ဤ ပုံကိုကြည့် ၍ ဇာတ်လမ်းလေးတစ်ပုဒ် ရေးပါ

ကမ်းစပ်က ဖိနပ်တစ်ရံ (Photo by BaBa Black)

BaBa Black ခီညား ………..
ရေးလိုက်ပြီဗျို့ …. ။ ( (၅) မှတ်တော့ ရပြီ။ ဟီဟိ … :mrgreen: )
ဇာတ်လမ်းကိုတော့ ဒီလိုစထားပါတယ် …….. ။

+++++++++++++++++++++++++++++++

တစ်နေ့တစ်၌ ရန်ကုန်မြို့ ဆူးလေဘုရားအနီး ဘတ်စ်ကား မှတ်တိုင်တွင် အသက် (၂၅) နှစ် အရွယ်ခန့်ရှိ လူရွယ်တစ်ဦးသည် အပေါစား နှီးဦးထုပ်တစ်လုံးဖြင့် ဘတ်စ်ကား မှတ်တိုင်မှ လူများထံ လိုက်လံ တောင်းရမ်းနေသည်ကို တွေ့ရလေသည်။ ထိုလူရွယ်သည် ယောက်ျားပီသသော ခန္ဓာကိုယ် အချိုးအစား၊ ဒေါင်ကောင်းသော အရပ်အမောင်း တို့ကို ပိုင်ဆိုင်ထားလျက် အဘယ်ကြောင့် ယင်းသို့ တောင်းရမ်းနေရခြင်း ဖြစ်သည်ကို ကျွန်ုပ်အနေဖြင့် တွေးနေမိလေသည်။

များမကြာမီ အချိန်အတွင်း ထိုလူရွယ်၏ အပေါစား နှီးဦးထုပ်သည် ကျွန်ုပ်၏ ရှေ့မှောက်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့လေသည်။

‘အကိုကြီးခင်ဗျာ၊ ကျွန်တော့်ရဲ့ ချစ်သူလေး ရက်လည် ဆွမ်းသွပ်ဖို့အတွက် စေတနာရှိသလောက် စွန့်ကြဲပေးဖို့ တောင်းခံပါတယ် ခင်ဗျ’

‘ဒီမှာ မောင်ရင်ရဲ့ … မောင်ရင်အရွယ်က သန်တုန်း၊ မြန်တုန်း လုပ်နိုင်၊ ကိုင်နိုင်တဲ့ အရွယ် မဟုတ်လား။ ကိုယ်အင်္ဂါလည်း ဘာမှချို့တဲ့တာ မဟုတ်ဘဲနဲ့ သူများဆီ အခုလို လိုက်တောင်းနေရတာ မရှက်ဘူးလား’

‘ဟုတ်ကဲ့၊ စေတနာရှိသလောက် စွန့်ကြဲပေးဖို့ တောင်းခံပါတယ် ခင်ဗျ’

‘မောင်ရင် အလုပ်မရှိဘူးဆိုရင် ကျုပ် အလုပ်ရှာပေးမယ်လေ၊ မောင်ရင် အလုပ်လုပ်လို့ရလာတဲ့ ပိုက်ဆံနဲ့ မောင်ရင့် ချစ်သူလေးအတွက် ရက်လည် ဆွမ်းသွပ်ပေးမယ်ဆိုရင် ပိုပြီး မကောင်းပေဘူးလား’

‘ဟုတ်ကဲ့၊ စေတနာရှိသလောက် စွန့်ကြဲပေးဖို့ တောင်းခံပါတယ် ခင်ဗျ’

ရော် …. ခက်ပြီ။ ထိုလူရွယ်သည် ကျွန်ုပ်ဘာပြောပြော ‘ဟုတ်ကဲ့’ ဟူသော စကားလုံးနှင့် ‘စေတနာ ရှိသလောက် စွန့်ကြဲပေးဖို့ တောင်းခံပါတယ် ခင်ဗျ’ ဟူသော စကားလုံးကိုသာ တွင်တွင်ကြီး သုံးစွဲနေလေသည်။ နောက်ဆုံး၌ ကျွန်ုပ်၏ အိတ်ကပ်အတွင်းမှ ငါးရာတန် တစ်ရွက်အား ထုတ်ယူကာ ထိုလူရွယ်၏ ဈေးပေါသော ဦးထုပ်အတွင်း ထည့်လိုက်သည်။ ‘ကျေးဇူးတင်ပါတယ် ခင်ဗျ’ ဟု ပြောပြီး ထိုလူရွယ်သည် အခြားသူများထံ ဆက်လက် တောင်းခံနေလေသည်။ ကျွန်ုပ်သည် ထိုလူရွယ်အားကြည့်နေရင်း ယင်းသို့ တောင်းခံနေခြင်းသည် အကြောင်း တစ်စုံတစ်ရာ ရှိပေလိမ့်မည်ဟု တွေးနေမိတော့သည်။

+++++++++++++++++++++++++++++++
များမကြာမီ ထိုလူရွယ်သည် ၎င်း၏ ဦးထုပ်လေးအား ပိုက်ကာ ဘတ်စ်ကားမှတ်တိုင် ကျောဘက်ရှိ ပန်းခြံအတွင်းသို့ ဝင်သွားသည်ကို တွေ့မြင်လိုက်ရသည်။ ကျွန်ုပ်အထင်မှာ ထိုလူရွယ်သည် ပန်းခြံအတွင်းရှိ လူများထံမှလည်း တောင်းခံလိမ့်မည် ဟူ၍သာ ထင်မှတ်မိလေသည်။ သို့ရာတွင် ကျွန်ုပ် ထင်သကဲ့သို့ မဟုတ်ပေ။ ထိုလူရွယ်သည် ပန်းခြံအတွင်း ထိုင်ခုံတစ်ခုံပေါ်တွင် အေးဆေးစွာ ထိုင်နေသည်ကို တွေ့ရသောကြောင့် ဖြစ်လေသည်။

‘ဘယ်လိုလဲ မောင်ရင်၊ လစ်မစ် ပြည့်သွားပြီလား’

‘အော် … ကျွန်တော့် ချစ်သူလေးအတွက် ပိုက်ဆံ (၅၀၀) ထည့်ပေးတဲ့ အကိုကြီးပါလား၊ ထိုင်ပါဦးခင်ဗျ’

‘ကျုပ် မောင်ရင့်ကို နည်းနည်းလောက် မေးစရာလေးရှိလို့ လာခဲ့တာပါ’

‘အကိုကြီး မေးမယ့် မေးခွန်းကို ကျွန်တော် သိပါတယ်’

‘ဆိုစမ်းပါဦး မောင်ရင်ရဲ့’

‘ဒီလိုပါ … မင်းပုံစံနဲ့ ဒီလို လျှောက်တောင်းနေတာ ဘာကြောင့်လဲ .. လို့ မေးမှာ မဟုတ်လား’

‘အမှန်ပဲ မောင်ရင်’

ထိုလူရွယ်သည် ၎င်း၏ လွယ်အိတ်စုတ်လေး အတွင်းမှ စီးကရက် တစ်ဘူးအား နှိုက်ယူလိုက်သည်။ ယင်းနောက် စီးကရက်တစ်လိပ်အား ထုတ်ယူပြီး နှုတ်ခမ်းဖျား၌ တေ့လိုက်သည်။ လူရွယ်သည် စီးကရက်အား ဟန်ပါပါ မီးညှိပြီး တစ်ချက် ရှိုက်ဖွာလိုက်လေသည်။ ၎င်းနောက် စီးကရက်ဘူးအတွင်း စီးကရက်တစ်လိပ်အား ထပ်မံထုတ်ယူကာ ကျွန်ုပ်၏ဘက်သို့ ကမ်းပေးရင်း –

‘အကိုကြီး စီးကရက် သောက်ပါဦး’

‘နေပါစေ မောင်ရင်၊ ကျုပ် မသောက်တော့ပါဘူး’
‘ဒါနဲ့ မောင်ရင့် အကြောင်းလေးကိုလည်း ကျုပ်ကို ပြောပြပေးပါလား’

‘အကိုကြီးက စာရေး ဆရာလား’

‘ကျုပ်က စာရေးဆရာ အစစ်ကြီးတော့ မဟုတ်ပါဘူး၊ စာရေးတာကိုတော့ ဝါသနာပါတယ်’

‘ဘာပဲဖြစ်ဖြစ်ပါလေ၊ အကိုကြီးက ကျွန်တော့် ချစ်သူလေးအတွက် ပိုက်ဆံ ၅၀ဝ စွန့်လှူထားတော့ ပြောပြရမှာပေါ့။ အဲဒီလို ပြောပြဖို့ကလည်း ကျွန်တော့်အတွက် ခက်ခဲတာမှ မဟုတ်တာ’

‘ဒီလိုပါ အကိုကြီး၊ ကျွန်တော် သူတောင်းစား တစ်ယောက်လို လိုက်တောင်းနေတာဟာ ဆင်းရဲလို့ မဟုတ်ပါဘူး၊ ကျွန်တော့်မှာ အေးအေးလူလူ စားနိုင်၊ သောက်နိုင်တဲ့ အခြေအနေ ရှိပါတယ်’

‘ဒါဖြင့် ဘာလို့ လိုက်တောင်းနေရတာလဲ မောင်ရင်’

‘ဟုတ်ကဲ့ ကျွန်တော် ပြောပြပါ့မယ်၊ ကဗျာဆန်ဆန် ပြောရမယ် ဆိုရင်တော့ ‘ကမ်းစပ်က ဖိနပ်တစ်ရံ’ ကြောင့်လို့ပဲ ပြောရမှာပါပဲ’

ထိုလူရွယ်သည် ၎င်း၏အကြောင်းကို ပြောနေရင်း ၎င်း၏ တောက်ပသော မျက်ဝန်းများသည် ရီဝေ၊ ငေးငိုင်လာသကဲ့သို့ ၎င်း၏ ကြည်လင် ပြတ်သားလှသော အသံတို့သည်လည်း တစ်စတစ်စ ကြေကွဲ ဆို့နင့်လာလေသည်။ တစ်ခါတစ်ရံ ၎င်း၏ မျက်ဝန်းအစုံမှ မျက်ရည်များပင် လိမ့်ဆင်းလာသည်ကို တွေ့မြင်ရလေသည်။

ထိုလူရွယ် ပြန်လည် ပြောပြခဲ့သည်များကို ကျွန်ုပ်အနေဖြင့် ဝတ္ထုအကျဉ်း ရေးသားခဲ့၏။ အဆိုပါ ဝတ္ထုအကျဉ်းမှာ အောက်ပါအတိုင်း ဖြစ်လေသည်။

+++++++++++++++++++++++++++++++

ဝတ္ထုအကျဉ်း ….

* ချစ်သူနှစ်ယောက် ရှိခဲ့သည်။
* ကောင်လေးက ကောင်မလေးကို အချစ်ကြီး ချစ်ခဲ့သလို ကောင်မလေးကလည်း ကောင်လေးကို အချစ်ကြီး ချစ်ခဲ့သည်။
* ချစ်သူနှစ်ဦး ချိန်းတွေ့နေကျ နေရာလေးတစ်ခု ရှိသည်။ ယင်းနေရာကား ဧရာဝတီ မြစ်ကမ်းနံဘေးတွင် ဖြစ်သည်။
* ကောင်မလေး စီးနေကျ ဖိနပ်လေးမှာ အဖြူရောင် ဖိနပ်ပါးလေး ဖြစ်သည်။
* ကောင်လေးနှင့် ကောင်မလေးမှာ ငွေကြေးတောင့်တင်းသော မိသားစု အသိုင်းအဝိုင်းမှ ဖြစ်သော်လည်း သူတို့ နှစ်ဦးစလုံးသည် ရိုးရိုးကုပ်ကုပ်သာ နေထိုင်တတ်ကြလေသည်။
* တစ်နေ့သောအခါ ကောင်မလေးက ကောင်လေးကို မေးခဲ့သည်။ သူမ သေသွားပါက သူမအတွက် ဘာတွေများ ဆောင်ရွက်ပေးမည်နည်းဟု မေးမြန်းခဲ့ခြင်း ဖြစ်လေသည်။
* ကောင်လေးက အစပထမတွင် နိမိတ်မရှိသော စကားဟူ၍ လက်မခံခဲ့သော်လည်း အခါခါ မေးမြန်းလာသောအခါ သူမ သေသွားပါက လူတကာထံတွင် ပိုက်ဆံလိုက်တောင်းပြီး သူမအတွက် ကုသိုလ်တွေ ပြုလုပ်ပေးမည်ဟု ခပ်နောက်နောက် ကတိပေးခဲ့လေသည်။
* နောက်တစ်နေ့တွင် ချိန်းဆိုထားသော နေရာသို့ ကောင်လေး ရောက်သွားခဲ့သည်။ ကောင်မလေးကိုကား မတွေ့ရ။ သူမ စီးနေကျ အဖြူရောင် ဖိနပ်ပါးလေးကိုသာ ကမ်းစပ်၌ တွေ့မြင်ခွင့် ရလိုက်သည်။
* ကောင်မလေး အခါခါမေးခဲ့သော မေးခွန်းမှာ ဤသည်ကို ရည်ရွယ် မေးမြန်းခဲ့ခြင်းလော ….?
* အဘယ်ကြောင့် ကောင်မလေးသည် သူမကိုယ်သူမ အစဖျောက်ခဲ့ခြင်း ဖြစ်သနည်း။ ကောင်လေး သိခွင့်မရခဲ့ …။
* ကောင်လေး ခပ်နောက်နောက် ပေးထားခဲ့သော ကတိစကားသည် မြစ်ပြင်ကြီးအတွင်း သူမ ပျောက်ရှသွားသည့် အချိန်မှစ၍ အသက်ဝင်လာခဲ့တော့သည်။
* ကောင်လေးသည် မိမိ၏ဇာတိရပ်မြေတွင် သူမအပေါ် ပေးထားခဲ့သော ကတိကို ပေးဆပ်ခြင်းထက် အရပ်တပါးတွင် ပေးဆပ်ခြင်းကသာ ပို၍သင့်တော်မည်ဟု ထင်မိသည့်အလျောက် လစဉ် တစ်ပတ်ခန့် ဇာတိမြေကို စွန့်ခွာကာ ခရီးသွားဟန်ပြ၍ လိုက်လံ တောင်းရမ်းခဲ့လေသည်။
* တောင်းရမ်း ရခဲ့သော ငွေကြေးများကို သံဃာတော်များအား လှူဒါန်းကာ ကောင်မလေးအတွက် အမျှ ပေးဝေတတ်လေသည်။ အမျှပေးဝေလေ့ရှိသော နေရာကား ၎င်းတို့ ချိန်းတွေ့နေကျ မြစ်ကမ်းစပ် နံဘေးမှာပင် ဖြစ်လေတော့သည်။

ဤသည်မှာ ဝတ္ထုအကျဉ်းသာ ဖြစ်လေသည်။

+++++++++++++++++++++++++++++++

ကျွန်ုပ်၏ အကြောမတင်းသောလက်က အထက်ပါဝတ္ထုအား ယခုအခါတွင် အကျယ်မဖြန့်လိုတော့ပြီ။ သို့ရာတွင် အလျဉ်းသင့်ပါက ‘ကမ်းစပ်က ဖိနပ်တစ်ရံ’ ဟူသော အမည်ဖြင့် ဝတ္ထုအကျယ်ကို ရေးသား ဖော်ပြပေးသွားပါမည့်အကြောင်း ………………. ။

ယခု ဝတ္ထုသည် BaBa Black ၏ “ဟောဒီမှာ SEXY ဓါတ်ပုံလေးတွေပါဗျာ။” ဟူသော Post မှာ ပထမဆုံး ဓာတ်ပုံမှတစ်ဆင့် ပေါက်ဖွားလာခြင်း ဖြစ်ပါကြောင်း …………. ။

BaBa Black ၏ ဆိုစကားအတိုင်း ဝတ္ထုတစ်ပုဒ် ရေးသားပြီးပါပြီ ဆိုသည့်အကြောင်း ………… ။
သို့ရာတွင် ကျွန်ုပ်၏ လွန်စွာ ညံ့ဖျင်းလှသော အရေးအသားနှင့် ကောက်ရိုးမီး အရေးအသားကြောင့် ယခုဝတ္ထုအား သည်းခံ၍သာ ဖတ်ကြပါရန် ဆိုသည့်အကြောင်း …………….. ။

 

+++++++++++++++++++++++++++++++

by – မဟာရာဇာ အံစာတုံး

+++++++++++++++++++++++++++++++

10 comments

  • hmee

    January 5, 2012 at 2:19 pm

    ဇာတ်လမ်းစဉ်ထားပုံလေး တကယ်ကောင်းပါတယ်။ အားပေးသွားပါတယ်နော့်။

  • windtalker

    January 5, 2012 at 2:45 pm

    သည်ဇါတ်လမ်း ကို ရှော ့စတိုရီ ရိုက်ပြီး လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲမှာ သာ ဝင်ပြိုင်လိုက်ရလို ့ကတော့…

  • ငပေါက်ဖော်

    January 5, 2012 at 3:41 pm

    ကိုတုံးရေ..
    လေးစားသဗျာ..
    တံခါးမှုးပေးတဲ့ ဇာတ်လမ်း ဂွတ်ထ

  • နွယ်ပင်

    January 5, 2012 at 4:02 pm

    ဇာတ်လမ်းက စထားကတည်းက ဆွဲဆောင်ထားတာပဲ …
    ကိုဘလက်စပေးတဲ့ ဇာတ်လမ်းလေးပေါ့
    အားပေးသွားပါတယ် ………….

  • Thel Nu Aye

    January 5, 2012 at 4:29 pm

    အားပေးသွားပါတယ်။ ဖိနပ်တရံကနေ ဇာတ်လမ်းတပုဒ်ဖြစ်လာတာဒီဘက်ခေတ်မြန်မာဗီဒီယိုကားတွေလို ပါပဲလား။ တော်၏။

  • blackchaw

    January 6, 2012 at 12:54 pm

    ကောင်းတယ်ဗျာ။ ကိုအန်ဇာတုန်းရေ။
    ငါးမှတ် အပြည့်ရပါတယ်ဗျာ နော။

  • Onyx

    January 6, 2012 at 1:27 pm

    ကောင်းတယ်ဗျာ ။ ဖတ်လို့ကောင်းတယ် ၊

  • inz@ghi

    January 6, 2012 at 1:53 pm

    စကားစပ်လို့ဗျာ …
    ကျနော့် သူငယ်ချင်း/ဆရာ ဒါ့ပုံဆြာ ကတော့ ပုံလေးတစ်ပုံရိုက်ဖူးသဗျ…
    ပုံက ရန်ကုန် အင်းယား ကန်ဘောင်စပ်မှာ ဂျပန်ဖိနပ်နဲ့ ငှက်ပျောသီး တစ်ဖီး…ပုံ…

    အောက်မှာ ရေးထားတဲ့ စာသားက
    Goodbye cruel world
    It is better to die than eat and live as rats while others enjoys all kinds of luxuries life can offer…. absolutely NOT.
    Let’s try hard to get the prize.
    တဲ့ ….

    ဆွေးစရာ …တွေးစရာလေးတွေပါဗျာ…

    😀

  • htoosan

    January 6, 2012 at 2:33 pm

    ဦးဘလက်ပြောဘူးတဲ့
    “ဇ ရှိသူများ”

  • Harumoto

    January 6, 2012 at 2:47 pm

    ကားဂိတ်နဲ့ မှတ်တိုင်တွေမှာ တောင်းစားသူတွေကို သက်ဆိုင်ရာမှ လိုက်ဖမ်းနေတယ် လို့ကြားတယ်။
    တောင်းစားတဲ့ ပါမစ် ကို ဘယ်က ဘယ်လို ရတာလဲ….း)

Leave a Reply