တိတ်ဆိတ်နေသော လမ်းပေါ်တွင် စက်ဘီးရွှံကာနှင့် ခြေနင်းမှ တကျွိကျွိမြည်နေသံမှတစ်ပါး အရာရာသည်တိတ်ဆိတ်ငြိမ်သက်လျက်သား။ ငြိမ်သက်ဆို ည ၁၁း၀၀ ကျော်လဲရှိနေပြီဖြစ်သည့်အတွက်ဥာဏ်ကွဲရပ်ကွက်ကြီးသည်ကား မေမြို့၏ အအေးဒဏ်ကြောင့်ထင်၊ အိပ်မောကျနေသယောင်ပင်။ ကိုရင်ရှူံးသည် မျက်မှန်ကို အသာအယာပွတ်လိုက်သည်။ ရေငွေ့များက မှန်ပေါ်တွင် လာရောက်တွဲခိုနေသည့်အတွက် ရှေ့ကိုသဲသဲကွဲကွဲ မမြင်ရပေ။ အိမ်များမှ ဖြာကျလာသည့် အလင်းရောင်များဖြင့် သွားနေကျလမ်းကို ဖြေးဖြေးချင်းဆက်နင်းလာခဲ့သည်။ မန္တလေး-လားရှိုးလမ်းမကြီးပေါ်အရောက်တွင်မတော့ အနည်းငယ် ဆူဆူညံညံရှိလာပြီဖြစ်သည်။ ထိုတော့မှ ကိုရင်ရှူံးလည်း စက်ဘီးကို အသံပေါင်းစုံထွက်အောင် အမြန်နင်းရင်း ဥာဏ်တော ၁၈ လမ်းသို့ ခပ်သုတ်သုတ်လေးနင်းလာခဲ့သည်။ အိမ်မှထွက်လာသည်မှာ အတော်ပင်နောက်ကျနေပြီဖြစ်သည်။ သူတို့တွေ စောင့်နေကြတော့မည်။ သူတို့တွေဆိုသည်မှာ…

(ကျွဲ)

လွန်စွာလိုက်ဖက်သော နာမည်ပင်ဖြစ်သည်။ အသက်မှာ ၁၆ နှစ်သားသာရှိသေးသော်လည်း လူကောင်မှာ အတော်လေးထွားကျိုင်းလှသည်။ ကြွက်သားများ အပြိုင်းပြိုင်းထနေသောကြောင့် မူရင်းနာမည်ပျောက်ပြီး ချစ်စနိုးဖြင့် ခေါ်ကြခြင်းဖြစ်သည်။

(ဖားမြင့်ခိုင်)

နာမည်ရင်းမှာကား ခိုင်မြင့်ခိုင်ဆိုသည့် လှပသော နာမည်လေးဖြစ်သည်။ သို့သော် သူမသည်ကားအတော်လေးပင် ၀ပါသည်။ ပါးစုံ့ကြီးများမှာ မျက်နှာတွင် တစ်ဖက်တစ်ချက် တွဲကျလျက်သား။ ထို့ကြောင့်ပင် အလွယ်တကူ ဖားမြင့်ခိုင်ဟုခေါ်ကြသည်။

(ဒီးဒုတ်)

မွန်လူမျိုး၊ နာမည်ရင်း သူရစိုးဖြစ်သည်။ သူသည်ကား ဆံပင်ထောင်ထောင်နှင့် မျက်ခုံးမွှေးထူထူဖြစ်သည်။ မေမြို့ကန်တော်ကြီးသို့ ငှက်ပြခန်းစတင်ဖွင့်လှစ်သောအခါက ၄င်းမှ ဒီးဒုတ်ငှက်အား သူနှင့် အတော်လေးတူကြောင်း ပြောရာမှတစ်ဆင့် နာမည်ရင်းပျောက်ပြီး ဒီးဒုတ်ဟုသာ အမည်တွင်တော့သည်။

(ဘဲကင်)

သူသည်ကား ရန်ကုန်သား။ တစ်ကိုယ်လုံးတွင် ရှာကြည့်သော်မှ မည်သည့်အသားမှ မတွေ့ရအောင်ပင် ကိုယ်ရေစစ်လွန်းလှသည်မှာ ဘဲတစ်ကောင်ကို ကင်ထားသည့်အလား။ ထို့ကြောင့်ပင် သူသည်ကား ဘဲကင်ဟု အမည်တွင်စေသား။

(ကြက်)

သူမသည်ကား အတော်လေးပင် အရပ်ရှည်ပါ၏။ မျက်နှာလေးသည်ကား အတော်လေး ဆွဲဆောင်နိုင်ပါပေ၏။ နာမည်လေးသည်ကား အတော်လေးပင် ကဗျာဆန်လှပေသည်။ တစ်ခုပဲပြောစရာရှိသည်။ အပြားလိုက်ကြီးဖြစ်နေသည်။ ရှိစုမဲ့စုလေးများ ကောက်ညှင်းထုပ်စီးပြီး ၀တ်ပါသော်ငြား ဘယ်လို့ ဘယ်လိုမှပင် မိန်းမတစ်ယောက်ဖြစ်ကြောင်း ပြောစရာအမှတ်အသားမရှိ၊ ရယ်သောအခါတွင်လည်း လွန်စွာမှပင်ထူးဆန်းလှသော ရည်နည်းတစ်မျိုးဖြင့် ရယ်ခြင်း၊ သူမ၏ချစ်သူမှာ ကျွဲဟုခေါ်သော သူငယ်ချင်းဖြစ်သည်ကတစ်ကြောင်းကြောင့် ကြက်ဟုသာ အမည်တွင်တော့သည်။ ကြံကြံဖန်ဖန်တော့ စဉ်းစားမိပါသေးသည်။ ကြက်နှင့်ကျွဲ ညားများ ညားခဲ့ရင် ကျွဲခေါင်းနဲ့ ကြက်ကိုယ်ဖြစ်မလား၊ ကြက်ခေါင်းနဲ့ ကျွဲကိုယ်ဖြစ်မလား၊ အတော်လေးတော့ ရယ်စရာကောင်းသားဟု။

(ထွန်းနိုင်ဝင်း)

ဆရာမများမှ အတော်လေး ချီးကျူးခံရသော ကျောင်းသားတစ်ယောက်ဖြစ်သည်။ ကျူရှင်သည်ကား နှစ်ကျကျောင်းသားများသာ များသည့်အတွက် ဆရာစာသင်ချိန်များတွင် ဘယ်သူမှ သေချာ လိုက်နားထောင်ခြင်းမရှိပေ။ သူတစ်ယောက်သာ ဆရာပြောသမျှ၊ ရှင်းပြသမျှကို မလှုပ်မရှက်နားထောင်လေသည်။ ထို့အတွက်ကြောင့် ချီးကျူးခံရလေသည်။ အကြောင်းရင်းမှာတော့မူကား သူသည်ကား ဆေးကြောင် ကြောင်နေခြင်းသာဖြစ်သည်။ မျက်လုံးများမှာ ဘာမှမမြင်၊ ဆေးအရှိန်ကြောင့် မျက်လုံးထဲတွင် နတ်သမီးလေးများကိုသာ မြင်နေခြင်းကြောင့် မလှုပ်မရှက်ကြည့်နေခြင်းဖြစ်ကြောင်း သိသွားသည့်အချိန်မှစပြီး ချီးကျူးခဲ့သော ဆရာများမှာ အတော်လေးပင် အရှက်ရသွားလေတော့သည်။

ဆက်ပါမည်။ ယနေ့သည်ကား သူခိုးကြီးများည ဖြစ်သည်။ ကျူရှင်တွင် ကြက်သား ကာလသားဟင်း ချက်စားကြပေမည်။ ကိုရင်ရှူံးသည်ကား ထိုကျူရှင်သို့ နောက်ဆုံးမှ မယောင်မလည်ဖြင့်ရောက်လာသောသူဖြစ်သည်။ ကျူရှင်ရှိ ကျောင်းသား/သူ အများစုမှာကား နှစ်ကျကျောင်းသားများသာဖြစ်သည့်အတွက် သင်ကြားသည့်ဆရာများမှာလည်း လာချင်သည့်အခါလာ၊ မလာသည်ကများသည်။ ထိုအချိန်က ကိုရင်ရှူံးပုံကိုသရုပ်ဖော်ရမည်ဆိုလျင် ခေါင်းတွင် အုန်းဆီများ မျက်နှာပေါ်တွင် စီးကျနေသည်အထိ လိမ်းပြီး ရှေ့တစ်လက်မ၊ နောက်ပြောင်ဆံပင်ကို ဘေးခွဲ ကျကျနန ဖီးလျက်သား၊ မျက်နှာပေါ်တွင်လည်း မျက်မှန်တစ်လက်က ပုံမကျ၊ ပန်းမကျပုံဖြင့် တပ်ဆင်လျက်သား။ လည်ပင်းကျယ်သီးအစေ့တပ်လျက်သား၊ ဖုဖုဖောင်းဖောင်း ဘေးလွယ်အိတ်ကြီးကို လွယ်ပြီး ပုဆိုးရင်ခေါင်းတက်ဝတ်ကာ ဘဲလ်တစ်ခုမှလွဲပြီး ကျန်တာအကုန်အသံမြည်နေသည့် စီးတော်ယာဉ်ကြီးအားစီးလျက် ကျောင်းတက်နေရသူဖြစ်သည့်အတွက် ၄င်းတို့မှာ သူတို့နည်း သူတို့ဟန်ဖြင့် ဆိုးကြသော်လည်း ကိုရင်ရှူံးကိုမူကား အတော်လေး စောင့်ရှောက်ကြလေသည်။ စာဂေါက်လေး တစ်ယောက်အနေဖြင့် ဖြစ်သည်။

ယနေ့တွင်လည်း သူတို့ကြက်သားဟင်းချက်စားကြမည်ဆိုသည်မှာ ဆီ၊ ဆား၊ အချိုမှုန့်သာ စုပေါင်း အကုန်အကျခံပြီး ကျန်တာများကို ရပ်ကွက်အိမ်များမှ ကိုယ့်ဖာသာ သွားယူကြမည်ဖြစ်သည့်အတွက် ကိုရင်ရှူံးအား မခေါ်ပဲ သူတို့ဖာသာ စီစဉ်ကြလေသည်။ ကြက်ရှာသည့်သူကရှာ၊ ဘူးစင်ရှိသည့်အိမ်အား ရှာသည့်သူကရှာဖြင့် ညနေကတည်းကပင် အစီအစဉ်တွေ ဆွဲကြပြီးသားဖြစ်သည်။ ကိုရင်ရှူံး ကျူရှင်သို့ရောက်သောအခါ ကျူရှင်အတွင်းဝယ် အတော်လေးပင် ကယောက်ကယက် ခတ်နေပြီဖြစ်သည်။

………………………………….. ×× …………………………………..

ဖားမြင့်ခိုင်မှာ ကျူရှင်ခန်းအတွင်း ပတ်ပြေးလျက်၊ အနောက်တွင်ကား ကြက်သည် တရွတ်တိုက်ကြီးဆွဲပါလျက်သားဖြင့် ဖားပြုပ်ကို ငါဖမ်းမိထားပြီဟေ့ဟု တွင်တွင်ကြီးအော်လျက်၊ ဖားမြင့်ခိုင်သည်ကား ပြေးမြဲပြေးလျက်သားနှင့်ပင် ဘာဖြစ်နေသည်မသိပင်။ နန်းမွမ်းစံ ခေါ် မွမ်စိမှာကား မျက်လုံးပေါက်များပျောက်သည်အထိ ထိုင်ခုံတွင် ထိုင်ပြီး လက်ညိုးထိုးလျက်သားနှင့် ရယ်မောနေလေသည်။

ကျွဲမှာမူကား ကျူရှင်ရှေ့ရှိ ၆ လက်မခန့်ကျယ်သောရေနှုတ်မြောင်းလေးနားတွင် ဖီးဆင့် စက်ဘီးကြီးကို မလျက်သားနှင့် ရေနှုတ်မြောင်းတစ်ဖက်ရှိ ဒီးဒုတ်အား စက်ဘီးအားလှမ်းပေးနေရင်းနှင့် ပြောနေသည်မှာ.. ဒီချောင်းကြီး ဘယ်တုန်းက ငါတို့ကျူရှင်ရှေ့ရောက်လာပါလိမ့်ဟု။ ဒီးဒုတ်မှလည်း မျက်နှာပေါ်ရှိ မရှိသည့် ချွေးများကိုသုတ်ရင်း စက်ဘီးကိုဖမ်းရန် အကျအန ပြင်ဆင်လျက်သားနှင့်။ ကိုရင်ရှူံးသည်ကား အပေါက်ဝတွင် တွေတွေကြီးရပ်လျက်သား၊ စက်ဘီးပေါ်မှပင် မဆင်းမိပဲ ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေမိသည်။ တစ်ခါဖူးမှ ယခုလိုဖြစ်နေသည်ကို မကြုံဖူးပေ။ ကျူရှင်နှင့်တွဲလျက်တွင် ဆရာတို့လင်မယားအိမ်ရှိသဖြင့် အခြေအနေမေးရန် အိမ်ပေါ်သို့လှမ်းတက်လိုက်သည်။

လှေကားတစ်ဝက်မှာပင် ဆရာနှင့် ဆရာမတို့ ရယ်မောသံကို ကျယ်ကျယ်လောင်လောင်ကြားရသည်။ ဘာတွေများအူမြူးနေသလဲဟု ဧည့်ခန်းကိုကြည့်လိုက်သောအခါ ဆရာနှင့် ဆရာမတို့မှ အချင်းချင်းလက်ညှိုးထိုးလျက်သားနှင့်ပင် အူလှိုက်သည်းလှိုက်ရယ်မောနေကြလေသည်။ ကိုရင်ရှူံးဝင်သွားပြီး အခြေအနေမေးသောအခါ သူတို့နှစ်ဦးရှေ့တွင် ကိုရင်ရှူံး ဘာများ အနေမှားမိသည်မသိ၊ ကိုရင်ရှူံးအား ကြည့်ကာ ရယ်နေကြသည်မှာ သတင်းပင် မေးမရသည့်အတွက် စိတ်ပျက်လက်ပျက်ရှိနေတုန်းမှာပင် အောက်ဘက်ရှိ ကျူရှင်ခန်းတွင်းမှ အေးငြိမ်းသွင်၏ အလန့်တကြား အော်သံကိုကြားရသဖြင့် ကိုရင်ရှူံးလည်း အသည်းအသန်ပြေးဆင်းသွားရာ အေးငြိမ်းသွင်ကို ကြောက်လန့်တကြားဖြင့် ကျုရှင်၏ထောင့် တစ်နေရာတွင် တွေ့ရတော့သည်။ ခြေထောက်တစ်ဖက်မှလည်း ဟိုကန်၊ ဒီကန်ဖြင့်။ အနီးတွင်မတော့ သူမအချစ်တော်ကြောင်လေးမှ တစ်ပါး၊ ဘာမှ မတွေ့ပေ။

တော်သေး၏။

သူမအား သတင်းမေးလို့ရပါသေးသည်။ ဘာဖြစ်တာလဲဟုမေးသောအခါ သူမမှ သူမကြောင်လေးအား လက်ညှိုးထိုးပြလျက်

” အဲဒါ ဘာအကောင်ကြီးမှန်းမသိဘူးဟယ်.. ငါ့အနားတိုးတိုးလာတယ်.. အစွယ်ကြီးတွေကလည်း ကြောက်စရာကြီး”

သူမအချစ်တော်ကြောင်လေးကို လက်ညှိုးတစ်ထိုးထိုးဖြင့်။ ကိုရင်ရှူံးလည်း အနည်းငယ် သဘောပေါက်သလို ဖြစ်လာတော့သည်။ ကျူရှင်ရှိလူများအားလုံး အမူအကျင့်တွေ ပြောင်းနေသည်မှာ အကြောင်းအရာတစ်ခုတော့ ရှိပေမည်။ မသင်္ကာသဖြင့် နောက်ဖေးဘက်သို့ သွားကြည့်သောအခါတွင်မတော့ ထွန်းနိုင်ဝင်းသည်ကား ဟင်းအိုးနားတွင် ကောင်းကောင်းကြီး အိပ်ပျော်လျက်သား။ ဟင်းအိုးထဲတွင်မတော့ ကြက်သားဟင်းရည်အစအနသာရှိတော့သည်။ ဘေးပါတ်ဝန်းကျင်တွင် ရှာလိုက်သောအခါ သတင်းစာစက္ကူထုပ်လေးတစ်ခုကို တွေ့ရသည်။ အထဲတွင်မတော့ ဆေးရွက်ကြီး အမှုန်အစများ။

သေချာပါပြီ။ ထိုစဉ်က နာမည်ကြီးခဲ့သော ရွှေဒင်္ဂါးခေါ် ဆေးခြောက်အကောင်းစားတစ်မျိုးကို အားလုံးစားမည့်ဟင်းတွင် ထွန်းနိုင်ဝင်းမှ ကြံစည်ခပ်ခဲ့ခြင်းဖြစ်ကြောင်း။ ကိုရင်ရှူံးလည်း ထိုညက ကြက်သားဟင်းလေးကို မစားလိုက်ရပဲ အားလုံးအိပ်ပျော်သွားသည်ထိ မျက်တွင်းဟောက်ပက်ဖြင့် ကင်းစောင့်ပေးခဲ့ရလေတော့၏။

သူတို့တွေကား အလွန်လေးကိုမှပင် ပျော်ရွှင်လျက်သား………….။ ။

ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)

About စဆရ ကြီး

စဆရ ကြီး has written 160 post in this Website..