မှော်ဆရာရဲ့ ဂူ

(ယခုကျနော်ရေးသားသော စာထဲမှ မှော်ဆရာသည် ရွာသားမှော်ဆရာမဟုတ်ကြောင်း ကြိုတင်ပြောကြားပါရစေချင့်၊ အဲလေ ခင်ဗျာ့။)

သစ်ပင် ပန်းမာလ်များနဲ့အင်မတန်လှပတဲ့ တောအုပ်ကြီးတစ်ခုရှိပါတယ်။

သီးပင်စားပင်များနဲ့ အရိပ်အာဝါသကောင်းမွန်ပြီး ပြောင်၊ဆင်၊ကျားနဲ့ ၊ သမင်၊ဒရယ်၊ချေငယ်၊ဆိုင်၊ဆတ်၊ဖွတ်၊ပဒတ်နဲ့၊ ကျေးငှက် သာရကာ၊ အင်းဆက်ပါမကျန်မှီတင်းနေထိုင်ကြပါတယ်။ သူ့အုပ်စုနဲ့သူ၊ သူ့နေရာ သူ့အစာ၊ မျှတစွာနဲ့ ရှာဖွေ စားသောက်လို့ အင်မတန်ကောင်းသော တောအုပ်ကြီးဖြစ်ပါတယ်။

တနေ့မှာတော့ အလွန်ဆိုးသွမ်းတဲ့ မှော်ဆရာကြီး တစ်ဦးဟာ ထိုတောအုပ်ကိုဘွားကနဲ ရောက်လာပါတယ်။  ရောက်လာပြီးတဲ့အခါ သူ့ရဲ့အစွမ်းနဲ့တောသတ္တ၀ါတွေ အားလုံးကို ငြိမ်ဝပ် သွားအောင် လုပ်လိုက်ပါတယ်။ ဘယ်ခွေးတစ်ကောင်ကြောင်တစ်မြီးမှ အီး တောင်ကျယ်ကျယ်မပေါက်ရဲပါဘူး။ နားရွက်မလှုပ်ရဲ လက်မထုတ်ရဲပါဘူး။ ပြီးတော့မှော်ဆရာကြီးကပြောပါတယ်။

“ဒီနေ့က စပြီး ဒီတောကြီးကို ငါပိုင်သွားပြီ၊ ဒီတောကြီး ကိုဒါထက် အေးချမ်းသာယာအောင် ငါဆောင်ရွက်မယ်။ဒီတောကြီးကို ဂူကြီးတစ်ခုအဖြစ်ငါဖန်တီးလိုက်မယ်၊မင်းတို့တွေဟာ၊ဒီဂူကြီးထဲမှာနေထိုင်ကြရမယ်”

လို့ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် တစ်ခုကိုထုတ်လိုက်ပါတယ်။ တော တိရိစ္ဆာန်တွေ ဟာလည်းဂူကြီးထဲမှာပဲနေရပြီး ပတ်ဝန်းကျင်တောတောင်တွေကို ဘာမှ မထိတွေ့၊ မမြင် မသိကြတော့ပါဘူး။ ဒီဂူကြီးထဲမှာပေါက်နေတဲ့ သီးပင်စားပင်တွေကိုပဲ မှီခို စားသောက်နေကြရပါတယ်။ ဒီလိုနဲ့နေလာလိုက်ကြတာ တစ်နေ့မှာတော့ ဆင်ကြီး၊ပြောင်ကြီး၊ကျွဲကြီး၊နွားကြီး တို့လို ခန္တာကိုယ် ကြီးမားတဲ့အုပ်စုတွေ တွေ့ဆုံကြတော့ တစ်ကောင်နဲ့တစ်ကောင် နှုတ်ဆက်ကြပါတယ်။

“ဟေ့ ကိုဆင်ကြီး ၊ဘယ်လဲဗျ”

“ဟာကိုယ်ပြောင်ကြီးတို့အုပ်စုပါလား၊ဂူပြင်ကိုခဏသွားမလို့ဗျ၊ခင်ဗျားတို့အုပ်စု

ဘာတွေလုပ်မလို့လဲဗျ”

“ပျော်ပွဲစားကြမလို့လေ၊ ခင်ဗျားက ဂူပြင်တွေဘာတွေထွက်ခွင့်ရနေပါလားဗျ”

“ဟဲဟဲ ၊ဒီလိုပေါ့ဗျာ၊ကျုပ်က အခွင့်ထူးခံလေသိတယ်မလား၊ ခင်ဗျားတို့ကော ဂူထဲမှာ နေရထိုင်ရ အဆင်ပြေကြရဲ့လားဗျ”

“ဟာပြေတာပေါ့ဗျာ၊ အင်မတန်သက်တောင့်သက်သာနဲ့   နေရထိုင်ရတာချောင်ချောင်ချိချိရှိပါ့ဗျာ”

“ခင်ဗျားကောဘယ်လိုလဲ ကိုဆင်ကြီးရဲ့”

“ချောင်ပါသော်ကောဗျာ။ အင်မတန်အဆင်ပြေပါတယ်၊စားဖို့မပူရ သောက်ဖို့မပူရ၊ နတ်တို့ဖန် ရေကန်အသင့် ကြာအသင့်ဆိုတဲ့အတိုင်းပဲ၊ကဲ သွားလိုက်ဦးမယ်ဗျာ”

ကြောင်မျိုးကြောင်နွယ်များဖြစ်ကြသော ခြင်္သေ့ကြီး၊ကျားကြီး၊ ကျားသစ်၊တို့ ဆုံကြသောအခါတွင်မတော့

“ဟေ့ ကိုကြောင်ကြီးတို့ ကိုသစ်တို့ နေရေးစားရေးအဆင်ပြေကြရဲ့လားဗျ”

(ရွားသားများကိုဆိုလိုခြင်းမဟုတ်ပါ)

“အော ကိုကျားကြီးပါလားဗျ၊စားရေးကတော့ မဆိုးသေးပါဘူး ကျုပ်တို့အဆင့်နဲ့ ရှာဖွေ စားသောက်ရတာလွယ်ပါတယ်ဗျ၊ တစ်ခါတစ်ခါစားမကုန်လို့ နေ့ဖို့ ညစာတောင် ချန်ထားနိုင်သေး၊ ခပ်ညံ့ညံ့ အဆင့်တွေမှ မဟုတ်ပဲ……ဟဲဟဲဟဲ “

ကိုကျားသစ်ကပြန်ပြောလိုက်တာပါ၊ ကိုကြောင်ကြီးကလည်း

“နေရေးကတော့ သိပ်အချောင်ကြီးမဟုတ်ပါဘူး၊ ခပ်ကြပ်ကြပ်ပါပဲ၊နေတတ်စားတတ်ရင်တော့ ရသဗျ၊ တစ်ခါတစ်ရံအနေအထိုင်မတတ်ရင်တော့ နံရံက ချွန်ထွက်နေတဲ့ ဆူးတွေနဲ့ တော့ ထိုးမိ ခြစ်မိရှိတာပေါ့ဗျာ”

“ဟုတ်တယ်ဗျကိုကြောင်ရ ၊ကျုပ်တို့လဲ ဒီလိုပဲ ကြည့်နေ ကြည့်စားရတာပေါ့၊ကဲသွားလိုက်ဦးမယ်ဗျာ”

“သွားသွားကိုကျားကြီးရေ့ သွား၊ နံရံကိုတော့ မတိုက်မိစေနဲ့ဗျို့”

ကိုကြွက် တို့ ကိုဖွတ်တို့၊ပဒတ်တို့ ပုတ်သင်တို့ အုပ်စုတွေ တွေ့ကြတဲ့အခါမှာတော့

“ဟေ့ ကိုကြွက်၊မျက်နှာလဲမလန်းပါလားဗျ၊နေရ စားရ အဆင်မပြေဘူးထင်ပါ့”

“ဟုတ်တယ်ကိုဖွတ်ရေ့၊ ရှာဖွေစားသောက်ရတာ အဆင်မပြေဘူး၊ရတစ်လှည့် မရတစ်လှည့်ပဲ၊ကိုယ်စားဖို့ ရှာရသလို၊ကိုယ့်ကိုဒုက္ခပေးဖို့ အမြဲချောင်းနေတဲ့ ကြောင်တွေရဲ့အန္တရာယ်ကိုလဲရှောင်ရသေးဗျ၊

အသက်ရှင်သန်ရေးအတွက်ဆိုတော့ အန္တရာယ်ကြားကပဲ ရှာစားနေရဦးမှာပေါ့ဗျာ”

“ဟုတ်တယ်ကိုကြွက်ရေ၊ ကျုပ်တို့လဲအတူတူပါပဲ၊ ဘ၀တူချင်းတွေမို့ ကိုယ်ချင်းစာသဗျာ၊ကျုပ်တို့ အကောင်သာသေးတာ၊နေရတာလည်းနေစရာကို မရှိတော့ဘူးဗိုက်တစ်နေရာစာ(လူလိုပြောရင် ကျောတစ်နေရာစာပေါ့)တောင် အနိုင်နိုင်ရှာနေရတယ်ဗျာ”

“ဟုတ်ပါ့ကိုဖွတ်ရာ၊ ကြပ်တယ်လို့ပြောရတာထက်ကို ကြပ်ပါတယ်ဗျာ၊ကျုပ်တို့တွေမှာ နံရံနှစ်ဘက်ကြားခက်ခက်ခဲခဲသွားလာ ရှာဖွေစားရင်း နံရံက ဓားသွားလိုထွက်နေတဲ့ကျောက်ချပ်တွေနဲ့ ပွတ်မိလို့ နားရွက်တွေတောင် ပြတ်ထွက်နေပါပြီဗျာ”

“ဒီလိုပေါ့ကိုကြွက်ရာ၊၀ဋ်ရှိလို့ခံနေရတယ်ပဲမှတ်ပါ၊တချိန်တော့ ချောင်လာနိုင်ကောင်းပါရဲ့၊ အဲဒီအချိန်ကိုပဲ မျှော်တလင့်လင့်ပေါ့၊မသေခင်မှီသွားပါစေလို့ဆုတောင်းပါတယ်၊

သွားမယ်ဗျို့နားရွက်ပဲပြတ်ပါစေနော်၊လက်တွေခြေတွေပြတ်မသွားအောင်ဂရုစိုက်အုံး”

ပရွက်ဆိတ်၊ခါကျဉ်၊ ခြင်၊ယင် အင်းဆက်တို့ အုပ်စု တွေ့ကြတဲ့အခါ၊

“ကိုခါကျဉ် ခင်ဗျားကတော့ ပျော်ပျော်ပဲနော်၊ဒီလောက် အစာရေစာရှားပါးပြီး ရှင်သန်ဖို့ ခက်ခဲတဲ့အနေအထားမှာ ဘယ်လိုများရပ်တည်နေတာလဲဗျာ”

“ကိုပရွက်ရေ ပျော်ပျော်နေ သေခဲတဲ့ဗျ၊ ကျုပ်တို့ ဘ၀က စားစရာသောက်စရာ ရှားပါးတဲ့အပြင် ၊အသက်တောင် ဘယ်လိုရှူရမှန်းမသိလို့ နေ့သေမလား၊ ည သေမလားအခြေအနေမှာ သိပ်ပြီးခံစားမနေတော့ပါဘူးဗျာ၊ ရတဲ့အခါစားမယ်၊မရတဲ့အခါ မစားဘူးပေါ့ဗျာ၊ခင်ဗျားကော အသားကုန် ရုန်းကန်ရှာဖွေနေတာ ဘာထူးလာလို့လဲဗျ”

“ဟုတ်ပါတယ် ကိုခါကျဉ်ရယ်၊ဟိုတုန်းက မိုးတွင်းစာကို ရှာဖွေဆုစောင်းထားလို့ ရပါသေးတယ်၊ အခုများတော့ တစနေ့စာ တစ်နေ့တောင် ရှာလို့ဖွေလို့ကလည်းမရ၊ ရထားတာလေးနဲနဲရှိပြန်ရင်လည်း၊ ရေကြီးလို့ ပါသွား၊လေတိုက်လို့ပါသွားနဲ့၊ ရာသီဥတုမဟုတ်ပဲ အသိုက်ကို ဂေါ်ပြားနဲ့ ထိုးကော်ပြီးအဖျက်ခံရတာလည်းရှိသေးတယ်၊အသက်သာရှင်နေရတယ် ရှူစရာလေကိုတောင် ၀အောင်မရှူရ၊သေလုမတတ်ပါပဲ၊ကျုပ်တို့လို အကောင်သေးလေးတွေ အတွက် ကျမှ စားဖို့နေဖို့၊အပြင် သေဖို့တောင်ခပ်ခက်ခက်ပဲ၊ကဲပြောနေကြာပါတယ်၊အချိန်လေးရှိတုန်း ညနေစာ စားဖို့လေး ရှာလိုက်ဦးမယ်၊သွားမယ်ကိုခါကျဉ်ရေ”

သူတို့ သူတို့တွေရဲ့ပြောစကားအရဆိုရင်တော့ မှော်ဆရာရဲ့ဂူကြီး ဟာ ………

ဆင်ချောင်၊ ကြောင်ကြပ်၊ ကြွက်နားရွက်ပြတ်၊ ပရွက်ဆိတ်မှာတော့ သေမတတ်

လို့ သာဆိုလိုက်ချင်ပါတော့တယ်ဗျာ

About ကြောင်လေး

has written 70 post in this Website..

ကြောင်မဟုတ်သောငကြောင်