နေ့သည် “ည”……ည သည်”နေ့”


သမုဒ္ဒရာ ဝမ်းတစ်ထွာ ဟူသော ဆိုရိုးစကားလေးတစ်ခုရှိသည်။ ကျယ်ပြောလှသော သမုဒ္ဒရာရေပြင်ကြီးနှင့်နှိုင်းယှဉ်ပြီး လူတို့၏ ဝမ်းစာရေးကို လွန်လွန်ကျူးကျူးဖွဲ့ဆိုထားသည့် ဆိုရိုးစကားတစ်ခု။ လူတိုင်းလူတိုင်း ဝမ်းစာရေးအတွက် ရပ်တည်ချက်အမျိုးမျိုးနှင့် ရှင်သန်ကြရသည်။ တစ်ချို့က သမာအာဇီဝကျကျ..။ သန့်ရှင်းသည် ရပ်တည်ချက်မျိုးဆိုသည်ကို သူမ နားမလည်။ သူမသည်ပင် ဝမ်းစာရေးအတွက် ရပ်တည်ခဲ့ရသည်ပင် သန့်ရှင်း၏လော….မသန့်ရှင်းသလော..ဝေခွဲမရသေး။ သို့သော် သူမလုပ်နေသော လက်ရှိအလုပ်သည် အများအမြင်၌ တင့်တယ်ခြင်းမျိုးမရှိသောအလုပ်ဟု တစ်ခါတစ်ခါ ထင်မိသေးသည်။ သူမသည် သမာအာဇီဝကျကျ ရပ်တည်နေခဲ့ပါသည်ဟုဆိုလျှင် အများက ရယ်ပင်ရယ်လေမလား။ သူမတွင် သားလေးတစ်ယောက်ရှိသည်။ ထိုသားလေးအပေါ်တွင် မိခင်မေတ္တာအပြည့်အဝမပေးနိုင်သေးသည်ကို သူမ ဝမ်းနည်းနေရသည်။ သူမဘဝ တစ်လျှောက်တွင် ရိုးသားစွာ ကျင့်ကြံနေထိုင်ခဲ့ပါလျှက်နှင့် ယခုကဲ့သို့သော ဘဝကို ဘာကြောင့်ပိုင်ဆိုင်ရပါသနည်းဟု ညတိုင်းနီးပါး သူမတွေးမိသည်။ သူမသည် ယုံလွယ်သူတစ်ယောက်လေလား။ ထိုယုံကြည်လွယ်သည့် စိတ်ကြောင့်ပင် သူမ သည်လို အဖြစ်သို့ရောက်ခဲ့ရသည်ဆိုလျှင်ကော မှန်ပါ၏လား။ ဝေခွဲမရ..။

သူမ၏ သားလေးသည် ညတိုင်း မိခင်ငတ်နေရသည်။ နေ့ခင်းဘက်တွင်သာ သားအပေါ်တွင် မိခင်တစ်ယောက်၏ နွေးထွေးသော မေတ္တာကိုပေးဖြစ်ခဲ့သည်မှာ သားလေး သုံးနှစ်သားအရွယ်ပင်ရောက်နေလေပြီ။ ည ဘက်ရောက်လျှင်တော့ သူမသည် ဆေးဆိုးပန်းရိုက်မျက်နှာနှင့် ခေတ်ပေါ်အဝတ်များ ဝတ်စားကာ ကျော့ကျော့ကလေး ထိုင်မျှော်နေရသည်။ လာသမျှသော ကိုရွှေ ဧည့်သည်များကို အယုတ်၊ အလတ်၊ အမြတ်မရွေး သူမ လက်ခံရတော့သည်။ သူမ၏ အသွေး၊ အသားများသည် စားသုံးသူ ကိုရွှေ ယောကျာ်းသားများအတွက်တော့ ပြီးမြောက်မှု ဆန္ဒရမ္မက်များကို ပေးစွမ်းပေလိမ့်မည်။ ဟိုယခင်တုန်းက သူမ၏ ခန္ဓာသည် သူမချစ်သော သူ့အတွက်သာ။ အချစ်သည် သူမအတွက် မှောင်မိုက်သော ညတစ်ညနှင့်ပင် တူနေသေးသည်။ ထိုညမှလွန်မြောက်သောအခါ မက်မိသော အိပ်မက်ပမာ ဖမ်းဆုပ်၍မရတော့ချေ။ သူမသည်လည်း အချစ်ကြောင့်ပင် မှားယွင်းစွာ နေထိုင်ခဲ့မိလျှက် အချစ်ကြောင့်ပင် သူမ အမှားများ ကျူးလွန်မိခဲ့သည်။

အချစ်တစ်ခုမွေးဖွားချိန်တွင် ဖြူစင်ခြင်းသက်သက်ဖြင့်မွေးဖွားလာကြသည်ဟု ယောကျာ်းသားများက ဆိုလာကြလျှင် မယုံတော့။ အချစ်၏ နောက်ကွယ်တွင် ယောကျာ်းသားများက တဏှာရာဂကိုပါ ယူငင်ခေါ်ဆောင်လာတတ်သည်ကို သူမ မျက်ဝါးထင်ထင်တွေ့မြင်လိုက်ရသည်။ ချစ်ပါသည် ကြိုက်ပါသည်ဟုဆိုကာ သူမ၏ အချစ်ကိုသိမ်းပိုက်သွားသော သူသည် မြတ်နိုးမှုကိုနောက်ကွယ်၌ပစ်ထားကာ သူမကို လှည့်စားခဲ့သည်။ နောက်ဆုံး သူထားခဲ့သော ဒဏ်ရာများနှင့် လုံးချာလည်ရိုက်ကာ သူမ၏ ရိုးသားဖြူစင်သော ဘဝတစ်ခုသည် နှစ်မြုပ်ခဲ့ရလေသည်။ သူ၏ သွေးတစ်စက်ကြောင့် သူမတွင် သားတစ်ယောက်ပိုင်ဆိုင်ခဲ့ရသည်ပင် အဖက်တင်ပြီး သူမ၏ အရှက်၊ သိက္ခာများသည် ရေတွင်မြောနေသော အမှိုက်များနှင့်မခြား ဘာမျှ တန်ဖိုးမရှိတော့။

ညတိုင်း သူမ မချစ်မနှစ်သက်သော ယောကျာ်းသားများ၏ အာသာ ငမ်းငမ်း ဝါးမြိုစားသောက်မှုများကို နာနာကျင်ကျင်ခံစားရင်း သားအတွက်သာပဲလေဟူသော စိတ်ဖြင့် မျက်ရည်ကျရုံမှတစ်ပါး သူမရွေးချယ်ခွင့်မရှိ။ ဟန်ဆောင်မှုလွင်ပြင်တစ်ခုမှာ အပျိုတစ်ယောက်နှင့်မခြား ပြင်ဆင်ကာ နာကျင်ခံခက်နေသော ဘဝအတိတ်များကို မြိုသိပ်ပြီး သူမ လှလှပပ ပြုံးနေရဆဲ..။ ပန်းတစ်ပွင့်သည် ချိုးရလွယ်သလို ချွေလျှင်လည်း ကြွေလွယ်တတ်သည်ဆိုတာကို သူမကောင်းကောင်းကြီး သိလိုက်ရချိန်သည်  နောက်ကျနေပြီ။ ချစ်ခင်စုံမက်ခြင်း၏နောက်ကွယ်က စိတ်အလိုလိုက်မှုတစ်ခုတည်းနှင့် သည်လိုဘဝမျိုးကို နေ့ချင်းညချင်းပိုင်ဆိုင်ခဲ့ရသည်။ သူမ ရိုးသားခဲ့သည်လား။ သူမ အ…..လွန်းခဲ့သည်လား။

သူမ မခံစားခဲ့ဖူးသော အတွေ့အထိ အာရုံများသည် ဆန္ဒတစ်ခုကို ဆွဲငင် ယူဆောင်တတ်သည်လား။ ယခုတော့လည်း ထိုအာရုံများသည် စွဲမက်စရာမကောင်းတော့။ မိန်းကလေးတစ်ယောက်၏ အလှတရားသည် တဏှာရာဂကိုဖြစ်ပေါ်စေတတ်သည်ဆိုတာကို ဘာကြောင့်များ အချစ်ဟု ခေါင်းစဉ်တပ်ပြောင်းလဲကာ လိမ်လည်လှည့်ဖျားကြသည်လဲ။ ဘာကြောင့်ချစ်သလဲ ဟု မေးလိုက်တိုင်း ချစ်လို့ချစ်တာပေါ့ဟု ပြီးစလွယ်ဖြေကာ မုသားဆိုသော ယောကျာ်းများသည် ညတိုင်း အခကြေးငွေပေးပြီး အချစ်ကို ဝယ်ယူကြပါသလဲ။ အချစ်သည် ဝယ်ယူ၍မရသော အရာမဟုတ်သလို သူမတို့ မိန်းကလေးတွေသည်လည်း ဝယ်ယူ၍မရနိုင်မှန်း မသိကြလေသလား။ မသိနားမလည်မှုကိုခုတုံးလုပ်ပြီး ချစ်ဟန်ဆောင်သော သူ့ကြောင့်ပင် သူမ ဘဝနှစ်မြုပ်ခဲ့ရသည်ကို သူမ နာနာကျည်းကျည်းတွေးမိနေဆဲပင်။

သူမ၏ ဗွီဒယို်ဖိုင်တစ်ခု အင်တာနက်ပေါ်တွင်ပျံ့နှံ့နေသည်ကို သူ မသိခဲ့..။ သူမကိုယ်တိုင် ထိုဗွီဒယိုဖိုင်ကို ဖွင့်ကြည့်မိလိုက်ချိန်တွင် ဦးခေါင်းတစ်ခုလုံးအား ရထားကျိတ်သည်နှင့်ပင် တူနေသေးတော့သည်။ ကွန်ပျူတာကျောင်းသူတစ်ယောက်ဖြစ်သော သူမသည် ဘာကြောင့်များ အင်တာနက်နှင့် ဝေးနေရပါလိမ့်။ သူခေါ်ဆောင်ရာ နေရာတစ်ခုသည် တိတ်ဆိတ်သောနေရာတစ်ခုဟုသာ သူမ သိထားခဲ့သည်။ အဝတ်ဗလာနှင့်သူမ၏ ကိုယ်လုံးတီးပုံများ…။ ဆိတ်ကွယ်ရာဟုထင်ခဲ့သော နေရာတစ်ခုတွင် သူ့အတွက် သူမ၏ ပေးဆပ်မှုများသည် အင်တာနက်ပေါ်၌ ပျံ့နှံ့နေသည်ပင် ဘယ်လောက်ကြာပြီလဲ..။ သူမ သိလိုက်ရချိန်သည် ခေါင်းဖော်ပြီး လမ်းမလျှောက်ဝံ့လောက်အောင် သူမ၏ အရှက် သိက္ခာများကို ယူဆောင်သွားလေပြီ..။ သူ နယ်ကိုမပြန်ဖြစ်တော့ပဲ မိဘများကို ခြေရာဖျောက်ကာ သူနှင့်ပါ အဝေးဆုံးထိ ထွက်လာခဲ့သည်။ မိန်းကလေးတစ်ယောက်၏ ရပ်တည်ချက်ကို မထူးဇာတ်ခင်းပြီး သူ လျှောက်မိခဲ့သည်။ သူ့ကိုလည်း သူမ အစဖျောက်ခဲ့ပြီ။ ဂုဏ်ယူစရာမဟုတ်သော နာရီဝက်စာ ဗွီဒယိုဖိုင်လေးတစ်ခုသည် ဘဝတစ်ခုအတွက် အစွန်းအထင်းတစ်ခုဖြစ်ခဲ့ပြီးသွားပြီ။

သားလေး မွေးပြီးချိန်မှစတင်ပြီး တစ်ခုတည်းသော ရပ်တည်ချက်သည် ပိုမိုလေးပင်လာခဲ့ရသည်။ ဝမ်းရေးအပြင် ရင်မှဖြစ်တည်လာသော သားတစ်ယောက်အတွက် သူမ၏ ပေးဆပ်မှုသည် ညစ်နွမ်းသော်ငြား ဖြူစင်ကောင်းဖြူစင်နိုင်သည်ဟု သူမ ယုံကြည်သည်။ ညသည် သူမအတွက် နေ့တစ်နေ့ဖြစ်သလို နေ့သည် သူမအတွက် ညတစ်ညဖြစ်ပြန်သည်။နှုတ်ခမ်းထက်သော နီစွေးနေသော အဆီသည် လက်နက်တစ်ခု။ မို့မောက်တင်းရင်းသော ရင်အစုံသည် လက်နက်တစ်ခု။ စွင့်ကားလှပသော တင်တစ်စုံသည် လက်နက်တစ်ခု…။ ကောက်ကြောင်းများ၏ စွဲမက်ချင်စရာ ခန္ဓာကိုယ်သည် အချစ်မပါသော တဏှာတစ်ခုကိုပေးစွမ်းလိမ့်မည်။ ကိုရွှေဧည်သည့်များ၏ ဆန္ဒများကို ပြီးမြောက်စေလိမ့်မည်။

သို့သော် ချစ်ခင်စုံမက်ခြင်းကိုတော့ ရလိမ့်မည်မဟုတ်..။ ညတွင် သူမကို ပိုင်ဆိုင်သူများသည် ယောကျာ်းသားများဖြစ်နေမည်။ နေ့တွင် သူမကို ပိုင်ဆိုင်သူလေးကား သူမ၏ သားတစ်ယောက်သာဖြစ်နေရမည်။ သူမ၏ ရပ်တည်ချက်သည် သမာအာဇီဝ ကျသည်လား….။

သူမအတွက်တော့ နေ့သည် ည……ညသည် နေ့ ဖြစ်နေဦးမည်ဆိုတာ ကိုတော့ မှောင်မိုက်သော ညများကို သူမ  ကျော်ဖြတ်နေရလေတိုင်း တွေးမိနေဦးမည်…..။

 သော်ဇင်(လွိုင်ကော်)

10th-Jan-2012

 

2 comments

  • memeseku

    January 10, 2012 at 9:48 pm

    မိန်းကလေးတွေဆိုတာပန်းလေးတွေလိုပဲ……….မြတ်နိုးထိမ်းသိမ်းတတ်တဲ.သူနဲ.တွေ.မှ……သူဘဝတင်.တယ်တာ…………
    နင်းခြေမဲ.တရိ စ္ဆာန်တွေနဲ.တွေ.ရင်တော.သနားစရာဇာတ်လမ်းလေးတွေအဖြစ်ပြောင်းလဲရတော.တာပေါ.

  • ငပေါက်ဖော်

    January 11, 2012 at 12:20 pm

    ကောင်းပါလေ့ဗျာ
    မြင်တတ်ရေးတတ်..ခံစားတတ်ပါပေ့..
    အယုံလွယ်.အညှာလွယ်တဲ့ ပန်းတွေတော့..ဒီလိုပဲ..ကြုံရတတ်တယ်ဗျာ..
    လူတစ်ယောက်ကိုသေချာ..မစူးစမ်း.မဆင်ခြင်ပဲ အလွယ်..အလျင်လိုမိလျင်တော့..အင်တာနက် မင်းသမီးဖြစ်ဖို ့လဲ များ၏ဗျာ
    တစ်ချို ့ကျတော့လဲ သိသိချည်းနဲ ့ ပျော်မွေ ့နေတာပဲ..
    တစ်ချို ့ကျတော့လဲ ခုလိုပဲ ဘဝပျက်..နာမည်ပျက်..

    မောင်ပေ့ကိုရှောင်ကြဟေ့..မောင်ပေ့ကိုရှောင်ကြ
    😆

Leave a Reply