ကျွန်ုပ်နှင့် တစ်သက်စာအလွဲများ (၃)

ဒီနေ့တော့ “When I was younger” ကျွန်တော်ရမ်းကားခဲ့တဲ့အချိန် အဆောင်မှာဆေးချကြတဲ့ အလွဲများ အကြောင်းရေးပါမယ်…

မနေ့က ဂျီးခိုင်ရဲ့ဆေးခြောက်အကြောင်းနဲ့ပတ်သက်ပြီး သတိရသွားတဲ့ ကျွန်တော့ရဲ့အလွဲတွေပါ….

ကျွန်တော်တို့အဆောင်မှာ မိုးကုတ်ဖက်ကလာတဲ့သူငယ်ချင်းတစ်ယောက်နဲ့ လားရှိုးဘက်ကလာတဲ့ သူငယ်ချင်း တစ်ယောက် ရှိတယ်ဗျ…

မိုးကုတ်ကလာတဲ့သူငယ်ချင်းက အသက်(၂၀)ကျော်ပြီ.. ကျွန်တော်တို့ (၁၅)နှစ်လောက်တုန်းကပေါ့ဗျာ…

နှစ်ကျ…အရက်လဲကြိုက်…ဆေးလိပ်လဲကြိုက်…ဖဲလဲကြိုက်…မိန်းမကျတော့ စိတ်မဝင်စားဘူး…

သစ်ရွက်လှုပ်လို့ မခို့တရို့ ကျုပ်တို့ပြုံးနေချိန်တောင် သူကမဖြုံဘူး…

လားရှိုးကလာတဲ့သူငယ်ချင်းကျတော့ အဖေလုပ်တဲ့လူကဆရာဝန်…

သူကတော့ ဆိုးသလားမမေးနဲ့…မရိုသေစကားဗျာ…အသက်(၁၄)နှစ်လောက်ကတည်းက ပြည့်တန်ဆာတန်း သွားတတ်နေပြီ… အဲလိုကောင်…

ကံဆိုးတော့ ကျွန်တော်က သူတို့ (၂)ကောင်နဲ့နေရတယ်… အဆောင်က (၃)ယောက်တစ်ခန်းကိုးဗျ…

မိုးကုတ်ကသူငယ်ချင်းကလဲ မူးတဲ့အရာဆိုအကုန်ကြိုက်…

လားရှိုးကသူငယ်ချင်းကလဲ မကောင်းတာဆို အကုန်လက်တည့်စမ်းချင်…

အဲဒီတော့ ကျွန်တော်လဲ သူတို့ကြားထဲနေရတာဆိုတော့ နဲနဲတော့လက်တည့်စမ်းချင်တဲ့စိတ်ရှိလာတာပေါ့…

အကျွန်ကျွန်ုပ်သည်လဲ ယောင်္ကျားပေးပဲကိုး…

စနေနေ့ညတစ်ည…

ကျွန်တော်တို့က စနေနေ့မနက်ဆို (၈)နာရီကနေ ညနေ (၄)နာရီအထိ အပြင်ထွက်ခွင့် (Outpass) ရတယ်..

ညပိုင်းဆိုရင်လဲ စာကျက်ခန်းမဝင်ရပဲ အဲဒီည နားနေခွင့်ရှိတယ်ပေါ့ဗျာ…

သူငယ်ချင်းတွေဝိုင်းပြီး ဂီတာတီးလိုက်၊ အဆောင်ကပေးထားတဲ့ TV နဲ့ အောက်စက် (VHS)ကြည့်လိုက်၊ အဲဒီတုန်းက VCD တောင်မပေါ်သေးဘူး။ အဲဒါပဲလုပ်စရာရှိတာကိုး။

အဲဒီညမှာတော့ မိုးကုတ်ကကောင်က ဒိုင်ယာစီဗင် အလုံး (၂၀)လောက်သောက်ပြီး အခန်းထဲမှာ မျက်လုံးစိကပ် ပြီး ကုတင်ပေါ်မှာကွဲနေတယ်…

ဘေးဘက်မှာ လားရှိုးကကောင်ကလဲ တွဲလုံးတွေကစ်ပြီး အဆန့်သား…

သူတို့ပြောတဲ့ တွဲလုံးဆိုတာ အိမ်သုံးဆေးတွေ (အလွယ်တကူဝယ်လို့ရတဲ့ဆေးများ) ကိုစပ်ပြီးသောက်ရင် မူးပြီး ကောင်းသတဲ့။ မိုးကုတ်ကကောင်ကိုလဲ လားရှိုးကကောင်က အဖေဆေးစာကြီးနဲ့ ဒိုင်ယာစီဗင်ဝယ်ပေးဆိုလားပဲ ဗျာ…

ဆေးသမားအချင်းချင်း သတင်းလွေ့လွေ့ပေါင်းဖက်တွေ့ကြသည်ပေါ့….

ကျွန်တော် အခန်းထဲဝင်သွားတော့ ဒင်းတို့ကကောင်းနေကြတယ်… အရက်သောက်သလို အနံ့မထွက်တော့ အဆောင်မှူးတွေလဲ မရိပ်မိကြဘူးပေါ့။

ကျွန်တော်ကလဲ သူတို့ကိုမေးတော့ ဆေးချထားတယ်တဲ့…သူတို့ ဖီလင်တွေကောင်းနေတယ်တဲ့…

လာမနှောက်ယှက်ဖို့တောင် ဒင်းတို့ကပြောသေးတယ်…

ကျုပ်ကလဲဘယ်ရမလဲ…မင်းတို့သောက်တာ ငါလဲသောက်မယ်ပေါ့…

ငါ့လဲတိုက်…ယောင်္ကျားမာနများနော်… မျက်ကန်းသစ္တေမကြောက်…အောက်ကျမခံချင်တဲ့ငယ်စိတ်…

အခုများလာလုပ်ပါဆိုရင်တောင်မလုပ်ပါဘူး…

အဲဒီတုန်းကတော့ သူတို့လုပ်သလိုမလုပ်ရင်…ယောင်္ကျားပဲမပီသတော့သလိုလို…(၁၅)နှစ်သားအတွေးကိုးဗျ..

နောက်ဆုံး သူတို့ကလဲ သူတို့ဝေစုပဲ့မှာစိုးလို့ မပေးဘူးဆိုတာချည်းပဲ…

ကျွန်တော်ကလဲ ဇွဲမလျော့တမ်းလိုက်ပြီး တောင်းတုန်း…

အဲလိုနဲ့ (၂)ပတ်လောက်ကြာတော့…လားရှိုးသားကပြောတယ်…

မင်းကို ဆေးပေးချမယ်တဲ့…သူများတွေကိုမပြောရဘူး…ပြောရင် ပြသနာတက်မယ်လို့ စကားလုံးအကြီးကြီးတွေ ပြောပါလေရော…မသိရင် နိုင်ငံတော်လုံခြုံရေးလျှို့ဝှက်ချက်ကြနေတာပဲ…

ကျွန်တော်လဲလုပ်ချင်ဇောနဲ့… “အေး” ဆိုကတိပေးပြီးဆေးတောင်းတော့…ဆေးအပြားကြီးကြီးအဖြူရောင် (၂)ပြားထုတ်ပေးတယ်…

အဲဒါသောက်တဲ့… ကြားဖူးနားဝရှိတာက ဆေးချတယ်ဆိုတာ အလုံးအရည်အတွက်အများကြီးသောက်ပြီး၊ လိုအပ်တာထက်ပိုသောက်ပြီး မူးနေတာကိုပြောတာ။ ကျုပ်ကျမှ (၂)ပြားထဲထုတ်ပေးတော့…

ဖြစ်နိုင်ပါ့မလားဆိုတွေးပြီး မေးလိုက်သေးတယ်…

သူတို့က ကျွန်တော်ကအခုမှ အစဆိုတော့ အရမ်းထိန်းမနိုင်သိမ်းမရဖြစ်မှာစိုးလို့ (၂)ပြားစသောက်တဲ့…

နောက်မှာ (၃)ပြား၊ (၄)ပြားကနေ အပြား (၂၀)၊ (၃၀) အထိတိုးတိုက်မယ်တဲ့…

အဲဒါနဲ့တိုတိုပြောရရင် အဲဒီ (၂)ပြားသောက်ချလိုက်တယ်…

ကုတင်ပေါ်မှာလှဲနေတယ်…

ခေါင်းထဲနောက်လာသလား….မသေချာပါ….

မူးနေပြီလား…အဲလိုလဲမဟုတ်ဘူး….

လေထဲလွှင့်နေလား…လွင့်သလိုလို မလွင့်သလိုလိုပေါ့…

အဲဒီလိုနဲ့ ဘာမှန်းမသိ ဇိမ်ခံနေတုန်း…ခုနဆေးပေးတဲ့ကောင်က ကိုယ့်ကိုလှည့်မေးတယ်…

“ ဟေ့ကောင် တက်လား “ တဲ့..

ကိုယ်ကလဲ အားကျမခံ အေးတက်တယ်ပေါ့…

အဲလိုနဲ့ ကျွန်တော့ရဲ့ ပထမဆုံးဆေးချတဲ့အတွေ့အကြုံလေးက နောက်တစ်နေ့မနက်မှာ အောင်မြင်စွာ ပြီးဆုံးသွားတာပေါ့…

ကံဆိုးတယ်ဗျာ…

နောက်ပိုင်း (၃)လလောက်နေမှပြန်သိရတာ…

အဲဒီနေ့ညက ကျွန်တော်သောက်လိုက်တာ သာရာဆပ် (ဝမ်းပိတ်ဆေး) နှစ်ပြားတဲ့ဗျာ…

အဲဒါဆို ကျွန်တော်က ဝမ်းပိတ်ဆေး (၂)ပြားသောက်ပြီး မူးခဲ့တာပေါ့…ထင်တော့ထင်ပါတယ်…မရိုးသားဘူးလို့..

အခုတော့ဗျာ..ရှက်တတ်မယ်ဆိုရင် ဒီမျက်နှာကြီး လှီးပစ်ဖို့သာကောင်းတော့တယ်…

အဆောင်မှာတော့

သာရာဆပ်မြင်တိုင်း…ကြောင်ဝတုတ်ကို သတိရကြသည်ပေါ့….

 

ကြောင်ဝတုတ်

ရန်ကုန်၊ ၂၀၁၂

12 comments

  • ကြောင်လတ်

    January 11, 2012 at 12:28 pm

    ချက်ခြင်းမတက်ရင်တောင်နောက်နေ့ဝမ်းချုပ်ပြီး စာကြည့်ရင်း(ဇက်ကြော)တက်မှာသေချာတယ်။

  • zaymdy

    January 11, 2012 at 12:37 pm

    ဖြစ်ရလေဗျာ.. တော်သေးတာပေါ့ ဝမ်းပိတ်ဆေးမို…
    ဝမ်းသွားဆေးဆိုတော်တော် ထိမှာနော် ဟီးဟီး

  • နွယ်ပင်

    January 11, 2012 at 12:43 pm

    ဟီးဟီး ကိုကြောင်ဝတုတ်တို့ အလွဲတွေကလဲ မိုက်ပ
    အခုချိန်ပြန်တွေးရင် ဒါလေးတွေကလည်း အမှတ်ရစရာလေးတွေပေါ့ ………..

  • ငပေါက်ဖော်

    January 11, 2012 at 1:14 pm

    ဂျွမ်းသုံးပတ်လောက် ပစ်လိုက်..
    သာရာဆပ်တောင် မလိုတော့ဘူး
    😆
    အဲလာတွေက လက်တည့်မစမ်းတာကောင်းတယ်ဗျာ..
    နို ့မို ့ဆို လွယ်ဘူး

  • FattyCat

    January 11, 2012 at 1:15 pm

    အပြင်ပန်းကြည့်ရင်တော့ ရယ်စရာပေါ့ဗျ…
    တကယ်တော့ ကျွန်တော့လိုမျိုး စမ်းချင်လို့ ဘုမသိဘမသိနဲ့
    မူးယစ်ဆေးသားကောင်းဖြစ်သွားတဲ့သူတွေအများကြီးပါ….
    ရှမ်းပြည်ဘက်မှာနေခဲ့ဖူးတော့ အဲဒီလို သူငယ်ချင်းတွေ၊ တခြားလူငယ်တွေအများကြီးတွေ့ဖူးပါတယ်…
    ရယ်စရာထဲက သင်ခန်းစာဖြစ်စေချင်တာပါပါတယ်…
    ပေါ့ပေါ့ပါးပါးရယ်စရာတစ်ခုတော့မဟုတ်ခဲ့ဘူးကွယ်…

  • Thel Nu Aye

    January 11, 2012 at 2:21 pm

    သာရာဆပ် တိုက်တာကျေးဇူးတင်ရမယ်။ ဆေးအစစ်တိုက်လို့ကြိုက်ပြီးဆေးစွဲသွားပြီးဆေးသမားဖြစ်သွား ရင်ငွေကုန်ကြေးကျခံပြီးမျှော်လင့်ချက်တွေထားရတဲ့မိဘတွေရင်ကျိုးမှာ။

    • မှော်ဆရာ

      January 11, 2012 at 7:00 pm

      တကယ့်ဆေးမတိုက်ပဲ သာရာဆပ်တိုက်တာ တော်တော် တော်တဲ့ သူငယ်ချင်းတွေပဲ
      ရီလဲ ရီရပါ့ဗျား

  • windtalker

    January 11, 2012 at 3:28 pm

    မရှက်ပါနဲ ့ကိုကြောင်ဖက် ရယ်
    ငယ်တုန်းကမို ့သာရာဆပ်တာ
    ကြီးတော့ မာဆတ်….
    ဟုတ်တယ်ဟုတ်

  • yaungchikha

    January 11, 2012 at 4:18 pm

    ကျနော် ဆယ်တန်းတုန်းက သူငယ်ချင်းတစ်ယောက်ကပြောတယ်၊ ကျနော့်မှာ မောင်လေးတွေရှိလို့ ဆေးချတဲ့အခါသိအောင်လို့ဆိုပြီး အခုကိုကြောင်ဝတုတ်ပြောသလိုပဲ မှိန်းပြီး စိတ်ကူးရင်တဲ့ပုံစံဆိုရင် ဆေးသုံးထားလို့တဲ့ စကားများများပြောတဲ့ ဆေးလည်းရှိတယ်ဆိုလား ကျနော့်ကိုပြောဘူးတယ်၊ သူအဲ့လိုပြောမှ ကျနော့်မောင်လေးတွေကို စောင့်ကြည့်ရတဲ့ အလုပ်ပိုလာတယ်၊ တစ်ခါတစ်လေ သူတို့စကားတွေအများကြီးပြောရင်တောင် ဆေးများချထားလားလို့ သေချာလိုက်စစ်မိတယ်
    ………….. 🙂

  • etone

    January 11, 2012 at 4:51 pm

    ဟီးဟီးဟီးဟီး … :mrgreen:
    ဖတ်ပြီး ခွက်ထိုးခွက်လန်ရယ်မိပြန်တယ် .. အတော်နောက်တဲ့ သူငယ်ချင်းတွေနော် 😆

  • naywoonni

    January 11, 2012 at 7:48 pm

    ဝမ်းပိတ်ဆေးအတိုက်ခံရတာနဲ့တော့ တစ်သက်စာမလွဲလိုက်ပါနဲ့ ဆက်ပါဦး နောက်ထပ်အလွဲလေးတွေ………….. 😛

  • နီလေး

    January 13, 2012 at 11:02 am

    ဟားဟား ဟီးဟီး အားရပါးရကို ရီရပါတယ် တခြားသူငယ်ချင်းတွေကိုပြောပြတာ သူငယ်ချင်းတွေအားလုံးကလည်းဝိုင်းရီကြတယ် ဝမ်းနုတ်ဆေးနဲ့မှမှားရတယ်လို့နော် တော်တော်လွဲတဲ့ အလွဲလေးတွေပဲ

Leave a Reply