ရွာသားအားလုံးအတွက် 2012 နှစ်သစ်မှာ ဆောင်ရန် – ရှောင်ရန် (အပိုင်း ၃)

True AnswerJanuary 6, 20121min1000

” အဓိကမထားနဲ့။”

-လုပ်သင့်တာကိုလုပ် လုပ်တာ-မလုပ်တာ-လုပ်ချင်တာ-မလုပ်ချင်တာ ကိုတော့ အဓိကမထားနဲ့။

-စားသင့်တာကိုစား စားတာ- မစားတာ- စားချင်တာ-မစားချင်တာ ကိုတော့ အဓိကမထားနဲ့။

-ပြောသင့်တာကိုပြော ပြောတာ-မပြောတာ-ပြောချင်တာ-မပြောချင်တာကိုတော့ အဓိကမထားနဲ့။

-ဖြစ်ရမှာတွေတော့ ဖြစ်မှာပဲ၊ ဖြစ်တာ-မဖြစ်တာ-ဖြစ်ချင်တာ-မဖြစ်ချင်တာတွေကို တော့ အဓိကမထားနဲ့။

-မှားတာရော မှန်တာရော တွေ့ကြုံဖို့သက်သက်
ပါပဲ၊ မှားတယ် မှန်တယ်ဆိုပြီး အမှားအမှန်ကို
အဟုတ်ထင်-ငြိတွယ်-အဓိကထားနေရမှာ မဟုတ်။

-လည်တာရော၊ အ တာရော တွေ့ကြုံဖို့သက်သက်
ပါပဲ၊ လည်လိုက်တာ အလိုက်တာဆိုပြီးအတည်ယူ
ဆုပ်ကိုင် – အဓိကထားရမှာ မဟုတ်ဘူး။

-လုပ်သင့်တာကိုလုပ်နိုင်ဖို့ကိုသာ အဓိကထား၊
လုပ်ချင်တာ-မလုပ်ချင်တာကို အဓိကမထားနဲ့။

-ဖြစ်သင့်တာ ဖြစ်ဖို့ကိုသာ အဓိကထား၊
ဖြစ်ချင်တာ-မဖြစ်ချင်တာကို အဓိကမထားနဲ့။

-သိသင့်တာသိဖို့ကိုသာအဓိကထား၊
သိချင်တာ- မသိချင်တာကို အဓိကမထားနဲ့။

-လုပ်တာမလုပ်တာ၊ဖြစ်တာမဖြစ်တာ၊နားလည်တာ
နားမလည်တာတွေအပေါ် အဓိကထားနေမှုကို စွန့်မှ
လုပ်သင့်တာ မလုပ်သင့်တာ၊ ဖြစ်သင့်တာ မဖြစ်
သင့်တာ၊ နားလည်သင့်တာကို နားလည်လာမယ်။

-အမျိုးမျိုးဖြစ်နေတာတွေကို တွေ့ကြုံရုံသက်သက်
-တွေ့ကြုံကာမတ္တ တွေ့ကြုံတာ၊
အမျိုးမျိုးသော အကြောင်း တရားတွေကို -ပြုလုပ်ရုံသက်သက် (ပြုလုပ်ကာ မတ္တ ပြုလုပ်တာ)
-ဒီလိုအကြောင်း အကျိုး နားလည်မှုကလည်း
နားလည်ရုံသက်သက် (နားလည်ကာမတ္တ နားလည်တာ) အစစ် ဖြစ်ဖို့လိုတယ်။

————————————
“နှလုံးသွင်းတဲ့အတိုင်း စိတ်ထားဖြစ်တာပါ။”

-သူတစ်ပါးတို့၏ကဲ့ရဲ့စွပ်စွဲချက်ဖြင့်သာ ယုတ်လျော့ –
ချွတ်ယွင်းရတော့မည်ဆိုလျှင် မည်သည့်ဝါဒ မည်သည့်လမ်းစဉ်မျှ အကောင်း
ရှိနိုင်တော့မည် မဟုတ်ပေ။

အားလုံးပင် ကိုယ့်ဝါဒ
ကိုယ့်လမ်းစဉ်ကို အကောင်းပြော၍ သူတစ်ပါး
တို့၏ဝါဒ သူတစ်ပါးတို့၏လမ်းစဉ်ကိုမူ အဆိုး
ထင်မြင်ကြလေသည်။

-သတ်မှတ်ထားတဲ့ အမှားကို အဟုတ်ထင်-ငြိတွယ်-အဓိကထားတာလည်း ကိလေသာမတရား၊
သတ်မှတ်ထားတဲ့ အမှန်ကို အဟုတ်ထင်-ငြိတွယ်-အဓိကထားတာလည်း ကိလေသာမတရား။

-မကောင်းတဲ့ စိတ်တွေဖြစ်နေရင် တွေ့ကြုံတာတွေ
အပေါ်အပြစ်မြင်တယ်၊ ဒေါသဖြစ်တယ်။

ကောင်းတဲ့စိတ်(မှန်ကန်တဲ့သဘောထား)ဖြစ်နေရင်
တွေ့ကြုံတာတွေအပေါ် ဒေါသမဖြစ်ပဲ
တွေ့ကြုံရုံသက်သက် သာ။

– မြင်တဲ့အမြင်ကဖြစ်ပေါ်နေတဲ့
စိတ်နဲ့ပတ်သက်နေတယ်၊
စိတ်ပြောင်းသလို အမြင် ပြောင်းတယ်။

-ကောင်းတဲ့ လုပ်ရပ်ဖြစ်ပေမယ့် မကောင်းတဲ့စိတ်နဲ့
ကြည့်ရင် အပြစ်မြင်တာပါပဲ။
မကောင်းတဲ့လုပ်ရပ် ဖြစ်ပေမယ့် ကောင်းတဲ့စိတ်နဲ့ (မှန်ကန်တဲ့သဘောထား)ကြည့်ရင်
ဒေါသမထွက် တွေ့ကြုံရုံသက်သက် တွေ့ကြုံတတ်လေသည်။

” နှောင်ကြိုးမှန်းမသိတဲ့နှောင်ကြိုး ”

-ငါတို့လိုက်နာယူဆသည့် လမ်းစဉ်ဝါဒသာလျှင်
စင်ကြယ်မြင့်မြတ်၏ဟု ပြောဆိုကြသူတို့သည်
မိမိကိုယ်ကို ဝါဒအမျိုးမျိုး လမ်းစဉ်အသွယ်သွယ်
တို့နှင့် ချည်နှောင်ထားကြသည်။

-ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုတဲ့အယူဝါဒတွေကို
စွန့်လွှတ်စရာအဖြစ်သုံးရပါမယ်။

တစ်ခုခု၊ တစ်ယောက်ယေက်၊ ဘယ်သူ၊ ဘယ်ဝါ
ဘယ်နေရာ၊ ဘယ်အချိန်အခါဆိုတဲ့ အယူဝါဒ
တွေကို စွန့်လွှတ်စရာအဖြစ် သုံးရမယ်။

—————————————
(သန်လျင်သဘာဝရိပ်သာ ဆရာတော် ဦးဥတ္တမသာရ ၏ အနတ္တအဆုံးအမများကို အပိုင်းခွဲလျှက် တင်ပြထားခြင်းဖြစ်ပါသည်)

ပညာ အမိုး၊ သမာဓိ အခင်း၊ သီလ အကာ
သဘာဝတရားရဲ့ သဘာဝတရားရိပ်သာ။