ကျနော်တို့ ၃ယောက်

ムラカミJanuary 6, 20124min1309
(----------၁----------)
အိသဒ္ဓါမိုး .. တဲ့ ....
သည်ပါတ်ဝန်းကျင်မှာ ကျနော် ပထမဆုံး မှတ်မိတဲ့ နာမည်လေး ပါ...။
ဟုတ်တယ်လေ ..သည်ကျောင်းမှာ ကျနော်က ကျောင်းသားသစ်။ အော် ....သည်ကျောင်း ဆိုတာလား..
ရန်ကုန်မြို့ ရဲ့ နာမည်ကျော် ကျောင်း တစ်ကျောင်းလေ... အ.ထ.က တံဆိပ် မတတ်တဲ့ကျောင်း..။
မင်္ဂလာပါ မနှုတ်ဆက်တဲ့ ကျောင်း ရယ်ပေါ့ ...။ ကျနော်လား ...ကျနော့် နာမည် မင်းမင်းလေ...။
မုတ္တမကွေ့ထိပ်က ရွာတန်းရှည် မြို့လေး တစ်မြို့က ပြောင်းရွှေ့လာတဲ့ ..နယ်ကျောင်းသား သစ်ကလေးပေါ့...။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ကျန်းမာရွှင်လန်း ပါစေ ဆရာမ.."
"ကျန်းမာရွှင်လန်းပါစေကွယ်.."
"ဟောဒါက မော်လမြိုင်က ပြောင်းလာတဲ့ ကျောင်းသားသစ် မောင်မင်းမင်း လို့ခေါ်တယ်ကွယ့်
မင်းတို့ရဲ့ အတန်းဖော်သစ်ပေါ့..."
အရပ်ခပ်ပြတ်ပြတ် အသားခပ်လတ်လတ် ဆရာမက ကျနော့်ကို အတန်းနှင့် မိတ်ဆက်ပေးသည်...ထို့နောက်
ကျနော့် ဘက်လှည့်၍ ...
"သူငယ်ချင်းတွေကို နှုတ်ဆက်လိုက်ပါဦးသားရယ်..."
ကျနော်လည်း နယ်ကျောင်းက ထုံးစံအတိုင်း ....လက်အုပ်ချီလိုက်ပြီး ..
"ဟုတ်. ..မင်္ဂလာပါ ခင်ဗျ ....."
" ဟီဟိ. ..ခစ်ခစ်. ....ရယ်သံများ..."
ဆရာ မပင် ပြုံးစိစိ ဖြစ်သွားသည်ထင့် ...
ကျနော် မျက်နှာ နီရဲနေမှာ မလွဲ ...မင်မောင်းကောင်းသော ဆရာမသည် မျက်နှာကိုပြင်လိုက်ပြီး..
"ဆရာမတို့ ကျောင်းမှာ ကျန်းမာရွှင်လန်းပါစေ လို့ပဲ နှုတ်ဆက်တယ်သား ...မှတ်ထားနော်...
ပြီးတော့ လက်အုပ်ချီလေ့ မရှိဘူး ..ညာဘက်လက်ညှိုးကို နှုတ်ခမ်းပေါ်တင်ပြီး နှုတ်ခွန်းဆက်လေ့ရှိတယ်.."
ထို့နောက် ဆရာမ ကပင်ဆက်လက်၍ ....
"သမီး အိသဒ္ဓါမိုး ရေ ..မောင် မင်းမင်း ကို သမီးနား ခေါ်ထိုင်ပြီး သူလွတ်သွားတဲ့ သင်ခန်းစာတွေ ရှင်းပြပေးလိုက်ပါကွယ်..
စာကူးဖို့လည်း အသင်းခေါင်းဆောင် တွေနဲ့ ညှိနှိုင်းပြီး ကူညီပေးလိုက်ဦးနော်.."

 
"ဟုတ်ကဲ့ပါ တီချယ်..."
သည်အတန်း၏ အတန်းခေါင်းဆောင် ဖြစ်ပုံရသော သူမက သွက်လက် ချက်ခြာစွာ ဖြေ၏။
"မင်းမင်း .... လာလေ ..."
"ဟုတ်ကဲ့ ...." ... ရယ်သံခပ်အုပ်အုပ်များ ...

သူမနှင့် ကျနော် တွေ့ဆုံပုံမှာ ဤသို့ ဤနှယ် သာဖြစ်သည်။
သူမတွင် အရောင်လဲ့နေသော . မျက်လုံးပြူးပြူးလေးများ ရှိသည်။
ထိုမျက်လုံးလေးများနှင့် လိုက်လျောညီထွေသည့် မျက်တောင် ကော့ကော့ရှည်ရှည်များ ...
ထိုမျက်ဝန်းအလှကို အားဖြည့် ထားသည့် မျက်ခုံးထင်းထင်းလေး တစ်စုံ ...
ဒါ ကျနော် ပထမဆုံး စတင် သတိပြုမိသည့် သူမ ဖြစ်ပါသည်...။
(----------၂----------)
နောက်မှ ကျနော် သိသည် ... သည်အတန်းတွင် အတန်းခေါင်းဆောင် ၂ယောက်ရှိ၏ ။
ကျန်တယောက်မှာ.. ယောက်ျားလေး အတန်းခေါင်းဆောင် ..နာမည်က . စည်သူထွန်း.. ။
သည် အတန်း၏ အထွေထွေကိစ္စအဝဝ ကို ထို အတန်းခေါင်းဆောင် ၂ယောက်က ခွဲဝေ
တာဝန်ယူကြသည်။ မိန်းကလေးနှင့် တန်သည့် အတန်းတံမြက်စီးလှည်း ..ပန်းအိုးထိုး အလုပ်တွေကို မိန်းကလေးတွေလုပ်
ယောက်ျားလေး တွေ နှင့် ဆိုင်သည့် ခုံစီခြင်း ရေသန့်ဗူး လဲခြင်း ဒါတွေကို ယောက်ျားလေးတွေလုပ်ပေါ့...။
အတန်းပိုင်ဆရာမသည် ယောက်ျားလေး အတန်းခေါင်းဆောင် နှင့် ကျနော့်ကို ဘာလို့ နေရာမချထားပေးလဲ
တွေးမိသည် ...။ မကြာမီမှာပင် သဘောပေါက်တော့၏ ။ စည်သူသည် လူရွှတ်ဖြစ်သည်။ အမြဲတစေ ပျော်ရွှင်ရယ်မော
စနောက်နေတတ်သည်။ စာတော်ပြီး ဉာဏ်ကောင်း သလို ..စကားလည်းအလွန် ကြွယ်သူဖြစ်သည် ။
နယ်မှ လာသော ကျနော့် ကို စတတ်နောက်တတ်သော သူနှင့်ထိုင်ခုံနေရာ ထားမပေးသည့် ...ဆရာမ၏ စေတနာကို
နောင်မှ သဘောပေါက် မိလေသည်။

"ဂျာပုမ မြန်မြန်လှည်းဟာ ... လေးလှပြီ.."
တံမြက်စည်းလှည်းနေသော အိသဒ္ဓါမိုး ကို ခုံတန်းလျားရှည် မ.ပေးထားသည့် စည်သူက နောက်၏။
ဟုတ်သည်။ သူမသည် အရပ်ခပ်ပြတ်ပြတ် ရှိ၏။
"ဟဲ့ ..လုပ်နေတာပဲဟဲ့ ...ကလန်ကလား ငဖောင်ရိုးရဲ့ ...သည်လောက်တောင် အားမရှိဘူးလား..."
သူမက ပြန်ပက်၏ ..။ စည်သူက အားကျမခံ ..။
"ဟေ့ကောင် မင်းမင်း တွေ့လားကွ ...ဂျာပုမတွေက အရပ်လည်း တိုသလို စိတ်လည်း တိုတယ်..ဟားဟား.."
ကျနော် ရေသန့်ဗူးလဲနေရင်းမှ ရယ်ပြလိုက်သည်....။
"ဘာရယ်တာလဲ ..ကောင်စုတ်..."
သူ့ဘက်က မပါဘဲ စည်သူ့ ဘက်မှ ဝင်ရယ်မိသည့် ကျနော့် ထံ
သူမသည် မျက်စောင်း တစ်စင်းကို ကျနော့် ဆီ ဒိုင်းကနဲ ပစ်သွင်းလိုက်၏။
အထက်ဖော်ပြပါမျက်ဝန်းလှလှလေး သည် ...မျက်စောင်းထိုးသည့်အခါ 
အဘယ်ကြောင့် လွန်စွာ အင်အားပြင်းထန်ပါသနီး ... .ထိုမျက်စောင်းသည် ကျနော့်မျက်လုံးအစုံ..
ဟင့်အင်း ..မဟုတ်ဘူး ..နှလုံးသား ကို ထုတ်ချင်းခတ်လေ၏။
"ဟာ ..မဟုတ်ပါဘူးဟာ ..နင်ကလည်း ...."
ကျနော် ဟန်ချက်ပျက်သွားသည်...။ ရေသန့်ဗူးစောင်းသွား၏ ...ကျနော့်ပုဆိုးပေါ်သို့ ..ရေများဒလေဟော ...
"ဟာ ...သည်ကောင်ကတော့ ဖြစ်ရမယ် ..."
စည်သူ ကျနော့ကို လာကူသည် ... သည်ပုဆိုးနှင့် ယနေ့ ကျောင်းတက်ရန် မဖြစ်တော့ပါ....

"ကောင်းတယ် ကောင်းတယ် .. ခစ်ခစ်..."
သူမ၏ ရယ်သံလွင်လွင်လေး ...ကြားလိုက်ရသည်.. ကျနော်ကတော့ အရှက်ကိုသည်းရော ....
ထိုနေ့က ဆရာ တစ်ဦး၏ ကချင်လုံချည် အစိမ်းနှင့် ကျနော် ကျောင်းတက်လိုက်ရပါတော့သည်။
ကျနော် ...သူမ ရယ်မောပုံအကြောင်း တင်ပြရန် မေ့လျော့ သွားသည် ထင်ပါသည် ။
ပါးချိုင့်ကလေး များသည် ..အဆိပ်ပြင်းပါသလား...။ ထိုပါးချိုင့်လေးများအား ..လက်ယာဘက်
သွားတက်ကလေး၁ဖက် အားဖြည့်ထားသည့်အခါ ..asymmetry ၏ အလှတရား အယူအဆ အရ ... ...
ဆင်ပစ် ရိုင်ဖယ်နှင့် ပစ်ခံရသည့် ဆိတ် တကောင်ပမာ ..ကျနော် ......တုန်းကနဲ ပေါ့.....

(----------၃----------)
နေရာသစ်မှာ ကျနော် လျင်မြန်စွာ အသားကျလာခဲ့ပါသည်...။ စည်သူနှင့် အိသဒ္ဓါမိုး တို့ရဲ့ ကျေးဇူးတွေပေါ့..။
ယခုဆိုလျင် ကျနော်လည်း အတန်း၏ တနည်းတဖုံ အရေးပါသော လူတစ်ယောက် ဖြစ်နေပြီလေ။
နယ်မှာ နေပူမိုးရွာ ဘောလုံး ကစားခဲ့သော ကျနော်က ကျနော်တို့ အတန်းဘောလုံးအသင်း ရဲ့ ကတ်ပီတန် ပေါ့..
အရှည်ကြီး စည်သူက ဂိုးဖမ်းတယ်။ ကျနော်က ကွင်းလယ်အတွင်းလူ။ ..ကျနော်တို့ အတန်းက ပျော်ဖို့ ကောင်းတယ်ဗျ
လူညီကြတာ ပြောပါတယ်။ P.T နေ့ တွေဆို အားလုံး မုန့်ဖိုးတွေစုထည့် ပြီး မိန်းကလေးတွေ တန်းလုံးကျွတ် အားပေးကြတာရယ်
တခြား အတန်းတွေ ကတော့ ကျိုးတိုးကျဲတဲ ပေါ့ ..။ မှတ်မှတ်ရရ တနေ့ ...
ကျနော်တို့ ၁ဝတန်းမှာ အကောင်းဆုံး အသင်းလို့ ပြောတဲ့ (မနှစ်က ချန်ပီယံ) အသင်းနဲ့ ချိန်းကန်တယ်။ အအေးတစ်လုံးကြေး...
အအေး၁လုံးဆိုတာ သည်လို ..အတန်းလူရှိ-၇၆ ယောက်ဆို ၁ယောက်၁လုံး နှုန်းနဲ့ ၇၆လုံး ။ အတန်းထဲမှာ နည်းများမဆို
လှည့်လည် ပိုက်ဆံကောက်ပြီး အိသဒ္ဓါမိုး က ငွေကိုင်လုပ်တယ်လေ။ ရှုံးရင် ကိုယ်က ဝယ်တိုက်ရမှာကိုး ...။ ကျောင်းကန်တင်းန်
မှာ အအေး အလုံး ၈ဝ (ပိုပိုလိုလို) reserve လုပ်ပြီးသား ..။ အအေးထက် အရေးကြီးတာ ..ဂုဏ်သိက္ခာ လေ..။ သိတယ်မလား..
ချန်ပီယံ ကို တီး ရတယ် ဆိုတဲ့ အရသာ ...။
သည်လိုနဲ့ ပွဲ စတယ်ပေါ့ဗျာ ...ပထမပိုင်း ပြီးတယ် ..ကျနော်တို့ ၂-၁ နဲ့ ရှုံးနေတယ်..ဒါပေမယ့် ကျနော် သိနေပါတယ်...
သည်ကောင်တွေ ပွဲချိန်ကြာလာရင် ကစားအား ကျလာမှာ .. ။ ကျနော်က အရမ်းအပြေးကောင်းတဲ့  တိုက်စစ်မှူး ပေါက်ဖော်
ကို ထည့်မကစား ထားဘူးလေ...။ သည်ကောင်တွေ ကျလာတော့မှ ...ပေါက်ဖော် ကိုထည့်မယ် ..ကျနော်လည်း အားကုန်သုံးမယ်
အပေးအယူနဲ့ .. လောလောဆယ် ခြွေ ကစားနေတယ်ပေါ့..။ ပေါက်ဖော် ကိုပွဲစကတည်းက မထည့်ရကောင်းလား ဆိုပြီး
အတန်းသားတွေ ကျနော့်ကို ဝိုင်း ကန့်ကွက် ကြသေးတယ်လေ ...သူမက ကျနော့်ကို ခေါင်းမာရန်ကော ဆိုပြီး နှုတ်ခမ်းကိုက်ပြီး 
တဖက်လှည့်သွားလေရဲ့ ... ဟုတ်တယ် သည်ပွဲနိုင်မှ ဖြစ်မယ်...။ကျနော် မမှားဘူးဆိုတာ သက်သေပြရမယ် မဟုတ်လား ..။
အရိုးကျေကျေ အရေခန်းခန်းပေါ့ ......။
ဒုတိယပိုင်း စပြီ ...ထင်ထားတဲ့အတိုင်း သည်ကောင်တွေ ကစားအား မကောင်းတော့ .... ။ ဖြစ်ချင်တော့ အမှားလုပ်သူက
အတန်းထဲက ဆိုးပေ လို့ ခေါ်ကြတဲ့ နောက်ခံလူ မောင်ပေ။ ပယ်နယ်တီ စည်း အစပ်မှာ မှ ခြေချိတ်ရတယ်လို့ ...။
သည်ကောင်တွေ အသင်းမှာ အင်မတန် ပြစ်ဒဏ်ဘော အကန်ကောင်းတဲ့ ကောင် တကောင်ပါနေတာ သိလျက်.....။
ကန်ပြီ .... ... စည်သူတယောက် လေထဲပျံဝဲသွားတယ် .... ဘောလုံးကလည်း ဆယ်ပြားစေ့ထောင့်ထဲမှ ကွက်တိ ..
တကယ့် လက်ဖျားဆိုမှ လက်ဖျားလေးရယ်...လက်ဖျားလေးနဲ့ ပဲ ထိပြီး ဂိုးပေါ်ကျော်သွားတော့မှ ...အားလုံးဟင်းချနိုင်တယ်...
"အို" ...စည်သူတယောက် အရုပ်ကျိုးပြတ် ပုံကျနေလေရဲ့ ..ဟုတ်တယ် ..သည်လောက်ပြင်းတဲ့ကန်ချက်ကိုလက်ချောင်း
အဖျားလေး နဲ့ပဲ ထိခဲ့တာဆိုတော့ လှန်ချိုးသလိုဖြစ်ပြီး... အလွန်နာကျင်နေရော့ထင့် ....
မတတ်နိုင်တော့ အရံဂိုးသမား ...အီးတီ ကိုထည့် မှရတော့မယ်....။ ပေါက်ဖော်ကိုပါ တခါတည်း ကမ်းဝေးနဲ့ လူစားလဲလိုက်တယ်
ကျနော်တို့ နိုင်ချင်ဇော ..အသင်းအတွက် အနာခံကာကွယ်သွားတဲ့ စည်သူ့အတွက် ပါ ပေါင်းပြီး ဆထက်ထမ်းပိုး ကြိုးစား
လိုက်ကြတယ် ....။ ကစားအားကျလာတဲ့ ကောင်တွေ ဘီလူးစီးသလို နိုင်ချင်စိတ်ပြင်းပြဆာလောင်နေတဲ့ ကောင်တွေကို
ဘယ်ခံနိုင်မတုန်း ..ကျနော် ၁ဂိုးသွင်းတယ် ...ပေါက်ဖော် ၁ဂိုးသွင်းတယ်။ ပွဲပြီးတော့ ၃-၂ ကျနော်တို့နိုင်တယ်....။
အားလုံးပျော်ကြတယ်....။ နောက်မှ ပြန်သိတယ် ..အတန်းပိုင်ဆရာမအချင်းချင်းတောင် ကော်ဖီမစ်ကြေး ..သူ့အတန်း
ကိုယ့်အတန်း ပြိုင်ကြသတဲ့လေ ... ။ပီတီ ဆရာ ကကျနော့် စီမံပုံ ကစားပုံ ကို ချီးကျူးတယ် .... ကျောင်းလက်ရွေးစင် အတွက်
ကစားပေးဖို့ပါ ပြောလာတဲ့အထိ ။ သို့သော် ...သို့သော် ....အတန်းထဲမှာတော့ ကျနော်က အမေ့ခံ သူရဲကောင်းပေါ့ ...။
ဟုတ်တယ်လေ ..သွယ်လျလျ လက်ချောင်းလေးတွေနဲ့ အရှည်ထားတယ်လို့လည်း မဆိုသာတဲ့ လက်သည်းချွန်လေးတွေ
နဲ့ ကုတ်ခြစ်ပီး ဖွင့်နေတဲ့ ပရုတ်ဆီဗူး နီနီ ရဲရဲလေး ... ထို့နောက် ထိုလက်ချောင်းလေးများသည် ..စည်သူ့ လက်ချောင်းများဆီသို့
.........

(----------၄----------)
သည်လိုနဲ့ ... ကျနော်တို့ သူငယ်ချင်း-၃ယောက် ဘဝရဲ့ မမေ့နိုင်စရာ အကောင်းဆုံးသော ကာလတွေကို ကျော်ဖြတ်ခဲ့တယ်
ဆိုပါတော့ ....။ ၁ဝတန်းစာမေးပွဲ အောင်စာရင်း ထွက်တယ် ...အိသဒ္ဓါမိုး က ဂုဏ်ထူး-၅ဘာသာပါတယ် ....ထုံးစံ
အတိုင်း ထူးချွန်သူတို့ သွားရာလမ်း ဖြစ်တဲ့ ဆေးကျောင်းတော်ကြီး ဆီသို့ပေါ့ ....။ စည်သူက ဂုဏ်ထူး-၃ခု ...သူကတော့
ဘဝအတွက် ရေကြောင်း တက္ကသိုလ် ကို ရွေးချယ်ခဲ့လေရဲ့ ...။ ကျနော် ဂုဏ်ထူးမထွက်ပါ .... သို့သော် ဘာသာစုံ
ဂုဏ်ထူးနားကပ်ပြီး အမှတ်ညီသောကြောင့် ..အမှတ်ပေါင်းတော့ ကောင်းခဲ့ပါသည် ။ သို့သော် ..ကျနော့် မိဘများသည်
ကြွယ်ပိုးကြွယ်ဝ များ မဟုတ်ပါ  .... ထို့အတူ အသက်အရွယ်လည်း ကြီးရင့်ကြပြီဖြစ်သည် ...။ ကျနော့်ကို စိတ်ကြိုက်
ရွေးချယ် တက်ရောက် စေသော်လည်း ကျနော် ပညာသင်နှစ်ရှည်သည့် ကျနော် အမှတ်မီရာ အင်စတီကျုများကို
မရွေးချယ်ခဲ့ပါ ... မြန်မြန်ဘွဲ့တခု ရရန်သာလိုပါသည်။ မြန်မြန်အလုပ်ခွင်ဝင်ပြီး ...မိဘတွေကို နားစေချင်ပါပြီ.....။
ကျနော် ဝါသနာပါသော ကွန်ပြူတာ ပညာ ကို ကျနော်ကျောခိုင်းကာ YUFL ကို ကျနော် ရွေးခဲ့ပါသည်။ မေဂျာမှာ
ဂျပန်စာ ဖြစ်၏ ။ ဘာသာရပ် ကို သင်ယူသည်မှာ ဘယ်မှာ မဆို ဘယ်တော့မဆို သင်လို့ရသည်ဟု ပြောစမှတ်ရှိပါသည်။
သို့သော် ကျနော် YUFL ကိုရွေးရခြင်းမှာ မြို့တွင်းတွင် တက်လို့ရသည့် တက္ကသိုလ်မှာ ဆေးကျောင်းမှ လွဲလျင်
ထို၁ကျောင်း သာရှိသောကြောင့်ဖြစ်သည်။ ကျန်းမာရေးမကောင်းသည့် ကျနော့်မေမေထံ အရေးပေါ်ပါက ချက်ခြင်း
ပြန်ထပြေးသွားနိုင်အောင် လည်း မြို့တွင်းကျောင်း ကို ဦးစားပေးရွေးချယ်ရတာဖြစ်ပါသည်။

သည်လိုနဲ့ တနေ့ ...ကျနော်တို့ သူငယ်ချင်းတွေ ...အိသဒ္ဓါမိုး အိမ်မှာ မုန့်လုပ်စားကြတယ် ...။မိန်းကလေး အုပ်စုနားမှာ..
စည်သူတယောက် ထုံးစံအတိုင်း တဝါးဝါး တဟားဟားနဲ့ပေါ့ ....စလိုက် နောက်လိုက် ..နဲ့ ..ပုခုံးကို ထုလိုက်
လက်မောင်းကို ဖျန်းကနဲရိုက်လိုက်နဲ့ ....အတော်ပျော်စရာကောင်းနေပုံပါ .... ။ ကျနော်ကတော့ ၁၈နှစ့်ပြည့်လုပြည့်ခင်ကပင်
စီးကရက် လက်ကြားညှပ်တတ်နေတဲ့ကောင်ဆိုတော့ ...တွေ့ရာ စာတစ်အုပ်ဆွဲ ..ခြံထဲဆင်း ...စီးကရက်ဖွာရင်း ဖတ်ရှုနေမိ
တော့တယ် ....။ မကြာခင်မှာဘဲ ဆရာဝန်မ အလောင်းအလျာလေးဆီက ...ဆုံးမဩဝါဒတွေ တသီကြီး ကြားရပါတော့တယ်ဗျာ..
အဲ့သည့်နေ့က ဘာမှ မတတ်လို့ ..ချက်တာပြုတ်တာမှာ ဘာမှ ဝင်မကူနိုင်တဲ့ ကျနော် ပန်းကန်ဆေး တာဝန်ယူရတယ်လေ ...
"ဟဲ့ ...နင်က ပန်းကန်သွားဆေးမလို့ ဘူးသီးငါးပေါင်းကြော် သင်နေတာမလား .. အလေ့အကျင့်ရအောင် နင်ပဲဆေးလိုက်နော."
ဝတုတ်မ ပုချ် ကလောင်သည် ။ နွယ်ပင်နှင့် နွေးသီးက ပြုံးနေ၏။  စည်သူကရယ်ကျဲကျဲ .... ကျနော်လည်း အလိုက်သင့်သာ
ပြုံးနေလိုက်မိပါသည်......။
ထိုညနေက စည်သူ အဆောင်ပြန်မဝင်ခင် ဘီယာ သွားချကြသည် ။ ၂ယောက်တည်းတော့ မဟုတ် ..ဆိုးပေ နှင့် ပေါက်ဖော်
တို့ပါ ပါသည်။ ဆိုးပေ က အဝေးသင်တက်ရင်း .. မိဘလက်ငုတ်လက်ရင်း စီးပွားရေး ကို ဦးစီးနေပေပြီ.. ဆိုးပေမဟုတ်တော့။
ပေါက်ဖော်ကတော့ ကျနော်နဲ့ ဘဝတူ ..ကျောင်း တက်ရင်း မိဘကူနေသူ ... ။ ဘီယာ ၂ဂျားခန့် ကုန်အပြီးတွင် ကျနော်နှင့်
စည်သူတို့၏ ၂ထောင်တန်သိက္ခာသည် ပွန်းပဲ့လာတော့၏။ (၂ထောင်တန် သိက္ခာဆိုတာ ဘီယာ ၁ခွက် ၅၀ဝကျပ်
ခေတ်တွင်၄ခွက်ဝင်သွားလျင် လျှာ သွက် အာသွက် ဖြစ်လာခြင်း ကိုဆိုလိုပါသည်။ )

စည်သူ စကားစသည်...
"ဟေ့လူ မောင်မင်း လေး .... မင် း...အိသဒ္ဓါမိုး ကို ကြွေနေတယ်မလား ကွ.."
"ဟာ . ... မင်းကလဲကွာ ....." ကျနော် မငြင်းမိပါ ....
ပေ " ဟေ့ကောင် ငစည် .. .မင်းကကော မကြိုက်တာ ကျနေတာပဲ ..အေ့ ..."
စည် "အေး ...ငါလည်းကြိုက်တယ်ကွ ..ငါကတော့ ပေါ်တင် သမားပဲ ...ကျောင်းဆင်းတာနဲ့ ရည်းစားစကားပြောမယ် ဒါပဲ.."
ဖော် " ဟေ့ကောင်တွေ ကြည့်ကြက်လုပ်ကြနော် ...မိတ်မပျက်စေနဲ့ ....သူငယ်ချင်းအရင်းတွေ ...မင်းတို့
၂ကောင် ရန်ဖြစ်တယ် ထသတ်တယ်ကြားရင် ငါနဲ့ မောင်ပေ မင်းတို့ကို လာသတ်မယ် ..ကြားလား ..."
ကျနော် ရယ်ကျဲကျဲ လုပ်ရင်း ခေါင်းညှိမ့်ပါ၏။ ကျနော်ကပဲ စပြီး စကားဖြတ်လိုက်သည်။
"ဟေ့လူတွေ ...သောက်နိုင်ကြတော့ဝူးလား ...ဒါလား ဆိုးပေ ...ဒါလား ပေါက်ဖော်..."
"ညီလေးရေ နောက် ၁ဂျားချကွာ ...."
ထိုညက ကျနော် တို့ အတော်မူးကြပါသည်... ကျနော် ညစ်ညစ်နှင့်လှိမ့်တွယ်ခဲ့သည်ကိုး ...။
ကိုယ့်ဝမ်းနာ ကိုယ်သာ သိပါသည် ။ နောက် ၃လဆို ကျောင်းပြီးမည်။ အလုပ် ချိတ်ဆက်ထားပြီးသား...။
ကျနော် မကြာခင် လိမ့်ရတော့မည်။ မလိမ့်လို့လည်း မဖြစ်... အမေ့ကျန်းမာရေး ကမကောင်း ... မိသားစု စီးပွားရေးက
အမေ့ ကျန်းမာရေးနှင့် အပြိုင် ချူချာ လှသည်...ကျနော် အမြန် အလုပ်လုပ်မှ ငွေရှာမှဖြစ်ပါလိမ့်မည်...။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(----------၅----------)

ထို့နောက် ကျနော် မည်သူနှင့်မှ မတွေ့ဖြစ်တော့ ....
ဇာတ်လမ်းကို အတိုချုပ်ပြောရလျင်....ကျနော် အရှေ့ကျွန်းရောက်လာတယ် ...
လစာနည်း အလုပ်သင် ဝန်ထမ်း ဘဝနဲ့ ပေါ့ ...
ဗမာတွေ မရှိတဲ့ တောမြို့လေး တစ်မြို့ က အအေးခန်း စက်ရုံမှာ အလုပ်လုပ်ရတယ် ...
ရေခဲရိုက်ထားတဲ့ အသင့်စား အစားအသောက်တွေကိ ုပါကင်ထုတ်ရတဲ့အလုပ်ပေါ့ .....
ကျနော့်မှာ  သည်တော့ နွေတွေ မိုးတွေမရှိ .၁၂လ ရာသီ ဟာ ဆောင်းချည်းပဲဆိုပါတော့ဗျာ ....
အလုပ်က ၂ဆိုင်း ...တဆိုင်း ၈နာရီ မနက်-ည မီးခြစ်ဆံပုံးလေးနဲ့တူတဲ့ ကျနော့် အိမ်နဲ့ မီးခြစ်ဆံပုံးကြီးနဲ့တူတဲ့..
ကျနော့် အလုပ်ကို ၁နာရီကြာ စက်ဘီးနင်းရတယ်ဗျ.... ဘာလိုလိုနဲ့ ဆယ်စုနှစ် တခုတောင် စွန်းရောပေါ့....


ကျနော့် မှာ ဗမာလူမျိုး သူငယ်ချင်း မရှိဘူး ..ကျနော်တို့ ရဲ့ ရွာ သာသာ မြို့လေးမှာလည်း ဗမာ မရှိဘူး..။
ကျနော်တို့မြို့လေး က ပင်လယ် ဆိပ်ကမ်းမြို့သေးသေးလေး လေ။ ...

ကျနော် ဇာတ်မြှုပ်သလိုကို ကိုယ့်ဘဝကိုယ် ကို မြှပ်နှံပစ်ခဲ့တော့တယ်...ဟုတ်တယ်လေ တကယ်တော့ ကျနော်ဟာ..
ကျနော် မမီတဲ့ပန်းကို တုံးခုပြီး မလှမ်းလိုသူပါ...။ ကျနော့် ကို ပြဌာန်း ထားတဲ့ ဘဝရဲ့
ကန့်သတ် သတ်မှတ်ချက်အတိုင်း ကျနော် နေရမှာပေါ့ ....။ ကျနော် နှစ်သက်တဲ့
စာရေးဆြာ ကပြောတယ် ... ဘဝဟာ တော်ရုံပဲ ကောင်းတယ် ..ပျော်ရုံပဲကောင်းတယ်
ပိုချင်ရင်တော့ ရင်နာရမှာပဲတဲ့ ..... ကျနော်က ရင်မနာချင်လို့ ထွက်ပြေးတိမ်းရှောင်သူလေလား ...။
ဇာတ်သိမ်းခန်း ကြိုသိနေတဲ့ ရုပ်ရှင်တကားကို ပြီးအောင် မကြည့်ဘဲ ..ရုံပြင်ထွက် လာမိသူလေလား...။
ကျနော် မသိတော့ပါ .....။

တနေ့ ကျနော် မလိုချင်ဆုံးသော အရာ တခုကျနော့်ဆီ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်လာလေရဲ့.....။
လေယာဉ်တတန် လူကြုံတတန် စာတိုက် တတန် အသီးသီး ဖြတ်သန်းပြီး end destination ကျနော့်ဆီ
ငြင်းမရဘဲ ရောက်ရှိလာတာလေ....။ ဘာမှန်းလည်း သိလျက် ..လက်ခံရမှာလည်း ကြောက်ရွံ့ထိတ်လန့်လျက်..

အမြင်အာရုံတွေ ဝေဝါးလျက်...ဘာကြောင့်မှန်းမသိ ..လက်ခံရရှိကြောင်း စာပို့သမားထံ လက်မှတ်ထိုးပေးသည့်
အခါ ..အံကြိတ် မိပါသနည်း .....။
ကျနော် အကြားအမြင် မရပါ...။ သာလွန်ထူးကဲ အစွမ်းလည်း မရှိပါ။ သို့သော် ထို EMS တံဆိပ်ပါ စာအိတ်၏ အထဲတွင်...
ယခုလောက်ဆို မမွှေးပျံ့ နိုင်လောက်တော့သော စက္ကူအကောင်းစား အတွင်းဘက် စာမျက်နှာဝယ်...
လက်ထပ် ထိမ်းမြားမင်္ဂလာ ဖိတ်ကြားလွှာ....
ကို စည်သူထွန်း ..(2nd Mate, ..... Co., Ltd ) + ဒေါက်တာ အိသဒ္ဓါမိုး (M.B.,B.S)
ဆိုသည့် စာသားတော့ ပါရှိနေမည် ဆိုတာ အတိအကျ သိရှိနေပါသတည်း ...။

ခင်တဲ့
iNZ@GHI


P.S
https://myanmargazette.net/87354/creative-writing

9 comments

  • inz@ghi

    January 6, 2012 at 12:12 pm

    ဝေ့ ကရင်စီ …
    နီ့ဟာ နီပြန်ယူ …နာကတော့ လိမ့်ဘီ ..ခိခိ….

    ခေါင်းစဉ်ကို
    “သူရာ ရစ်ပုလင်း နှင့် …ဇစ်တင်းလို့ ရှူးပါသည် “ လို့ ဖတ်ပေးကြပါခညား … … ဟီး ….

  • water-melon

    January 6, 2012 at 12:28 pm

    ချစ်ရဲ့သားနဲ့ မပြောတာလား
    သူငယ်ချင်းစည်သူကြောင့်လား
    ကိုဇာဂိ အရှေ့ကျွန်းရောက်ချိန် ဘာတွေဖြစ်မှန်းမှမသိတာ

    ဒါနဲ့ပတ်သက်ပြီး ပုံပြင်တစ်ပုဒ်ကြားဖူးတယ်ဗျ
    တစ်ခါတုန်းက ကောင်မလေးတစ်ယောက်ကို ကောင်လေးနှစ်ယောက်က ကြိုက်နေတာ
    ကောင်လေး အေ နဲ့ ဘီပေါ့ဗျ ကောင်မလေးက စီ
    ကောင်လေးအေက ကောင်မလေးကို ချစ်တယ်လို့မပြောရဲဘူး
    ကောင်လေးဘီကတော့ ကောင်မလေးကို ချစ်တယ်လို့ပြောလိုက်တယ်ဗျ
    ဒါနဲ့ကောင်လေး ဘီနဲ့ ကောင်မလေး စီတို့ ညားကြပါရော
    ဒီလိုနှစ်တွေကြာတာတော့ အဘိုးကြီး(ကောင်လေး) ဘီက ဆုံးသွားရော
    အဘိုးကြီး(ကောင်လေးအေ) က တစ်နေ့ကြတော့ အဘွားကြီး(ကောင်မလေးစီ)ကိုပြောသတဲ့
    နင့်ကို ငါမေးစရာရှိလို့ ငါလည်း အသက်ကြီးနေပါပြီ ဘယ်ချိန်သေမလဲဆိုတာတော့ မသိဘူး
    ဒါပေမဲ့ ငါမသေခင်မှာ နင့်ကို မေးစရာရှိတယ်။ မမေးရရင် ငါ အသေဖြောင့်မှာ မဟုတ်ဘူးတဲ့။ ဒါနဲ့
    အဘိုးကြီးအေက ပြောသတဲ့ နင့်ကို အရင်က ချစ်တယ်လို့ ပြောရင်ရော နင်ငါ့ကို ချစ်မှာလားတဲ့။
    အဘွားကြီး စီက ပြန်ပြောတယ်ချစ်မှာပေါ့တဲ့။
    ဒါနဲ့ အဘိုးကြီးအေ လည်း နောင်တရသွားတာပေါ့။ ချစ်တယ်လို့ မပြောရဲတော့လေ။
    ဘယ်သူဘဲဖြစ်ဖြစ် ကိုယ်တကယ်ချစ်တဲ့ မိန်းကလေး တစ်ယောက်ကို ချစ်တယ်ဆိုရင် ချစ်တယ်လို့ပြောလိုက်ပါ။ ဘာမှတွေဝေမနေပါနဲ့။မချစ်တာချစ်တာက မိန်းကလေးအပိုင်းလေ
    ကျွန်တော်တို့ ယောက်ျားလေးတွေက ရွေးချယ်ခွင့်ရှိပါတယ်။ မိန်းကလေးတွေကတော့ စိတ်ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။
    ကဲ ရွာထဲကရော ချစ်တယ်လို့မပြောရဲတဲ့လူများရှိပါသလား 😀

  • အဟင့် ဟင့်
    ရွှတ် … ဗျဲ
    မျက်ရည်တွေ ပင်လယ်ပြင်လောက်ကျသွားပါတယ်
    တနားလိုက်တာ ဂီရယ်
    အဲဒီလောက် အရေးအသားကောင်းလို့ ဂီ့ကို တမက်တော်ချင်တဲ့တူတွေ များနေဒယ်
    တတိထား … 😛

  • favourite

    January 6, 2012 at 4:16 pm

    အယ် မောင်ကင်း က ကိုယ့်ဘာကိုယ်ကောက်တပ်လိုက်တဲ့ ဘွဲ့တွေ များလှပါလား ခွိခွိ

  • ကောင်းမြတ်သူ

    January 6, 2012 at 4:51 pm

    King ရေ နာမည်ရှေ့ကဘာတွေလဲဗျ။ တွေ့တော့တွေ့ဘူးသလိုပဲ။ အဲဒါတွေက ဘာဖြစ်လို့ရထားတာလဲဟင်……… ကျွန်တော့်တစ်ခုလောက်ပေးပါဗျာ…….

  • ငပေါက်ဖော်

    January 6, 2012 at 5:08 pm

    ဟမငေး..ဟမငေး..
    ခုမှ ကရင်စည့် လက်ရာပါ နောက်ကြောင်း ပြန်လိုက်မိတယ်ဝေ့..
    လူဒွေများ..
    အံ့ရော..အံ့ရော..
    ဇတ်လမ်းထဲမှာကြတော့..အိသဒါမိုးလေးကို ဘော်လီဘောပုတ်နေလိုက်ကြတာ..
    အပြန်အလှန် ပေးနေကြတယ်..ပေးနေကြတယ်..အပြင်မှာဆိုရင်တော့..တော့..
    နာတို ့ ကပေတို ့ကိုလဲ တစ်ယောက်လောက် ပေးစားကြပါအုုံးလားလို ့
    နော်..ကပေနော်..နော်..နော်..
    😆

  • ကြောင်ကြီး

    January 7, 2012 at 1:36 pm

    ခွီးထဲမှပဲ ကြောင်ကြီးက နင်နဲ့စည်သွပ်တို့ အဝေမတဲ့ဖြစ်နေတုန်း ကောင်မလေးကို အလစ်ဝင်ဆွဲမလို့ ကြံနေတာ ဟိုကရတောင်သွားပြီလား…။ ဝမ်းမနဲပါနဲ့ကွာ.. အရှေ့ကျွန်းက ဂျာပွန်မလေးတွေ အပြုအစု ကောင်းမှကောင်း…။

  • ကိုရင်စည်သူ

    January 7, 2012 at 2:32 pm

    ထူးပါဘူး.. ထူးပါ့ဘူး.. စည့်ဘဝလည်း အမ်ဘီဘီအက်စ် ရလည်း
    ူမထူးဇာတ်ခင်းရတော့မယ်… အရှေ့ကျွန်းဂီ့ကြီးများ အီပွန်မှာ
    ဇီမ်ခံချင်တာနဲ့ သူများတကာကို အိသဒါမိုးလေးနဲ့ ပေးချားတယ်..
    ခွိခွိ.. ချာဝန်မလေးတွေဆို ကိုရင်က ကြိုက်ဘူး.. ဘာသာပြန်တတ်တဲ့
    တခြားဘာသာစကားတတ်တဲ့ အယ်စတုံလေးတွေမှ စိတ်ဝင်စားတာ…
    ခုတော့ ကိုယ့်လူပေးတုန်း ရတာ ဖမ်းဆွဲထားလိုက်မယ်..
    တကယ်တော့.. စည်က.. မိုး.. မိုး.. မိုး… စိုမှာ စိုးမိတယ်… 😳 😳
    ခုတော့ ဂလူကြီး ကျေနပ်အောင် ခဏ ယူထားလိုက်မယ်နော်.. ခစ်ခစ် 😛 😛

  • favourite

    January 9, 2012 at 4:06 pm

    အင်း အိသဒ္ဓါမိုး ခမျာလည်း တယောက်က lift လိုက်
    တယောက်က down လိုက်နဲ့
    သနားထှာ

Leave a Reply