ကျွန်တော်နှင့် ကျွန်တော့်ချစ်သူများ

စဆရ ႀကီးJanuary 8, 20121min14815

ရောက်ပါလေပြီ။

အခန်းဝတွင် မယောင်မလည်ဖြင့် ကိုယ်ယောင်ပြနေမိသည်။ ပြောမယ့်သာပြောရတာ၊ ကိုရင်ရှူံးမှာ အသည်းသာငယ်သော်လည်း လူကောင်က လူတန်းစေ့ဖြစ်သည့်အတွက် အလွယ်တကူမြင်နိုင်သည်။ လက်နှစ်ဖက်ကို အရှေ့မှာထားရမည်လား၊ အနောက်မှာပဲ ထားရမည်လားနှင့် မွေးကတည်းက ပါလာသော အဲဒီဟာကြီးကို ဘယ်နားထားရမည်မသိအောင် အတော်လေးဂွကျလှပေသည်။ မျက်နှာကို ဘယ်လိုထားရမလဲဟုလည်း စဉ်းစားမိသေးသည်။

ပြုံးနေရမလား…?

ဒါလဲ မဖြစ်သေးပါဘူးလေ၊ ရုပ်ကိုက ပြောင်စပ်စပ်နဲ့ဆိုပြီး ဝိုက်လက်သီး၊ ပင့်လက်သီးတွေက အဆက်မပြတ်ကျလာမှ ဒုက္ခ။

တည်နေရမလား…?

ဒါလဲ မဖြစ်နိုင်၊ ရုပ်တည်ကြီးနဲ့ ကောင်မလေးကိုလာပိုးတယ်ဆိုတာ တော်တော်ကြောင်တယ်ဟု တွေးမိပြန်သည်။

နောက်ဆုံးတွင်မတော့ မချိသွားဖြဲလေးဖြင့် ကပိုကယိုလေး လက်လှမ်းပြလိုက်သည်။ (ဒါမှ သူလဲ ကျေနပ်ပေလိမ့်မပေါ့) သူကခဏနေဦးဆိုသည့်သဘောဖြင့် လက်ဝါးကာပြသည်။ မျက်လုံးထဲတွင်မတော့ လက်သီးကြည့်ထားဟု ပြသည်ပဲ ထင်မှတ်နေတုန်း။ သိပ်မကြာခင်မှာပင် ငါးသလောက်ပြုံးလေးဖြင့် သူမမှ သူမပုံစံအတိုင်း ဘောက်ဆတ်ဘောက်ဆတ်ဖြင့် ခြေလှမ်းနှစ်လှမ်းမျှလှမ်းပြီး အပြင်ရောက်လာတော့သည်။

“ကိုရင်ရှူံးဆိုတာ ရှင်လား”
“ဟုတ်ပါတယ်ခင်ည”
“ရှင်က ကျွန်မကို စိတ်ဝင်စားနေတယ်ဆို”
“……..”
“ဒါဆိုလဲ နောက်၂ရက်နေရင် အကြောင်းပြန်လိုက်မယ်နော်”
“……..”

စတင်တွေ့ဆုံခြင်းမှာ ဒီမျှသာဖြစ်သည်။ အပြန်တွင်မတော့ သူမမှ ငါးခူပြုံးလေးပြုံးပြီး ဘောက်ဆတ် ဘောက်ဆတ်နှင့် ပြန်ဝင်သွားပြီး ဘာမှ မဖြစ်သလိုနှင့် စာမေးပွဲဖြေနေသူများကြားတွင် ရှေ့မှနောက်၊ နောက်မှရှေ့ အမြန်လျှောက်လှမ်းနေတော့သည်။ မျက်လုံးများကတော့ ကိုရင်ရှူံးရှိရာ တံခါးပေါက်ဝတွင် Focus ဖြတ်လျက်သားနှင့်။

ကိုရင်ရှူံးလဲ သူအခန်းစောင့်ကျရာအခန်းသို့ တစ်ချိုးတည်း အမြန်လျှောက်ဖြင့် လျှောက်သွားတော့သည်။ စိတ်ထဲမှာလဲ အတော်လေးကို ပျော်မြူးနေမိသည်။ ထိုစဉ်ကတော့ ထိုစကားသည် မီးစိမ်းပြလိုက်ခြင်းဟု မသိနိုင်သေးပဲ ခြေ၊ လက်အကောင်းဖြင့် ပြန်လာနိုင်သည်ကို ဝမ်းသာမဆုံးဖြစ်မိခြင်းဖြစ်သည်။

………………………………….. ×× …………………………………..

သူမချိန်းဆိုထားသော နှစ်ရက်မြောက်နေ့မှာပင် သူမမှလဲ စိတ်ဝင်စားပါကြောင်း ရိုးရှင်းလှသော စာလေးတစ်စောင်ဖြင့် ကျွန်တော်သည်ကား ပထမဦးဆုံးသော ချစ်သူတစ်ယောက်အား အလိုအလျောက်ရရှိလျက်သား ဖြစ်သွားပါတော့သည်။ ကရင်နှင့်ရှမ်း ဘယ်လိုဘယ်ပုံနဲ့များ ရှေ့ဆက်သွားကြပါလိမ့်ဟု တွေးတော့ တွေးမိလျက်သား…..။

သူမထံ ပထမဆုံးသွားရောက်ချိန်းတွေ့သည်မှာ နည်းနည်းမှ ကဗျာမဆန်လှပေ။ စတင်တွေ့ဆုံခြင်းမှာ နည်းနည်းတော့ ကာရံလေးတွေ ပါသင့်ပေမယ့် ကဗျာလွတ်အကကဲ့သို့သာရှိတော့သည်။ ထိုနေ့က လောကကြီးသည်လည်း ထူးထူးဆန်းဆန်း သာယာလှပမနေပါ။ ငှက်ကလေးတွေလဲ သံစဉ်သာသာတွေ သီဆိုနေခြင်းမရှိပါ။ နှင်းတွေလဲ ကျမနေပါ။

သို့သော်….

ထိုနေ့က အတော်လေးကို အေးပါ၏။

အေးဆို ကျွန်တော်အဖျားတက်နေသောကြောင့် ခိုက်ခိုက်တုန် ချမ်းနေခြင်းလဲဖြစ်သည်။ ထိုနေ့က သူမကို သူမအဆောင်ရှိရာသို့ လမ်းလျှောက်တစ်မျိုး၊ ခြေကျင်တစ်ဖုံ၊ မရောက် ရောက်အောင် ကိုယ့်ခြေထောက်ချည်းသက်သက်သုံးပြီး သွားရောက်တွေ့ဆုံခဲ့ခြင်းသာ ဖြစ်သည်။

သဇင်ဆောင်သည်ကား ဆူညံပွက်လောရိုက်လျက်သား…။ ဝ တိုင်းရင်းသူလေး ယေ့လောင်းခွက် (ချစ်စနိုးဖြင့် ရေလောင်းခွက်ဟုခေါ်သည်) မှ မပီတပီဖြင့် သီချင်းဆိုသံသည်ကား ဂိတ်ပေါက်ဝတွင် ရောက်နေသော ကိုရင်ရှူံးအား အဖျားသွေးပိုတိုးလာအောင်ပင် ကောင်းမွန်လှပေသည်။ ကိုရင်ရှူံးလဲ ဂိတ်စောင့်အဖိုးကြီးအား မျက်နှာချိုသွေးပြီး နော်လားဘွယ်ဆီသွားမလို့ပါဟုဆိုသောအခါ ကြိုပြောထားသည်ထင့်၊ လျှောလျှောလျှူလျှူပင် ဝင်ခွင့်ပြုလိုက်သဖြင့် ကပိုကယိုလေးလှမ်းဝင်ပြီး ကျွန်တော့်ချစ်သူ နေကြာပန်းကြီးရှိရာသို့ တည့်တည့်မတ်မတ်ကြီး လျှောက်သွားတော့သည်။

ဒေါ်ချိုချိုမာမှ အကြောင်းသိဖြစ်သဖြင့် မချိုမချဉ် အပြုံးဖြင့် နေကြာပန်းကြီးရှိရာသို့ မေးငေါ့ပြလေသည်။ အဆောင်မှူးသည်ကား ဘာမှမသိသဖြင့် အထူးအဆန်းအနေဖြင့် ဝမ်းသာအဲလဲ ကြိုဆိုလျက်သား။ နောင်တွင် နေကြာပန်းကြီးနား သွားထိုင်သည့်အခါမှ အနည်းငယ် နှုတ်မိသွားလေသည်။ (ရိပ်မိသည်ဆိုသည်မှာ အပေါ်ပိုင်းလောက်သာ၊ နှုတ်မိသည်ဆိုသည်မှာတော့ အရင်းမှပင် ပါသွားခြင်းဖြစ်သည် – စကားချပ်)။ နေမကောင်းဖြစ်ပြီး ခိုက်ခိုက်တုန်နေသည့်သူအား ဧည့်ဝတ်ကျေပွန်စွာဖြင့် ဇွတ်အတင်း အအေးပုလင်းဇွတ်တိုက်သည့်အခါ အကြောင်းပြချက်မပေးနိုင်ပဲ ဇွတ်ကြိတ်မှိတ် သောက်လိုက်ရသည်။ TV ဖန်သားပြင်တွင်လည်း ဝိုင်ဝိုင်း၏ ကြိုးမဲ့စွန်ကြီးက လှုပ်ရှားလျက်သား။ ဖန်သားပြင်ပေါ်မှာ စာသားများနှင့်ဆန့်ကျင်ဘက် ရေလောင်းခွက်၏ အသံပြဲကြီးဖြင့် အော်ဆိုလျက်သားကနေ ဘာဖြစ်တယ်မသိချက်ချင်းရပ်လိုက်ပြီး ကိုရင်ရှူံးလက်ထဲသို့ မိုက်ခွက်ကြီးကို ထိုးပေးတော့သည်။ ပြီးနောက် အစမှ ပြန်စလိုက်သည်။

“ဆရာလေး ဆိုပြပါလား” ဟု ပြောလိုက်သည့်နောက် ရေလောင်းခွက်ဆိုနေသည်ကို ကြိတ်မနိုင်ခဲမရဖြစ်နေသည်ကတစ်ကြောင်း၊ မိုက်မြင်လျင် ခဲချင်သည့် ဝါသနာလေးကပါလာသည့်တစ်ကြောင်းကြောင့် အလိုလိုပင်ဆိုမိလျက်သားဖြစ်သည်။ တိမ်တွေဆီကို ပျံကာဝဲနေ သည့်စာသားအရောက်တွင်မတော့ ကိုရင်ရှူံးအသံသည်လည်း ဘယ်ပျောက်သွားသည်မသိ၊ တစ်အစ်အစ်နှင့်သာ ထွက်လာတော့သည်။ ထွက်ဆို ဖျားနေသည်မလား၊ အသံပြဲကြီးအော်လို့မရတော့သည်မှာ ကိုရင်ရှူံးအလွန်မဟုတ် (ကိုယ့်ကိုယ်ကို ရှေ့နေလိုက်ခြင်း :P)နေကြာပန်းကြီးလဲ မိုက်ကို ဇွတ်ယူလိုက်ပြီးအသားကုန်အော်ဆိုတော့သည်။ သူမသည်လည်း ထိုသီချင်းကို သိပ်ကြိုက်တာပဲဟူသတတ်။

မှတ်မှတ်ရရ တစ်ဘဝလုံးတွင်တစ်ခါ အသံကောင်းသည်ဟု မှတ်ချက်ပေးခြင်းခံခဲ့ရသည်။ နောင်ဘယ်သူမှ မပြောတော့ပါ။ ကိုယ့်အကြောင်းကိုယ်သာသိ၏။ ထိုစဉ်မှ သူမနှင့် စတင်ရင်းနှီးမှုယူရခြင်းဖြစ်သည်။ လောကဥပဒေအရတော့ ချစ်သူများဖြစ်ကြသော်လည်း တစ်ကယ့်တစ်ကယ်မှာတော့ သူငယ်ချင်းတောင် မဖြစ်ကြသေး။

ထိုစဉ်က ကိုရင်ရှူံးသည်ကား ၁ရ နှစ်သား၊ နေကြာပန်းကြီးသည်ကား ၁၆ နှစ်သမီး။ ဘဝမှာ ဘာအရောင်တွေမှမပါခဲ့ပါပဲ ချစ်သူတွေအဖြစ် သရုပ်ဆောင်ကြည့်ကြခြင်းဖြစ်တော့သည်။

………………………………….. ×× …………………………………..

ထို့နောက်များတွင်မတော့ ကိုရင်ရှူံးသည်ကား သဇင်ဆောင်သို့ နေ့တိုင်းသာရောက်ဖြစ်သည်ချည်းဖြစ်တော့သည်။ နောက်ပိုင်းတွင်မတော့ ကိုရင်ရှူံးနှင့်သူမသည်ကား ဝိပ္ပံအခန်းကို စောင့်ရသည်မှာလဲ အတူတူ ဖြစ်သောကြောင့် အမြဲလိုပင် တွေ့ဖြစ်နေကြတော့သည်။ နေကြာပန်းကြီးလည်း ဒေလီယာပန်းသာသာ ပွင့်ချပ်များ အနည်းငယ် ပျော့ပျောင်းလာသည်။ လမ်းလျှောက်သည်မှစ၊ စကားပြောသည်အဆုံး မိန်းမပီသခြင်းဖြစ်လာသည်။ သူငယ်ချင်းများနှင့် ကျောင်းသူများသည်ကား ချီးကျူးမဆုံးပင်။ သူတို့ Guide ဆရာမလေး သဘောထားပျော့ပျောင်းလာသည့်အတွက် သူတို့အတွက်လည်း အနည်းငယ် အသက်ရှူချောင်ကြသည့်အတွက် နည်းပေါင်းစုံမှ ပံ့ပိုးတော့သည်။

ကျောင်းဝင်ခွင့်တွေကျလာသောအခါ ကိုရင်ရှူံးမှာ အကြောင်းကြောင်းသော အကြောင်းကြောင်းများကြောင့် အဝေးသင်ကိုသာ လျှောက်ရသည်။ သူမသည်ကား သူနာပြုမှီပါလျက်သားနှင့် ကိုရင်ရှူံးနှင့်တူချင်သည်ဟူသောအကြောင်းပြချက်ဖြင့် အဝေးသင်သာလျှောက်မည်လုပ်ရာတွင်မတော့ ကိုရင်ရှူံးလဲ အတော်လေးစကားများအောင်ပြောရတော့သည်။ နားဝင်အောင် ပြောရသည်။ ပြောမရသည့်အဆုံး ကိုယ်တိုင် မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ဖောင်သွားယူ၊ သူမအားဖြည့်ခိုင်းပြီး သူမအားစက်ဘီးပေါ်တင်ကာ ဆေးရုံကြီးသို့ ကိုယ်တိုင်ပို့ဆောင်ပြီး ဖောင်တင်ခိုင်းရလေသည်။ နောက်ဆုံးရက်သို့ပင် ကပ်နေပြီဖြစ်သည်။

ကြားကာလများတွင်မတော့ ချယ်ရီလွင်ရုံတွင် “နှစ်ယောက်တစ်အိမ်မက်” ဇာတ်ကားကိုကြည့်ပြီးနောင်လာမည့် ရ နှစ်အကြောင်းတိုင်ပင်ဖြစ်ကြသည်။ “Titanic” ကားကြည့်ပြီး ဝေးများဝေးခဲ့ကြရင်ဟူသော အတွေးဖြင့် သူမငိုခဲ့ဖူးသည်။ ထို့နောက်တွင်မတော့ သူမနှင့် ကိုရင်ရှူံးသည်ကား သိပ်ချစ်ခဲ့ကြပါသည်။

ကျောင်းဝင်ခွင့်တွေ ကျလာလေပြီ…..။ ကိုရင်ရှူံးသည်ကား အဝေးသင်မေဂျာတစ်ခုကို အခက်အခဲမရှိ လျှောလျှောလျှူလျှူကျလာပြီး သူမသည်လည်း မန္တလေးသူနာပြုတက်ရန် စာကျလာလေပြီဖြစ်သည်။ ထိုစာသည်ကား ခွဲရတော့မည်ဟူသည့် အကြောင်းကြားချက်ပမာပင်ဖြစ်တော့သည်။ သိပ်မကြာမီမှာပင် သူမသည်လည်း ကိုရင်ရှူံးနှင့်ဝေးရာ ကျောင်းတော်ကြီးသို့ တက်ရန်ထွက်ခွာသွားတော့သည်။ ကျောင်းရောက်ပြီး ၂ရက်အကြာမှာပင် သူမထံမှ ဖုန်းကိုရလေ၏။ ရှိုက်ကြီးတစ်ငင်ဖြင့် တွေ့ချင်သောကြောင့်ဟုဆိုသောကြောင့် ကိုရင်ရှူံးလည်း H.M.V လိုင်းကားကြီးကိုစီးပြီး ၆၄ လမ်းရှိ သူမရှိရာသို့ ၃၅ လမ်းမှ လမ်းလျှောက်ပြီးသွားတွေ့ရတော့သည်။

နောင်တွင်မတော့ ဒေါက်ကျော်၏ပံ့ပိုးပေးမှုဖြင့် သူမရှိရာသို့ တောင်ပေါ်မှဆင်းပြီးတစ်ပါတ်တစ်ခါ သွားတွေ့မိသည်။ ကိုရင်ရှူံးသည်ကား သဇင်ဆောင်သို့ နည်းနည်းမျှပင် ခြေဦးမလှည့်တော့ပေ။

………………………………….. ×× …………………………………..

သူမ မရှိရာအရပ်တွင်နေ့စဉ်ကျင်လည်နေသော ကိုရင်ရှူံးမှာလည်း ပျော်ပိုက်ခြင်းမရှိတော့ပေ။ နေ့စဉ်ဘဝများထဲမှ နေ့စဉ်နေရာများကို သွားလာနေရသော်လည်း နေ့စဉ်တွေ့နေကျသူမအား မတွေ့မမြင်ရသဖြင့် မပျော်ရွှင်နိုင်တော့သော ကိုရင်ရှူံးမှာ စာပန်းအိမ်မှ စာသင်နှစ်မကုန်မီမှာပင် အလုပ်မှ နှုတ်ထွက်ခဲ့ပြီး မြို့မရုပ်ရှင်ရုံတွင် ပြစက်မောင်းအနေနှင့် အလုပ်ဝင်လုပ်ဖြစ်သည်။ သူမထံလဲ မကြာ၊ မကြာဆိုသလို သွားရောက်တွေ့ဆုံဖြစ်ပါသေး၏။ သံယောဇဉ်များကား အတန်ငယ်အေးစက်လာလေပြီဖြစ်သည်။

တစ်ရက်တွင်မတော့ သူငယ်ချင်းတစ်ယောက်၏ သတင်းပေးမှုကြောင့် သူမ မေမြို့ရောက်နေကြောင်းသတင်းရသဖြင့် သူမလာမည့်လမ်းမှ သွားရောက်ကြိုစောင့်နေသည်။ စိတ်ထဲတွင်လည်း မကျေနပ်ခြင်းများစွာဖြင့်။ သိပ်မကြာမီမှာပင် သူမအား သူမသူငယ်ချင်းများနှင့် ပျော်ရွှင်စွာတွေ့ရတော့သည်။ မိမိအလုပ်လုပ်ရာ ရုပ်ရှင်ရုံရှေ့မှ ဖြတ်သန်းသွားရသော်ငြား မိမိအား လာမတွေ့သည့် ချစ်သူအား စိတ်ထဲအတော်လေးမျက်မိသည့်အလျောက် ထိုနေ့က သူမအား စက်ဘီးပေါ်တင်၊ သူမသူငယ်ချင်းများအား မြင်းလှည်း(ရထားလုံး)ဖြင့်လိုက်စေပြီး သူမအပေါ်တွင် ကြမ်းကြမ်းတမ်းတမ်း ပြုမူခဲ့လေသည်။ အပြန်တွင်လည်း ထို့နည်းတုူပင် သူမအားစက်ဘီးဖြင့်တင်၊ ကားဂိတ်အရောက်လိုက်ပို့ပြီး ထိုင်ခုံအလည်တန်းတွင် ထိုင်ရင်းလိုက်ပါသွားသည့် သူမအားမြင်လိုက်ရသည်မှာ နောက်ဆုံးမြင်ရခြင်းဖြစ်သည်ကို ဘယ်သူကများ သိနိုင်မည်ထင်။

သိများသိခဲ့လျင်တော့ ပြန်လွှတ်ဖြစ်လိမ့်မည်မထင်…။

နောက် ၃ ရက်အကြာတွင် သူမထံမှ ဖြတ်စာတစ်စောင်ကို ခမ်းနားလှပသောစကားလုံးများဖြင့် ရရှိတော့သည်။ ကိုရင်ရှူံးသည်လည်း များမကြာမီကာလမှာပင် မေမြို့ကို ယတိပြတ်စွန့်ခွာပြီး ရန်ကုန်ကိုခြေချမိတော့သည်။ အဝေးသင်ပထမနှစ်အား ရတနာပုံတက္ကသိုလ်တွင် သွားရောက်တက်သောအခါ သူမရှိရာအဆောင်သို့ သွားရောက်စုံစမ်းပါသော်လည်း သူမသည်ကား ခြေရာလဲဖျောက်၊ ရေလဲနှောက်သွားလေပြီဖြစ်သည်။ ကိုရင်ရှူံးသည်ကား ထိုစဉ်မှစပြီး မိန်းကလေးများအား ရင်မခုန်တတ်တော့သည်မှာ ဆယ်စုနှစ်တစ်စုကျော်အထိပင် ဖြစ်တော့လေသတည်း။

ဒီနေရာတွင် ဆုံးပြီဟုထင်ပါ၏။

တစ်ကယ်တော့ မဆုံးသေးပါ။ နောင်ဆယ်နှစ်ကျော်အကြာတွင်တော့ ပြန်ဆုံဖြစ်ကြပါ၏။ နေကြာပန်းကြီးသည်ကား သစ်ခွပန်းလေးဖြစ်နေပေပြီ။ ကိုရင်ရှူံးဖြစ်စေချင်ခဲ့သော သူနာပြုဆရာမလဲ ဖြစ်နေပေပြီ။

သို့သော်….

ကိုရင်ရှူံးမဖြစ်စေချင်ခဲ့သည့် သက်ဆိုင်သူတော့ သူမတွင်ရှိနေပြီလဲဖြစ်သည်။

ဘာပဲပြောပြော ကိုရင်ရှူံးမှာလည်း သက်ဆိုင်သူနှင့်မို့လို့ ငယ်ဘဝအကြောင်းတွေသာ ပြန်ပြောင်းတွေးနေမိရင်း စာနှစ်ပုဒ်အား ဖွဲ့နွဲ့ရေးသားမိခြင်းလဲ ဖြစ်တော့သည်။

သူလည်း သူ့ဘဝနဲ့သူ၊

ကိုရင်ရှူံးလည်း ကိုရင်ရှူံးဘဝနဲ့ကိုယ်
ကိုယ်ရွေးတဲ့လမ်း၊ ကိုယ်ကိုယ်တိုင်ပဲ ဖြောင့်ဖြောင့်တန်းတန်း လျှောက်လှမ်းဖြစ်ကြပါသည်။

ရယ်စရာတစ်ခုအနေနှင့်တော့ တစ်ချိန်ကအကြောင်းတွေကို ပြန်ပြောမိသား။ ထိုစဉ်ကတော့ အတော်လေးခံစားခဲ့ရပါကြောင်း………..။

ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)

15 comments

  • ဘဝအကြောင်းရေးရတာ တော်တော်မလွယ်တဲ့အလုပ်ပဲဗျာ..
    ဟာသလေးတစ်ခုလိုရေးလိုက်ပေမယ့် ခံစားချက်ထည့်ပြီးရေးရတော့ ရေးရင်းရေးရင်းနဲ့ ဇာတ်သိမ်းကို လောလိုက်သလိုဖြစ်သွားတယ်..

    ဇာတ်လမ်းမြန်မြန်ပြီးချင်တာပဲ သိတော့တယ်.. ဆက်ပြီးမတွေးချင်တော့လို့

  • Khin Latt

    January 8, 2012 at 4:33 am

    ကိုရှုံးရေ – တစ်ချို့ အကြောင်းတွေ က ထားသင့်တဲ့ နေရာမှာ ထားခဲ့တာ အကောင်းဆုံးပါဘဲ။
    အတိတ်ကို ပြန်ရေးတာတော့ ကောင်းပါတယ်။ အမှတ်တရပေါ့။
    ဒါပေမဲ့ ရင်ဘတ်နဲ့ မရေးနဲ့လေ။ လက်နဲ့ဘဲရေးပေါ့။
    စာဖတ်သူ တွေ သူတို့ဟာသူတို့ ဆက်ခံစား လိမ့်မယ်။ 🙂

  • Foreign Resident

    January 8, 2012 at 5:47 am

    ကို ရှူံးနိမ့်မှုများနဲ့.. လူ ရေ

    ကို ရှူံး လူ ရဲ့ Posts တွေအားလုံး အဘ အားပေးနေပါတယ်ကွယ် ။
    အဆွေး ဇတ်လမ်းလေးတွေ ၊ အားငယ်တတ်တာလေးတွေ တော့ နဲနဲများတာပေါ့ ။
    တင်ပြပုံ နှင့် အရေးအသား အရမ်း ( အရမ်း ) ကောင်းပါတယ်ကွယ် ။
    Professional ကျနေတာပဲ ။
    စာဖတ်သူကိုလည်း ဆွဲဆောင်နိုင်တာတွေ့ရတယ် ။
    စာရေးဖို့အတွက်လည်း ဝမ်းစာပြည့်တာ ၊ ခံစားတတ်တာလဲ တွေ့ရတယ် ။
    အဘ အားပေးနေပါတယ်ကွယ် ။

  • Moe Z

    January 8, 2012 at 10:28 am

    အားပေးသွားပါတယ်ကိုရှူံးရေ ဘယ်လိုမှတ်ချက်ပေးရမလဲစဉ်းစားရင်း
    နောက်တော့ ဘာမှမပြောတော့ပါဘူး 😀 😀
    ဇာတ်လမ်းအစအဆုံးတော့ လိုက်ပါစီးမျောသွားပါကြောင်း ..

  • ငပေါက်ဖော်

    January 8, 2012 at 10:50 am

    ဗဲဒီးဂွတ်လို ့..အထူးပြောမနေချင်တော့ပါဘူးချင်..
    ရီစရာလေး တစ်ခုတွေ ့မိလိုက်ပေမဲ့..နောက်ပိုင်း ကိုရှုံးရဲ့ထုံးစံအတိုင်း..အရှုံးတွေရင်ဝယ်ပိုက်..အရှုံးဓာတ်ခံတွေနဲ ့ရေးသွားလို ့
    အတည်အတံ့ပြန်ဖတ်မိသွားပါရဲ့..
    ဖတ်ရင်းဖတ်ရင်း..အတိတ်က အရိပ်တွေတောင် ပြန်မြင်ယောင်မိပါရဲ့..

    အော်..ဂျမ်းစိန်.ဂျမ်းစိန်..
    မင်းနဲ ့ကိုဖော်ရီးကို မင်းအူးလေး..သဂျီးက သဘောမတူဘူးဆိုတာနဲ ့..ချက်ချင်းပဲ သစ်စိမ်းချိုး.သစ်ခြောက်ချိုး..
    ချိုးသွားရက်လေတဲ့ စိန်ရယ်..
    ခုတော့ မင်းမှာလဲ ခေးတွေနဲ ့ ကိုယ့်မှာလဲ ကြွေးတွေနဲ ့.ပြီးခဲ့ပါပြီလေ..
    တစ်ခုတော့ မှတ်ထားပါ စိန်..
    မင်းအူးလေးအူးခိုင်ကိုတော့ ဘတော့မှ ကျေဘူးမှတ်..
    တွေ ့ရာအရက်က နှုတ်ခမ်းမွေးဆွဲပြီး ကိုင်ပေါက်ပစ်မယ်မှတ်ပါ
    ဒါဗျဲ
    😳

  • windtalker

    January 8, 2012 at 11:56 am

    ကောင်းတယ် နော် ၊ ကောင်မလေး က ကုန်ရောင်း ကုန်ဝယ် လုပ်နေတာ ကြနေတာဘဲ
    ဒိုင်းကနဲ ပစ်ရင် မှန်မမှန် ချက်ချင်း အဖြေထွက်တယ် ။
    အဲဒါမျိုးတွေ နဲ ့ ကြုံချင်စမ်းပါဘိ……….

  • ဆူး

    January 8, 2012 at 3:16 pm

    အဟမ်း… ကိုစိုင်း အဲလို ဖြစ်ခဲ့ရတာ..
    ဝိုင်းဝိုင်း ရဲ့ ကြိုးမဲ့စွန် ဆိုခဲ့တာကို.. အဲဒီ တုန်းက ကြိုးနဲ့ စွန်သာ ဆိုရင် ပြတ်မှာ မဟုတ်ဘူး.. အဲဒါ နမိတ်ခေါ်တယ်။
    http://myanmargazette.net/91859/creative-writing

    နောက်ပိုင်းချစ်သူတွေ ရလာရင်.. သီချင်းပြောင်းဆို..
    ဘာဆိုသင့်လဲတော့ ဆူးလည်း မသိဘူး သီချင်းနဲ့ ပတ်သတ်ရင် သိပ်မသိလို့.. များများ သိမဲ့ ရွာသားတွေကိုသာ မေးကြည့်ပေါ့ကွယ်။

  • တညင်သား

    January 8, 2012 at 4:36 pm

    ဟိုသီချင်း ကောင်းတယ်ဗျ …
    ဆေးရုံကြီး က မိန်းမလှလေးရေ့…..
    ငါ့အသဲကို မြန်မြန်ခွဲပါ……..
    ခွဲခန်းကိုမြန်မြန်ပို့ပါ……….
    မေ့ဆေးမပေးနဲ့ မေ့ဆေးမပေးနဲ့ ……
    ငါ့အသဲကိုမြန်မြန်ခွဲပါ……………:P

  • hmee

    January 8, 2012 at 7:05 pm

    ရှုံး..လူတော့ ခက်ပြီ။ လက်ရှိ အိန္ဒိယလူမျိုးနဲနဲ နွယ်တယ်ဆိုတဲ့ ချစ်ချစ်သိရင် အထောင်းခံရမယ်နော်။ 🙂

  • TTNU

    January 8, 2012 at 9:38 pm

    ွှThis is a good writing!
    Congratulations, Maung Shone!

  • nozomi

    January 9, 2012 at 2:24 pm

    လက်ထဲက တစ်ယောက်သာ ဖတ်မိရင်………………ကိုရှုံး ပိုင်မှ လဲ လုပ်နော ၊ မိန်းမတွေက တခြားဟာသာ သဘောကောင်းမှာ ဒါမျိုးတော့ သိပ်ခွင့်လွှတ်ချင်တာ မဟုတ်ဘူး

  • FattyCat

    January 9, 2012 at 3:05 pm

    အင်း…
    When he was younger…
    သူရမ်းကားတုန်းကပေါ့ကွယ်…..

  • favourite

    January 9, 2012 at 3:48 pm

    အတိတ်ဟောင်းကို ပြန်ပြောင်းလို့ မတွေးပါဘု
    ဇာတ်သိမ်းမှာ ကံအကြောင်းမလှခဲ့လေတော့
    မောင်ရှုံးခမျာ နောင်မရှုံးရလေဖို့
    ယောင်ထုံးကာ ရသေ့ဝတ်ဖို့ပြင်
    တန်ဆောင်မုန်းမှာ တောအရပ်သို့ဝင် ဟင် ဟင်…

  • chit chit

    January 10, 2012 at 2:07 pm

    အရေးအသားကတော့ အရမ်း(အရမ်း)ကို ကောင်းပါတယ်…
    ဒါပေမဲ့ လက်ရှိကိုယ့်စီမှာ ချစ်သူတစ်ယောက်ရှိရဲ့သားနားနဲ့ အရင်က ချစ်သူတွေကို အရမ်းချစ်ခဲ့ပြီး အရမ်းကိုပျော်ခဲ့တဲ့အကြောင်းကို ရေးမယ်ဆိုတော့ ချစ်သူသာ ဒီစာကိုဖတ်မိရင် အရမ်းခံစားရမယ်လို့ မထင်ဘူးလား…ပီးတော့ အတိတ်က ချစ်သူတွေကို မမေ့နိုင်သေးဘူးဆိုတာ ချစ်သူသိမှာကို ဂရုမစိုက်ဘူးလား…ချစ်သူကတော်တော်သဘောထားကြီးပုံရတယ်နော်….နောက်ထပ်ချစ်သူတွေ အများကြီးကျန်ဦးမှာပေါ့…ဆက်ရေးပါဦး…အားပေးနေပါ့မယ်…

  • etone

    January 10, 2012 at 4:51 pm

    ကိုရှုံးရေ .. အားပေးပါတယ်နော် … ဇာတ်လမ်းလေးထဲကိုပါ စီးမျောဝင်သွားမိတယ် … ။
    ဒီလိုပါပဲ … လူတိုင်းရဲ့ ငယ်ဘဝမှာ အမှတ်တရလေးတွေတော့ရှိစမြဲပေ့ါ … ။
    တချို့အမှတ်ရတွေကတော့ ပြန်သတိရဖို့မကောင်းသလို … တချို့အမှတ်တရတွေကလည်း သတိတရအဖြစ်နဲ့ ရှိနေနိုင်သေးတယ်နော် .. ။

Leave a Reply