သေတ္တာထဲတွင်ရှိနေသော အရာသည်ကား……?

ကုမ္ပဏီအတွင်းမှာ ဒီသတင်းကိုကြားလိုက်ရသောအခါ အားလုံးက အံ့ဩကြသည်။ တစ်ခါမှ သတင်း သဲ့သဲ့ မကြားဖူးသော အဆောင်တစ်ဆောင်ဖြစ်သောကြောင့်လည်း ကုမ္ပဏီ ဝန်ထမ်းအားလုံး၏ ဂရုစိုက်ခြင်းကို ပိုမိုရရှိနေခြင်းလည်း ဖြစ်နိုင်သည်။ ခါတိုင်း ပြဿနာဖြစ်လိုက်လျှင် ယောကျာ်းသားများနေသော ကျင်းသားအဆောင်များသာ အဖြစ်များသောကြောင့် ထိုအဆောင်ကနေ ဒီလို သတင်းဖြစ်ပေါ်လိမ့်မည်ဟု မည်သူကမျှတွေးမိလိမ့်မည်မဟုတ်။ ခုတော့ ဖြစ်ပြီ။ ကိုယ်စားလှယ်ကြီး ဦးတင်အောင် အလုပ်ရှုပ်ရလေပြီ။ သူ၏ရှေ့တွင် ထိုင်နေကြသော မိန်းမတစ်စုထံမှ ညံစည်စည်အသံများ၊ တစ်ယောက်တစ်ပေါက်ပြောသံများကြောင့်လည်း ခေါင်းရှုပ်ပြီး ခေါင်းပါ ကိုက်ချင်လာသည်။

ရုံးအပြင်ဘက်တွင်လည်း သို့လော သို့လောနှင့် စပ်စုသူ ကျင်းသားများနှင့် အိမ်ထောင်သည် အမျိုးသမီးများကလည်း တရုံးရုံးနှင့်။ လူ ငါးရာကျော်ရှိသော ကျောက်စိမ်းကုမ္ပဏီဆိုဒ်တစ်ဆိုဒ်ဖြစ်သည်နှင့်အညီ ပြဿနာ သေးသေးမွှားမွှားမှအစ ကြီးကြီးမားမား ပြဿနာများကို ဦးတင်အောင်ဖြေရှင်းရလေ့ရှိသော်လည်း ဒီတစ်ကြိမ်တွင်တော့ အခက်တွေ့ရန်အကြောင်းရှိနေလေသည်။ ဖြစ်ပေါ်သည်ကလည်း မိန်းမသားများနေသော စားဖိုဆောင်အတွင်းမှဖြစ်သောကြောင့် ဖြည်းဖြည်း ညှင်းသာဖြေရှင်းရန်လိုနေမည်ဖြစ်ကြောင်း ဦးတင်အောင်တွေးမိသည်။

“ကဲ ဆိုစမ်းပါဦး မိသီတာ ဘယ်လိုကနေဖြစ်တယ်ဆိုတာ”

သနပ်ခါး ပါးကွက်ကျားနှင့် မိသီတာဆိုသော မိန်းကလေးက စတင်ပြီး ဖြစ်သမျှအကြောင်းကို ဇာတ်စုံခင်းပြလေသည်။

“ဒီလိုပါ အန်ကယ်လ်  မနေ့ကမနက်ပိုင်းက အညိုက ကျမကိုငွေလွဲမယ့်အကြောင်း ပြောတယ်။ ကျမက နောက်နေ့မှလွဲလို့ ဒီနေ့က တနင်းလာနေ့ဆိုတော့ ဘဏ်တွေက လူကျပ်တော့ စောင့်ရမှာနဲ့ ကျမက နောက်နေ့မှ လွဲရအောင်ပြောမိပါတယ်..။ ညပိုင်းအထိတောင်ရှိသေးတယ်။ ကျမက သေသေချာချာ ဂရုစိုက်ထားဖို့ပြောပါသေးတယ်။ ဒီနေ့မနက်ကျတော့ ဈေးကအပြန် ဘဏ်သွားရအောင် ငွေယူခိုင်းတော့ ငွေကမရှိတော့ဘူး။ အထားမှားသလားဆိုတော့လည်း မမှားဘူးတဲ့။ အညိုကလည်း သေသေချာချာ ရှာပါသေးတယ်မတွေ့ဘူး။ အဲဒါကြောင့် ကျန်တဲ့ အေးလွင်သီတို့ အမြင့်တို့ကိုမေးကြည့်တော့ သူတို့က သူခိုးရိုးရမလားဆိုပြီး စကားများကြတာ။ အညိုကိုလည်း သူခိုးလို့ရိုးလို့ ဆွဲရိုက်ကြရာက ကျမလည်း သည်းမခံနိုင်တာနဲ့ အညို့ဘက်ကနေ ပြန် လုပ်မိတာပါ..”

“ပျောက်တာက ဘယ်လောက်တောင်လဲ”

“သုံးသိန်းပါ အန်ကယ်လ်”

အညိုဆိုသော ညိုစိမ့်စိမ့်ကောင်မလေးက ဝင်ဖြေသည်။ ထိုသို့ဆိုလျှင် မနည်းဘူးပဲ..။သူ့ရှေ့တင်ထိုင်နေသော မိန်းကလေးလေးယောက်ကိုကြည့်တော့လည်း ဘယ်လိုမှပင် ခန့်မှန်း၍မရနိုင်။ သူခေါင်းနည်းနည်းရှုပ်လာရသည်။

“ကဲ ရန်တော့မဖြစ်ကြနဲ့ ဒါနဲ့ ကြီးသန်းတို့ ကြီးရွှေတို့ရောဘာလို့မလိုက်လာကြတာလဲ”

“ကြီးကြီးတို့က အဆောင်မှာနေခဲ့ကြတာပါ။အန်ကယ်လ်ကိုလာပြောခိုင်းလို့လာတော့ သူတို့နှစ်ယောက်ကပါ လိုက်လာကြတာ”

အေးလွင်သီနှင့် မြင့်မြင့်ဆိုသော ကောင်မလေးတွေကိုကြည့်တော့ သူခိုးဟု အရိုးခံရ၍ ခံပြင်းနေသည့်ဟန်ပေါက်နေသည်။ပိုက်ဆံပျောက်သည့် အညိုဆိုသောကောင်မလေးကတော့ အပူကြီးတစ်ခုကို ရင်စည်းခံရသည့်နှယ် မျက်နှာတစ်ခုလုံး ငြိုးငယ်နေ၏။

“ဒါဆိုရင်တော့ အန်ကယ်လ်က ကျောက်ရှာဆောင်၊ မိုင်းဆောင်၊ စက်/ကား ဆောင်တွေကိုလည်း ရှာခိုင်းမယ် သူခိုးကိုတော့ အန်ကယ်လ်လည်း မုန်းတယ်။ မိရင် ကောင်းကောင်းအပြစ်ပေးရမယ်။ ဦးလွင်၊ မောင်မောင်ဟန်”

သူခေါ်တော့ ဦးလွင်နှင့် မောင်မောင်ဟန် အပြေးလေး အနားသို့ရောက်လာသည်။

“ဆရာ ဘာခိုင်းမလို့လည်းဆရာ”

“အေး ဦးလွင်က အဆောင်တွေမှာရှိတဲ့ ကျင်းသာအိပ်ယာတွေကိုလိုက်ရှာ…ဒီမှာ ပိုက်ဆံပျောက်လို့တဲ့ မောင်မောင်ဟန်ကလည်း တစ်ယောက်မှ အပြင်မထွက်စေသေးနဲ့ ကင်းတဲကို သွားပြော ဂိတ်ပတ်ပါလဲ ခဏစောင့်ဦးလို့ ဟုတ်ပြီလား….”

ကုမ္ပဏီတစ်ခုလုံးလည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ ဖားကန့်လို ကျောက်စိမ်းကုမ္ပဏီတစ်ခုတွင် ”ဖ”သုံးလုံးနှင့် ကင်းနိုင်သည့် ယောကျာ်းသားများ ရှိနိုင်သလို မကင်းနိုင်သော ယောကျာ်းသားများလည်း ဒုနှင့်ဒေး။ ထို့ကြောင့် အဆောင်တိုင်းကိုလည်း ရှာဖွေရန် ဦးတင်အောင် စီစဉ်ရခြင်းဖြစ်သည်။ တစ်ချို့က မူးယစ်ဆေးဝါးကြောင့် လုပ်မိလုပ်ရာလုပ်တတ်ကြလေရာ သည်လို ပိုက်ဆံပျောက်သည့်အမှုမျိုးဆိုလျှင် တစ်ကုမ္ပဏီလုံးကိုပိုက်စိပ်တိုက်ရှာဖွေမှ ရလေသည်။ တစ်နာရီလောက်ကြာသောအခါ ဦးလွင်ပြန်ရောက်လာသည်။

“မတွေ့ဘူးဆရာ…..”

“သေသေချာချာရောရှာခဲ့ရဲလား”

“သေချာ ရှာပါတယ် ဆရာ…အိတ်တွေတောင်ဖွင့်ရှာခဲ့သေးတယ် မတွေ့ဘူးဆရာ “

“မောင်မောင်ဟန်ရော”

“ရှိပါတယ် ဆရာ”

“ခေါ်လိုက်”

မောင်မောင်ဟန် အနားသို့ အပြေးတစ်ပိုင်းရောက်လာသည်။

“မင်း ဝန်ထမ်းတွေ အပြင်ထွက်သူရှိမရှိ မေးခဲ့သေးလား”

“မေးခဲ့သေးတယ်ဆရာ တစ်ယောက်မှမထွက်သေးဘူး”

“ကဲ မိသီတာ ကျင်းသားအဆောင်တွေတော့ရှာပြီးပြီ ၊ ကျန်တာတော့ ညည်းတို့ စားဖိုဆောင်တစ်ခုပဲ ကျန်တော့တယ်”

“ ရှာပါ အန်ကယ်လ် ရှာပါ ဒါမှ ဒီကောင်မတွေ ပါးစပ်ပိတ်သွားမှာ”

အေးလွင်သီဆိုသောကောင်မလေးက သွက်သွက်လက်လက်နှင့် ဝင်ပြောသည်။ သို့နှင့်သူ စားဖိုဆောင်ဘက်သို့ ခြေလှမ်းပြင်လိုက်တော့သည်။ တရားခံကလည်း မတွေ့သေး။ ကျင်းသားအဆောင်ကလည်း နှံ့နေအောင်ရှာပြီးပြီ။ စိတ်ဝင်စားစွာနှင့် ဝန်ထမ်းတိုင်းကလည်း နားစွင့်ထားနေပြီ။

စားဖိုဆောင်တစ်ခုရှိ မိန်းမသားများနေသော အိပ်ဆောင်အတွင်းသို့ ဦးတင်အောင် တစ်ခါမှ မရောက်ဖူးပေ။ ခုတစ်ခေါက်သည်သာ ပထမဆုံးအကြိမ်ဖြစ်သည်။ စားဖိုမများ အိပ်သော အိပ်ယာများကို အစီအရီမြင်လိုက်ရသည်။ အိပ်ယာတစ်ဘက်ဘေးစီတွင် သေတ္တာတစ်လုံးစီရှိကြသည်။ အခြား မိန်းမအသုံးအဆောင် တိုလီမိုလီများကိုလည်း တွေ့ရသည်။ အစွန်ဆုံး အိပ်ယာကို သူသွားလိုက်သည်။

“ဒီအိပ်ယာက ဘယ်သူ အိပ်ယာလဲ ကဲ ဦးလွင် ရှာကြည့်ဗျာ နောက် သေတ္တာပါဖွင့်ကြည့်ပါ သေသေချာချာ ရှာပါ”

ထိုစဉ်

“ကျမ အိပ်ယာကိုတော့ စိတ်ကြိုက်ရှာချင်ရှာပါ သေတ္တာကိုတော့ မဖွင့်ပါရစေနဲ့ အန်ကယ်လ်”

မြင့်မြင့်ဆိုသော မိန်းကလေး၏ စကားကြောင့် အားလုံး၏ အကြည့်များ မြင့်မြင့်ထံသို့ စုပြုံကျရောက်လာသည်။ မြင့်မြင့်၏ မျက်ဝန်းများကလည်း မတည်မငြိမ်ဖြစ်လာပြီး စိုးရိမ်ပူပန်သည့် ဟန်များဖြစ်ပေါ်နေသည်။

“ဘာလို့လဲ မြင့်မြင့်ရဲ့ အန်ကယ်လ်တို့က အကုန်လုံးရဲ့ သေတ္တာတွေကို ဖွင့်ရှာမှာ …အန်ကယ်လ်ကို မှန်မှန်ပြောနော် ညည်း အညိုရဲ့ ပိုက်ဆံတွေကို ယူထားမိသလား”

သူ စကားလုံးကို အတတ်နိုင်ဆုံး လိမ္မာစွာသုံးနှုန်းလိုက်သည်။ မိန်းကလေးတစ်ယောက်ဖြစ်နေသောကြောင့် ခိုးထားသလား ဟု မသုံးပဲ ယူထားမိလားဟု တမင်တကာ သုံးနှုန်းလိုက်ခြင်းဖြစ်သည်။

“ဟင့်အင်း ကျမ မယူဘူး အန်ကယ်လ် ကျန်တဲ့နေရာ ကြိုက်သလောက်ရှာပါ ကျမသေတ္တာကိုတော့ မဖွင့်ပေးပါရစေနဲ့…”

“ဟ ညည်း သေတ္တာကို အန်ကယ်လ်ရှာကိုရှာရမယ်…ဖွင့်ပေးလိုက်ပါ မြင့်မြင့် မဖွင့်ပေးရင် အညိုရဲ့ ပိုက်ဆံကို.ယူထားသူဟာ ညည်းပဲလို့ အန်ကယ်လ် သတ်မှတ်ရလိမ့်မယ်..”

“ဟင့်အင်း အန်ကယ်လ် ကျမ မယူဘူး….သေတ္တာလည်း မဖွင့်နိုင်ဘူ လုံးဝမဖွင့်ပေးနိုင်ဘူး………ဟီးဟီး”

မြင့်မြင့်ဆိုသော ကောင်မလေး ငိုလေပြီ။ ဦးတင်အောင်လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်သွားရသည်။ ဦးတင်အောင်လည်း မသက်သာသည့်အဆုံးတွင် သေတ္တာကိုရိုက်ဖွင့်လိုက်ရလေတော့၏။ ထိုအခါ ဦးတင်အောင်အပါအဝင် ဦးလွင် ကြီးနှင့် ကျန်သူများ အံ့ဩခြင်းထက် ငိုအားထက်ရယ်အားသန်စွာ မြင်လိုက်ရသောအရာတစ်ခုကြောင့် ခဏတော့ ကြောင်သွားရသည်။ သို့သော် ဘာတွေ့သည်ကို အများကိုမပြောသေးပဲ ကျန် အိပ်ယာများကို ထပ်ရှာကြသည်။ ထိုအခါကျမှ တရားခံကိုတွေ့ရလေတော့သည်။

အဆုံးသတ် ဇာတ်ပေါင်းသော အခါတွင်တော့ စားဖိုဆောင်မှ ပိုက်ဆံပျောက်မှုကြီး၏ တရားခံမှာ လုပ်သက် ခုနှစ်နှစ်ရှိပြီဖြစ်သော ကြီးရွှေဖြစ်နေသည်။ မည်သို့မျှမထင်ထားသော အဖြစ်ကြောင့် တစ်ကုမ္ပဏီလုံး အံ့ဩရသည်။ အံ့ဩရသည့်အကြောင်းနောက်တစ်ခုကတော့ မြင့်မြင့်ဆိုသော မိန်းကလေး နောက်တစ်နေ့မှာပင် အလုပ်ထွက်သွား၏ မည်သို့ဖြစ်၍အလုပ်ထွက်သွားရသည်ကို ကျန် ဝန်ထမ်းများ မသိသော်လည်း ဦးတင်အောင်နှင့် ဦးလွင်တို့ လူတစ်စုကတော့ မုချ သိကို သိရမည်ဟု အများကပြောကြသည်။ ဦးတင်အောင်ကလည်း မြင့်မြင့် အလုပ်ထွက်ရခြင်းအကြောင်းအရင်းကိုမပြောပေ။ သို့မပြောသော်ငြား ဦးတင်အောင် တားမြစ်လိုက်သော စကားတစ်ခွန်းကြောင့် ရယ်ရမည်လား ငိုရမည်လား…ပင်မသိနိုင်အောင်ဖြစ်သွားကြသည်က တစ်ကုမ္ပဏီလုံး။

တစ်မနက်တွင် မောင်မောင်ဟန် စားဖိုဆောင်သို့ရောက်လာသည်။ ဟင်းချက်နေသော အေးလွင်သီကိုတွေ့သောအခါ ကြီးသန်းကိုမေး၏။

“ကြီးသန်းရှိတယ် ကြီးသန်းရေ မောင်ဟန်ခေါ်နေတယ် လာပါဦး”

“ဘာလဲ ဟဲ့ ထမင်းပေါင်းနေတာ”

“ခဏလာဦး အန်ကယ်လ်အောင်ပြောခိုင်းလိုက်လို့ လာရတာ ခဏထားခဲ့ ထမင်းပေါင်းကို”

စားဖိုဆောင်တွင် ထမင်းစားနေကြသော ကျင်းသားများလည်း ရှိနေသေးသည်။ လူစုံတက်စုံရှိနေသည် မနက် အလုပ်မဆင်းမီ ထမင်းစားချိန်။

“ဟဲ့ ဘာလဲ အန်ကယ်လ်အောင်က ဘာပြောခိုင်းလိုက်လို့လဲ”

“ကြီးသန်းတို့ စားဖိုမတွေ နောက်နေ့တွေ ဈေးဝယ်တဲ့အခါ ခရမ်းသီးကို ဘယ်တော့မှ မဝယ်ပါနဲ့တဲ့ အန်ကယ်လ်ပြောခိုင်းလိုက်တာ ဒါပဲ”

မောင်မောင်ဟန် ပြောသွားသော စကားကို ကျင်းသားအားလုံး ကြားလိုက်ရသောအခါ ပြုံးရုံသာ ပြုံးကြတော့သည်။ ကြီးသန်းက

“ခရမ်းသီး ဟဲ့ အေးလွင်သီ ဘာလို့ အန်ကယ်လ်အောင်က ခရမ်းသီးကို မဝယ်ခိုင်းရတာလဲ”

“ကျမလည်း ဘယ်သိမလဲတော့ ကြီးသန်း ဘာသာ ကြီးသန်းတွေးပေါ့ ဘာတွေလာမေးနေမှန်းမသိဘူး”

အေးလွင်သီ၏ မျက်နှာကြီးရဲလို့နေသည်။ မြင့်မြင့်သည် အေးလွင်သီ၏ သူငယ်ချင်းဖြစ်သောကြောင့် မြင့်မြင့် သေတ္တာထဲမှ ဦးတင်အောင်တွေ့လိုက်ရသော အရာသည်ကား မည်သည့်အရာဖြစ်သည်ကိုကား အေးလွင်သီလည်း သိနေလောက်မည်ဟုသာ ကျန်ဝန်ထမ်းများ တွေးစစနှင့် ပြုံး၍သာ နေလိုက်ကြတော့သည်..။

 

သော်ဇင်(လွိုင်ကော်)

မှတ်ချက်။        ။တဆင့်ပြန်လည်ကြားမိသော ဇာတ်လမ်းလေးဖြစ်ပါသည်။

 

4 comments

  • Thel Nu Aye

    January 7, 2012 at 10:14 am

    အောင်မယ်လေး။သေတ္တာထဲမှာ ” ————” တွေဘယ်လောက်တောင်များပါ လိမ့်။ မြတ်ချွာဖျာ့။ တော်ပြီဒို့လဲနောက်မစားတော့ဘူး။

  • ငပေါက်ဖော်

    January 7, 2012 at 11:42 am

    ဟမငေး..
    အသာလုပ်ကြပါ
    လူကြားလို ့မှ မကောင်း..
    ဒေလောက် ခတ်မီနေတဲ့ခေတ်ကြီးမှာ အဲတာကြီးသုံးစရာလား..
    ခက်ပါပေ့ မြင့်မြင့်ရယ်
    😆

  • nature

    January 7, 2012 at 9:10 pm

    ကြံကြံဖန်ဖန်ရေးတတ်တယ်။ တကယ့်အဖြစ်အပျက်လား။ ဝထ္ထုဇတ်လမ်းလား။

  • သာမိညောင်

    January 7, 2012 at 9:32 pm

    လွိင်ကော်ဆိုလို့ ပြောရဦးမယ်
    သားရဲ့ဘဝမှာ အစပထမဦးဆုံးချစ်သူ ဟုတ်ပါဘူးယောင်လို့ 😀
    အစပထမဦးဆုံးဖတ်ခဲ့ဘူးတဲ့ ဝတ္ထုစာအုပ်ကတော့
    မဟူရာ ( လွိင်ကော် ) ရဲ့ ကျွမ်းချစ်ပါသော်လည်းလွမ်းရစ်ပေါ့သည်ရင်ခွင် ဆိုတဲ့ ဝတ္ထုစာအုပ်ပါဘဲ
    ဇာတ်ကြောင်းတော့မမှတ်မိတော့ဘူး
    အဲ့သည် လွိင်ကော်က ဒေါ်မဟူရာ ကြီးနဲ့ ဆရာကြီးသော်ဇင်က ဆွေမျိုးတော်သလားသိဘူးနော
    ဘာရယ်ဟုတ်ပါဘူး ကြံကြံဖန်ဖန်တွေးကြည့်တာ
    ဟဲဟဲဟဲ
    ခရမ်းသီးကြီးကိုများ သတ္တာထဲ ထည့်ထားရတယ်လို့ ဓာတ်ဘဲ
    တော်တော်နောက်တယ်

Leave a Reply