လွတ်လပ်ရေးနေ့၏ နောက်တစ်ရက်တွင် တိတ်ဆိတ်သွားခဲ့သော မှော်တစ်ခွင်လုံးကိုကြည့်ရင်း သူ စိုးရိမ်ပူပန်မှုတစ်ခုဖြစ်ပေါ်နေ၏။ ၂၄နာရီပတ်လုံးနည်းပါး အလုပ်လုပ်နေသော မှော်သည် ယခုတွင် စက်သံ၊ကားသံ၊ မိုင်းခွဲသံများ မကြားရတော့ပဲ တိတ်ဆိတ်ခြင်း မင်းမူနေခဲ့ပြီ။ အနီးအပါးရှိ လုပ်ကွက်များသည်လည်း ရုတ်တရက် လုပ်ငန်းလည်ပတ်နေသည်များကို ရပ်ဆိုင်းလိုက်ကြသည်။ သူ လုပ်နေသော ကုမ္ပဏီသည်လည်း အများနည်းတူ လုပ်လက်စ လုပ်ငန်းခွင်ကို ရပ်ဆိုင်းလိုက်ရလေတော့သည်။ ကုမ္ပဏီဝန်းအတွင်းသို့ မြေစာသယ်ကားများ တစ်စီးပြီး တစ်စီးမောင်းဝင်လာနေကြသည်ကိုကြည့်ရင်း သူ မပျော်ချေ။

ဖားကန့်သည် ကျောက်စိမ်းထွက်ရှိရာ ဒေသ။ မြန်မာနိုင်ငံ၏ အားကိုးအားထားပြုရာ သယံဇာတ ရတနာသိုက်ကြီးတစ်ခု။ ယခုတော့ ထိုရတနာနယ်မြေတစ်ခုလုံး ရပ်တန့်နေရသည်။ မည်သည့်ကုမ္ပဏီမှ အလုပ်မလုပ်တော့။ တစ်ချို့က ကုမ္ပဏီသိမ်းနေပြီ။ သို့သော် နေရပ်သို့ပြန်၍လည်းမရ။ အဘယ်ကြောင့်ဆိုသော် ဖားကန့် -မိုးကောင်းလမ်းသည် မတည်မငြိမ်ဖြစ်နေသော အခြေအနေများကြောင့် ပိတ်ထားလိုက်ရပြီ။ ဖားကန့်မြို့ မှော်ဝမ်း ကားဝန်းတွင် ကားများ သည်အတိုင်းထိုးရပ်ထားလိုက်ရသည်။ ဖားကန့်ရှိ ကုန်စည်ကူးသန်းမှုရပ်သွားသည်ဟု ပင်ပြော၍ရသည်။ ကုမ္ပဏီများက လုပ်ငန်းလည်ပတ်ရေးထက် စားနပ်ရိက္ခာဖူလုံရေးအတွက်သာ အဓိကထား ၀ယ်ယူနေရသည်။ မနေ့ကအထိ ဆန်တစ်အိတ်တန်ဖိုးမှာ သုံးသောင်းကျော်သွားပြီဟု သိရသည်။ ဆန်၊ ဆီ၊ဆား၊ ကုန်ခြောက်တော်တော်များ ၀ယ်ချင်တိုင်းဝယ်၍မရတော့။

သူ စိတ်ပူနေသည်က နေရပ်သို့အလုပ်နား၍ ပြန်လွှတ်လျှင်ပင် ပြန်ရန်မဖြစ်သေးသည့် အနေအထားကြောင့်ဖြစ်သည်။ ပုံမှန်အတိုင်းဆိုလျှင် ရာသီသိမ်းချိန်က နှစ်စဉ် မေလကုန်ပြီမှ။ ခုတော့ ရာသီက မတည်မငြိမ်ဖြစ်နေသော အခြေအနေများကြောင့် ဇန်န၀ါရီလ အစမှာပင် သိမ်းရတော့မည့်အနေအထား။ ကချင်တပ်များနှင့် တိုက်ပွဲဖြစ်ပွားသည်ဟု ကြားရကတည်းက ဖားကန့်သို့မရောက်လာပါစေနှင့် ဟု သူဆုတောင်းသော်လည်း ပြည့်မလာ။ ခုတော့ လုံးခင်းအနီး (၇)မိုင်တွင် ဖြစ်နေသည်ဟု ကြားသိရသည်။ ဒီနေ့လည်း နန့်ယားရွာကို မနက် (၁၀)နာရီလောက်က ရွှေ့ပြောင်းခိုင်းသည်ဟု သိရပြန်သည်။ သူကုမ္ပဏီကနေ မျှော်ကြည့်၍ မီးခိုးတလူလူတွေ့ရတိုင်း သို့လော သို့လောနှင့် ကြောက်နေရသည်။ ဒီအတိုင်း တစ်လလောက် အလုပ်မလည်ပတ်ပဲ နေရမည် ဆိုပါက သူတို့ ကုမ္ပဏီဝန်ထမ်းများ မုချ အိမ်ပြန်ကိန်းဆိုက်နေမည်မှာသေချာသည်။ လမ်းများကလည်း ပိတ်ထားသဖြင့် ပြန်ရန်ပင် ကျီးလန့်စာ စားရမည့် ပုံပင်။

သူတို့ကုမ္ပဏီရှိ ၀န်ထမ်းများကလည်း ဘယ်တော့ပြန်လွှတ်မလဲ ဟု တစ်ယောက်နှင့် တစ်ယောက်တွေ့တိုင်းမေးငေါ့မေးရသည်ပင် မနက်မိုးလင်းကနေ ညနေမိုးချုပ်သည့်အထိ။ ကုမ္ပဏီမှာ ရိက္ခာဖူလုံရဲ့လား။ ဘယ်တော့လောက်ပြန်လွှတ်မည်လဲ။ လမ်းစရိတ်မလောက်သူများက အပူတစ်မျိုး။ အကြွေးရှိသူများက အပူတစ်မျိုး။ သည်ကြားထဲ တစ်စခန်းထလာနိုင်သော ရေမဆေး အန္တရာယ်ကိုလည်း ကြောက်နေရသေးသည်။ သူတို့ဝန်ထမ်းတွေကိုတော့ အပြင်မထွက်ရဟု ကုမ္ပဏီက ပြောကြားလာသည်။

မှော်တစ်ခုလုံး မီးခိုးတိတ် စက်သံငြိမ်နေသည်မှာ သည်နေ့နှင့်ဆိုလျှင် သုံးရက်ရှိနေပြီ။ ၀န်ထမ်းတိုင်းနားစွင့်နေသည်က အခြေအနေကောင်းလာပြီလား ဆိုသည့်အချက်။ တစ်နယ်တစ်ကျေးမှာ စီးပွားလာရှာသူချင်းပီပီ သူလည်း စာနာပါသည်။ သူပင်လျှင် အိမ်မပြန်ချင်သေး။ ယခုချိန် ပြန်ခိုင်းလျှင် လက်ထဲတွင် ရှူးတစ်ပြားမှ မကပ်သေးသဖြင့် လမ်းစရိတ်အတွက်ပင် အိမ်ကနေ လှမ်းတောင်းရမည့် ကိန်းဆိုက်နေသည်။ ထို့ကြောင့် သူ အိပ်မပျော် ၊ စားမ၀င်နှင့်…ဆုတောင်းနေရသည်။ ထို ဆုတောင်းက ပြန်လည်တည်ငြိမ် အေးချမ်းလာပါစေဟု…..ပင်။

သော်ဇင်(လွိုင်ကော်)

ကုမ္ပဏီ ၀န်ထမ်းများ နှင့် ထပ်တူ ထပ်မျှဖြစ်လျှက်။

About သော်ဇင် (လွိုင်ကော်)

သော်ဇင် (လွိုင်ကော်) has written 192 post in this Website..

ရင်ဘတ်နဲ့ခံစားပြီးရေးတဲ့ စာတွေ တင်ပြပါရစေခင်ဗျား