀၄(က) ဖြစ်နေတာတွေ့ရပါတယ်။

ဒါကြောင့် ကာလုံအဖွဲ့ဟာ အခြေခံဥပဒေ ပုဒ်မ ၂၀၄(က)(ခ) ၂မျိုးလုံးကို စွက်ဘက် ကျင့်သုံးနေတဲ့အတွက် သမ္မတဥိးသိန်းစိန်ထက် ပိုပီး လက်စောင်းထက်နေတယ်လို့ ယူဆနိုင်ပါတယ်။

တည့်တည့်ပြောရရင် ကာလုံအဖွဲ့ဟာ သမ္မတ ဦးသိန်းစိန်အထက်မှာ ရှိနေတာ ထင်ရှားလာပါတယ်။ တနည်းပြောရရင် ကာလုံအဖွဲ့ဝင် ၁၁ ဦးမှာ စစ်ဗိုလ်က ၆ ဦးပါနေတာမို့ ဦးသိန်းစိန်ရဲ့အထက်မှာ အခြခံဥပဒေအရ စစ်တပ်ရှိနေတယ်လို့ ပြောနိုင်ပါတယ်။

ကာလုံမှာ စစ်တပ်က ဘာကြောင့် ၆ မဲအသာရနေလဲ

ကာလုံအဖွဲ့ဝင် ၁၁ ဦး

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၁ ဦးမှာ စစ်တပ်က ဘယ်နှစ်ဦးပါသလဲပြန်ကြည့်ရင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်-ဒု ကာကွယ်ရေး ဦးစီးချုူပ် ဒုဗိုလ်ချုပ်ကြီးစိုးဝင်း ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လှမင်း၊ ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကိုနဲ့ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီးသိန်းဌေးတို့ ၅ ဦးဟာ စစ်ယူနီဖောင်းဝတ် စစ်အရာရှိတွေဖြစ်ပါတယ်။

ဒါပေမဲ့ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင်ဦးကလဲ ကြံ့ဖွံအမတ်တွေက တင်မြှောက်တဲ့ ဒုသမ္မတမဟုတ်ဘဲ ကာကွယ်ရေးဦးစိးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ထိန်းချုပ်ထားတဲ့ ၂၅ ရာနှုန်း စစ်ဗိုလ်အုပ်စုက တင်မြှောက်တဲ့ ဒုသမ္မတမို့ အဖွဲ့ဝင် ၁၁ ဦးမှာ စစ်တပ်က ၆ မဲ အသာစီး ရထားတဲ့သဘော ဖြစ်ပါတယ်။ တွက်ကြည့်ရင် ကာလုုံရဲ့ ၅၅%က စစ်တပ်က စစ်ဗိုုလ်တွေသာ ဖြစ်နေပါတယ်။

လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ သာ ဆက်ပီး အတည်ဖြစ်နေမယ်ဆိုရင် နောင်လာမဲ့ ဒုတိယ ၅ နှစ်သက်တမ်းလွှတ်တော် တတိယ ၅ နှစ်သက်တမ်းလွှတ်တော်စတဲ့ လွှတ်တော်သက်တမ်း အသီးသီးမှာလဲ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၁ ဦးမှာ စစ်တပ်က အမြဲတန်း ၆မဲ အသာစီးရနေအုံးမယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။ ကျန်အဖွဲ့ဝင် ၅ ဦးမှာ ဒုသမတ စိုင်းမောက်ခမ်းကလွဲရင် ကျန်လေးဦးက အရပ်ဝတ်လဲထားတဲ့ စစ်ဗိုလ်လူထွက်တွေဖြစ်နေလို့ ဒီ ၅ ဦးလုံးကို အရပ်သားလို့ ထားတွက်ကြတာဖြစ်ပါတယ်။

တနည်းပြောရရင် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၁ ဦးမှာ သမ္မတက ဥက္ကဌလို့ဆိုပေမဲ့ လက်တွေ့မှာ စစ်တပ်က ၆မဲအသာစီးရထားတဲ့အတွက် တကဲ့ဆုံးဖြတ်ခွင့် အာဏာက သမ္မတ ဦးသိန်းစိန်လက်မှာမရှိဘဲ ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် လက်ထဲမှာသာ ရှိပါတယ်။ ဒါကြောင့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ကာကွယ်ရေးဦးစီးချုပ် ထိန်းချုပ်ထားတဲ့အဖွဲ့အစည်းလို့ နိုင်ငံတကာ အဖွဲ့အစည်းတချိုံက ယူဆတာ ဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံရေးအကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးနဲ့ ပတ်သက်ပီး ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ရဲ့သဘောထားဘာလဲ- သူ့သဘောနဲ့သူ ဆုံးဖြတ်နိုင်စွမ်းရှိသလား-နောက်ကွယ်မှာ ဦးသန်းရွှေရဲ့ ဩဇာလွှမ်းမိုးမှု ရှိနိုင်သလားဆိုတဲ့ အချက်တွေလဲ စဉ်းစားစရာ ဖြစ်ပါတယ်။

ကာကွယ်ရေးဦးစီးချုပ်က အာဏာသိမ်ဘို့ လိုသလား

အထူးသဖြင့် ကာကွယ်ရေးဦးစိးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ အရေးပါမှုဟာ တိုင်းပြည်မှာ အရေးပေါ်အခြေအနေ ကြေငြာတဲ့အပိုင်းမှာ ပိုပီး ပေါ်လွင်လာပါတယ်။

အရေးပေါ် အခြေအနေတောင်မှ ၂ မျိုးရှိပါတယ်။

ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ထိပါးစေမဲ့ အရေးပေါ်အခြေအနေမျိုးဆိုရင် သမတ ဦးသိန်းစိန်က အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၁ ဦးလုံးနဲ့ ညှိနေစရာမလိုဘဲ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ ဒု ကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးစိုးဝင်း၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လှမင်းနဲ့ ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီးကိုကို ၄ ဦးနဲ့ညှိပီး အရေးပေါ်အခြေအနေ ထုတ်ပြန်နိုင်တယ်လို့ အခြေခံဥပဒေမှာ ပြဌာန်းထားပါတယ်။

တနည်းပြောရရင် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လှမင်းနဲ့ ပြည်ထဲရေးဝန်ကြီး
ဒု ဗိုလ်ချုပ်ကြီးကိုကိုတို့ ၂ ဦးဟာ အရေးပေါ်အခြေအနေ ကြေငြာနိုင်တဲ့ ဝန်ကြီးတွေမို့ ဝန်ကြီးအဖွဲ့မှာတောင် တခြားဝန်ကြီးတွေထက် အာဏာပိုကြီးမားတဲ့ ဝန်ကြီးတွေ ဖြစ်လာမဲ့အဓိပ္ပါယ် ဖြစ်ပါတယ်။

နောက်အရေးပေါ်အခြေအနေကတော့ ပြည်ထောင်စုပြိုကွဲမဲ့အန္တရယ်၊ တိုင်းရင်းသားစည်းလုံးမှုပြိုကွဲမဲ့အန္တရယ်နဲ့ အချုပ်အချာအာဏာ လက်လွှတ်ရမဲ့အခြေအနေမျိုးရောက်အောင် ဆူပူသောင်းကျန်းမှုတွေဖြစ်ပီဆိုရင် သမ္မတ ဦးသိန်းစိန်က အချိန်၁ နှစ်ကြာမဲ့ အရေးပေါ်အခြေအနေ ကြေငြာပီး ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို အာဏာကြီး ၃ ရပ် လွှဲအပ်ပေးရမယ်လို့ အခြေခံဥပဒေနဲ့ ပြဌာန်းထားပါတယ်။ (အများထင်သလို ကာကွယ်ရေး ဦးစီးချုပ်က အာဏာသိမ်းစရာမလိုဘဲ အခြေခံဥပဒေအရ သမ္မတကလွှဲပြောင်း အပ်နှင်းပေးမဲ့ အာဏာကြီး ၃ ရပ်ကို လက်ခံယူဘို့ ထိုင်နေရုံသာ လိုပါတယ်)။ တနှစ်ပြည့်ပီးလို့ နောက်ထပ် အချိန်တိုးပေးဘို့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က တောင်းခံလာရင် ၆ လ သက်တမ်း ၂ ကြိမ်ထိ သမ္မတ ဦးသိန်းစိန်က တိုးပေးရမှာဖြစ်ပါတယ်။

သဘောကတော့ တိုင်းပြည်မှာ အရေးပေါ်အခြေအနေဖြစ်လာရင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ၂ နှစ်ထိ အခြေခံဥပဒေအရ တရားဝင် အာဏာသိမ်းထားခွင့်ရှိအောင် အခြေခံဥပဒေနဲ့ ကျားကန်ပေးထားတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီတဖွဲ့လုံးကို ထိန်းချုပ်ထားတဲ့ပြင် တိုင်းပြည်အာဏာကို တရားဝင် ၂ နှစ် အာဏာသိမ်းခွင့်ရှိတဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်အနေနဲ့ ဦးသန်းရွှေရဲ့ဩဇာကလွတ်အောင် ဦးနေဝင်းအပေါ် ဦးသန်းရွှေ လုပ်ခဲ့သလို ဦးသန်းရွှေနဲ့ မိသားစုကို အကျယ်ချုပ်ချတဲ့ထိ အာဏာစက်ပြဘို့ကြိုးစားမလားဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

သမတနဲ့ ကာလုံ

ဖွဲ့စည်းပုံအခြေခံဥပဒေသစ်မှာ သမတရဲ့ လုပ်ပိုင်ခွင့်နဲ့ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ လုပ်ပိုင်ခွင့်ကို အပြန်အလှန်ထိန်းကျောင်းပေးထားတယ်လို့ နယ်သာလန်နိုင်ငံအခြေစိုက် Transnational Institute (TNI) က ယူဆပါတယ်။ ဥပမာအားဖြင့် အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချတော့မယ်ဆိုရင် သမတဟာ ကာကွယ်ရေး ဦးစီးချုပ် ထိန်းချုပ်ထားတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို တိုင်ပင်ရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ (တိုင်းပြည်ရဲ့ သတ်မှတ်နေရာတွေမှာ သတ်မှတ်ကာလအတွင်း) ကာကွယ်ရေး ဦးစီးချုပ်ကို အုပ်ချုပ်ရေး အာဏာ တရားစီရင်ရေး အာဏာပေးထားမဲ့ အရေးပေါ် အခြေအနေ ကြေငြာမဲ့ ဆုံးဖြတ်ချက်မျိုးဆိုရင်လဲ သမတကသာ ဆုံးဖြတ်နိုင်ပါတယ်။

ခုလို အပြန်အလှန် ထိန်းကျောင်းပေးထားတဲ့အတွက် သမတနဲ့ ကာကွယ်ရေး ဦးစီးချုပ် ၂ ဦးအနက် တဦးဦးက အာဏာကို အလွန်အကျွံ သုံးတာမျိုးမဖြစ်ဘို့အပြင် နောက်ထပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလို အာဏာရှင်မျိုး မပေါ်အောင် တားမြစ်ထားတဲ့သဘောလို့ TNI က ယုံကြည်ပါတယ်။ ဒါမှလဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ ခြိမ်းခြောက်မှု ကင်းပြီး စိတ်ချလက်ချ တပ်က အနားယူနိုင်မှာဖြစ်တယ်လို့ပါ TNI က ယူဆပါတယ်။

စစ်အစိုးရ အခြေခံဥပဒေကိုကြည့်ရင် အုပ်ချုပ်ရေးအာဏာကို သမတ ခေါင်းဆောင်တဲ့ အစိုးရနဲ့ ကာကွယ်ရေး ဦးစီးချုပ်ထိန်းချုပ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကြား ခွဲဝေထားပါတယ်။ ဥပဒေပြုရေး အာဏာကိုတော့ ရွေးကောက်ခံ အမတ်တွေနဲ့ စစ်ဗိုလ်အမတ်တွေကြား ခွဲဝေထားပါတယ်။
စစ်တပ် ဘာကြောင့် သမ္မတအပေါ် ရောက်နေလဲ
by ခင် ရတနာ on Wednesday, January 4, 2012 at 11:02pm
http://www.facebook.com/#!/notes/%E1%80%81%E1%80%84%E1%80%B9-%E1%80%9B%E1%80%90%E1%80%94%E1%80%AC/%E1%80%85%E1%80%85%E1%80%B9%E1%80%90%E1%80%95%E1%80%B9-%E1%80%98%E1%80%AC%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B7%E1%80%B9-%E1%80%9E%E1%80%99%E1%81%BC%E1%80%90%E1%80%A1%E1%80%B1%E1%80%95%E1%81%9A-%E1%80%B1%E1%80%9B%E1%80%AC%E1%80%80%E1%80%B9%E1%80%B1%E1%80%94%E1%80%9C%E1%80%B2/170140916419708

10 comments

  • volcano101

    January 5, 2012 at 10:19 pm

    သိချင်တာများ ဂေဇတ်မှာ မေးနေသေး တယ်ဦးမင်းအောင်လှိုင်တို့ ဦးစိုးဝင်း တို့ကိုသွားမေးပါလား သူတို့အိမ်ကဝေးနေရင် ရဲစခန်းမှာသွားအော် လေ အဲ့လိုမှ အော်လို့မရ ရင် အလှူခံမန်းတပ် သွားပြီး လော်စပီကာနဲ့ အော်ခိုင်းလိုက်ရင်ပီးရော်

  • ဦးဦးပါလေရာ

    January 5, 2012 at 11:09 pm

    တကယ်တော့ သမ္မတက စစ်တပ်အောက် ရောက်နေတာပါ။
    အဲဒါကို မပြင်နိုင်မချင်း အရပ်သားအစိုးမရလက်အောက်မှာပဲ နေနေရဦးမှာပါ။

  • char too lan

    January 6, 2012 at 10:32 am

    ကရင် မယ်ဒလင် ပါပဲကွယ် …………
    ဒီတိုင်းတိုင့်တိုင် ~~~~ ဒီတိုင်းတိုင့်တိုင် ~~~~ 🙄

  • Wow

    January 6, 2012 at 6:12 pm

    ဖတ်ပေးတဲ့အတွက်ကျေးဇူးပါ ဦးဦးပါလေရာ၊ ချာတူးလန်၊ volcano101 တို့ရေ…
    သမ္မတနဲ့ ကာချုပ် အားပြိုင်ပွဲမှာ ဒေါ်စုတို့ပါလွှတ်တော်ထဲရောက်လာပြီး အကောင်းဘက်ကို အမြန်ဆုံး ပြောင်းလဲလာဖို့မျှော်လင့်ပါတယ်….
    နိုင်ငံရေးအင်အားစုခြင်းအားစမ်းကြချိန်မှာ ချိန်ခွင်လျှာညီကြဖို့နဲ့ တရားမျှတဖို့သာ…..

  • ရွှေဘိုသား

    January 6, 2012 at 6:43 pm

    အရှိန်အဝါတွေက ဦးသိန်းစိန်ကို အုပ်စိုးနေတုန်းဖြစ်မှာပါ သူတို့အထဲမှာလည်း နှစ်ဖွဲ့ကွဲနေတယ်လို့ကြားရပါတယ်

    • Wow

      January 7, 2012 at 6:30 pm

      ရွေဘိုသားရေ နှစ်ယောက်ရှိရင်သုံးဖွဲ့ကွဲတာ တို့မြန်မာကွ…. ဒီလိုနဲ့ပဲ ဒီလိုနဲ့ပဲ

  • မှော်ဆရာ

    January 6, 2012 at 6:43 pm

    နိုးဗုတ် နိုးဗုတ်လို့ ဘာမှမသိပဲ အော်နေတဲ့သူတွေကို
    ဘာလို့ နိုးဗုတ်တာလဲလို့ မေးကြည့်ဖူးတယ် ..
    မကြိုက်လို့တဲ့ ၊ ဘာလို့ မကြိုက်တာလဲ ဆိုတော့ သူတို့လုပ်တာမို့လို့တဲ့
    အဲဒီလိုပြောတာ ဥပဒေနဲ့ ကျောင်းပြီးထားတဲ့သူနော် …
    အခုလို အချက်အလက်အတိအကျနဲ့ ပြောပြီး ဒါကြောင့်မကြိုက်ဘူးဗျာ ဆိုရင် လက်ခံရမယ်ဗျာ …
    ကျွန်တော်လဲ အဲဒီ့အချက်ကို အခြေခံဥပဒေမူကြမ်းမှာထဲက ဖတ်ဖူးတယ်ဗျ….
    ကျွန်တော်လဲ သဘောမတွေ့ဘူး …
    နောက်တစ်ခုက လူ့အခွင့်အရေး (၁၀)ချက်လဲ အပြည့်အစုံမပါဘူးဗျာ….
    ဦးအောင်သင်းပြောသလိုဆိုရင်တော့ ဒါတွေက လူတွေရေးတာပါဗျာ…
    လူညီတဲ့တစ်ချိန်ကျ ဤ ကို ကျွဲ ဖတ်ကြတာပေါ့ ..
    Wow ရေးတဲ့ စာသားလေးပဲ ပြန်ရေးပြချင်တယ် ..
    နိုင်ငံရေးအင်အားစုခြင်းအားစမ်းကြချိန်မှာ ချိန်ခွင်လျှာညီကြဖို့နဲ့ တရားမျှတဖို့သာ…..

    • Wow

      January 7, 2012 at 6:43 pm

      မှော်ဆရာရေ အဓိကကတော့ စစ်တပ်က အစဉ်အလာအရ ဖြုတ်၊ထုတ်၊သတ် က လျှင်သူလုပ်ကြစတမ်း ဆိုတော့ “ယုံကြည်ခြင်း” ဆိုတဲ့ ဘာသာရပ်ကို သူတို့မသင်ခဲ့ရလို့ လို့ထင်ပါတယ်…
      ဒီတော့ နစ်ကိုးကစ်မန်း ပါတဲ့ “Birthday Girl” ဆိုတဲ့ ကားလေးထဲကလို ဘဏ်ဝန်ထမ်းတွေကို ပေးတဲ့ Trust Training လိုမျိုးပေးရင် ကောင်းမလားလို့…. တွေးကြည့်တာပါ 😀
      အဲဒီ့ကားထဲမှာတော့ ဘဏ်ဝန်ထမ်းတွေကို ထရိန်နင်ပေးတာ လူတန်းနှစ်တန်းစီရပ်နေပါတယ်. ရှေ့က သင်ပြသူက လှဲလို့ အော်လိုက်တာနဲ့ ရှေ့တန်းကလူတွေက နောက်လှည့်မကြည့်ဘဲ ယုံကြည်စွာနဲ့ နောက်ပြန်ပစ်လှဲလိုက်ရပါတယ်၊ နောက်တန်းကလူတွေကလဲ လှဲချလာသူတွေပြုတ် မကျအောင် ဆီးဖမ်းရပါတယ်…ကိုယ့်နောက်ကျောကိုလှည့်မကြည့်ပဲ ယုံကြည်စွာနောက်ပြန် ပစ်လှဲချရတာ လက်တွေ့မှာ တကယ်ခက်တဲ့ အလုပ်ပါ… ကိုယ့်နောက်ကသူကို ငါဘယ်လိုကျကျ ဆီးဖမ်းမှာပဲ ဆိုတဲ့ ယုံကြည်မှုမရှိရင် လုံးဝလုပ်လို့ မရတာပါ…..
      မြန်မာပြည်အဖို့ရာမှာတော့ ခက်ခဲဦးမဲ့ လေ့ကျင့်ခန်းပါ….

  • Wai Phyoe

    January 7, 2012 at 6:25 pm

    မြန်မာပေါ်လစီအရ လက်နက်ရှိတဲ့အဖွဲ့စီးကအထက်ကပါပဲ ထုံးစံလိုဖြစ်နေပါပြီ။

    • Wow

      January 7, 2012 at 6:52 pm

      တိုင်းပြည်ကို ချစ်တဲ့ လူတော်တွေက ထောင်ထဲမှာ….
      တိုင်းပြည်ကို မချစ်တဲ့ လူတော်တွေက နိုင်ငံခြားမှာ… (ဥမပါ…သူကြီး အဲလေ ဥပမာ သူကြီး) ဟီး.. စတာ 😀
      နင်ရယ်ငါရယ်ကလဲ တစ်နေ့တစ်နေ့ Online မှာပဲ…
      ဒါကြောင့် တိုင်းပြည်မတိုးတက်တာ
      😀 🙂 😉

Leave a Reply