လူပျိုကြီး ကိုတင်မောင်


(၁)

ပြောပြရရင်တော့ ကျုပ်ရဲ့အကြောင်းက ရယ်စရာလိုလို ဘာလိုလိုပေါ့။ ဒါပေမယ့်လို့ ကျုပ်ကတော့ တကယ်ခံစားလိုက်ရတာ ဆိုတာတော့ မယုံမရှိနဲ့ဗျ။ ကျုပ်လေ ကျုပ်ကိုယ် ကျုပ် အားမလို အားမရဖြစ်မိတာလည်း အမှန်ရယ်။ ကျုပ်လို ရပ်သိ ရွာသိ လူပျိုကြီးတစ်ယောက်အတွက်တော့ ခုကျမှ အရှက်တွေကို ဗျန်းဗျန်းကိုကွဲလို့ပေါ့။ သူ့ဘာသူ နေနေတဲ့ လူပျိုကြီးတစ်ယောက်ကို ခလုတ်တွေတိုက်ပြီး အသည်းတွေကွဲအောင် ဘာလိုများ လုပ်ရက်ကြပါလာလိမ့်။

ပြောပြရဦးမယ်။ ကျုပ်ကလည်း ရွာမှာဆို မသိသူမရှိလောက်အောင်ကို နာမည်ကျော်တာရယ်။ လယ်လေး၊ ယာလေးရှိတော့လည်း မပူရ မပင်ရ စားနိုင် သောက်နိုင် လှူနိုင် တန်းနိုင်တဲ့ အထဲမှာပါလေတော့ ရပ်ရွာက အားထားရတဲ့ လူတစ်ယောက်လို့ ပြောရင်လည်းရတယ်။ ကျုပ်လူပျိုကြီးဖြစ်ရတာလည်း တစ်ခြားတော့ ဟုတ်ဘူး။ အငယ်တွေကို ငဲ့ကွက်ရင်း တစ်နှစ်ပြီး တစ်နှစ် အချိန်တွေ ဆွဲလာလိုက်တာ ရွာမှာရှိတဲ့ အပျိုုတွေတောင် ကုန်သလောက်ရှိရော့မယ်။ စီးပွားရေးမပြေလည်လို့ ကျောင်းကို ကိုးတန်းကထွက်ပြီး ကုန်းရုန်းရှာလိုက်တာ ကျုပ်အသက် ၃၈မှ ပြည့်စုံတဲ့ သာယာတဲ့ ဘဝကိုရတာ။ မောလိုက်တာဗျာ။ တကယ်လေ။ ကျုပ်ကိုတော့ အမေက မိန်းမလေးဘာလေးယူဖို့ပြောတော့ ကျုပ်က ဖြည်းဖြည်းပေါ့ အမေရယ်လို့သာ ပြောပြီး နှစ်တွေကို ကုန်ဆုံးခဲ့ရတာပေါ့။ ခုများတော့ ဘောင်ဘင်ခတ်နေတဲ့ အသည်းကိုမှ လာလှည့်စားရတယ်လို့ လူကြားလို့မကောင်းဘူး။ ကျုပ်ရဲ့အဖြစ်ကလည်း စားရခါနည်းမှာ လက်ကပြုတ်ကျသွားတဲ့ မုန့်ကို နှာမြောစိတ်နဲ့ ငုံ့ကြည့်ရသလိုမျိုးကို ဖြစ်လို့။

ကျုပ်တို့ ရွာရဲ့ ကျေးလက်ကျန်းမာရေးဆေးခန်းကိုတာဝန်ကျ ပြောင်းလာတဲ့ ဒီဆရာမလေးရောက်လာမှ ကျုပ်အသည်းကလည်း ထောင်းထောင်းထခဲ့တာ။ မြို့က ကျန်းမာရေးဆရာမလေး လာမယ်ပြောတော့ ကျုပ်မှာလေ ပြောမပြတတ်အောင်ကို ဝမ်းသာလို့။ ဘာဖြစ်လို့လည်းဆိုတော့ ကျုပ်အမေက ခဏခဏ နေမကောင်းဖြစ်လွန်းလို့ မကြာခဏ မြို့တက်ဆေးခန်းပြရတယ်။ တစ်ခါတစ်ခါ သွားရရင်လည်း အိပ်ကပ်ထဲက ငဝိုင်းက ခုန်ထွက်တာလည်းမနည်းဘူးလေ။ အသွားစရိတ် အပြန်စရိတ်နဲ့ လူလည်းမောသေး။ သွားရတဲ့လမ်းက ဖုန်တထောင်းထောင်း။ ပြန်ရောက်ရင် လူကိုမြော့လို့။ ဒါကြောင့် ခုလို ကျန်းမာရေးဆရာမလေး ပြောင်းလာတော့ ကျုပ်မှ ဝမ်းမသာရင် ဘယ်သူတွေ ဝမ်းသာဦးမှာတုန်း။

ရွာမှာရှိတဲ့သူတွေကတော့ ဆရာမလေးလာမယ်ပြောကတည်းက တာဝန်တွေကိုဆီ ခွဲတမ်းချလို့ နေရေး ထိုင်ရေး စားရေးကအစ မလစ်ဟင်းရအောင် စီမံနေကြတာ ကျုပ်က အစ ထိပ်ဆုံးကပေါ့။ ရွာမူလတန်းကျောင်းဘေးက ကွက်လပ်လေးကို ရွာကျန်းမာရေးဆေးပေးခန်းလေးဖြစ်လာအောင် ကျုပ်ကပဲ အဘက်ဘက်က ပံ့ပိုးလို့ ဆောက်ပေးခဲ့ရတယ်။ ရွာကလူတွေကတော့ သာဓုအမောဒနာခေါ်ကြလို့ပေါ့။ ဆရာမလေး စားဖို့အတွက်တော့ ကျုပ်ကပဲ တာဝန်ယူလိုက်တယ်။ သည်တာဝန်ကိုတော့ ဘယ်သူမှ ပေးတာဟုတ်ဘူးရယ်။ ကျုပ်ဟာကျုပ်ပဲ ဇွတ်တာဝန်ပေး ကျုပ်ဟာကျုပ် ပဲ တာဝန်ယူတာ အလုပ်ကိုဖြစ်လို့။ ကျုပ်ဘာလို့ သည်လိုတွေလုပ်နေရလည်း မေးဦးမယ်လား။ ကျုပ်က ကျုပ်တွက်ကိန်းနဲ့ ကျုပ်လေ။ ဆရာမလေးက အပျိုဖြစ်တာက တစ်ကြောင်း။ ချောမောလှပတယ်ပြောတာက တစ်ကြောင်း။ ကျုပ်သည်နှစ်မှ အစွံမထုတ်။ ဘယ်နှစ်က သေချာဦးမှာတုန်း။ ရွာနားက မြက် ရွာ နွားမကြိုက်ဆိုတဲ့အတိုင်း ရွာမှာရှိတဲ့ အပျိုတွေကို ကျုပ်က နည်းနည်းလေးမှကို စိတ်မဝင်စားတာ။ ရွာကအပျိုတွေကလည်း ကျုပ်ကိုဆို ယောင်လို့တောင်လှည့်ကြည့်တာ ဟုတ်ဘူးရယ်။ လူပျိုကြီးတွေက ဇီဇာကြောင်တတ်တယ်ဆိုပြီး ရှောင်ရှောင်သွားကြတာများ ကျုပ်ရွာလမ်းမထွက်လိုက်နဲ့။ ရွာလမ်းမှာတော့ အပျိုတွေကိုချဲလို့။ တကယ်လေ။ ပြောရင်ပိုတယ်ထင်ဦးမယ်။ ကိုတင်မောင် ဆိုရင် ရွာအပျိုတောင်ရှောင် ဆိုတဲ့ စကားလေးတောင် ရွာထဲမှာ တိတ်တိတ်ပုန်းပျံ့လို့ဗျာ။ အဟုတ်ဗျ။

သည်လိုနဲ့ ဆရာမလေး ရွာကိုရောက်လာတယ် ဆိုပါတော့ ။ ဆရာမလေးရောက်တဲ့ရက်က ကျုပ်က လယ်ထဲကို ထွန်ချဖို့သွားနေတာ။ ဆိုင်းမဆင့် ဘုံမဆင့်နဲ့ ပေါက်ချလာတဲ့ဆရာမလေးကို ကျုပ်က တွေ့ချင်နေတာလည်းတစ်ပိုင်းကို သေလို့။ ကိုယ့်ထက်အရင် ဆရာမလေးကို (ခေတ်စကားနဲ့ပြောရရင်) တော်ကီပွားကြမယ့် ရွာက ကာလသားတွေကလည်း အပြိုင်အဆိုင်ကို။ ကျုပ်ညီငယ် ဖိုးမောင်လာပြောတော့မှ ကျုပ်မှာ ရွာလူကြီးအိမ်ကို ဒုံးစိုင်းပြေးရတာ။လှည်းမောင်းလို့ ထတဲ့ ဖုန်ကမှ အမြင်သဲကွဲဦးမယ်။ ဖနှောင့်နဲ့ တင်ပါးတစ်သားတည်းကိုကျလို့။

 

(၂)

          ရွာလုူကြီးအိမ်နားရောက်တော့ ရပ်ရွာက လူတွေ တစ်ရုံးရုံးနဲ့ ဆရာမလေးကရောက်နှင့်နေပြီ။ တစ်ချို့တစ်ချို့က ပြောနေကြတယ်။

“လှလိုက်တာဟယ် ချောလိုက်ပုံများတာ့ မှုန်ထလို့ ။”

“ဟုတ်ကဲ့လားဟယ် ။”

“အံမယ် ညည်းကမမြင်ရလို့ပါနော်။”

“အသားလေးတွေများ စိုလို့ဖြူလို့။ဆံပင်ကြီးကလည်း ရွာက စိမ်းမြထက်ကိုရှည်တာ ဒူးကောက်ကွေးက ိုရောက်လောက်တယ်“

 

ဆရာမလေးရဲ့ ဂုဏ်ပုဒ်တွေကိုကြားလိုက်ရတာနဲ့တင် ကျုပ်က ဒူးတွေတောင် ခိုင်ချင်တော့တာဟုတ်ဘူး။ ရင်တွေတုန်လွန်းလို့။ ရွာလူကြီးအိမ်ထဲကို အတင်းတိုးဝှေ့ပြီးဝင်သွားတော့ ကျုပ်နောက်က လူတွေရဲ့ ဖရုသ၁ဝါစာစကားတွေကို ကျုပ်ကြားလိုက်ရသေးတယ်။ ရွာလူကြီး ဦးသိန်းရွှေက ကျုပ်ကိုမြင်တော့

“ဟော ကိုတင်မောင် လာဗျာ ဒီမှာ မြို့က ဆရာမလေး တာင်ရောက်နေပြီ။  ခင်ဗျားက ဘယ်သွားနေတာတုန်း။”

“သိပါဘူးဗျာ ဆရာမလေးလာမယ်မှန်း ကျုပ်ကမသိတာ လယ်ထဲထွန်ချသွားနေတာဗျ။

အဲသည့်အချိန်ထိ ကျုပ်က ဆရာမလေးကိုကြည့်ရဲသေးတာ ဟုတ်ဘူးရယ်။

“ဆရာမလေး ဒါက။”

ကျုပ်နာမည် တင်မောင်ပါခင်ဗျ။

ကျုပ်ရဲ့ အလောသုံးဆယ် ဝင်ပြောမှုကြောင့်ထင်ရဲ့ ဦးသိန်းရွှေတောင် မျက်လုံးပြူးကြီးနဲ့ကြည့်တယ်။ ဆရာမလေးကတော့

“တွေ့ရတာ ဝမ်းသာပါတယ်”

တဲ့ ။ ဒါကမြို့ကလူတွေပြောတတ်တဲ့ စကားထင်ပါရဲ့။ ဒါနဲ့ပဲ ဆရာမလေးဖို့ကိုတော့ ကျုပ်က ကျုပ်ကြီးတော်အိမ်က အဆင်ပြေကြောင်း တစ်ကိုယ်တည်းမို့ ဆရာမလေး စိတ်အေး နားအေးနေနိုင်ကြောင်း ဆွယ်တရားတွေဟောပြီး အပါခေါ်ရတော့တာပေါ့။ ဦးသိန်းရွှေကလည်း သဘောတူတယ်။ကျုပ်ကတော့ ရတနာပုံဆိုက်ရင်တောင် သည်လောက်ပျော်မှာမဟုတ်ဘူး။ ကျုပ်ကြီးတော်က ကျုပ်ကိုသိပ်ချစ်တာဆိုတော့ ကျုပ်က ကြီးတော်ကို အပူကပ်။ ဟား ရင်ထဲမှာတော့ ဆရာမလေးကြောင်း မီးတွေတောက်နေသလိုပဲဗျ။ တကယ်လေ။ အဟုတ်။

အဲဒီအခါတုန်းက ဆရာမလေးရဲ့အထုပ်အပိုးတွေကို တွေ့ရာလှည်းကောက်ဆွဲပြီး ကျုုပ်ရဲ့ကြီးတော်အိမ်ကို အပြေးသော့လှမ်း ကျုပ်ဒုံးစိုင်းခဲ့တာလေ။ ရွာကလူတွေကတော့ မျက်စိကိုနောက်လို့ပေါ့။ ကျုပ်ရဲ့ကြီးတော်ကတော့ သူ့အိမ်ရှေ့ဆိုက်လာတဲ့ နွားလှည်းကြီးကိုကြည့်ရင်း

“ဟဲ့ တင်မောင်

လူကသာ နာမည်ကိုခေါ်နေတာ လှည်းပေါ်က ဆရာမလေးကိုကြည့်ရင်း ကြောင်နေတယ်ထင်ပါရဲ့။

 

“ကြီးတော် ဘာလုပ်နေတာလဲ ဒါရွာကိုပြောင်းလာတဲ့ ဆရာမလေကြီးတော်ရဲ့ လာကြိုဦးလေ။”

 

“ ဪ..အေးအေး။

 

ကျုပ်ကတော့ ပျော်မဆုံး မော်မဆုံး ။ ညနေစောင်းတော့ ရပ်ရွာက ဆရာမလေးစားဖို့ဆိုပြီး ပို့လိုက်တဲ့ ဟင်းတွေများ များချက်ကတော့ စားပွဲဝိုင်းတောင်မဆံ့ဘူး။ကျုပ်မှာတော့ မမောနိုင်မပန်းနိုင် ပြေးဟယ်လွားဟယ်။ ထမ်းဟယ် ပိုးဟယ်နဲ့။

 

“လူပျိုကြီး ကိုတင်မောင်တို့များ ခြေလှမ်းတွေသွက်လိုက်တာ “

လို့ ပြောစမှတ်သွင်တဲ့အထိ။ ဆရာမလေးကတော့ ရောက်စမို့ထင်ပါရဲ့ စကားတွေနည်းလိုက်တာ။ ကျုပ်ကတော့

 

“ဆရာမ စားလေ ဒါက ရွာချက် ခရမ်းချဉ်သီး ငါးပိချက်၊ ဒါက ကာလသားချက် ကြက်သားဟင်း၊ ဒါလေးက အချဉ်ဟင်း၊ ဒါက…၊။ “

 

“ဟဲ့ တင်မောင် ဆရာမလေး လွတ်လွတ်လပ်လပ်စားပါစေဟယ်။ တော်ကြာရှက်ပြီး ဆရာမလေးမစားပဲနေပါဦးမယ်။

 

“ကြီးတော်ကလဲ။”

ဆရာမလေးကတော့

“ရပါတယ်”

တဲ့။ ကြည့် ..အသံလေးကိုက ချိုလို့။ အသံကြားသနားပါစေ၊ ရုပ်မြင်ချစ်ခင်ပါစေ ဆိုတဲ့ဆုများပြည့်ချက်တော့ဗျာ။

နောက်နေ့ကစပြီး ကျုပ်ကြီးတော်အိမ်ကို ချောင်းပေါက်ခဲ့တာပေါ့။ ခါတိုင်းတော့ တစ်ပတ်နေမှ တစ်ရက်လောက်ကို အနိုင်နိုင်သွားရတာပေါ့။ ကြီးတော်ကတော့

 

“ဟဲ့တင်မောင်..နင့်အကြောင်းတွေမသိခက်မယ်..ဟိုမယ် နေရထိုင်ရ မလွတ်မလပ်ရှိနေပါဦးမယ်…။”

 

“ ဟာဗျာ ကြီးတော်အိမ်လာတာပဲဗျာ..။ “

 

“အောင်မယ် ခေါက်ထည့်လိုက်ရ..ခါတိုင်းနေ့တိုင်း ရောက်တာကျလို့။”

 

နေထွက်ရာအရပ်သည် ကိုတင်မောင်သွားရာအရပ်ဖြစ်သည်လို့ ရွာကတော့ ဆော်ကုန်ကြပြီ။ ကျုပ်ကတော့ မမှုပေါင်ဗျာ။ တစ်ရက်တော့ ကျုပ်အိမ်ကို ထမင်းစားဖိတ်ဦးမယ်လို့ တေးထားလိုက်သေးတယ်။ ဒါကိုတောင် ကြီးတော်က

 

“ဒီမှာလည်းစားနေရတာပဲတင်မောင်ရယ်။နေ့တိုင်းလည်းပို့ပေးနေတာပဲ အလကား နင်အကြောင်းကိုငါမသိရင်ခက်မယ်ချည်းလုပ်နေ”

 

လို့ ပါးစပ်ကို အမြန်ပိတ်ရသေးတယ်။ဆရာမလေးကတော့ ဘာမှပြောဘူးရယ်။ အမြဲပြုံးလို့။ အဲဒီအပြုံးကလေ ဘာတဲ့ လူတွေပြောပြောနေတဲ့ မိုနာလီဇာအပြုံးဆို မှီမယ်တောင်မထင်ဘူး။ တကယ်လေ။ အဟုတ်။

ကျုပ်တို့ရွာက ကျေးလက်ကျန်းမာရေးဆေးခန်းက အရမ်းလှတာပဲဆိုတဲ့ သတင်းကတော့ ရွာနီးချုံစပ်ကို တောမီးအလားပျံ့လို့ပေါ့။ ဆရာမလေးအကြောင်းက ပေါ်ပျူလာကိုုဖြစ်လို့။ ကျုပ်ရဲ့ ရင်ထဲမှာလည်း ဆရာမလေးကတော့ ပေါ်ပျူလာအဖြစ်ဆုံး နှလုံးခုန်သံဆိုလည်း မမှားဘူး။ ပြောရင် ပိုလိုက်တာ ကိုတင်မောင်ရာလို့ ပြောကြဦးမယ်။ ဆရာမလေးရောက်ကတည်းက အိမ်မှာ ဖင်မငြိမ်တော့တဲ့ ကျုပ်ကို ညီမတွေကတစ်မျိုး ညီတွေကတစ်မှောင့် ဝိုင်းပြောကြတာများတော့ ညံစီလို့။

(၃)

ဘာတဲ့

“ကြိုက်မရှက်။ ငိုက်မရှက်ဆိုတာ အဲဒါပြောတာပေါ့။ ဆပ်ပြာသယ် လင်ပျောက်တာကမှ မျက်စိနောက် သက်သာဦးမယ်။ အမေနော် ကိုကြီးကိုကြည့်ပြောဦး။ တော်ကြာ အပြောမနိုင်ရင်ရူးသွားလိမ့်မယ်”

အမေကတော့

“ဟဲ့ သူ့ဟာသူ ကြိုက်မရှက်ပဲဖြစ်ဖြစ် ငိုက်မရှက်ပဲဖြစ်ဖြစ် နင်တို့ကိုကြီး မိန်းမရသွားလည်းကောင်းတာပေါ့။ ငါမြေးချီရတာပေါ့”

တဲ။့ကျုပ် အမေက အဲဒီလိုပြောတော့ ကျုပ်နှုလုံးသားလေ ဆူဖြိုးလို့။ ပီတိတွေကိုဖြစ်လို့။

ဆရာမလေး ဆေးခန်းသွားပြန် အပို့အကြိုကလည်း ကျုပ်က ဘယ်သူ့မှ တာဝန်မပေးပဲ ကျုပ်ယူလိုက်တာပဲပေါ့။ ဆရာမလေးကတော့ မေးတယ်။

 

“ကိုတင်မောင် အလုပ်မလုပ်ဘူးလား”

တဲ့။ သည်လိုမေးတော့ ကျုပ်မှာ ပြာပြာသလဲလဲ ဝင်ဖြေရတယ်။

ရှိပါတယ် ဆရာမရဲ့။ “

 

“ဟိုလေ ကျွန်မကို ပို့ရကြိုရနဲ့ အလုပ်ပျက်နေပါဦးမယ် ကိုတင်မောင်။ အားမနာနဲ့နော် ဒါနဲ့လေ….ကျွန်မကို ဆရာမ ဆရာမလို့မခေါ်ပါနဲ့လား။ “

 

“ဘာဖြစ်လို့လည်း ဆရာမရဲ့။”

“ ကိုတင်မောင်က ကျွန်မထက်..။”

ဆရာမလေးကတော့ စကားကိုဆက်မပြောဘူး။ အားနာနေတယ်ထင်ပါရဲ့။

 

“ကိုတင်မောင်က ကျွန်မ အစ်ကိုအရွယ်လောက်ရှိတော့ နာမည်ခေါ်ပါလား။”

 

သေစမ်း ခုထိ ဆရာမလေး နာမည်ကိုမသိသေးဘူး။ ကျုပ်ကတော့ ညံ့ပြီးရင်းညံ့ပဲ။ အတွေ့အကြုံမရှိဘူးဆိုတာ ဒါကိုသက်သေပြတာပေါ့။

 

“ဟိုလေ…ဆရာမရဲ့ နာမည် ကျုပ်မသိ။

 

“ဟုတ်သားပဲ..ဖြူစင်သွယ်ပါ။

လှလိုက်တဲ့ နာမည်လေး။ အဲဒီနေ့ အိမ်အပြန်မှာတော့ ကျုပ်က အူတွေကို မြူးလို့။ တကယ်ပြောတာပါ။ ကျုပ်ရင်ထဲမှာတော့ ခုန်ပြီးရင်းခုန်နေတော့တာပါပဲ။

နောက်တစ်နေ့မှာတော့ ကျုပ်က အလုပ်ရှိကြောင်း သက်သေပြဖို့ မနက်လေးနာရီလောက်ကတည်းက လှည်းကောက်နေပြီ။ ကျုပ်ညီတွေကတော့ ကျုပ်ကိုကျေနပ်ကြတာဟုတ်ဘူး။ ခါတိုင်းမနက်လင်းမှ သွားလည်းရသည့် အလုပ်ကို  မနက်လေးနာရီလောက်ကတည်းက သွားဖို့တပြင်ပြင်လုပ်နေတာကို နားမလည်ဖြစ်နေကြတာ။ ကျုပ်ကတော့ အလုပ်ကြိုးစားတယ်ဆိုတာကို ပြဖို့အတွက် တစ်ညလုံးလည်း အလုပ်လုပ်လိုက်ချင်ရဲ့။

 

“ကိုကြီးကလည်း မနက်မှသွားလည်းရတာပဲ။ “

 

“ငါသွားမယ်ဆိုသွားမယ်ပေါ့။ ထကြ ဝီရီယကိုမရှိဘူး”

 

ဆိုတော့ တစ်အိမ်လုံးကို ပွက်လောရိုက်ကုန်ရော။ ကျုပ်လယ်ထဲသွားမယ်ဆိုမှတော့ အမေရော ညီမတွေရော မနေနိုင် မထိုင်နိုင်ထကြရတော့တာလေ။

“ကိုကြီးတို့များတော့ မွန်နေပြီ

 

ခေါင်းတစ်ခါခါ လုပ်နေကြတဲ့ ညီတွေ ညီမတွေကိုကြည့်ရင်း အပြစ်မမြင်မိ။ လယ်ထဲရောက်တော့လည်း စိတ်နဲ့ကိုယ်နဲ့ ကပ်တယ်လို့မရှိ။ သည်နေ့ ဆရာမလေးကို ကြီးတော်များ လိုက်ပို့မလား။ ကြီးတော်က မအားရင် ဆရာမလေး တစ်ယောက်တည်း သွားရမှပေါ့။ ဒါဆိုရင် ငဖြစ်ငတောက် သူငယ်လေးတွေ လိုက်နှောက်ယှက်ရင်တော့ ခက်ပြီ။ ခါတိုင်းလယ်တစ်ကွက်ကို ထည်တစ်ရေးဆက်ဖို့ကျုပ်က တစ်မနက်ပဲကြာတာရယ်။ ခုများတော့ နွားတွေကပဲ ပျင်းနေတာလား ကျုပ်ကပဲ ပျင်းနေတာလား။  ရွာဦးကျောင်းက ဆွမ်းစားခေါင်းလောင်းထိုးတာတောင် ထည်ရေးမပေါက်နိုင်ဘူး ။ ကျုပ်ညီ ဖိုးမောင်နဲ့ ဖိုးဆောင်တို့ကတော့ မေးေငေါ့ လက်တို့နေတာကို ကျုပ်မမြင်ချင်ယောင်ဆောင်နေလိုက်တယ်။

ဪ အချစ်အချစ် ပူလောင်လိုက်တာလို့ ညည်းလိုက်မိသေးတယ်။ တကယ်လေ။ ကျုပ်ကတော့ မရဲခဲ့တဲ့ နုတ်ကို ဘယ်လိုရဲဆေးတင်ပြီး ရင်ထဲက သည်ကောင်အကြောင်းကို ဘယ်လို ဖွင့်ပြောရမလည်း စဉ်းစားခန်းဝင်နေလိုက်တာ နေတောင်စောင်းနေပြီ။  သည်ကောင်ဆိုတာ အချစ်ပေါ့။ညီနှစ်ယောက်ကတော့ ကိုကြီးကတော့ စံပါပဲဗျာလို့ ညည်းကြတယ်။

လယ်ကပြန်တယ်ဆိုရင်ပဲ နွားတွေကို မောင်းလိုက်တာများ ခုခေတ်ကားတွေတောင်မှီပါ့မလား မသိဘူး။ ဟိုနှစ်ကောင်ကတော့ ကိုကြီး ဖြေးဖြေးလို့ အော်ယူရတဲ့အထိ။ အိမ်ရောက်တော့ ရေအမြန်ချိုး။ ထမင်းအမြန်စားတော့တာပေါ့။ တော်ကြာ ဆရာမလေးဆီကို ရောက်တာနောက်ကျနေဦးမှာ စိုးရသေးတယ်လေ။

ထမင်းစားတော့လည်း သုတ်သုတ်၊ ရေချိုးတော့လည်း သုတ်သုတ်မို့ ကျုပ်အမေက

 

 

“နောက်က ကျားမလိုက်ဘူး ဘယ်လိုဖြစ်နေတာလည်း တကယ်ပဲတော် ကျုပ် အရူးလေး မွေးမိသာ အသက်၃၈နှစ်ရောက်မှ သိရတယ်တော”

့လို့

အော်တော့တာပဲ။ ညီတွေနဲ့ ညီမတွေကတော့ တခိခိနဲ့ပေါ့။ ရယ်ကြ ရယ်ကြ မင်းတို့တွေလည်း တစ်ချိန်ကျ ကျုပ်လိုမဖြစ်ဘူးလို့ ဘယ်သူပြောနိုင်မှာလည်း။ ကျုပ်ကတော့ ကျုပ်ကြီးတော် အိမ်ကို ရောက်ချင်တာပဲ သိတာ။ ကျုပ်သည်းသည်းလှုပ်ပုံများတော့ တစ်ရွာလုံးကို မောင်းထုကြေငြာစရာမလိုပဲ လူကြီးအစ ကလေးအဆုံး ခွေးအသုဉ်းတောင် သိလောက်တယ်။ တကယ်လေ။ ပြောရင် ပိုတယ်ထင်ဦးမယ်။ ပုဆိုးအသစ်၊ အင်္ကျီအသစ်တွေချဝတ်လွန်းလို့လည်း ကျွန်းသေတ္တာထဲမှာ ကုန်သလောက်ရှိတော့မယ်။ အလှအပဆိုတာ ယောကျာ်းတွေအတွက်မလိုဘူးလို့ ပြောခဲ့တဲ့ကျုပ် ခုတော့ ပေါင်ဒါတွေလည်း လိမ်းနေရပြီလေ။ ကျုပ်ဖြတ်သွားလိုက်ရင် ခေါင်းတွေကိုး မူးပြီးကျန်ရစ်ခဲ့တာရယ်။

(၄)

ဆရာမလေးကို ကျုပ်က မေတ္တာရှိနေကြောင်းပြောဖို့ ကျုပ်က အခွင့်သာခိုက်ကိုလည်းချောင်းရသေးတာ။ ဆရာမလေး ဆေးခန်းကလည်း ရောက်ကတည်းက လူပြတ်တယ်မရှိဘူး။ နေ့လည်နေ့လည်ဆို လူနာပြ အယောင်ပြပြီး တော်ကီတွေပွားနေကြတဲ့ သကောင့်သားတွကလည်း ပုံအီလို့။ ဆရာမလေးအနားမှာ အပါးတော်ခစားနေတဲ့ ရွာက ကာလသားတွေ လက်ချိုးရေတွက်ရင် အိမ်ထောင်ရှိ ယောက်ျားတွေကလွဲရင် အကုန်လုံးလိုလိုလို့ပြောရင် လွန်လေမလားဗျာ။ တစ်ရက်တော့ ပြောကိုပြောရမယ်လို့ တေးမှတ်ရင်း ခွင်ကိုချောင်းနေခဲ့တာပေါ့။

ဆရာမလေးကလည်း ကျုပ်ကိုဆို ဂရုစိုက်သလားတော့မမေးနဲ့။ ကိုတင်မောင်ကြီး နည်းနည်းပိန်သွားသလိုပဲနော် အားဆေးလေး ဘာလေး မသောက်ဘူးလား။ ညဖက်ရေချိုးလာပုံရရင်လည်း ကိုတင်မောင် ညဖက်ကြီးရေချိုးလာတယ် အအေးတွေမိနေပါဦးမယ် စသဖြင့်  ပြောရင် ကျုပ်ကတော့ ရင်ထဲကိုနွေးလို့ပေါ့။ ဆရာမလေးနဲ့ စကားတွေပြောရင် မြို့က ဆရာမလေးရဲ့ မိသားစုအကြောင်း၊ ဆေးပညာအကြောင်း၊ ရောဂါတွေရဲ့အကြောင်းတွေက အဓိကရယ်။ အဲသည်အကြောင်းတွေပြောနေရရင် ဆရာမလေးက စိတ်ပါလက်ပါနဲ့ကိုပြောတာ။ ကျုပ်ကလည်း မညည်းမငြူ နားထောင်။ ကျေးလက်နေရွာသားဆိုတော့ ဆရာမလေးလောက်တော့ ကျုပ်က ဆေးအကြောင်းတွေကို ဘယ်သိပါ့မလဲ။ ရွာမတော့ တော်ရုံတန်ရုံ နေမကောင်းရင်တောင်မှ အင်္ဂလိပ်ဆေးသောက်ရကောင်းမှန်းတောင်သိကြတာမဟုတ်ဘူး။ နွားစာစဉ်းရင်း လက်ပြတ်ရင် အရက်ပျံထည့်ရကောင်းမှန်းလည်းမသိ။ တော်ရုံတန်ရုံဆို အချိုမှုန့်သိပ်လိုက်ကြတာချည်။ ဆရာမလေးနားက ဆေးအကြောင်းတွေကို သိရတော့ ကျုပ်အိမ်မှာတောင် အရက်ပျံတို့၊ အကိုက်အခဲပျောက်ဆေးတို့၊ နှာစေးချောင်းဆိုးပျောက်ဆေးတို့၊ အရံသင့်ရှိနေပြီ။ ဘာလေးဖြစ်လိုက်ဖြစ်လိုက် ဟိုဟာလေးနဲ့ ဒီဟာ တွဲသောက်လိုက်ပါလားလို့ ဆရာဝင်လုပ်တတ်နေပြီ။ ကွယ်ရာမှာတော့ ကျုပ်ကို ရုကမ်းတဲ့ ။ သိတယ်မို့လား။ ရမ်းကုလို့ပြောကြတာ။

ဆရာမလေးကို ကျုပ်က မေတ္တာရှိနေကြောင်းပြဖို့ ဘာမှလုပ်တတ်တာလည်းမဟုတ်တော့ ကျုပ်မှာ အခက်တွေ့နေရတာလေ။ တစ်ကို်ယ်တည်းနေတဲ့ ကြီးတော်ကိုလည်း အောင်သွယ်ခိုင်းလို့ခိုင်း။ ဆရာမလေးအတွက်ဆိုပြီး တိုလီမိုလီ စားစရာ ဝတ်စရာလေးတွေကို လက်ဆောင်ပေးတန်ပေးနဲ့ပေါ့။ အလွန်ကပ်စေးနဲခဲ့တဲ့ကျုပ်ကို ကျုပ် ညီတွေ ညီမတွေက

 

“မုန့်ဖိုးတောင်းတော့ ပိုက်ဆံကို ပိုက်ဆံမှန်းမသိတဲ့ ဟာတွေတဲ့ ။ ကိုကြီးကတော့ ဖွန်ကြောင်ပြီး အသပြာဆောင်နေတာပေါ့လေ”တဲ့။

 

ကောင်းရော။ မြို့ရောက်တုန်းရောက်ခိုက် ဆရာမလေးအတွက် ကောင်းနိုးရာရာလေးတွေ ဝယ်လာတာပါ။ ဆရာမလေး စားချင်အောင်လို့ ဝယ်လာတာပါ။ မြီု့သွားတိုင်း အိမ်အတွက် မပါရင်သာနေမယ် ဆရာမလေး အတွက်ကတော့ မမေ့ရေးချမမေ့။

ကျုပ်ရဲ့ ညီမတွေကတော့ သူတို့ကိုတောင် ဝယ်မပေးဖူးတဲ့ လုံချည်တို့ မိတ်ကပ်တို့ကို ဆရာမလေးအတွက် ဝယ်ပေးတော့ နုတ်ခမ်းတွေဆူကြတယ်။ ဆရာမလေးက ညညဆို ကြီးတော်တို့၊ ရွာကအပျိုတစ်သိုက်နဲ့ စကားဝိုင်းဖွဲ့တတ်နေပြီ။ အပျိုလေးတွေကလည်း ကျုပ်နဲ့ဆရာမလေးကို မသိမသာတစ်မျိုး သိသိသာသာတစ်မျိုး စ..ကြ နောက်ကြနဲ့ပေါ့။ ဆရာမလေးကလည်း ပထမတော့ ရှက်သွေးနီရဲနေပေမယ့်လို့ နောက်တော့လည်း နေသားကျသွားတယ်ထင်ပါရဲ့။ ကျုပ်ကတော့ သည်လို စကြနောက်ကြတိုင်း မျက်နှာကြီးကစပ်ဖြဲဖြဲဖြစ်နေမှာ အမှန်ရယ်။ တစ်ချို့က

 

“ဆရာမလေးနော် ကိုတင်မောင်က တစ်ကိုယ်တည်းလူပျိုကြီးနော် လယ်နဲ့ယာနဲ့ စိတ်ကူးမလွဲနဲ့”

ဆိုတာက တစ်မျိုး၊တစ်ချို့က

“ကိုကြီးတင်မောင် ။ “

“ဟေ။”

“ ရေတွေစီးနေပြီ။ “

“ဘာကိုပြောတာလဲဟ…။ “

“ဆရာမလေးဆီကိုလာလာလွန်လို့ ချောင်းပေါက်ပြီး ရေတွေစီးနေပြီပြောတာ။”

ဆိုတာကတစ်သွယ်ပေါ့။

 

ဟာ “ဒီကောင်မလေးတော့။” ကျုပ်ရဲ့ ရှက်ရမ်းရမ်းပုံများတော့ ချက်ချင်းထပြေးတာ ခြေချင်းတိုက်ပြီး မောက်ရက်ကိုလဲတာ ကြီးတော်နဲ့ အပျိုတစ်သိုက်ဝါးကနဲရယ်လိုက်ကြတာများ ဗျန်းဗျန်းကိုကွဲပေါ့။ ဆရာမလေးကတော့ ဘာမှမပြောဘူး။ ရယ်လို့ချည်းနေတာ။ အဲဒါကိုပဲ ကျုပ်က တစ်ပန်းသာနေပြီမဟုတ်လား။

တစ်ခါသားတော့ ဆရာမလေးက မြို့ကိုသွားဖို့ အဖော်ခေါ်တယ်။ တကယ်ဆို မိန်းမဖော်တွေအများကြီးရှိရဲ့နဲ့ ကျုပ်ကိုမှ ရွေးခေါ်တယ်ဆိုတော့ အခွင့်အရေးကတော့ ကောင်းကောင်းကြီးရနေတာမဟုတ်လား။ ဆရာမလေးက ဘာကိစ္စရှိလို့ မြို့တက်မှန်းမသိပေမယ့်လို့ ကျုပ်ကတော့ ဆရာမလေးနဲ့ လိုက်ဖို့အရေး အဝတ်အစားရွေးရ။ ဆိုင်ကယ်ဌားရနဲ့ ဗျာများနေလိုက်တာ သွက်သွက်ကိုလည်လို့ပေါ့။

အစကတော့ ရွာက ထော်လာဂျီနဲ့လိုက်မလို့စဉ်းစားမိပေမယ့်လို့ ဆရာမလေး ပင်ပန်းမှာစိုးသာကြောင့် ကျုပ်က ဆိုင်ကယ်နဲ့ပို့ပေးမယ့်လို့ပြောလိုက်တာ။

(၅)

ဆရာမလေးက

“ကိုတင်မောင်ကြီးက ဆိုင်ကယ်လည်း စီးတတ်တာပဲလား။

“ရတာပေါ့ ဆရာမရဲ့။”

“ဟော်ခေါ်ပြန်ပြီ။ ဆရာမလေးလို့မခေါ်ပါနဲ့ဆို ကိုတင်မောင်ကလဲ။ “

“နုတ်ကျိုးနေလို့ပါ ဆရာမ အဲ ဖြူ ဖြူ.ဖြူစင်။”

 

ရဲ့စွန့်ပြီး နာမည်ကို နှစ်လုံးတည်းခေါ်လိုက်တယ်။ ကျုပ်ဖြစ်နေပုံကိုကြည့်ပြီး ဆရာမလေးက ရယ်တယ်။ လှရက်လိုက်လေချင်း။ အသည်းထဲမှာကို ကလိကလိနဲ့။

အဲသည့်နေ့က တောလမ်းကျဉ်းကျဉ်းလေးမှာ ဆိုင်ကယ်လေးတစ်စီးနဲ့ ကျုပ်နဲ့ဆရာမလေးတို့ မြို့ကို သွားခဲ့ကြတာပေါ့။ ချိုင့်ကလေး ခဲကလေးတွေ့လို့ဆိုင်ကယ်ကို လီဗာလျော့ ဂီယာချိန်းလိုက်တိုင်း ဆရာမလေးရဲ့ ပခုံးနဲ့ ကျုပ်ရဲ့ကျောကိုလာလာထိတဲ့အခါ ကျုပ်လေ ကြက်တီးတွေလိုက်တာများ မပြောပါနဲ့တော့။ ဘရိတ်ဖမ်းလိုက်ရင်ပိုဆိုး။ ဆရာမလေးနားကရတဲ့ ရေမွှေးရံ့ကလည်း ကျုပ်ရဲ့နှာခေါင်းကို လာလာကစားတယ်ဗျ။ မွှေးလိုက်တာများတော့ ဥစ္စာစောင့်များ နောက်ကရောက်နေသလားမှတ်ရတယ်။ တစ်လမ်းလုံးလည်း တစ်ယောက်နဲ့ တစ်ယောက်က စကားမပြောကြဘူး။

မြို့ရောက်တော့ ဆရာမလေးဝယ်ချင်တာတွေကို စိတ်တိုင်းကျဝယ်နေတိုင်း ကျုပ်ကမမောနိုင်မပန်းနိုင် တကောက်ကောက်လိုက်လို့ပေါ့။ ဟိုသီချင်းလေးတောင် အမှတ်ရလိုက်သေးရဲ့။ ဘာတဲ့ ခွေးလေးလို ကြိုးနဲ့ဆွဲကခေါ်သွားမလား ဆိုတာလေ။ ဟုတ်တာ မဟုတ်တာတော့ အပ..ထားတာပေါ့ဗျာ။ ဆရာမလေးက ကျုပ်ကိုလည်း လက်ဆောင်ဝယ်ပေးသေးတယ်လေ။ ကျုပ်က မယူပါဘူးလို့ အတန်တန် ငြင်းတာတောင် ဇွတ်ကိုပေးနေလို့ လက်ခံလိုက်ရသေးတယ်။ ဆရာမလေးပေးတဲ့ လက်ဆောင် ဦးဂျမ်းပုဆိုးနဲ့ တက်ထရွန်ကွက် အင်္ကျီလေးကို ကျုပ်က အမြတ်တနိုးရှိလိုက်တာ မပြောပါနဲ့တော့။ ကျုပ်က ဈေးထဲက လူတွေကြည့်တဲ့ အကြည့်ကိုလည်း ကျေနပ်နေသေးတာလေ။ ကျိတ်ပြီး ပီတိတွေဖြစ်ရလွန်းလို့ ရင်တောင်နာလှပေါ့။ တကယ်လေ။ အဟုတ်။ ဈေးထဲမှာ စိတ်တိုင်းကျ (၂)နာရီလောက်လည်ပြီးမှ တစ်ခုခုစာရအောင်လေ လို့ ဆရာမလေးကပြောတယ်။ ဟုတ်သားပဲ ။ အတော်ညံ့တဲ့ ကျုပ်ပါလားလို့ ကျုပ်နဖူးကို ကျုပ်ရိုက်လိုက်ချင်တော့တယ်။

ဆရာမလေးကြိုက်တာစားရအောင်လို့ စားသောက်ဆိုင်ကြီးတစ်ခုကိုခေါ်သွားလိုက်တယ်။ တိုက်တိုက်ဆိုင်ဆိုင် ဆိုင်နာမည်က ချစ်စု ဆိုပဲ။ အချစ်တွေစုမယ့် အဓိပ္ပါယ်ပဲ မဟုတ်လား။ ထမင်းလက်ဆုံစားရတာကိုက အရသာရှိလိုက်တာ။ ဟုတ်တယ်လေဗျာ။ ခါတိုင်း ဆရာမလေးထမင်းစားရင် ကြီးတော်က ကန့်လန့် ကန့်လန့်နဲ့ကိုး။ ဆရာမလေးက မြို့ကို လာနေကြလား တို့ ကိုတင်မောင်က နှံ့ဆန့်သားပဲတို့ ချီးကျူးစကားဆိုရင် ကျုပ်က ခုံနဲ့ တင်ပါးတောင်မထိချင်တော့ဘူး။ နောက်တော့ ဖုန်းဆက်ပြီးရင်ပြန်ကြရအောင်လို့ ပြောတယ်။ လမ်းဘေး အများသုံးတယ်လီဖုန်း ဆိုင်လေးမှာ ဆရာမလေးဖုန်းပြောတော့ အလိုက်သိသိနဲ့ ကျုပ်က ကွမ်းယာဆိုင်လေးမှာ မယောင်မလည်လေးနဲ့ ကြည့်နေရတာပေါ့။  ဆရာမလေးက ဘာတွေပြောနေမှန်းတော့မသိ။ ပြောရင်းပြောရင်းနဲ့ မျက်နှာတွေ နီပြီး ဒေါသတွေထွက် နေတာလည်းမြင်ရတယ်။ စကားပြောရင် ညင်သာတဲ့ ဆရာမလေးရဲ့စကားသံတွေဟာ မာဆတ်ဆတ်ဖြစ်လာတာကိုလည်း ကြားနေရတယ်။ နာရီဝက်လောက် ဖုန်းပြောပြီးတော့ ချက်ချင်းမထသေးပဲ ထိုင်နေသေးတယ်။

ရွာ အပြန်လမ်းမှာတော့ အရမ်းနဲ့ကို ငြိမ်ချက်သားကောင်းသွားခဲ့တာပေါ့။ ဘာဖြစ်နေလဲဆိုတာကို ကျုပ်ကမသိပေမယ့်လို့ ကိုယ်ရေးကိုယ်တာ ကိစ္စဆိုတော့ မမေးရဲ့ပြန်ဘူး။ ရွာထိပ်က ကုက္ကိုပင်ကြီးနားရောက်တော့ ကိုတင်မောင် ဆိုင်ကယ်ခဏရပ်ပေးပါလားတဲ့။ ကျုပ်လည်း ချက်ချင်း ရပ်ပေးလိုက်တာပေါ။  ပြီးတော့ ဆိုင်ကယ်ဘေးနားမှာပဲ ထိုင်ချလို့ ချုံးပွဲချငိုတော့တာပါပဲ။ ကျုပ်မှာလေး အဲသည်တုန်းကပုံစံကို မြင်ရင် ရယ်ကြဦးမယ်။ ခြေမကိုင်မိ လက်မကိုင်မိနဲ့။ ဘာလုပ်လို့ ဘာပြောရမှန်းမသိတော့။ ဘာဖြစ်တာလဲလို့မေးရမှာလား။ မငိုနဲ့ တိတ်တိတ်လို့ ချော့ရမှာလား။ ရုပ်ရှင်တွေထဲကလို ပခုံးလေးထိုးပေးပြီး  အားရပါးရ ငိုခိုင်းရမှာလား။ ဟာဗျာ ခေါင်းတွေရှုပ်လိုက်တာ အရမ်းပါပဲ။

ကံဆိုးချင်တော့ ရွာမှာ အာအချောင်ဆုံး သာဒင်ဆိုတဲ့ကောင်မြင်သွားတယ်လေဗျာ။ အဲသည် ကျုပ် ငါးပါးရော ဆယ်ပါးရော အပါးနှစ်ဆယ်လောက်ပါမောက်တော့တာပေါ့။ ရွာကလူတွေက ဟုတ်တာမဟုတ်တာအပထား။ ဆူပွက်သွားအောင် သာဒင် ဘယ်လိုလုပ်လိုက်တယ်ထင်ပါသလဲ။

ဆရာမလေးကို ရွာထိပ်က ကုက္ကိုပင်ကြီးအောက်မှာ ကျုပ်က ဗလက္ကာရပြုနေပါသတဲ့ ။ ဒါကြောင့် ဆရာမလေးက ကြူကြူပါအောင်ငိုတယ်ဆိုပဲ။ ကောင်းကြရောပေါ့။ ရွာထဲကနေထွက်လာတဲ့ ဖုန်လုံးလုံးနဲ့ လူအုပ်ကြိးကိုကြည့်ရင်း ကျုပ်က ရွာကလူတွေဘာဖြစ်ကြပါလိမ့်လို့ကြောင်ကြည့်။

(၆)

သည် ဘက်ကဆရာမလေးကိုလည်း ပြာပြာသလဲလဲ။

“ဆရာမလေး အဲ ..ဖြူစင် ဘာဖြစ်တာလဲ ကိုတင်မောင်ကိုပြောစိမ်းပါ ရင်တွေပူလွန်းလို့။

ဆရာမလေးကမဖြေဘူး။ ငိုမြဲ ငိုဆဲ။ ကျုပ်ကစိတ်မရှည်တော့ ဆရာမလေးရဲ့ ပခုံးနှစ်ဖက်ကို ကိုင်လှုပ်ရင်း

“ပြောပါ ဖြူစင်ရယ် ကျုပ်ကို။”

ရွာဖက်ကိုလှည့်ကြည့်လိုက်တော့  လူအုပ်ကြီးကနဲတာမဟုတ်ဘူး။ အဲသည်အချိန်ကြမှာ ဆရာမလေးကလည်း ရွာဖက်ကိုကြည့်မိတယ် ထင်ပါရဲ့။ ဟင် ကိုတင်မောင် ရွာကလူတွေ ဒီဘက်ကိုလာနေကြတယ် ဘာဖြစ်လို့လဲ။ ကျုပ်လည်း သိဘူး..ဖြူစင်။ သေသေချာချာကြည့်လိုက်တော့မှာ  ရှေ့က သာဒင်။ နောက်က ကာလသားတွေကတော့ လက်ထဲမှာ ဒုတ်တွေ ၊ ဓါးတွေနဲ့။ ဘာဖြစ်ကြတာလဲ။ ကျုပ်အတွေးတောင်မဆုံးလိုက်ဘူး။

 

“ဟေ့ကောင် တင်မောင် လူယုတ်မာ မင်းကိုအရှင်မထားဘူး”

ဆိုတဲ့ သာဒင့်အသံ။ ကျုပ်ကို။ အနားရောက်လာတဲ့လူတွေက မပြောမဆို ခေါင်းပေါ်ကို ဒုတ်ကနဲ။

“ဟဲ့ ဟဲ့ မလုပ်ပါနဲ့ လုပ်ကြပါဦးတောကျုပ်သားလေးကိုကယ်ပါဦး၊။ “

“အောင်မလေး ကိုတင်မောင် မလုပ်ပါနဲ့။ “

ဆရာမလေးအသံ။

“ချကွာ ချကြ။ဒီကောင်မို့ ဆရာမလေးကို ကြံစည်ရက်တယ်။ ကိုယ့်ရွာကို လာတဲ့ ဆရာမလေးကို ကိုကတောင်စောင့်ရှောက်ရဦးမှာ ။ တင်မောင်လို့လူမျိုးရွာမှာရှိတာ ရွာနာတယ်ဟေ့။

ညီမတွေရဲ့ ငိုသံ။ ညီတွေရဲ့ ယူကြုံးမရတဲ့အကြည့်။ စက်စုပ်ရွံ့ှရှာတဲ့အကြည့်။ တစ်ရွာလုံးရဲ့ အော့နှလုံးနာတဲ့အကြည့်။

ကျုပ်ကိုကျုပ်တောင် မခုခံနိုင်အောက် ဒုတ်တွေအောက်ကို ရောက်သွားခဲ့တယ်။

“အောင်မလေးတော့ လုပ်ကြပါဦး ကိုကြီးကို ကယ်ပါဦး။ “

“အောင်မလေး ဒီအတိုင်းကြည့်နေကြတာလား ကျုပ်သားကို သတ်နေကြတာဟဲ့ သိန်းရွှေပြောဦးလေငါ့ကိုသာရိုက်ကြပါဟဲ့

အမေရဲ့ ငိုသံတွေရော ။ နားထဲမှာရောထွေးလို့။

ဦးသိန်းရွှေ က

“ဟေ့ကောင်တွေ ဟေ့ကောင် ရပ်လိုက်စမ်း ရပ်လိုက်ကြစမ်းလို့ ငါပြောနေတယ်။

အဆက်မပြတ်ရိုက်နေတဲ့ ဒုတ်တွေ ကျုပ်ကိုယ်ပေါ်ကချဲကုန်တယ်။ မျက်လုံးထဲမှာလည်း သဲသဲကွဲကွဲ မြင်တစ်ချက် မမြင်တစ်ချက်။

“မင်းတို့က ကာယကံရှင်တွေကို မမေးမမြန်းပဲနဲ့ ကိုယ်ထင်ရာနဲ့ကိုယ် လုပ်ချင်တိုင်းလုပ်နေကြတာပေါ့။ ငါမေးပါရစေဦး။

 

ဘာတွေဘယ်လိုဖြစ်လို့ ကျုပ်ကို သည်လိုလုပ်ရတာလဲ ဆိုတာတော့ ကျုပ်ကမသိသေး။ ဆရာမလေးကတော့ မျက်စိအကြောင်သားနဲ့။ကျုပ်ကိုကြည့်လို့။ ပြီးမှ သတိရတယ်ထင်ပါရဲ့။

“လုပ်ပါဦး ကိုတင်မောင်ရဲ့ ခေါင်းမှာရော လက်မှာပါသွေးတွေနဲ့။ ဆေးခန်းကိုတစ်ယောက်ပြေးပါ။ ဆေးခန်း အပေါ်ဆုံးဗီရိုမှာ ဆေးသေတ္တာလေးရှိတယ်။ “

ကျုပ်ညီ ဖိုးမောင်က ပြေးလိုက်တာမှ ဒုံးစိုင်း။

“ကိုတင်မောင်ကိုမေးရဦးမယ်။”

ဦးသိန်းရွှေက ဆရာမလေးကိုကြည့်ပြီး

“ခင်ဗျား ဆရာမလေးကို ။”

စကားကိုဆက်မပြောဘူး။

“ဗလက္ကာရလုပ်လို့ဆို။”

“ဗျာ။ “

“ရှင်၊။

ဆရာမလေးနဲ့ ကျုပ်ရဲ့ အာမေဋိတ်အသံ။

“ဘယ်သူပြောတာလဲ။”

ကျုပ်ရဲ့ ခပ်ဆတ်ဆတ်အမေး။

“ငါ့ကိုလာပြောတာက ရွာနောက်ပိုင်းက တင်အောင်၊ သာဒင်က ဘာမပြောညာမပြောနဲ့ သူ့ဟာသူအုပ်စုဖွဲ့ပြီးခေါ်သွားလို့ နောက်ကနေအမှီလိုက်လာတာ။”

ဆရာမလေးက ရှက်လို့ထင်တယ်။ ခေါင်းငုံ့လို့။ သည်လို လူပုံအလည်မှာ အပြောခံရတော့ ရှက်ရှာမပေါ့။

အဲဒါ ဆရာမလေး  ဟုတ်ပါသလား ။

ဦးသိန်းရွှေကြီးက အားနာနာနဲ့မေးနေရတာ။

“မဟုတ်ရပါဘူး ဦးလေးရယ်။ “

“သာဒင်ပြောတော့ ဆရာမလေး ငိုနေလို့ တင်မောင်က ပြာပြာသလဲချော့နေတယ်ဆို။ “

“ငိုတာကတော့ ဟုတ်ပါတယ်။ “

“ဒါဆိုမဟုတ်တာက ဘာလဲ ဆရာမလေးရဲ့။ ပြောပါ ပွင့်ပွင့်လင်းလင်းပြောပါ။မရှက်ပါနဲ့။ ဘယ်သူ့မှ အားနာစရာမလိုဘူး။ နို့မဟုတ်ရင် ဆရာမလေးနစ်နာ မှာစိုးလို့ပါ။ “

“ကျွန်မနဲ့ ကိုတင်မောင်က တကယ့်ကိုဖြူဖြူစင်စင်ပါ။ ကျွန်မငိုတယ်ဆိုတာက ဒီနေ့ ကျွန်မရည်စားနဲ့  ဖုန်းပြောပြီး ဒေါသထွက်လို့ ရှက်လို့ငိုနေတာပါ။

ဘာရယ်။ ကျွန်မရည်းစားလို့ ကြားလိုက်ရတော့ ကျုပ် အကြောတွေ မတ်ခနဲ။

ဒါကိုကိုတင်မောင်ကမသိလို့ကျွန်မကိုမေးနေတုန်းအထင်လွဲသွားရတာပါ။ကျွန်မချစ်သူနဲ့ကျွန်မကနောက်လဆို လက်ထပ်

တော့မလို့ပါ။အခုက အမြန်ပြန်လာခိုင်းလို့ တစ်ယောက်နဲ့ တစ်ယောက်တစ်ယောက် စကားများရင်း ဖြစ်သွားရတဲ့ ကိစ္စပါရှင် “

နောက်လဆို လက်ထပ်တော့မလို့တဲ့။ ဆရာမလေးရယ် ကျုပ်လေ။ အသံမထွက်။

 

“ကိုတင်မောင်က ကျွန်မကို ဘာမှ မလုပ်ပါဘူးရှင် ။ လူရိုးကြီးပါ။

 

ဆရာမလေးစကားဆုံးတော့

“ကောင်းကြသေးရဲ့လား ဘာမမလုပ်ဘူးတဲ့ ကြားကြရဲ့လား ကျုပ်သားကိုများ အိုးစွပ်မစား ခွက်စွပ်မစား လုပ်ရက်လိုက်ကြတာရှင်။ အောင်မလေး သေတော့မလို့ ကံကောင်းလို့။”

 

အမေ့အသံက အောင်မြင်တဲ့အသံကြီးနဲ့ အားလုံးကိုကြားအောင်ပြောနေသံ။ ရွာကလူတွေ အားလုံး ခုကြတော့ ဘာမှမပြောကြတော့။ ကျုပ်ကတော့ ဆရာမလေးကို လက်လွှတ်လိုက်ရတော့မှာပေါ့။ ကျုပ်ရဲ့ အရှက်တွေလဲ ဗျန်းဗျန်းကွဲပြီ။

(၇)

သည်ကိစ္စတွေဖြစ်ပြီး နောက်ပိုင်းမှာတော့ ကျုပ်အိမ်ထဲက အိမ်ပြင်ကိုမထွက်တော့ဘူး။ ရှက်လွန်းလို့။ ကျုပ်လို လူပျိုကြီးက သူများသားသမီးကို ဗလက္ကာရလုပ်စရာလား။ ထင်ရက်လိုက်လေခြင်းလို့ ဒေါသတွေထွက်မိတာလည်းအမှန်ရယ်။ သာဒင်ကတော့ လာတောင်းပန်ပါတယ်။ မှားသွားပါတယ်တဲ့။ သူမှားတာ ကျုပ်သေတော့မလို့။ ဆရာမလေးကိုတော့ ကျုပ်က မတွေ့ချင်တာ အမှန်။ ပြောရရင် ကိုယ့်လိပ်ပြာကိုယ် မလုံပြန်ဘူး။ ကြီးတော်အိမ်ကိုမသွားတော့တာ ကြာပြီ။ ဟော နောက်လလောက်ဆိုရင် ဆရာမလေး ခွင့်ပြန်မှာမို့ လာတွေ့ပါဦးလို့ ကြီးတော်က ကျုပ်ကိုမှာနေပြီ။

ဆရာမလေးက သူ့ဆီကိုကျုပ်မလာလို့ တစ်ရက် ကျုပ်ကို အိမအထိလာတွေ့တယ်။ ပြန်တော့မလို့လာနုတ်ဆက်တာတဲ့။ ကျုပ်လွမ်းရဦးမှာပေါ့။

“ကိုတင်မောင်ကို ဖြူစင်လေ အစ်ကိုကြီးတစ်ယောက်လို ခင်တာပါ ချစ်လည်းချစ်ပါတယ်၊ ၁၅၀ဝ အချစ်ထက် ၅၂၈ မေတ္တာက ပိုအေးမြပါတယ် ကိုတင်မောင်ရယ်။

ဆရာမလေးကို ချစ်နေတာ ဆရာမလေးများသိသွားပြိလား။

“အစစအရာရာ အကူအညီပေးခဲ့တဲ့ ကိုတင်မောင်ကို ဖြူစင်လေ အရမ်း ကျေးဇူးတင်ပါတယ်။

ဘာဖြစ်လို့လည်းဆိုတော့ ဖြူစင်ရွာကိုရောက်ကတည်းက ကိုတင်မောင်ပဲ အမြဲကူညီခဲ့လို့ပါ။မနက်ဖြန်ဆို ဖြူစင်ပြန်တော့မယ် နုတ်ဆက်ခဲ့ပါတယ်၊ ဒါက ဖြူစင်ရဲ့ လိပ်စာပါ။ကိုတင်မောင် သတိရရင်ဖုန်းဆက်လာပေါ့။

 

ကျုပ်လေ အဲသည်အချိန် ဘာမှပြန်မပြောနိုင်ဘူး။ ရင်ထဲမှာ တစ်စို့နေတယ်။ မျက်ဝန်းဒေါင့်မှာတော့ မျက်ရည်ကြည်တွေဝဲနေမှာ သေချာတယ်။ ဆရာမလေးကို မော့ကြည့်လိုက်တော့။ ဆရာမလေးရဲ့ မျက်ဝန်းမှာလည်း မျက်ရည်တွေဝဲလို့ပါလား။

“ခု ကိုတင်မောင်ကို့ ဖြူစင် ကန်တော့ပါရစေ။ “

မလုပ်ပါနဲ့ ဖြူစင် ကျုပ်ကို..။”

စကားတို့ကပြောမထွက်။ ကျုပ်တားတဲ့ကြားကပဲ ကျုပ်ကု်ိကန်တော့ သွားခဲ့တယ်။ ဆရာမလေး ပြန်သွားတော့ ကျုပ်ရှေ့မှာ စက္ကူဘူးလေး။ အမေက

“သားကြီးရယ် တရားနဲ့ဖြေပါ”

ဲ့။ကျုပ်က ဘုန်းကြီးဝတ်ရတော့မှာလား အမေရဲ့လို့တော့ မမေးဖြစ်။ စက္ကူဘူးလေးကိုဖွင့်ကြည့်လိုက်တော့ နာရီလေး ။ နောက် စာလေးတစ်စောင်။စာကိုဖတ်ကြည့်တော့

 

“သို့

ကိုတင်မောင်

ဖြူစင့်ကို အချိန်တိုင်း သတိရဖို့ နာရီလေးပေးလိုက်တယ်

 ညီမလေး

ဖြူစင်”

ဪ ညီမလေးတဲ့လား။ ကျုပ်ကတော့ ကျန်ရစ်သူ အသည်းကွဲသူကြီးပေါ့။ ဒါကြောင့်ပြောတာ ပြောပြရရင် ရယ်စရာကြီးလို့။ ကျုပ်ကသာ တစ်ဘက်သတ် ကျိတ်ချစ် ကျိတ်ကြိုက်ပြီး ကျိတ်အသည်းကွဲ။ အရှက်တွေ ဗျန်းဗျန်းကွဲ။ ဆရာမလေး ပြန်တော့ ကျုပ်လိုက်တောင်မပို့ဘူး။ ကြေကွဲရလွန်းလို့။ ကျုပ်ကြီးတော်က

 

“ဟဲ့ တင်မောင် နင့်ကို ဆရာမလေး မျှော်နေသေးတယ်။ နင်လိုက်ပို့မလားဆိုပြီးတော့။ ရွာကထွက်ခါနီးအထိ မျှော်နေတာ။ ငါ့ကို ပြောခဲ့သေးတယ်။ ကိုတင်မောင်ကိုပြောပေးပါ နုတ်ဆက်ခဲ့ပါတယ်လို့တဲ့။ “

 

ဆရာမလေးက ကျုပ်ကို နုတ်ဆက်ခဲ့ပေမယ့် ကျုပ်ကတော့ ခုထိနုတ်မဆက်သေး။  အဲသည့်နေ့က ကျုပ် ဆရောမလေးလက်ဆောင်ပေးတဲ့ ဦးဂျမ်းပုဆိုးရယ်၊ တက်ထရွတ်အင်္ကျီရယ်၊ နာရီလေးရယ်ကို အမှတ်တရကြည့်ရင်း တစ်နေကုန် အချိန်တွေကုန်ခဲ့ရတာပေါ့။ ရင်ထဲမှာ ပူနွေးတုန်း။ ပူဆွေးတုန်း………..။

 

သော်ဇင်(လွိုင်ကော်)

 

 

11 comments

  • ငပေါက်ဖော်

    January 5, 2012 at 8:23 pm

    နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေပါတယ် ကိုတင်မောင်
    ကိုရင်စည်သူ ့ဆီမှာ အဆောင်ယတြာ သွားယူပါ 😆

    အင်း
    ဖြစ်အင်ကတော့မိအေး ၂ခါနာ မဟုတ်ဘူး
    ကိုတင်အောင် ၂ခါနာ
    အသဲလဲကွဲ..လူလဲကွဲ.ဗျဲဟဲဟဲ..

  • manawphyulay

    January 5, 2012 at 8:33 pm

    ကိုတင်မောင်ရယ် တစ်ရွာသားကို ပဝါပါးနဲ့ထုပ်တော့ လွမ်းရတော့မှာပေါ့ရှင်…
    ဒါနဲ့ ကိုတင်မောင် ရွာထဲမတွေ့တာ အတော်ကြာပါပေါ့ ဘယ်တွေရောက်နေတုန်း…

    • KING

      January 5, 2012 at 8:54 pm

      ကိုတင်မောင်က
      ရွာကို ဆရာမလေးလာတော့
      ကွဲတယ် (အသဲရော၊ လူရော)
      အခု အတွေ့အကြုံလည်းရှိသွားပြီဆိုတော့
      မြို့တက်ပြီး ….. 😛

    • Thaw Zin Loikaw

      January 5, 2012 at 9:08 pm

      ရွာထဲမရောက်ဆို အလုပ်လည်းရှုပ်လို့ပါ မနောဖြူလေးရေ အားပေးသွားတဲ့အတွက် ကျေးဇူးပါဗျာ.

  • thit min

    January 5, 2012 at 9:20 pm

    စာရေးဆရာ အစစ်ကြီး ပျောက်နေတယ်နော်။ ဟတ်ပီး နယူးယီးယားပါဘဲဗျို့။
    တကယ်ကိုအားရပါးရ ရေးနိုင်တာကို ချီးကျူးလို့မဆုံးဘူးရယ်။
    လေးစားစွာ(^^)

  • Thel Nu Aye

    January 5, 2012 at 9:28 pm

    အင်မတန်ကောင်းပါတယ်။ ဆွဲဆောင်မှု့အပြည့်နဲ့အဆုံးထိဆွဲခေါ်သွားနိုင်ပါတယ်။ လူပျိုကြီးအ တွက်တော့စိတ်မကောင်းပါဘူး။ ဒီဘဝမှာဖူးစာရှင်တွေ့နိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်။

  • koyinmaung

    January 5, 2012 at 9:44 pm

    ကိုတင်မောင်ရေ ဇာတ်လမ်းရိုးရိုးလေးပေမဲ့
    အရေးအသားအတော်ကောင်းပါတယ်….
    အားပေးသွားပါတယ်….

    • ငပေါက်ဖော်

      January 5, 2012 at 9:53 pm

      ကိုတင်မောင်နဲ ့ ကိုရင်မောင်
      ဘာတော်ပါသလဲ ခင်ည

  • MaMa

    January 6, 2012 at 7:05 am

    အရေးအသား သရုပ်ဖော်ကောင်းတဲ့ သော်ဇင်ရဲ့ လက်ရာလေးတွေ မမြင်ရတာ ကြာပေ့ါ။

  • inz@ghi

    January 6, 2012 at 7:21 am

    နာရီ လက်ဆောင် တဲ့ …….
    အင်း နာနာကျင်ကျင်နဲ့ ကို ရီမောနေပြရမယ့် လက်ဆောင်ပါလားနော်…

    ခင်တဲ့ ဂီ

  • New User

    January 6, 2012 at 10:47 pm

    ဟီဟိ နာ့လိုလူလဲရှိသေးတာပဲ… အမြဲတမ်းဝင်ဖတ်ဖြစ်ပေမယ့် comment တောင်ဝင်မရေးဖူးတာ…. လာနောက်နဲ့နော်….

Leave a Reply