မစိုးရိမ်စာသင်သား (အဓမ္မ)သို့ ကျေးဇူးတင်ခြင်း

ထာ၀ရJanuary 7, 20121min17812

ကျွန်ုပ်သည် မိရိုးဖလာ ရိုးရာဗုဒ္ဓဘာသာဝင်အဖြစ်မှ တကယ့်ဗုဒ္ဓဘာသာဝင်အဖြစ်သို့ ရောက်အောင် ကြိုးစားနေသူဖြစ်ပါသည်။ ဗုဒ္ဓတရားတော်များကို လယ်တီဒီပနီ တရားစာအုပ်များ၊ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသကျမ်းစာများ၊ မိုးကုတ်ဆရာတော်ဘုရားကြီးစာအုပ်များနှင့် ဆရာကြီးဦးရွှေအောင်စာအုပ်များကို အဓိကထား၍ လက်လှမ်းမှီရာ ကျန်ဘာသာရေးစာပေများမှတဆင့် သိရှိနိုင်အောင် လေ့လာနေခဲ့သူဖြစ်ပါသည်။

ထိုကဲ့သို့ ဘာသာရေးစာပေများကို လေ့လာနေခဲ့ရာမှ “တရားရှာ ကိုယ်မှာ တွေ့”ဆိုတဲ့ ဆိုရိုးစကားအတိုင်း ကိုယ်တွေ့ဉာဏ်မြင်ဖြစ်စေရန် အတွက် ယနေ့ ခေတ်စားနေသော ရိပ်သာများသို့ ဝင်ရောက်၍ ဝိပဿနာတရားများအားထုတ်ခဲ့ ပါသည်။

ထိုကဲ့သို့ ရိပ်သာအသီးသီးသို့ ဝင်ရောက်အားထုတ်ခဲ့ရာမှ နောက်ဆုံးတွင် မိုးကုတ်ဝိပဿနာ အားထုတ်နည်းစနစ်မှာ မိမိနှင့် အသင့်တော်ဆုံးဖြစ်သည်ဟု ရွေးချယ်ခဲ့ပါသည်။

ကျွန်ုပ်သည် လူပျို၊ လူလွတ်ဖြစ်သည့်အားလျော်စွာ လက်ရှိလုပ်ကိုင်နေ သော လုပ်ငန်းများအား ရပ်နားကာ မိုးကုတ်ဝိပဿနာတရားကို အသေးစိပ်လေ့လာ သိရှိနိုင်စေရန် မိုးကုတ်ရိပ်သာများသို့ လှည့်လည်ဝင်ရောက် အားထုတ်နေခဲ့ပါသည်။

ဆယ်စုနှစ်တစ်စုတိုင်တိုင် အားထုတ်လေ့လာခဲ့ပြီးနောက် ရုပ်၊ နာမ် ဖြစ်၊ ပျက်တို့နှင့် ထိုဖြစ်၊ ပျက်ငြိမ်းသည့် သဘောတို့ကိုလည်း ထိုက်သည့်အားလျှော်စွာ ရောက်ခဲ့ ရခဲ့ပါသည်။

ထိုဖြစ်၊ ပျက်ငြိမ်းသည်ကို အာရုံပြုခြင်းဖြင့် နေထိုင်ကျင့်သုံးခဲ့ရာမှ ပိုမိုထက် သန်လာကာ  မိမိစိတ်တိုင်းကျ ရဟန်းဥပ္ပဇ္ဈာယ်ဆရာနဲ့ တွေ့ဆုံရပါက ရဟန်းဘောင်သို့ ဝင်ရောက်ပြီး ထိုတရားနဲ့ပဲနေတော့မည်ဟု ဆုံးဖြတ်ခဲ့ပါသည်။

ထိုကဲ့သို့ ဗုဒ္ဓမြတ်စွာဘုရား၏တရားတော်များကို ကျမ်းတတ် ဆရာတော်များ ၏ စာအုပ်များ၊ ဝိပဿနာအားထုတ်နည်းများ၊ အထူးသဖြင့် မိုးကုတ်ဝိပဿနာနည်းမှ တဆင့် သိရှိနိုင်အောင်လေ့လာနေကာမှ မိမိလေ့လာနေသော မိုးကုတ်ဝိပဿနာနည်း မှာ အမှားတွေရှိနေသည်ဟု မန္တလေးမြို့ “လောကမှန်ကင်း ဆရာတော်”မှ စွတ်စွဲရေးသားချက်များထွက်ပေါ်လာပါသည်။

“ဒီဘုန်းကြီး ကိုယ်လည်း သေသေချာချာ အားထုတ်တာ မဟုတ်ပဲ၊ မလိုတမာနဲ့ ထင်ရာမြင်ရာတွေလျှောက်ရေးနေတာ၊”ဟု သဘောပေါက်ခဲ့ပါသည်။ ဘုရားဟော အတိုင်း ပြန်ဖွင့်ဆိုဟောကြားတယ်ဟု မိမိယုံကြည်သော ထို မိုးကုတ်ဝိပဿနာ တရား များကို နိုင်ငံတော်သံဃမဟာနာယက (မဟန)အဖွဲကမှလည်း ဘုရားဟောနှင့် မညီသော အဓမ္မတရားဖြစ်ကြောင်း စစ်ဆေးဆုံးဖြတ်မည်ဟု သတင်းများလည်းကြား သိခဲ့ရပါသည်။

ဝိနိစ္ဆယစစ်ဆေးဆုံးဖြတ်ပြီးသော စာအုပ်ထွက်လာသောအခါ လုံးလုံးအဓမ္မဟု သတ်မှတ်ခြင်းမပြုပဲ၊ တချို့သောတရားများကို ဘုရားဟောနှင့် မညီဟုဆိုကာ ဖြုတ်ပစ်ရန်နှင့် တချို့ကိုတော့ ပြင်ဆင်ပေးရန်ဟု ဆုံးဖြတ်ကြောင်းတွေ့ရှိရပါသည်။

နောက်တွင်မှ သတင်းကြားရသည်မှာ သံဃမဟာနာယကအဖွဲ့(မဟန)မှ လုံးလုံးအဓမ္မဟုဆုံးဖြတ်လိုသော်လည်း

၁။ မိုးကုတ်ဝိပဿနာသည် မြန်မာနိုင်ငံတွင် အလွန်အင်အားကြီးမားသော အဖွဲ့ဖြစ် နေခြင်း။

၂။ ပြည်တွင်းတွင်မက ပြည်ပ ကမ္ဘာ့နိုင်ငံများအထိ ပြန့်နှံ့နေခြင်း စသည်တို့ကြောင့် အဓမ္မဝါဒဟုဆုံးဖြတ်လိုက်ပါက ထိုဆုံးဖြတ်ချက်သည် စာရွက်ပေါ်တွင်သာဖြစ်သွား မှာဖြစ်သည်။ တကယ်လက်တွေ့အပြင်မှာထိရောက်မှုမရှိပါက ဝိနည်းထိုရ်အဖွဲ့သာ အရှက်ရရုံပဲရှိမည်ဟု သုံးသပ်မိသောကြောင့် ရဲရဲကြီးအဓမ္မ မလုပ်ဝံ့ပဲ ဖြုတ်ထုတ်၊ ပြင်ဆင်၊ ဖြည့်စွက်လုပ် ပေးဖို့နဲ့သာ ထိန်းလိုက်ရကြောင်း ဝိနည်းထိုရ်အဖွဲ့ဝင်ဆရာတော် တစ်ပါးထံမှ ကြားသိခဲ့ရပါသည်။

ဘယ်လိုပဲ ဘုရားဟောနှင့်မညီဟုဆိုကာ ဖြုတ်ထုတ်၊ ပြင်ဆင်၊ ဖြည့်စွက်လုပ်ဖို့ အမိန့် ထုတ်ထုတ် မိုးကုတ်ဝိပဿနာအဝန်းအဝိုင်းကတော့ မိုးကုတ်ဆရာတော်ကြီး ဟောကြားခဲ့တဲ့ နဂိုမူမပျက် ဆက်လက်ထုတ်ဝေလျှက်ပဲရှိနေပါသည်။

အထူူးသဖြင့် အမေရိကန်နှင့် အင်္ဂလန်နိုင်ငံတို့စသည်တို့ရှိ မိုးကုတ် ဝိပဿနာအဖွဲ့များက ဖြုတ်ထုတ်၊ ပြင်ဆင်၊ ဖြည့်စွက်ခြင်းလုံးဝမပြုကြပါ။ အဘယ့်ကြောင့်ဆိုသော် သံဃမဟာနာယကအဖွဲ့(မဟန)သည် မြန်မာပြည် တွင်းနဲ့သာဆိုင်သောအဖွဲ့ပဲဖြစ်ပါသည်။ ပြည်တွင်းမှာတောင် အတိအကျလိုက်နာခြင်းမရှိကြလျှင် ပြည်ပနိုင်ငံများက သာလို့တောင်မှ မလိုက်နာတော့မည်ပေါ့။

သံဃမဟာနာယကအဖွဲ့(မဟန)မှ ဘုရားဟောနှင့် မညီ (အဓမ္မ)ဟု သတ်မှတ်တိုင်း ထိုတရားသည် အမှန်တကယ် ဘုရားဟောနှင့်မကိုက်ဟု မည်သူက အာမခံမည်နည်း။ ဆုံးဖြတ်သောပုဂ္ဂိုလ်သောပုဂ္ဂိုလ်တွေကကော ဘယ်လောက်များဘုရားတရားကို ကျင့်ခဲ့ကြလို့လည်းဟု ပြန်မေးစရာတွေဖြစ်လာ၏။

ဒါဆိုလျှင် အရင့်အရင်က အဓမ္မဟုဆုံးဖြတ်ခံခဲ့ရသော တရားများကကော သံဃမဟာနာယကအဖွဲ့(မဟန)မှ အဓမ္မလုပ်ခဲ့တာနဲ့ပဲ ဘုရားဟောနဲ့မတူဟု လက်ခံလိုက်ရတော့မှာလား။ အဲဒီလို သတ်မှတ်ဖို့ ဘယ်သူက အခွင့်အာဏာ ပေးထားလို့လဲ။ ပေးပိုင်ခွင့်ကောရှိလို့လား။ သူတို့လက်ခံဖွင့်ဆိုတာတွေနဲ့မတူတိုင်းသာ အဓမ္မလုပ်မယ်ဆိုရင် မဟာယာနတွေကော၊ တိဗက်ဗုဒ္ဓဘာသာတွေကော၊ ကိုရီးယာဘုန်းကြီးတွေ၊ ဂျပန်ဗုဒ္ဓဘာသာတွေကိုပါ အဓမ္မလုပ်ပါလား။ အဲဒါတွေကြတော့ သူတို့ထက် အင်အားကြီးတော့ မလုပ်ရဲကြပဲ နိုင်မယ့်သူတွေကိုမှ အနိုင်ကျင့်ပြီး အတင်းအဓမ္မလုပ်နေကြတာပဲဟု ဆက်စပ်စဉ်းစားမိတော့၏။

ထိုအခြေအနေများကြောင့် အရင့်အရင်က အဓမ္မလုပ်ခံခဲ့ရသော တရားများကို ပြန်လေ့လာဖို့တော့လိုပြီဟု ဆုံးဖြတ်ခဲ့၏။ ထိုကဲ့သို့ လေ့လာခဲ့ရာမှ အဆိုပါတရားများမှ တဆင့် သိရှိခဲ့ရသည်မှာ

၁။ ထေရဝါဒကျမ်းဘုရားဟောများကို ဘာသာပြန်မှုများ၏ မခိုင်ခန့်များကို သိလာခဲ့ရခြင်း။ (ဘုရားဟောပါဠိတော်ကတော့ ခိုင်ခံ့နိုင်၏၊ သို့သော် ဘာသာပြန်ချက်များသည် အမျိုးမျိုးကွဲလွဲနေ၏။)

၂။ လက်ရှိထေရဝါဒသည် ဘုရားပရိနိဗ္ဗာန်စံပြီးနောက် နှစ်ထောင်ကျော်ကြာမှ  သိဟိုဠ်ဘုန်းကြီးများရေးသားဖွင့်ဆိုခဲ့သော ကျမ်းများဖြစ်သည့် အဋ္ဌကထာကျမ်းများနှင့် နောက်နောင် ဘုန်းကြီးများထပ်မံဖွင့်ဆိုသော ဋိကာကျမ်းတို့ကို ဘုရားဟောနှင့် တန်းတူထားခြင်း။

၃။ ထိုအဋ္ဌကထာ၊ ဋိကာကျမ်းတို့နှင့် မကိုက်ညီပါက အဓမ္မဟုဆုံးဖြတ်ခြင်း။

၄။ ထိုအဋ္ဌကထာ၊ ဋိကာကျမ်းတို့တွင် ကျမ်းတိုင်းကို လက်ခံသည်မဟုတ်ပဲ ၎င်းတို့ အယူအဆ၊ အတွေးအမြင်နှင့် ကိုက်ညီသော အဋ္ဌကထာ၊ ဋိကာကျမ်းတို့ကိုသာ ဘုရားဟောနှင့်ညီသည်ဟု မိမိတို့အလိုနှင့် သတ်မှတ်ခြင်း။

 

၅။ ယခု အဓမ္မသတ်မှတ်ခြင်းခံ့ရသော အယူဝါဒတို့သည် ဘုရားဟောပါဠိတော် နှင့်မညီတာထက် ပါဠိတော်အပေါ် ဘာသာပြန်မတူခြင်းနှင့် ကိုးကားသော အဋ္ဌကထာ၊ ဋိကာကျမ်းတို့ မတူမှုအပေါ်တွင်သာ အဓမ္မဟု ဆုံးဖြတ်ခံခဲ့ရခြင်းတို့ကို တွေ့ရှိခဲ့ရပါသည်။

သို့အတွက်ကြောင့် သံဃမဟာနာယကအဖွဲ့(မဟန) ဝိနည်းဓိုရ်အဖွဲ့က ၎င်းတို့ကိုးကားသောကျမ်းများနှင့် မကိုက်ညီတိုင်း အဓမ္မလုပ်နေတာကို ဘယ်လက်ခံလို့ ဖြစ်တော့မည်နည်းဟု ဆုံးဖြတ်ချက်ချလိုက်ပါသည်။

ထိုဆုံးဖြတ်ချက်အတိုင်း ဗုဒ္ဓတရားများကိုတော့ ဓမ္မဟုသတ်မှတ်ထားသော တရားများ၊ အဓမ္မဟုသတ်မှတ်ခံခဲ့ရသော တရားများအပြင် ထေရဝါဒမဟုတ်သော မဟာယာနတရားများ၊ ဇင်ဗုဒ္ဓဘာသာတရားများကို လက်လှမ်းမီသလောက် ရှာဖွေနှိုင်းယှဉ်လေ့လာခဲ့ပါသည်။

ထိုကဲ့သို့ ဗုဒ္ဓတရားတော်များကို ဝါဒမခွဲခြားပဲ လေ့လာနေသောကာလထဲတွင် အဓမ္မဝါဒဖော်ထုတ်ရေးဟု အမည်ခံထားသော အဖွဲ့များ၏ ဟောပြောမှုများကိုလည်း ကြားသိနေခဲ့ရပါသည်။  ထိုအဓမ္မဝါဒဖော်ထုတ်ရေးအမည်ခံများထဲမှ မစိုးရိမ်စာသင်သားနာမည်ဖြင့် ဦးဇင်းတစ်ပါး၏ ရေးသားဟောပြောမှုများမှ မိုးပြားဂိုဏ်တို့၊ ပစ္စုပ္ပန် ကမ္မဝါဒဗုဒ္ဓဘာသာတို့ကို ထပ်မံကြားသိခဲ့ရပါသည်။ သင်္ကန်းအပြာရောင်ဝတ်သောဘုန်းကြီးဟု ထပ်မံ၍ သိခဲ့ရပါသည်။

အဆိုပါမစိုးရိမ်စာသင်သား ရေးသား၊ ဟောပြောလှုံ့ဆော်မှုတို့ကြောင့် ကြားသိခဲ့ရသော ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာ (မိုးပြာ)တရားတို့ကို ကျွန်ုပ်နှင့် အတွေးအမြင်တူသူ ဓမ္မမိတ်တို့သည် အထူးအလေးပြုလေ့လာခဲ့ပါသည်။ အဘယ်ကြောင့် အထူးပြုလေ့လာရပါသလဲဆိုလျှင် ၎င်းတို့က အဓမ္မလို့သတ်မှတ် လေလေ ပိုမိုလေ့လာသင့်လေလေဟု ဆုံးဖြတ်ထားသောကြောင့်ဖြစ်ပါသည်။

ဥပမာက “လူဆိုးက ဒီလူမကောင်းဘူးဟု ပြောလေလေ၊ ထိုသူသည် လူကောင်းဖြစ်ဖို့ နီးစပ်စပ်လေလေ” ဟုဆိုသော စကားလိုပင်ဖြစ်ပေသည်။

အဆိုပါ မစိုးရိမ်စာသင်သားတို့အပေါင်းအပါတစ်စုက အဓမ္မဟု စွတ်စွဲလေလေ ထိုတရားထဲတွင် တကယ့်ဓမ္မများပါနိုင်လေလေဟု သုံးသပ်မိထားကြသောကြောင့်ဖြစ်ပါသည်။

မစိုးရိမ်စာသင်သားတို့ မကောင်းကြောင်းဟောပြောလေလေ လူတွေက ပိုမိုစိတ်ဝင်စားလေလေဖြစ်ရသည်မှာ ကျွန်ုပ်တို့တွင်မက တရားအစစ်အမှန်ကို လိုလားသူတိုင်းမှာ နှိုင်းယှဉ်လေ့လာလိုကြောင်း ဖြစ်ပေါ်နေကြသည်ကိုတွေ့ရပါသည်။

ထိုကဲ့သို့ ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာ (မိုးပြာ)တရားများကို သေသေချာချာနှိုင်းယှဉ်လေ့လာမိရာမှ ဓမ္မဝိဟာရီဆရာတော် ရှင်ဉာဏဟောပြောရေးသားချက်များကို အင်တာနက်မှတဆင့် သိရှိခဲ့ရာတွင်

 

၁။ လက်ရှိထေရဝါဒီတို့ရဲ့ ကံအပေါ် ယူထားသည့် (ရှေ့ဘဝ၊ နောက်ဘဝ)အယူတို့သည် ဗုဒ္ဓအယူမဟုတ်ပဲ၊ ဂျိန်း (ဟိန္ဒူ)အယူဖြစ်နေခြင်း။

၂။ လက်ရှိထေရဝါဒီတို့သည်  ဘုရားဟောပါဠိတော်ထက် အဋ္ဌကထာ၊ ဋိကာကျမ်းတွေပေါ်မှာ စံထားနေခြင်း။

၃။ ယနေ့ခေတ်စားနေသာ ရုပ်၊ နာမ် ပရမတ် ရှုသော ဝိပဿနာရှုကွက်တို့မှာ ဗုဒ္ဓဘုရားမပွင့်ခင်ကတည်းက (ဟိန္ဒူ) ဗြဟ္မဏတို့ကျင့်သုံးနေသော၊ ဘုရားအလောင်းဆရာများဖြစ်ကြသည့် အာဠက၊ ဥဒကရသေ့ကြီးများ၏ ကျင့်စဉ်များဖြစ်သည့် ရူပါ၊ ရူပတရားများဖြစ်ကြောင်း၊

၄။ ထိုကျင့်စဉ်တို့ကို ဗုဒ္ဓဘုရားမှ အတ္ထကိလမထအနုယောဂကျင့်စဉ်များဖြစ်သည့်အတွက် ပယ်ခဲ့ကြောင်း၊

၅။ ဗုဒ္ဓ၏ ဝိပဿနာရှုကွက်မှာ ရုပ်၊ နာမ် ပရမတ်အပေါ် အဓိကထားရှုသော ပရမတ္တသစ္စာအမြင်မဟုတ်ပဲ၊ ကံ (သင်္ခါရ) အပေါ် အဓိကထားရှုရသော အရိယသစ္စာအမြင်သာဖြစ်ကြောင်း၊

၆။ ပရမတ္တသစ္စာနှင့် အရိယသစ္စာ မတူကြောင်းတို့ကို ကွဲကွဲပြားပြားသိခဲ့ရပါသည်။

ထိုကဲ့သို့ အသိဉာဏ်ပြောင်းလဲလာသည့်အခါကျမှ  ကျွန်ုပ်ဆယ်စုနှစ် တစ်စုကျော်ကျော် တစိုက်မက်မက် လေ့လာကျင့်သုံးခဲ့သော ပရမတ္တသစ္စာသည် ရူပါ၊ ရူပ တရားကျင့်စဉ်တွေပါလားဟု သိမြင်လာခဲ့၏။ ဗုဒ္ဓက အတ္ထကိလမထအနုယောဂအကျင့်ဆိုပြီး အစွန်းတရားအနေနဲ့ဟောခဲ့တဲ့တရားတွေပါလားဟု ကွဲကွဲပြားပြားသိမြင်လာခဲ့၏။

ဒါ့အပြင် ပရမတ္တသစ္စာ အမြင်ပေါက်လေလေ၊ လူဟာ လူနှင့် မတူလေလေ၊ လူ့ဝတ္တရာတွေ ချို့ယွင်းပျက်ကွက်လေလေတို့ကို ပိုင်းခြားပြီး သိ၍သိ၍ လာခဲ့ပေသည်။

ထိုကဲ့သို့ လူဟာ လူနှင့် မတူတော့သော အဖြစ်များနှင့် လူ့ဝတ္တရားတွေ ပျက်ကွက်လာပြီး လူ့လောကနှင့် သူစိမ်းကဲ့သို့ နေထိုင်နေရခြင်းတို့ကို ပရမတ်ဝါဒီတို့က တရားထူးရသည်ဟု ထင်မြင်ယူဆကြကုန်၏။

ဓမ္မဝိဟာရီဆရာတော်ညွှန်ပြလိုက်ပါမှ အဆိုပါ ပရမတ် (ရူပါ၊ ရူပ)ချောက်ကြီးကို တွေ့မြင်မိပြီ ရုန်းထွက်ဖို့ကြိုးစားရပေတော့သည်။

ဗုဒ္ဓ၏လွတ်မြောက်ရေးလမ်းစဉ်သည် လူ့တာဝန်တွေကို ရှောင်ဖယ်ပြီး တစ်ကိုယ်ကောင်ဆန်ဆန်နေထိုင်နိုင်ခြင်းကို ဦးတည်သည် မဟုတ်ပါ။

လူ့ရဲ့နေ့စဉ် ပြုမူ၊ ပြောဆို၊ နေထိုင်နေစဉ်အတွင်း အပြုမှား၊ အပြောမှား၊ အနေမှားတွေမှ အပြုမှန်၊ အပြောမှန်၊ အနေမှန်အောင် ကံ (သင်္ခါရ)တွေကို စိစစ်ခိုင်သော အရိယသစ္စာလမ်းပဲဖြစ်ပေသည်။

ကံ (သင်္ခါရ)၊ ဝိပါတ်၊ ကိလေသာတို့၏ လည်ပတ်မှုတွေကို ရှုမှတ်ရမည့်အစား ပရမတ် နာမ်၊ ရုပ်တွေကို အစိတ်စိတ်အဖြာဖြာ ရှုမှတ်ခိုင်းနေသော ပရမတ္တသစ္စာသည် လုံးဝ ဗုဒ္ဓ၏ အရိယသစ္စာမဖြစ်နိုင်ဟု ဆုံဖြတ်လိုက်ရပေသည်။

ဓမ္မဝိဟာရီဆရာတော်သည် နှစ်ပေါင်းများစွာ ဗုဒ္ဓတရားတော်တွေထဲတွင် နေရာဝင်ယူနေခဲ့သော ပရမတ္တသစ္စာနှင့် ဗုဒ္ဓ၏ အရိယသစ္စာကို ကွဲကွဲပြားပြားသိရှိအောင် ပရမတ်အစွဲသန်သူတို့၏ ထောင်အကြိမ်ကြိမ်ချမှုကို ခံယူကာ အနစ်နာခံ ဖော်ထုတ်ခဲ့သည်မှာ အလွန်ကျေးဇူးကြီးလှပေသည်။

ပရမတ္တသစ္စာနှင့် အရိယသစ္စာ ကွဲပြားမှပဲ တကယ့်ဆင်းရဲအမှန်၊ ဆင်းရဲကြောင်းအမှန်၊ ဆင်းရဲလွတ်ရာ နည်းလမ်းအမှန်နှင့် ဒီဆင်းရဲတွေမှ လွတ်မြောက်ပုံတို့ကို သိရှိ အကျိုးခံစားရပါတော့သည်။

သို့အတွက်ကြောင့် ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာ ဓမ္မဝိဟာရီဆရာတော် ဟောကြားသည့်တရားများကို စိတ်ဝင်စားစွာ လေ့လာဖို့ ဖြစ်လာရခြင်းသည် အဓမ္မဝါဒဖော်ထုတ်ရေးအမည်ခံထားသူတို့နှင့် အထူးသဖြင့် မစိုးရိမ်စာသင် သားအမည်ခံသူတို့၏ ဟောပြောလှုံ့ဆော်မှုကြောင့် ဖြစ်ပါသည်။

ထိုပုဂ္ဂိုလ်တို့၏ ကျေးဇူးကြောင့် ဗုဒ္ဓ၏အရိယသစ္စာကို သိရှိခွင့်ရတာမို့ မစိုးရိမ်စာသင်သားနှင့် အပေါင်းအပါတို့အား ကျေးဇူးတင်ကြောင်းပြောကြားလိုပါသည်။

 

မှတ်ချက်။

(အကောင်းပဲပြောပြော၊ အဆိုးပဲပြောပြော ထိုပြောသူသည် ကြော်ငြာပေးသူဖြစ်ပါသည်။

ဆက်လက်၍ ကြော်ငြာပေးခြင်းဖြင့် အရိယသစ္စာထွန်းကားအောင် ကူညီကြစေလိုပါသည်။)

ဗုဒ္ဓ၏အရိယသစ္စာကို အသေးစိပ်သိရှိလိုသူများအတွက် အမေရိကန်နိုင်ငံရှိ အရိယသစ္စာကို သိမြင်သူများမှ ပြုလုပ်သည်ဟု သိရှိရသော အင်တာနက်တွင်တွေခဲ့ရသည့် http://www.ariyathitsa.org/ website တွင် လေ့လာနိုင်ပါသည်။

 

 

 

 

 

 

12 comments

  • uzin

    January 8, 2012 at 8:41 am

    ever ကို အတုယူခွင့်ပြုပါ။ တကယ်တော့ ငြိမ်းချမ်းခြင်းအစစ်ကို တွေ့ဖို့ဆိုတာ မငြိမ်းချမ်းခြင်းအစစ်ကို အရင် သိဖို့အထူးလိုအပ်ပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာလည်း အဆုံးအမ ကိုလို်က်နာကျင့်သုံးရာမှာလည်း ကျင့်သုံးနိုင်မှုပမာဏအနည်းအများအလျှောက် အမှန်တကယ်ငြိမ်းချမ်းခြင်းကို ခံစားရရှိသင့်ပါတယ်။ အမှန်တကယ်ကို ငြိမ်းချမ်းခြင်းမရဘူးဆိုရင်တော့ ပြန်လည်သုံးသပ်စဉ်းစားပြီး ထပ်မံရှာဖွေ ရဦးမှာပါ။

    သင့်သော်ယူစေ၊ မသင့်ပေမူ
    ရှာဖွေပါဦး၊ ဤခေတ်ထူး၌
    ဆည်းပူးနိုင်မှ၊ လွန်တိကျလိမ့်။

    ဘာသာတရားကို ကိုးကွယ်ဆည်းကပ်သူတိုင်းမှာ မှန်ကန်သော ရည်မှန်ချက်ရှိဖို့ အထူးလိုအပ်ပါတယ်။
    မိမိတို့ ဆည်းကပ်သော ဘာသာတရားမှ မည်သည့်ဆုလာဘ်ပေးပြီး မည်သည့်လမ်းကြောင်းသို့ ရောက်အောင်လမ်းညွှန်နိုင်ပါသနည်း။

  • eveningstar

    January 8, 2012 at 3:11 pm

    ထေရဝါဒကို ဓမ္မဝါဒ လွဲနေတဲ့ဝါဒလို့ဆိုရင်

    ဘာလို့ဒီဝါဒကို အခြေခံပြီး ကြိုက်တာယူ မကြိုက်တာဖြုတ်

    လုပ်လဲ၊ရှင်းပါတယ် ဘာသာမဲ့လဲမဟုတ် ကိုယ်ကြိုက်သလိုလေးလဲ

    နေလို့ရတယ်လေ၊ ဇ ရှိရရင် တခြားဘာသာတွေကို ဒါမျိုးလုပ်ပြီး

    စော်ကားကြည့်ပါ၊ ဒီဝါဒက သဘောကောင်းလို့ပေါ့။

    • ever

      February 10, 2012 at 4:53 pm

      ထေရဝါဒကိုအခြေခံတာမဟုတ်ပါ၊ ဗုဒ္ဓတရားကိုသာ အခြေခံတာပါဟု သဘောပေါက်ပေးပါ။
      ဒါပေမယ့် ယခင်ခေတ်တွေက ဗုဒ္ဓတရားဆိုလျှင် ထေရဝါဒအပြောတွေသာ သိခွင့် ရခဲ့ပေမယ့် ယခုအခါ ဗုဒ္ဓတရားတော်များကို အယူဝါဒအစုံမှ ကျယ်ကျယ်ပြန့်ပြန့် သိလာရနေပါပြီ။
      ဗုဒ္ဓတရားသည် ထေရဝါဒတစ်ခုတည်းနှင့်သာ သက်ဆိုင်သည်မဟုတ်ပါ။

  • mggwa

    January 8, 2012 at 4:33 pm

    သူက ကျေးဇူးတင်လို့ ကျေးဇူးတင်ကြောင်း ပြောနေတာလေ။ ဒါ မင်္ဂလာတရားနဲ့ အညီပဲ ဥစ္စာ။ မစိုးရိမ်စာသားက ဒီ (မိုးပြာ)တရားတွေကို လူတွေ စိတ်ဝင်စားအောင် နှိုးဆော်ပေးနေတဲ့ နိဗ္ဗာန်ဆော်ပဲ။ အခုလည်းကြားရတယ်.။ ဦးကောသလ္လတို့၊ မေတ္တာရှင်ရွှေပြည်သာဦးဇဝနတို့၊ ဒယ်အိုးဦးသုမင်္ဂလတို့ကိုလည်း သူတို့ပဲ လူတွေ ပိုစိတ်ဝင်စားအောင် ရှောက်လုပ်ပေးနေတယ်လို့။
    ဘယ်လိုပဲဖြစ်ဖြစ်
    “ပွတ်လေလေ၊ ဂူရွှေမှာ အရောင်ထွက်တယ်၊
    ရှေးကထက်ကဲ” ဆိုတဲ့ ကဗျာလိုပေါ့။

    မစိုးရိမ်းစာသင်သားနဲ့ အပေါင်းအပါများ ရှေးကထက် ပိုပွတ်နိုင်ကြပါစေ။

  • kokomyo

    January 8, 2012 at 5:38 pm

    လွတ်လပ်စွာ နှိုင်းယှဉ်လေ့လာပြီး လွတ်လပ်စွာ ပြောင်းနိုင်ပါတယ်။ ဘုရားလက်ထက်မှာလည်း ဗြဟ္မဏအယူကနေ ဗုဒ္ဒအယူ ပြောင်းလိုက်တဲ့ သူတွေ အများကြီးရှိခဲ့တာပဲ။
    နဂိုအယူရဲ့ အားနည်းချက်တွေကို ဝေဖန်မိမှာပေါ့။ အားနည်းချက်တွေရှိလို့လည်း ပြောင်းကြတာပဲ။
    ကျုပ်ကတော့ မျက်စိဖွင့်ထားပြီးအားလုံးကို နှိုင်းယှဉ်လေ့လာနေတုန်းပဲ။

  • လူဆိုးက ဒီလူမကောင်းဘူးဟု ပြောလေလေ၊ ထိုသူသည် လူကောင်းဖြစ်ဖို့ နီးစပ်စပ်လေလေ” ဟုဆိုသော စကားလိုပင်ဖြစ်ပေသည်။

    • manawphyulay

      January 12, 2012 at 4:13 pm

      ဒါကြောင့်လည်း ဘုရားရှင်က ဟောပြခဲ့တယ်မလား။ ငါကောင်းတယ် ငါတော်တယ်။ ဒီလမ်းစဉ်ကို လိုက်ပါလို့ပြောတိုင်း မယုံလေနဲ့ ကိုယ်တိုင်ကျင့်ကြံ အားထုတ်မှ တရား ဘာဆိုတာ သိပါလိမ့်မယ်တဲ့လေ။
      ဘုရားရှင်သော်မှ ကိုယ်ကိုယ်တိုင်မလုပ်ပဲနဲ့ သူများပြောတာ ယုံကြည်နေဖို့ မပြောခဲ့ပါဘူးရှင်။

  • mggwa

    January 12, 2012 at 1:36 pm

    ယောက်ျားတစ်ယောက်ကို မကျေနပ်လို့ ဘယ်တော့မှ လင်မယူတော့ဘူးလို့ အပြောကြီးထားတဲ့အပျိုကြီးတစ်ယောက် —- ။
    အဲဒီယောက်ျားကောင်းတဲ့အကြောင်းကို သေသေချာချာ သိသွားတော့ တိတ်တခိုးလေးကြိုက်သွားတယ်။
    ဒါပေမယ့် ခက်တာက သူက ဘယ်တော့မှ လင်မယူတော့ဘူးလို့ ရပ်ကွက်ထဲမှာ ကြွေးကြော်ခဲ့တော့ – – – -။
    ဒီယောက်ျားကို ပွင့်ပွင့်လင်းလင်း ပြန်ကြိုက်ဖို့က ခက်နေတဲ့ အပျိုကြီးလို မစိုးရိမ်စာသင်သား ဖြစ်နေပုံရတယ်။ အရိယသစ္စာကို အပြစ်ရှာမယ်ဆိုပြီး သူလည်းအပြတ်လေ့လာမိတော့ သူကိုယ်တိုင်လည်း တိတ်တခိုးလေး သဘောတော့ကျနေပြီ၊ ဒါပေမယ့် အပြောကကြီးထားခဲ့တော့ ခက်နေတာနော်။
    အခုတော့ သူကိုယ်တိုင်တိတ်တခိုးလေးသဘောကျနေတဲ့ အရိယသစ္စာကို ဆန့်ကျင်ဖက်အသွင်နဲ့ မကြိုက်ဘူးပြောနေတာ – – – ဟို အပျိုကြီးလိုဖြစ်နေတာ – – – ။
    ပွင့်ပွင့်လင်းလင်းသာ ကြိုက်လိုက်ပါတော့။ သဘောတူမှာပါ။ (ကြားထဲကဝင်ပြောတာနော်၊ လိုအပ်ရင် နားဖောက်ပေးမယ်။)

  • ariyathitsa

    April 9, 2012 at 11:47 am

    ဗုဒ္ဓမြတ်စွာဘုရားရဲ့တရားတော်စစ်စစ်ဖြစ်တဲ့ အရိယသစ္စာဗုဒ္ဓဘာသာ တရားကို လူတွေသိအောင် တစ်ဖတ်တစ်လမ်းက ကြေငြာပေးသော မစိုးရိမ်စာသင်သား အပေါင်းအပါတို့နှင့် ဝက်ဆိုက် http://www.ariyathitsa.org/ ကို လမ်းညွှန်ဖော်ပြပေးသော post ရေးသားသူ ever တို့အား ကျေးဇူးတင်ပါတယ်။

Leave a Reply