တိုးတက် လာသည့် အာရှ တက္ကသိုလ်များ

breezesMay 30, 20104min733
001(2)

ဒုတိယ ကမ္ဘာ စစ်ပြီး နောက်တွင် အာရှ စီးပွား ရေး အလျင် အမြန် တိုးတက် လာသည်။ ပထမ ဂျပန်၊ တောင်ကို ရီးယား၊ ထိုင်ဝမ် တို့ ဖြစ်သည်။ ဟောင်ကောင် စင်္ကာပူ တို့ ထပ်လိုက် လာသည်။ အခု နောက်ဆုံး အိန္ဒိယနှင့် တရုတ် ပြည်မတို့ ပါဝင် လာပြီး ဂလို ဘယ် ပါဝါ ချိန်ခွင် လျှာ ကိုပါ ပြောင်းလဲ ပစ်လိုက် သည်။

ဒီ နိုင်ငံ တွေရဲ့ စီးပွား ရေး ဖွံဖြိုး တိုးတက်မှု နောက်ကွယ်မှာ အဓိက အရေးပါ မောင်းနှင် ပေးတာက ပညာ တတ် အင်အား စု (educated workforce) ဖြစ်သည်။ စီးပွား ရေးမှာ ပိုမို ဆန်းသစ် တီထွင် နိုင်ဖို့နဲ့ ပြိုင်ဆိုင် ဖို့ အတွက် ပညာရေးနဲ့ သုတေ သန လုပ်ငန်း တွေမှာ ရင်းနှီး မြှုပ်နှံ ကြရ မယ် ဆိုတာ သူတို့ နားလည် လာခြင်း ကြောင့် ဖြစ်သည်။

၁၉၆ဝ ပြည့်လွန် နှစ်များ အစမှာ ဂျပန်၊ တောင်ကို ရီးယား နဲ့ ထိုင်ဝမ် တို့က သူတို့ လူထုကို အထက် တန်း ပညာ ရေး အားလုံး တက် နိုင်အောင် အခွင့် အလမ်းတွေ ဖန်တီး ပေးသည်။  အကျိုး ရလာဒ်က  မြင်ကြ ရတဲ့ အတိုင်း မချိ မဆန့် ပင်။

ယနေ့ တရုတ်နဲ့ အိန္ဒိယ တို့ကလည်း ရည်မှန်းချက် ကြီးကြီး အာဂျင်ဒါတွေ ချမှတ်လာသည်။ နှစ်နိုင်ငံစလုံး အဆင့်မြင့် ပညာရေးကို အားသကုန် အပြိုင် တိုးချဲ့နေကြသည်။၁၉၉ဝ ပြည့်လွန် နှစ်များက စလို့ တရုတ်က ထူးထူးခြားခြားတွေ လုပ်ဆောင်ပြလာသည်။ တရုတ်ပြည်မှာ အစိုးရရဲ့ ထောက်ပံ့မှု အများဆုံးရတဲ့ တက္ကသိုလ် ၉ခု ရှိသည်။ သူတို့ကို တရုတ် ‘C 9’ ဟု ခေါ်ကြသည်။ နောက် တစ်ကမ္ဘာလုံးက အမေရိကန် အဆင့်မြင့် တက္ကသိုလ်ကြီးများကို Ivy League လို့ ခေါ်ကြသလို၊ အခု တရုတ် တက္ကသိုလ်ကြီးများကိုလည်း China’s Ivy League လို့ တင်စား ပြောတာတွေ ရှိလာသည်။

အိန္ဒိယ လူသားအရင်းအမြစ် ဖွံဖြိုးရေး ဝန်ကြီးဌာနကလည်း မကြာသေးမီက ကြေငြာသည်။ သူတို့ နိုင်ငံရဲ့ တက္ကသိုလ်တွေထဲက ၁၄ခုကို ကမ္ဘာ့ ထိပ်တန်းအဆင့် ‘world class’ ရောက်အောင် ရည်ရွယ် လုပ်ကိုင် နေတဲ့ အကြောင်း။ အခြား အာရှ စီးပွားရေး အင်အားကြီးတွေကလည်း ဘယ် နောက်ကျခံ လိမ့်မလဲ။ စင်္ကာပူက နည်းပညာနဲ့ ဒီဇိုင်း တက္ကသိုလ်သစ် တစ်ခု တည်ဆောက်ဖို့ စီမံချက် ချနေပြီ။ စင်္ကာပူ အမျိုးသား တက္ကသို်လ်ကို အမေရိကန် စတိုင် လစ်ဘရယ် arts ကောလိပ်တွေနဲ့ ချိတ်ဆက်ထား ပြီးပြီ။

ဒီ ဆောင်ရွက်ချက်တွေက ပြောနေတာရှိသည်။ အရှ အစိုးရများဟာ စက်မှု ခေတ်လွန်နဲ့ နည်းပညာ အခြေခံ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ စီးပွားရေး တိုးတက်မှုကို စဉ်ဆက်မပြတ် ထိန်းထားနိုင်ဖို့ အတွက် အဆင့်မြင့် ပညာရေး တခွင် တပြင်လုံး ရှော့ရိုက် ပြုပြင်ထားဖို့ လိုအပ်တာ သူတို့ နားလည် သဘောပေါက်တဲ့ အကြောင်း။

အာရှ တက္ကသိုလ်များတွင် သုတေသန ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး လုပ်လာသည်။ အရိုးစွဲ နေသည့် သင်ရိုး ညွွှန်းတမ်းတွေ သင်ကြားနည်းစနစ်တွေကို ပြုပြင်ပြောင်းလဲ လာကြသည်။ နိုင်ငံခြား တက္ကသိုလ် မဟာဌာနများမှ ထူးချွန်သည့် ဆရာ ဆရာမများ အပြိုင် ပင့်ဖိတ် ဆွဲဆောင် ကြသည်။ သို့နှင့်တိုင် စိန်ခေါ်မှုတွေက ဆက်ရှိနေဆဲပင်။ အခု ရာစုနှစ် အလယ်တွင် ကမ္ဘာ့ ထိပ်တန်း တက္ကသိုလ်များအကြား အာရှ တက္ကသိုလ်တွေ သေချာပေါက် ထီးထီး ရပ်နိုင်မှာလား ဆိုတာ။

အာရှ ဦးဆောင်သူများ

ရေရှည် စီးပွားရေး တည်ငြိမ် တိုးတက်ဖို့ (sustained economic growth) အတွက် ပဏာမ လိုအပ်ချက်က နိုင်ငံသား အားလုံး အဆင့်မြင့် ပညာရေး လက်လှမ်းမှီ ကြဖို့ပင်။ ဒါကို အာရှ အစိုးရတွေ နားလည် သဘောပေါက်ပြီး ဒုတိယ ကမ္ဘာစစ်လွန် ကာလတွင် စတင် လုပ်ဆောင်ခဲ့ကြသည်။

ပြီးခဲ့တဲ့ ရာစု နောက်ပိုင်း တစ်ဝက်တွင် စာတတ်မြောက်ပြီး ထရိန်နင် ကောင်းကောင်းမိထားသည့် လုပ်သား အင်အားစုက ဂျပန်နှင့် တောင်ကိုရီးယား တို့မှာ အပြောင်းအလဲတွေ ဖြစ်အောင် အများကြီး အကူအညီ ပေးခဲ့သည်။ စိုက်ပျိုးရေးမှ ကုန်ချော ထုတ်လုပ်သည့် စီးပွားရေးဆီ အရင်ဆုံး ပြောင်းနိုင်ခဲ့သည်။ နောက် အဆင့်နိမ့် ကုန်ထုတ်လုပ်မှု ကနေ၊ အဆင့်မြင့် ကျွမ်းကျင်မှု ပညာနှင့် ပေါင်းစပ် ထားသည့် ကုန်ချော ထုတ်လုပ်မှု တွေဆီ လှမ်းတက်လာသည်။

ဂျပန်ရော တောင်ကိုရီးယားပါ အစိုးရတွေက ရင်းနှီးမြှုပ်နှံမှုတွေ ပုံအောခဲ့ကြလို့၊ အဆင့်မြင့် ပညာရေးက အလျင်အမြန် အပြန့်ကျယ် သွားသည်။ ဂျပန်တွင် ၁၉၆ဝ ခုနှစ်က တက္ကသို်လ် တက်ရောက်နိုင်သည့် အသက်အရွယ်ရှိ တတိုင်းပြည်လုံး လူဦးရေရဲ့ ၉ ရာခိုင်နှုန်းသာ တက္ကသိုလ် ကောလိပ် ဝင်ရောက် နိုင်ရာက၊ ၁၉၉ဝ ကျတော့ ၄၂ ရာခိုင်နှုန်း မြင့်တက်လာသည်။ ကိုရီးယားမှာက ပို ထူးခြားသည်။ ၁၉၆ဝမှာ ၅ ရာခိုင်နှုန်း ရှိရာကနေ ၁၉၉ဝ ခုနှစ် ရောက်တော့ ၅ဝ ရာခိုင်နှုန်း အထိ တက်လာသည်။

ထိုကာလများတွင် တရုတ်နှင့် အိန္ဒိယတို့က ဓါးမ နောက်ပိတ် ခွေ ပင်။ ၁၉၉ဝ ပြည့်လွန်နှစ်များ တွင်ပင် တက္ကသိုလ် တက်လောက်တဲ့ အရွယ်ရှိ တရုတ် လူငယ်တွေ အနက် ၅ ရာခိုင်နှုန်း လောက်က အထက်တန်း ကျောင်းတွေ မှာပဲ ရှိကြပါသေးသည်။ ဘင်္ဂလားဒေရှ့်၊ ဘော့စဝါနာ တို့နှင့် အထက်တန်းကျောင်းသား အရေ အတွက်က အတူတူလောက်။ အိန္ဒိယကလည်း စစ်ပြီးခေတ် အမျိုးသား တက္ကသိုလ်တွေကို အဆင့် အတန်းမြင့်အောင် တံခါးဖွင့် ကြိုးစားပေမယ့်၊ ၁၉၉ဝ ခုနှစ် တက္ကသိုလ်တွေ ဝင်ခွင့် ရတဲ့ ကျောင်းသား အရေအတွက်က ရ ရာခိုင်နှုန်းလောက်ပဲ ရှိမည်။

၂၀၀ဝ ခုနှစ်နား ရောက်လာတော့ သူတို့ တိုင်းပြည် အမှီလိုက်မှ ဖြစ်တော့မည် ဆိုတာ တရုတ်ခေါင်းဆောင်တွေ ကောင်းကောင်း သဘောပေါက် လာသည်။ ၁၉၉၈ ခုနှစ် ပီကင်း တက္ကသိုလ် နှစ် ၁၀ဝ ပြည့် အခမ်းအနားတွင် သမ္မတ ကျန်ဇီမင်း မိန့်ခွန်း ပြောတဲ့ အခါ၊ အဆင့်မြင့် ပညာရေး ကဏ္ဍ အကြီးအကျယ် တိုးချဲ့တော့မယ့် အကြောင်း အစီအစဉ်တွေ ထည့်ပြောသွားသည်။ နောက် သူ့အစိုးရက သမိုင်းမှာ ဘယ်တုန်းကမှ မလုပ်ခဲ့ဘူးတဲ့ ပညာရေး အပေါ် အားထုတ်မှုမျိုး အလျင်အမြန် လက်တွေ့ အကောင်အထည် ဖော်ခဲ့ကြသည်။ ၂၀၀၆ ခုနှစ် တွင် အဆင့်မြင့် ပညာရေး ကဏ္ဍ တစ်ခုထဲ အတွက်ကို ဂျီဒီပီ ၁.၅ ရာခိုင်နှုန်း သုံးသည်။  အခု ၂၀၀၉ တွင် ၄.၅ ရာခိုင်နှုန်း ပိုမို သုံးစွဲသည်။

တရုတ် အစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုက ရလာဒ်တွေ တန်းထွက်လာတာတော့ မဟုတ်။ ဒယီးဒယိုင် သိုင်းကွက် နင်းသလို။ သို့သော် သမ္မတ ကျန် မိန့်ခွန်း ကြေငြာ ပြီးတဲ့နောက်၊ အဆင့်မြင့် ပညာရေး အင်စတီကျူးရှင်းတွေ ၁၀၂၂ ကနေ ၂၂၆၃ အထိ နှစ်ဆ တက် သွားသည်။ တက္ကသိုလ် တက်တဲ့ ကျောင်းသား အရေအတွက်က ၁၉၉ရ ခုနှစ်မှာ ၁ သန်း ရှိရာက၊ ၂၀၀ရ ခုနှစ် ရောက်တော့ ၅.၅ သန်း အထိ ခုန်တက် သွားသည်။ အခုတော့ တစ်ကမ္ဘာလုံးတွင် တက္ကသိုလ် ကျောင်းသား အရေအတွက် အများဆုံးက တရုတ် ပင်။

တရုတ်ရဲ့ အဆင့်မြင့် ပညာရေးနဲ့ ပတ်သက်သည့် အိပ်မက်တွေက ခရီးရှည် ချီတက်ပွဲပင်။ လက်ရှိ အရေအတွက် တိုးမြင့် လာပေမယ့်၊ တက္ကသိုလ် တက်နိုင်သည့် အသက်အရွယ်ရှိ လူငယ်ထုရဲ့ ၂၃ ရာခိုင်နှုန်း သာ ဝင်ခွင့် ရသေးသည်။ ဂျပန်က ၅၈ ရာခိုင်နှုန်း၊ ဗြိတိန်က ၅၉ ရာခိုင်နှုန်း၊  အမေရိကက ၈၂ ရာခိုင်နှုန်း တို့နှင့် နှိုင်းယှဉ်လျှင် လျှောက်ရဦးမည့် ခရီးက အဝေးကြီး။

တက္ကသိုလ် ဝင်ရောက်သည့် ဦးရေ များလွန်းလာတော့၊ အရည်အချင်းမီ ဆရာ/မ အရေအတွက်နှင့် ပညာရပ် ဆိုင်ရာ ဌာနများ အရေ အတွက်က အလျင်မီမီ မလိုက်နိုင်။ ကျောင်းသားနှင့် ဆရာ အချိုးစားက ပြီးခဲ့တဲ့ ဆယ်စုနှစ်က နှစ်ဆ တက်ခဲ့ပေမယ့်၊ ဆရာတွေကို ပို ထရိန်နင် ပေးဖို့ လိုလာပြန်သည်။ တရုတ် ခေါင်းဆောင် ပိုင်းကလည်း စီးပွားရေး ဖွံဖြိုးတိုးတက်မှု အတွက် အဆင့်မြင့် ပညာ ကောင်းကောင်းတတ်သည့် လုပ်သား အင်အားစု အရေးပေါ် လိုအပ်နေတာမို့ မီးပြင်း တိုက်ခိုင်းနေသည်။

အိန္ဒိယကလည်း ရည်မှန်းချက် ခေလှတာ မဟုတ်။ ကမ္ဘာ့ အကြီးမားဆုံး ဒီမိုကရေစီ နိုင်ငံကြီး ဖြစ်သလို၊ နောက် ဆယ်စုနှစ် နှစ်ခုလောက်အတွင်း လူဦးရေ အထူထပ်ဆုံး နိုင်ငံ ဖြစ်လာတော့မည်။ သူ့ တိုးတက်မှုနှုန်း ကိုသာ ဆက်ထိန်းထားပါက၊ ၂၀၅ဝ ခုနှစ်တွင် တရုတ်နဲ့ စီးပွားရေး အရွယ်အစားတူ ဖြစ်လာ နိုင်သည်။

စီးပွားရေး တိုးတက်မှု မီးပြင်းတိုက်ဖို့ အိန္ဒိယ လူသား အရင်းအမြစ် ဖွံ့ဖြိုးရေး ဝန်ကြီး Kapil Sibal တက္ကသိုလ် ကျောင်းသား အရေအတွက် ၂၀၂ဝ ခုနှစ်တွင် ၁၂ ရာခိုင်နှုန်းကနေ ၃ဝ ရာခိုင်နှုန်း အထိ မြှင့်ဖို့ ပစ်မှတ်ထား နေသည်။ ဒီ အရေအတွက်က နောက် ဆယ်စုနှစ်အတွင်း အိန္ဒိယ တက္ကသိုလ် ကျောင်းသား သန်း ၄ဝ ကျော် အထိ မြင့်တက် လာဖို့ ရည်ရွယ်ခြင်းပင်တည်း။

အကောင်းဆုံးများနှင့် ပြိုင်ဆိုင်ခြင်း

အဆင့်မြင့် ပညာရေး တိုးချဲ့မှုတွေ အကြီးအကျယ် လုပ်နေစဉ်မှာပဲ၊ အာရှ တက္ကသို်လ်တွေ နောက်ထပ် စိန်ခေါ် စူးစိုက် လုပ်ဆောင်နေတဲ့ ပန်းတိုင် ရှိနေသည်။ ဒါက ကမ္ဘာ့ အကောင်းဆုံး တက္ကသိုလ်ကြီးများနဲ့ ပြိုင်ဆိုင်ဖို့ သူတို့ အင်စတီကျူးရှင်တွေကို အပြတ်သ တည်ဆောက် နေခြင်းပါ။

တရုတ်၊ အိန္ဒိယ၊ စင်္ကာပူ၊ တောင်ကိုရီးယား အစိုးရများဟာ သူတို့ တက္ကသိုလ်တွေကို ထိပ်ဆုံး အဆင့် မိုးပေါ် ရောက်အောင် အသည်းအသန် ကြိုးပမ်းနေသည်။ ဘာကြောင့်လဲ ဆိုတော့ အမေရိက၊ အနောက် ဥရောပနဲ့ ဂျပန်တို့ရဲ့ စီးပွားရေး တိုးတက်မှုကို အဓိက မောင်းနှင်ပေးတာက သိပ္ပံ သုတေသန အခြေပြု တက္ကသိုလ် ကြီးတွေ ကြောင့် ဆိုတာ သူတို့ သဘောပေါက်ထား လို့ပါ။

ကမ္ဘာ့ ထိပ်တန်း တက္ကသိုလ်ကြီးတွေဟာ  သိပ္ပံ၊ စက်မှု၊ အစိုးရ အုပ်ချုပ်ရေး၊ အရပ်ဖက် လူ့အဖွဲ့ အစည်း စတဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ အတွက် ကျောင်းသားတွေကို ပညာပေးဖို့ စံပြနေရာတွေ ဖြစ်တယ် ဆိုတာ အစိုးရတွေ မြင်လာနေသည်။ ဒီ မြင့်မြတ်တဲ့ နေရာတွေမှာပဲ ပြဿနာတွေကို ဖြန့်ထွက် တွေးတော စဉ်းစားမယ့် ၊ တီထွင် ဆန်းသစ်မှုတွေ လုပ်မယ့်၊ ခေါင်းဆောင်မှုတွေ ပေးမယ့် ပညာတတ် လူရည်ချွန်တွေ ဖန်ဆင်း မွေးထုတ် ပေးနိုင်တယ် ဆိုတာ သူတို့ အသိအမှတ် ပြုလာသည်။

ဒီ လို အစိုးရ ခေါင်းဆောင်ပိုင်းက အသိအမှတ်ပြု နားလည်လာတယ် ဆိုတာ လူကြားကောင်းအောင် ဟန်ဓါတ်ခုတ် ပြနေတာမျိုးမဟုတ်။ သူတို့ ရင်ဘတ်ထဲ အတွေ့အကြုံ နဲ့ ခံစားမှုတွေ ထဲက လာတာလို့ ဆိုရမည်။ ယနေ့ တရုတ်နဲ့ အိန္ဒိယဟာ သူတို့ရဲ့ ဈေးချိုချို ပေါချောင်ကောင်း လုပ်သား အင်အားကြောင့် အခြား တိုင်းပြည်တွေနှင့် ယှဉ်ပြိုင်နိုင်သည့် စီးပွားရေး ဖွံ့ဖြိုးမှု အဆင့် ရောက်လာ ခဲ့ကြသည်။

သို့သော် အဲဒီ့ လုပ်သား ဈေးချိုမှုက စိုက်ပျိုးရေး ကဏ္ဍ အဆင့်နှင့် နေနေသမျှတော့ ရမည်။ ဂျပန်နဲ့ တောင်ကိုရီးယား မှာလို စက်မှုနဲ့ ကုန်ချော ထုတ်လုပ်မှုတွေ ကဏ္ဍတွေ အားကောင်းလာသည့် အခါ၊ ပညာတတ် လုပ်သား ပါးရှားမှု ဖြစ်လာသည်။ ပညာတတ် အဆင့်မြင့် ပညာရှင်တွေ အရမ်း ဈေးကောင်း လွန်းနေသည်။ ထို အဆင့် ရောက်လျင် ကုန်ထုတ်လုပ်မှု အသစ်တွေ၊ ဝန်ဆောင်မှု အသစ်တွေ၊ ဆန်းသစ် တီထွင်မှုတွေ မဖန်တီးနိုင်ဘဲနှင့် စီးပွားရေး တိုးတက်မှုကို ရေရှည် ထိန်းထားနိုင်ဖို့ ဒုက္ခတွေ့ကြမည်။ သိပ္ပံ တိုးတက်မှုနဲ့ အသုံးချ သုတေသန အပေါ် အခြေခံတဲ့ အသီးအပွင့် ရလာဒ်တွေ မထုတ်နိုင်ဘူး ဆိုရင်၊ ရရှိ ထားတဲ့ စီးပွားရေး တိုးတက်မှု မြောင်းထဲ ပြန်ရောက် သွားမည်။

တရုတ်မှာ လက်ရှိ မြန်နှုန်း အတိုင်း မြို့ပြ ဖြစ်ထွန်း နေလျင်၊ နောက် ဆယ်စုနှစ် နှစ်ခုလေက် အတွင်း ကုန်ချော ထုတ်လုပ်မှုများ အတွက် ဈေးပေါပေါ လုပ်သား ရဖို့ အခက်အခဲ ရှိလာမည်။ အိန္ဒိယလည်း နောက်ဆယ်စုနှစ်ဆို အဲဒီ့ အမှတ်ပွိုင့် ရောက်လာကြမည်။ ဒါကြောင့်မို့ပဲ ဒီ တိုင်းပြည် နှစ်ပြည်က ဆန်းသစ် တီထွင်မှုတွေ (innovation) အင်အားဖြည့်ဆည်းဖို့ အချိန်ယူ ဆောင်ရွက် နေကြခြင်း ဖြစ်သည်။

အခု ပြောမယ့် ဟာကို စဉ်းစားကြည့်ပါဦး။ ၁၉၅ဝ ကနေ ၁၉၉ဝ အတွင်း ဂျပန်က ဈေးပေါတဲ့ လုပ်သား အင်အားကြောင့် အမေရိကထက် ပိုမြန်မြန် တိုးတက် လာခဲ့သည်။ နောက် ဂျပန်မှာ စက်မှု လုပ်ငန်းတွေ များလာတော့၊ ဈးပေါတဲ့ လုပ်သားတွေ ခါးပြတ် ကုန်ပြီး အမေရိကထက် စီးပွားရေး နှေးသွားရသည်။  အမေရိကန် Microsoft, Netscape, Apple, Google ကုမ္ပဏီတို့သည် သိပ္ပံ သုတေသန အခြေခံပြီး၊ အောင်မြင်မှုတွေ ဖြတ်တက်နေသည်။ ဂျပန်က နောက် တစ်လှမ်း အတွက် ပြင်ဆင်ဖို့ လိုအပ်သည့် တီထွင် ဆန်းသစ်မှုတွေ အတွက် ပညာရေး ရင်းနှီးမြှုပ်နှံမှု ထပ်မအောရင် နောက်ကျ ကျန်ရစ် သွားနိုင်သည်။

ထိပ်တန်း တက္ကသိုလ် ကြီးတွေ ဖြစ်အောင် လုပ်ဖို့ ဆိုတာ လွယ်လွယ် ကူကူ မဟုတ်။ ကမ္ဘာ့ အဆင့်မှီ တက္ကသိုလ် ကြီးများသည် နယ်ပယ် အသီးသီးမှ ပညာရှင်တွေ ခေါင်းဆောင်တွေ စုစည်းရင်း သူတို့ အောင်မြင်မှု နေရာ တည်ဆောက် ယူခဲ့ရခြင်းဖြစ်သည်။

အင်္ဂလန်က အော့စဖိုဒ့်နှင့် ကိန်းဘရစ်ကို မှီဖို့ ဟားဗတ်နှင့် ယေးလ် တက္ကသိုလ်တို့မှာ ရာစုချီ အချိန်ယူခဲ့ ကြရသည်။ ၁၈၉၂ တွင် ထူထောင်သည့် စတန်းဖို့ဒ်နှင့် ချီကာဂို တက္ကသိုလ် တို့သည် ရာစုဝက်ကျော် အချိန်ယူခဲ့ ကြရသည်။ ကမ္ဘာ ထိပ်ဆုံး တက္ကသိုလ် ၂၅ခု အဆင့်ထဲ စာရင်းပေါက်အောင် ဝင်လာနိုင်သည့် အာရှရဲ့ ပထမဆုံး တက္ကသိုလ်က တိုကျို တက္ကသိုလ် ဖြစ်ပြီး၊ ၎င်းကို ၁၈၇ရ ခုနှစ်တွင် စတင် ထူထောင်ခဲ့သည်။

ထပ်ပြောရရင် ကမ္ဘာ ထိပ်တန်းဆင့် သုတေသန အလုပ်တွေ စွမ်းနိုင်တဲ့ တက္ကသိုလ်တွေ တည်ဆောက်ခြင်း ဆိုတာ အရည်အသွေး အမြင့်ဆုံး ပညာရှင်တွေ ဆွဲဆောင် ဖိတ်ခေါ် စုစည်း ထားနိုင်ခြင်း ကို ဆိုလိုသည်။ သိပ္ပံ လုပ်ငန်းတွေ အတွက် အဆင့်မြင့် ပံ့ပိုး ပစ္စည်း၊ လုံလောက်သော ငွေကြေး၊  အပြိုင်အဆို်င် လစာ နှင့် အကျိုးအမြတ် စတာတွေ လိုမည်။ အဲဒီ မျက်နှာစာ သုံးခု စလုံးအတွက် တရုတ်က ရင်းနှီး မြှုပ်နှံမှုတွေ ဆုပ်ဆုပ်ကိုင်ကိုင် ပုံအော ပစ်နေသည်။

ရှန်ဟိုင်းမြို့ တက္ကသိုလ်ကြီး သုံးခုဖြစ်တဲ့ Fudan, Shanghai Jiao Tong, Tongji တို့သည် ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်း သူတို့ တက္ကသိုလ် ပုရဝုဏ်တွေကို ဖွံ့ဖြိုးအောင် လုပ်ခဲ့ကြသည်။ တက္ကသိုလ် တစ်ခုချင်းစီမှာ ထင်ရှားတဲ့ သုတေသန ဌာနတွေ၊ စက်မှုလုပ်ငန်း ပါတနာတွေနဲ့ တွဲဖက်ထားသည်။

၁၉၉ဝ ပြည့်နှစ်များတွင် အမေရိကမှ သိပ္ပံနှင့် အင်ဂျင်နီယာ Ph.D ဘွဲ့များ ရရှိခဲ့သည့် တရုတ် ၂ဝ ရာခိုင်နှုန်း ပြည်တော် ပြန်လာခဲ့ကြသည်။ အခု ပြည်တော်ပြန် ပညာတတ် အရေအတွက်က မြင့်မားလာနေပြီး၊ အမေရိကနှင့် ယူကေ တို့တွင် လက်ချာ ရိုက်နေသည့် သူများ သွားချည်ပြန်ချည် အရှေ့နှင့် အနောက် တက္ကသိုလ်တွေ ခေါက်တုန့် ကူးနေသည်။

အိန္ဒိယလည်း ပညာတတ်တွေ ပုံအော ထွက်နေပေမယ့်၊ တရုတ် ရင်းနှီးမြှုပ်နှံသလောက် ထပ်အားစိုက် ဖို့လိုမည်။ ဒေသခံ ကုလား ပါမောက္ခတွေ ချည်း အားကိုးလွန်း မနေဘဲ၊ နိုင်ငံခြား ပါမောက္ခတွေ အလှည့်ကျ နေရာပေး ကြည့်သင့်သည်။

သုတေသနကို ဦးစားပေး

တက္ကသိုလ် မဟာဌာနတွေ ကောင်းဖို့ဆိုလျင် သက်ဆိုင်ရာ ဌာန ကိုယ်စီ သုတေသန လုပ်ငန်းများ အတွက် ငွေကြေး အလုံလောက် ချထားပေးရမည်။ သုတေသန လုပ်ငန်း မရှိတဲ့ ဘာသာရပ်ဌာနသည် လက်တွေ့ မကျတဲ့ သင်ကြားရေးမို့ ယခုခေတ် အဖို့ ရယ်စရာ ဖြစ်နေမည်။

၁၉၄၅ ခုနှစ်တွင် အမေရိကန် သမ္မတကြီး သိပ္ပံ အကြံပေး ဗန်နဗာ ဘုရ်ှ က အစီရင်ခံစာ တစ်ခု တင်ခဲ့သည်။ အခြေခံ သိပ္ပံမှာ ရှာဖွေ တွေ့ရှိမှုတွေဟာ စက်မှု နည်းပညာမှာ ဖွံ့ဖြိုးမှုတွေ အတွက် အခြေခံတွေ ဖြစ်ကြောင်း ရေးထားသည်။ သို့သော် မှတ်ချက် ပါသေးသည်။ အခြေခံ သိပ္ပံ တိုးတက်မှုမှ ရရှိသည့် စီးပွားရေး ရချက် (economic gains) များသည် အမြဲ ပုံမှန် ဖြစ်နေမှာတော့ မဟုတ်တဲ့။

ဆိုခဲ့သည့် အတိုင်း သိပ္ပံတွေ့ရှိချက်တွေက လုံးဝ မမျှော်လင့်တဲ့ ရလာဒ်များ ထုတ်ပေးသည်။ ဥပမာ၊ ၁၉၅ဝ ပြည့်လွန် နှောင်းပိုင်း လေဆာ ကို ပထမဆုံး စတီထွင်တော့၊ ဘယ်သူကမှ မျက်စိ ခွဲစိတ်မှုတွင် အသုံးတည့် နိုင်မည်ဟု တော်တော် ကြာကြာထိ မထင်ခဲ့ မိကြ။ သိပ္ပံ တွေ့ရှိမှု ကရရှိတဲ့ စီးပွားရေး အကျိုး ရလာဒ်များကို မူလ တီထွင်သည့် သိပ္ပံ ပညာရှင်တောင် မတွက်ဆ ထားတွေ ရှိတတ်သည်။ ပုဂ္ဂလိက ကုမ္ပဏီများ အနေနဲ့လည်း ကုန်ထုတ် စွမ်းအားသစ်တွေ ဖြစ်လာဖို့ ရင်းနှီးမြှုပ်နှံမှု များများ မလုပ်နိုင်။ ဒီလိုနေရာမျိုးမှာ အစိုးရတွေ ဦးဆောင် ကြဖို့ လိုအပ်သည်။

ဗန်နဗာ ဘုရှ် ရဲ့ ၁၉၄၅ အစီရင်ခံစာကြောင့် အမေရိကန် အစိုးရ က သိပ္ပံသုတေသန လုပ်ငန်းများတွင် အများကြီး ပုံအော လုပ်ကိုင်ခဲ့သည်။ ယနေ့ အထိ သူတင်ပြသည့် မူ သုံးချက် အပေါ် အခြေခံထားသည်။

ပထမ၊ အစိုးရသည် အခြေခံ သိပ္ပံ အတွက် ငွေကြေး ထောက်ပံ့ ကူညီဖို့ လုံးဝ တာဝန် ယူထားရမည်။ ။ ဒုတိယ၊ တက္ကသိုလ်များက အစိုးရ ကူညီ ထောက်ပံ့တဲ့ သုတေသန ငွေကြေး အတွက် တာဝန်ယူ အကောင် အထည် ဖော်ပေးဖို့ လုံးဝ တာဝန်ရှိသည်။ တတိယ၊ အစိုးရက သိပ္ပံ ရလာဒ် အမျိုးမျိုး အတွက် ငွေကြေး ပံ့ပိုးသော်လည်း၊ နိုင်ငံရေး စီးပွားရေး အကြောင်းပြ ဝင်ရောက် စွက်ဖက်ပိုင် ခွင့် မရှိ။ သိပ္ပံပညာ ကောင်းကျိုး ရလာဒ် အထွေထွေ အတွက် သိပ္ပံပညာရှင်များသာ ဆုံးဖြတ် လုပ်ဆောင် ခွင့်ရှိမည်။

ထို စနစ်က အဆမတန် ထူးခြားတဲ့ အောင်မြင်မှုများကို ရရှိ စေခဲ့သည်။ သုတေသန နယ်ပယ် အသီးသီးတွင် နောက်ဆုံးပေါ် အကောင်းဆုံး နည်းနာများ ထုတ်လုပ် နိုင်ခဲ့သည်။ ဘွဲ့လွန် သုတေသန သင်တန်းများ အတွက် အကျိုးအမြတ် ရရှိစေသည်။ အထက်တန်း ကျောင်းများနှင့် တက္ကသိုလ် ကောလိပ် ကျောင်းသားများ အတွက် ပြဌာန်းစာအုပ် သက်သက်မကဘဲ၊ လက်တွေ့ သိပ္ပံ ဓါတ်ခွဲ ခန်းများနှင့် လက်ပွန်းတတီး ထိတွေ့ခွင့် အမြဲ ရရှိခဲ့သည်။

ဆိုရရင် အာရှသုတေသန ဆောင်ရွက်မှုတွေမှာ ဒီလို အားပေး ထောက်ပံ့မှု အစီအစဉ်များ လုံးဝ မရှိခဲ့ပါ။ သမိုင်းကြောင်း အရကြည့်ရင် သိပ္ပံ သုတေသန အများစုဟာ တက္ကသိုလ်တွေ အစိုးရ ဓါတ်ခွဲခန်းတွေ က လာတာ မဟုတ်ဘူး။ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား တို့မှာ သုတေသန အတွက် ထောက်ပံ့ငွေတွေက အသုံးချ သုတေသနနဲ့ ဖွံ့ဖြိုးရေး (R&D) ဆီပဲ တိုက်ရိုက်သွားတာ။ အခြေခံ သိပ္ပံ အတွက် ချပေးတဲ့ ငွေကြေးက အလွန် နည်းပါးလှသည်။

ဥပမာ၊ တရုတ်မှာ R&D အသုံး စရိတ်ရဲ့ ၅ ရာခိုင်နှုန်းပဲ သိပ္ပံ ရှာဖွေမှု အတွက် သုံးစွဲသည်။ အခြား ဖွံဖြိုးပြီး နိုင်ငံများက ၁၀-၃ဝ ရာခိုင်နှုန်း သုံးစွဲသည်။ အမေရိကန် ပြည်ထောင်စုက ဂျီဒီပီ ရှယ်ယာထဲက ယူပြီး အခြေခံ သိပ္ပံ ရှာဖွေမှု အပေါ် တရုတ်ထက် ၁ဝဆ ကျော် ပို အသုံးပြုသည်။ နောက် ဂျပန်ဟာ စစ်ရေးနဲ့ မသက်ဆိုင်တဲ့ သုတေသန လုပ်ငန်းအတွက် အစိုးရ အသုံးစရိတ်က ၂၀၀၈ ခုနှစ်မှာ ၁၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။ အမေရိကက ၇၃ ရာခိုင်နှုန်း အသုံး ပြုသည်။

သို့နှင့်တိုင် အာရှ အစိုးရများဟာ R&D မှာ ဦးစားပေး ကြတာကိုတော့ သံသယ ဖြစ်စရာ မလိုပါ။ တရုတ်ရဲ့ R&D အသုံးစရိတ်က မကြာခင် နှစ်များက အလျင်အမြန် တိုးတက်လာသည်။ ၁၉၉၅ ခုနှစ်တွင် တိုင်းပြည် ဂျီဒီပီ ဝ.၆ ရာခိုင်နှုန်း သုံးစွဲရာကနေ ၂၀၀၅ ခုနှစ်တွင် ၁.၃ ရာခိုင်နှုန်း အထိ တက်လာသည်။ ဒီ သုံးစွဲမှု နှုန်းထားက ဖွံဖြိုးဆဲ နိုင်ငံကြီးများထက် နည်းနေသော်လည်းပဲ၊ မကြာခင် တက်လာဖွယ် ရှိပါသည်။

တရုတ် အစိုးရသည် ၂၀၂ဝ ခုနှစ်တွင် ဂျီဒီပီရဲ့ ၂.၅ ရာခိုင်နှုန်းကို R&D တိုးမြှင့် သုံးစွဲဖို့ လျာထားသည်။ သုတေသန တွင် ငွေကြေးပိုမို သုံးစွဲမှု အကျိုးအဖြစ် ချက်ချင်း ရလာဒ်တွေ မြင်ရတာရှိသည်။ တရုတ် သိပ္ပံနှင့် အင်ဂျင်နီယာ ဂျာနယ်များတွင် တရုတ် ပညာရှင်တို့ ဆောင်းပါး စာတမ်းများ ပုံအော ထွက်လာသည်။ သုတေသန ဆောင်းပါး၊ စာတမ်း၊ စာအုပ် အရေအတွက် တွင်တော့ အမေရိက၊ ဗြိတန်၊ ဂျာမဏီ၊ ဂျပန် တို့ကို မည်သူမှ လိုက်မမှီသေး။

ကျော်လွှားပစ်ရမည့် ဘိုင်ဟတ် အကျင့်

ပသို့ဆိုစေ နိုင်ငံတစ်နို်င်ငံ စီးပွားရေး ဖွံဖြိုးဖို့အတွက် သုတေသန လုပ်ငန်း အားကောင်းရုံနှင့် မဖြစ်သေး။ လွတ်လပ်စွာ အနှောင်အဖွဲ့ ကင်းကင်း တွေးခေါ်နိုင်စွမ်းရှိတဲ့ ပညာတတ် အင်အားစုတွေ လိုမည်။ အမြင်ကျယ်ကျယ် ဒိုင်းနမစ်ဖြစ်တဲ့ စွန့်ဦးတီထွင် အော့န်ထရာပရာနော တွေ ရှိနေဖို့ လိုမည်။

တရုတ်ခေါင်းဆောင်များ သူတို့ တက္ကသိုလ်တွေမှာ လစ်ဟာ နေတဲ့ အချက်နှစ်ချက်ကို သတိထားမိတာ ရှိသည်။ ပညာရပ် ပေါင်းစုံ ကျယ်ကျယ် ပြန့်ပြန့် လိုက်စားခွင့်ရှိမှု (multidisciplinary breadth) နှင့် ဖြန့်ကျက် ဖောက်ထွက် စဉ်းစားနိုင်ရေး အတွက် ပျိုးထောင်ပေးမှု (cultivation of critical thinking) ဆိုတဲ့ နှစ်ချက် တရုတ်တွင် လစ်ကွက် ဖြစ်နေသည်။

အစဉ်အလာ အားဖြင့် အာရှတက္ကသိုလ်များတွင် ၁၇-၁၈ အရွယ် ကျောင်းသားများ နှင့် အဆင့်မြင့် ပညာတွေ စလိုက်ကြမည်။ ပြီး အမိ တက္ကသိုလ် ရင်ခွင်က လွတ်သွားတော့ ဆက်လက် လေ့လာမှု ပြတ်သွားတတ်သည်။ ဥရောပ အမေရိက တက္ကသိုလ် ကြီးများနှင့် မတူတာက တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား တို့ရဲ့ သင်ကြားရေး နည်းနာက အလွတ်ကျက်မှတ်မှု (rote learning) ပုံစံ အပေါ် လုံးလုံး ခြေစုံပစ် အားကိုးလွန်းသည်။ ကျောင်းသားတွေက ငုတ်တုတ် အပြုခံ သင်ယူသူ သက်သက် (passive learners)။ အတန်းတွေထဲမှာ သူတို့ ပါမောက္ခ တွေကို စိန်ခေါ် ဆွေးနွေးတာ ဖြစ်တောင့် ဖြစ်ခဲ။ သင်ကြားရေးက မာတိကာတွင် ပါဝင်သမျှ အတိုင်း အပြောင်းအလဲ မရှိ။

သင်ရိုးညွှန်းတမ်းနှင့် သင်ကြားရေး နည်းနာ ကို ချည်းကပ်တဲ့ အာရှ အစဉ်အလာ ပုံစံက အင်ဂျင်နီယာတို့ အစိုးရ ဝန်ထမ်းတို့ အတွက် အလုပ်ဖြစ်ကောင်း ဖြစ်နိုင်မည်။ ခေါင်းဆောင်မှုသစ် မွေးထုတ်ဖို့နှင့် တီထွင် ဆန်းသစ်မှု အသစ်တွေ ပေါ်လာဖို့တော့ သိပ်မဟန်လှ။

တိုင်းပြည် စီးပွားရေး ရေရှည် တိုးတက်မှုကို ထိန်းပေးဖို့ လိုအပ်တဲ့ လွတ်လပ်စွာ တွေးခေါ်ဖန်တီးနို်င်မှုက အာရှ ကျောင်းသားတွေတွင် ပါးရှား ချို့တဲ့ နေတတ်သည်။ တခါတလေ ကျောင်းသားတွေရဲ့ ဘာသာရပ် တစ်ခုထဲ အထူးပြု ယူမှုက သူတို့ စိတ်ကူး တွေခေါ်မှုတွေကို တုံး သွားစေတတ်သည်။

အမေရိကန် တက္ကသိုလ်တွေ ကတော့ တက္ကသိုလ် ရောက်လာသည့် ကျောင်းသားကို အဓီက အထူးပြု ဘာသာရပ်ကြီး မရွေးချယ်မီ နှစ်နှစ် အတွင်း၊ အခြား ဘာသာရပ် မျိုးစုံ ရှာဖွေ လေ့လာခွင့် ပြုထားသည်။ ဒီ ခွင့်ပြုမှု ရည်ရွယ်ချက်က ကျောင်းသားများ ပညာ ဘာသာရပ် ပေါင်းစုံ ထိတွေ့ခွင့် ရခြင်းဖြင့်၊ သူတို့ရဲ့ ကမ္ဘာကြီး အပေါ် ကြည့်ပုံ ရှုပုံတွေကလည်း ပြောင်းလဲလာမည်။ စိန်ခေါ်လာမယ့် မမြင်နိုင်တဲ့ လက်သည်းဝှက် ပြဿနာများ အတွက် သူတို့ ကြိုတင် ပြင်ဆင်ပေးပြီးသား ဖြစ်သွားမည်။

ဘစ်ဇနက်၊ ဆေးပညာ၊ ဥပဒေ၊ အုပ်ချုပ်ရေး စတဲ့ ဘာသာရပ်များမှာ ဦးဆောင်သူ ဖြစ်လိုတဲ့ ကျောင်းသား တွေဟာ မိမိစိတ်ကို စည်းကမ်း အကျင့် တစ်ခု မွေးမြူထားဖို့ လိုမည်။ ဒါကတော့ အဆက်မပြတ် ပြောင်းလဲ နေတဲ့ အခြေအနေမှာ အဟတ် ညီညီ ညှိနှိုင်း လိုက်ပါ နေတတ်ဖို့၊ အချက် အလက်တွေကို ရင်ဆိုင်ဖို့နှင့် ပြဿနာတွေ အတွက် ဖောက်ထွက် တွေးခေါ် စဉ်းစားကြဖို့ ပင်ဖြစ်သည်။

အဲဒီ့ အကျင့်ကောင်းတွေ ထူထောင်ဖို့ ဆိုရင် ကျောင်းသားတွေဟာ ဆရာ သင်ပေးတဲ့ အချက်အလက်တွေ အပြုသဘော လက်ခံသူ (passive recipients) အဆင့်ထက် မြင့်ဖို့ လိုအပ်မည်။ ကျောင်းသားက မိမိကိုယ်တိုင် တွေးတော စဉ်းစား တတ်အောင် သင်ယူရမည်။ အော့စဖိုဒ်နှင့် ကင်းဘရစ်ချ် တို့သည် အဲဒီ သင်ကြားနည်း စနစ်ရဲ့ စံပြ သရုပ်သကန် ဖြစ်သည်။

ဆိုရရင် သင်ကြားနည်း စတိုင် ပြောင်းလဲ ရခြင်းဟာ သင်ရိုးညွှန်းတမ်း ပြောင်းလဲရခြင်းထက် ပိုခက်ပါသည်။ စာသင်ခန်းနဲ့ ကျောင်းသား အချိုးအစား၊ ဆရာတွေရဲ့ နည်းနာ အသစ်တွေကို အမြဲ ချည်းကပ် ရှာဖွေမှု စတာတွေ ရှိမည်။ ဒါကြောင့် အာရှရဲ့ အစဉ်အလာ သင်ကြားနည်း လွှမ်းမိုး ခံထားရတဲ့ တရုတ်၊ ဂျပန်၊ တောင်ကိုရီယား တို့မှာ ခေတ်သစ် သင်ကြားနည်း စနစ်တွေ အတွက် စိန်ခေါ်မှုတွေ ရှိနေသည်။

အခု ဒီ စိန်ခေါ်မှုတွေကို ဖြေရှင်း ပြောင်းလဲ ပစ်ဖို့အတွက် တရုတ်က အရမ်း စိတ်အား ထက်သန်နေပြီး၊ နိုင်ငံရပ်ခြား မှာ ပညာသင်ယူခဲ့တဲ့ ပါမောက္ခများကို မက်လုံး အမျိုးမျိုးပေး ဆွဲဆောင်နေသည်။ အနောက်မှာ အာရှ ကျောင်းသားတွေ ဆည်းပူးခွင့် ရမယ်၊ အနောက်က ကျောင်းသားတွေလည်း အာရှ တက္ကသိုလ်တွေမှာ လာရောက် လေ့လာခွင့် ရမယ်ဆိုရင် အပြောင်းအလဲတွေ ဖြစ်ဖို့ အရှိန်အဟုန် မြှင့်တင်နိုင် ကြမည်။

သို့နှင့်တိုင် တရုတ် အနေနှင့် ပညာရေး အခင်းအကျင်း တစ်ခွင်တပြင်လုံး  အပြောင်းအလဲ လုပ်ဖို့အတွက် တက္ကသိုလ်များ ဥက္ကဌ ရာထူးနှင့် ကွန်မြူနစ် ပါတီ အတွင်းရေးမှုး ရာထူး စည်းပိုင်းခြား ပစ်ဖို့လိုမည်။ နှစ်ခုစလုံး ခွကိုင် ထားလို့ မဖြစ်။ အဆင့်မြင့် ပညာရေး လုပ်ပိုင်ခွင့်ကို တက္ကသိုလ် ကောင်စီ လက်ထဲ၊ ပါမောက္ခချူပ် တို့ လက်ထဲ အပ်ထားရလိမ့်မည်။ တရုတ် တက္ကသိုလ်များ ပညာရေး ဖွဲ့စည်းပုံတွင် ပြဿနာ အခက်အခဲ ရှိနေတာကို အစိုးရကိုယ်တိုင်က ယခု အသိအမှတ်ပြုပြီး၊ ပညာရေး ဝန်ကြီးဌာနက ပြန်လည် သုံးသပ်နေသည့် အတွက် အားတက်စရာ ကောင်းပါသည်။

အရှေ့ အနောက် လက်ချင်းဆက်

လူထု၊ ကုန်ပစ္စည်းနှင့် သတင်းအချက် အလက်တို့ရဲ့ စီးဆင်းမှု အဟန့် အတားတွေ တစစ လျော့ကျ ကုန်ပြီ။  ဒီတော့ စီးပွားရေး ဖွံဖြိုးမှု တိုးတက်လာတာနဲ့ အမျှ၊ အာရှ နိုင်ငံတွေ အနေနဲ့ တက္ကသိုလ်ကြီး တွေကို ထိပ်တန်း ရောက်အောင် ဆက်ဖန်တီးဖို့ လိုအပ်လာပါပြီ။

အာရှတွေ အနေနဲ့ တက္ကသိုလ် ရင်းမြစ်တွေကို တန်ဖိုးထားပြီး တိုးတက် မြင့်မားအောင် လုပ်မယ်၊ ကမ္ဘာအနှံ့က အသိပညာ ပါရမီ ဇ ရှိသူတို့တွေနဲ့ မိတ်ဖွဲ့မယ်၊ လွတ်လပ်စွာ ဖော်ပြခွင့် စူးစမ်းခွင့်တွေ အားပေးမယ် ဆိုရင်၊ ကမ္ဘာ့ ထိပ်တန်း တက္ကသိုလ်ကြီးတွေ ဖြစ်အောင် အောင်အောင်မြင်မြင် တည်ဆောက် နိုင်မှာ အမှန်ပါ၊။ ဒါဟာ နေ့ချင်းညချင်း ပေါ်ထွက်လာမှာတော့ မဟုတ်ဘူး။ ဆယ်စုနှစ်တွေ ကြာအောင် အချိန်ယူ အားထုတ် ကြရမည်။ သေချာတာက အရင် ရာစုများ ကထက်တော့ ပိုမြန်ဆန် နိုင်ပါသည်။

အနောက် အနေနဲ့လည်း၊ အာရှ တက္ကသိုလ်များ မြင့်တက်လာခြင်းဟာ ခြိမ်းခြောက်မှု မဟုတ်ဘဲ၊ အခွင့်အရေး တစ်ခုလို မြင်နိုင်ဖို့ လိုအပ်မည်။ ဒီနေရာမှာ အမေရိကန် ယေးလ် တက္ကသိုလ် ဘယ်လို အမြတ်တွေ ထုတ်နေသလဲပဲ စဉ်းစားကြည့်ပါ။ ထင်ရှားတဲ့ မျိုးရိုးဗီဇ ပညာရှင် Tian Xu နဲ့ သူ့အဖွဲ့ဟာ ယေးလ် တက္ကသိုလ် ဓါတ်ခွဲခန်း တွေနဲ့ ရှန်ဟိုင်း ဖူဒန် တက္ကသိုလ် ဓါတ်ခွဲခန်းတွေ အကြား အချိန် ခွဲပြီး လူးလား ခေါက်ပြန် ပြေးနေကြသည်။

နောက် ကျော်ကြားတဲ့ ယေးလ် တက္ကသိုလ်က အပင်တွေရဲ့ ဇီဝဗေဒ ပါမောက္ခ Xing Wang Deng ဟာ ပီကင်း တက္ကသိုလ်နှင့် ပူးတွဲ အလုပ် လုပ်နေသူ ဖြစ်သည်။ သူတို့ နှစ်ယောက် ကိစ္စကို ကြည့်ရင်၊ တရုတ်က ယေးလ် တက္ကသိုလ်က အကျော် အမော်တွေကို နေရာပေးပြီး၊ သုတေသန ဝန်ထမ်းတွေ အဖြစ်ခန့်ထားသည်။ ငယ်ရွယ်တဲ့ တရုတ် ပါမောကဃတွေ ဘွဲ့လွန် ကျောင်းသားတွေကို ယေးလ်က ဆရာများနဲ့ ပူးပေါင်း အလုပ် လုပ်ခိုင်း ခြင်း ဖြစ်သည်။ နှစ်ဦး နှစ်ဘက် အကျိုး အမြတ် ရှိသည်ဟု ဆိုရမည်။

နောက် အရှေ့ အနောက် ကျောင်းသားများ အကြား အိုင်ဒီယာ ဖလှယ်ရေး အစီအစဉ်များ ဆောင်ရွက် ကြဖို့ လည်းလိုသည်။ ဂလိုဘယ်လိုက်ဇေးရှင်းက မတူကွဲပြားတဲ့ ယဉ်ကျေးမှုများ ဖလှယ်မှု အတွေ့အကြုံတွေကို အလေးကဲစေသည်။ ဒါကြောင့်ပင် အာရှ တက္ကသိုလ်များ တိုးတက် လာတာနှင့် အမျှ အရှေ့ အနောက် ကျောင်းသားများရဲ ့ ယဉ်ကျေးမှု အတွေ့အကြုံ အိုင်ဒီယာ ဖလှယ်ရေး အစီအစဉ်တွေ ပိုများလာသည်။

နောက်ဆုံး ပြောရလျှင် ကမ္ဘာအနှံ ယဉ်ကျေးမှု တိုးတက်လာခြင်းသည် အရည်အချင်း ပြည့်မီသော ကုန်ထုတ်စွမ်းအား မြှင့်တင်နိုင်သော နိုင်ငံသားများ နေရာတိုင်းတွင် ပေါ်ထွန်း လာစေခြင်းဖြစ်သည်။ ကမ္ဘာ ဂြိုဟ်၏ ကံကြမ္မာသည် လူ့အဖွဲ့ အစည်းတိုင်းရဲ့ ပြဿနာကို နယ်စပ် ဖြတ်ကျော် ပူးပေါင်း ဖြေရှင်းကြမည့် လူသားထု အပေါ် တည်မှီနေသည်။

နာတာရှည် ဆင်းရဲမွဲတေမှု၊ ရောဂါဘယ ပြန့်နှံမှု၊ နူကလီးယား လက်နက် ပြန့်နှံမှု၊ သန့်ရှင်းတဲ့ သောက်သုံးရေ ပြတ်လတ်မှု၊ ကမ္ဘာကြီး ပူနွေးလာမှု တို့သည် နယ်စည်းမခြား ပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ပါသတည်း။ အဆင့်မြင့် ပညာတတ် နိုင်ငံသားများ တွေးတော ဆင်ခြင် အမျှော်အမြင် ကြီးသည့် ခေါင်းဆောင် ကောင်းများ ကသာ ကမ္ဘာကြီး အနာဂါတ်ကို ကယ်တင် နိုင်ပါလိမ့်မည်။

Richard C Levin သည် အမေရိကန် စီးပွားရေး ပညာရှင်ဖြစ်ပြီး၊ Yale တက္ကသိုလ် ဥက္ကဌနှင့် အမေရိကန် တက္ကသိုလ် ကြီးများ Ivy League ရဲ့ ဥက္ကဌ လည်းဖြစ်သည်။

3 comments

  • yannaingech

    May 30, 2010 at 12:25 pm

    ကျွန်တော်တို့ဆီမှာ တက္ကသိုလ်တွေကို အစိုးရက အပြည့်အဝ ထိန်းချုပ်ထားပါတယ်။ တက္ကသိုလ်တွေမှာ သုတေသန အနည်းအကျဉ်း(အနည်းအကျဉ်း) လုပ်ပါတယ်။ ဒါပေမယ့် လုပ်သမျှသုတေသနတွေဟာ အမျှော်အမြင်ရှိရှိ မူဝါဒချပြီးလုပ်တာမဟုတ်ပါဘူး။ ပေါ်လစီလိုက်ပြီး ယောယိမ်းလိုက်၊ ဘသားယိမ်းလိုက်။ ပေါ်လစီတစ်ခု ခေတ်ကုန်သွားရင် လုပ်ထားသမျှ သုတေသနတွေကို ချောင်ထဲပို့လိုက်ပါတယ်။ နောက်ပေါ်လစီတစ်ခုနဲ့ နောက်သုတေသနတွေ…။ ပြီးတော့ သုတေသနတွေ လုပ်တိုင်းမှာ မဖြစ်ညစ်ကျယ်ငွေကြေးလေးနဲ့။ တစ်ခါတလေ လုပ်တဲ့ပညာရှင်တွေကဘဲ အိတ်စိုက်။ အဲဒီလိုနဲ့ ကျွန်တော်တို့ဆီမှာ သုတေသနတွေလုပ်တာဟာ ဘာသုတေသနမှ မလုပ်တာနဲ့ အတူတူပဲ ဖြစ်လို့နေပါတော့တယ်။

  • breezes

    May 30, 2010 at 3:16 pm

    ဆိုလိုတာကဗျာ … ကျနော်တို့ ဘာတွေ အတုယူသင့်လဲ အတုယူသင့်တာကို အတုယူဆောင်ရွက်ဖို့ပါပဲ။
    ကျနော်တို့ ဘာတွေ ပြင်ဆင်သင့်လဲ …. ပြင်ဆင်သင့်တာကို ပြင်ဆင်ဖို့ပါ။
    အိုကေ … ခင်ဗျားတို့ကို ဒါတွေပြောပြနေလို့ ကျနော့်ကို မေးစရာရှိတယ်။
    မင်းရော ဘာလုပ်ပြီးပြီလဲ …?
    ဟုတ်ကဲ့ပါ ကျနော်လဲ ကြိုးစားနေပါတယ်။ ကြားဖူးနားဝ စကားတခွန်းလိုပေ့ါဗျာ။
    အုတ်တချပ်၊ သဲတပွင့် ဖြစ်ခွင့်ရမယ်ဆိုရင် ကျေနပ်ပါပြီ။ 😀
    ဒီဆောင်းပါးကို ရေးသားဖော်ပြရခြင်းက ကျနော်တို့ ဘာလုပ်ကြမှာလဲ …?
    ဘာတွေ ဆက်ပြီး ဖြစ်ကြဦးမှာလဲ …?
    ကဲ … ယဉ်ကျေးစွာနဲ့ ဆက်ပြီး ဆွေးနွေးကြည့်ကြပါဦးဗျာ ….။

    လေပြေလေး
    http://www.breeze.mmgenius.com

  • MandalayThar

    June 1, 2010 at 4:27 am

    ပွင့်ပွင့်လင်းလင်း ဆွေးနွေးရရင်။ ကို့ယ် မျိုးဆက်ကို ဒါမျိုးအဆင့်ရှိရှိ တကသိုလ်တွေကို ရောက်အောင်ထားရမှာဘဲ။ (ကိုယ့်ခေတ်ကတော့ သွားပြီးဗျာ။ ပညာရေးအကြောင်း ပြောတိုင်းရင်ထဲမှာ နာတယ်။ ငါ့သားသမီးဒါမျိုးတော့ အဖြစ်မခံစေချင်ဘူး။ )
    အဲတော့ ဘာစီမံကိန်းမှ မရှိသေးတဲ့။ နေရာမှ နေမှာလား။ ဒီလို တကလိုလ်တွေနဲ့ နီးတဲ့နေရာမှာ ကိုမျိုးဆက်သစ်အတွက် ကိုယ်ကသွားထားပေး မှာလားဗျာ။ ဖြေကတော့ရှင်းနေတယ်။ အနီးဆုံးနေရာကို ကိုယ်အရောက်သွားထားပေးဖို့ဘဲ။

Leave a Reply