ရိပ်သာအ၀င်လမ်း

ကားပေါ်ကနေ လျှပ်တစ်ပြက်ရိုက်လိုက်တယ် ..

တောရိပ် တောင်ရိပ်တွေ လွှမ်းနေတယ်

အုတ်ဂူတစ်ချို့လဲ တွေ့ခဲ့တယ်

အမျိုးသမီးငယ်တစ်ဦးရဲ့ အရိုးစု

မြင်မြင်သမျှ အေးချမ်းနေတယ်

Notice board ပေါ်မှ ကပ်ထားတာတွေ့လို့ ...

မေတ္တာခံယူလိုလျှင် အဲဒီလိုစာပို့လို့ရတယ် ...

ဖားအောက်တောရထဲကို ရောက်သွားတဲ့အချိန်က ညနေစောင်းဖြစ်နေလို့ ဓါတ်ပုံသေချာရိုက်ဖို့ အချိန်မရလိုက်ပါဘူး။ ရုံးခန်းကိုသွားပြီး အလှူဒါနပြုရင်း လိုချင်တဲ့ စာအုပ်တစ်ချို့ဝယ်ဖြစ်တာနဲ့ အချိန်တော်တော်ကုန်သွားခဲ့ပါတယ်။

မော်လမြိုင်က ဖားအောက်တောရရိပ်သာဟာ ကျွန်မအတွက်တော့ အတိတ်ကောင်းတစ်ခုရှိခဲ့တဲ့နေရာတစ်ခုဖြစ်ခဲ့ပါတယ်။ အတိတ်ကိုပြန်တွေးရင် အလွန်ကျေနပ်ပီတိဖြစ်စရာကောင်းတဲ့ အမှတ်တရနေရာတစ်ခုဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၇ နှစ်လောက်က ကျွန်မတို့မိသားစု မော်လမြိုင်ကို ဘုရားဖူးလာရင်း သံဖြူဇရပ်မြို့က ဖေဖေ့မိတ်ဆွေရဲ့ မိတ်ဆွေအိမ်မှာ တည်းဖြစ်ခဲ့ပါတယ်။ ကျွန်မတို့ကို သန်လျင်ကမှန်းလဲသိရော အဲဒီမိတ်ဆွေက အရမ်းဝမ်းသာသွားပြီး ဖားအောက်တောရမှာ အဲဒီမိတ်ဆွေရဲ့မယ်တော် (သီလရှင်) တစ်ပါးရှိပြီး သန်လျင်ကလူတွေကို အရမ်းတွေ့ချင်နေလို့ နောက်တစ်နေ့ လိုက်ပို့ပြီး တွေ့ပေးချင်တယ်လို့ပြောလာတယ်။ ကျွန်မတို့လဲ ၀မ်းသာအားရဖြစ်ပြီး သွားတွေ့ကြပါတယ်။ ပထမဆုံးအကြိမ် မော်လမြိုင်ဖားအောက်တောရကို ရောက်ဖူးခြင်းပါပဲ။ မယ်တော်ကြီးက သန်လျင်ဘက်မှာ ရိပ်သာခွဲဖွင့်ချင်လို့ မြို့ခံလူတွေနဲ့ ၀ိုင်းဝန်းကူညီပေးနိုင်တဲ့လူခံတွေလိုနေတဲ့အချိန်ဖြစ်ပါတယ်။ ကျိုက်ခေါက်ဘုရားပတ်ဝန်းကျင်မှာ ရိပ်သာခွဲဖွင့်နိုင်ဖို့အတွက် လိုအပ်တဲ့မြေနေရာ၊ သာသနာ့မြေလျှောက်ထားရေးကိစ္စ၊ အဆောက်အဦးတာဝန်ခံကိစ္စ၊ နေ့စဉ်ကြီးကြပ်ပေးရေးကိစ္စ၊ အလှူဒါနကိစ္စ စသဖြင့် ကိစ္စအ၀၀အတွက် စွမ်းဆောင်ပေးနိုင်မယ့် မြို့ခံလိုအပ်နေချိန်မှာ အချိန်ကိုက် ကျွန်မတို့ရောက်သွားခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်မအဖေနဲ့ဖေဖေ့မိတ်ဆွေတွေဟာ အဲဒီကိစ္စအားလုံးကို တာဝန်ယူနိုင်သူတွေဖြစ်နေပါတယ်။ အဲဒီကနေစလိုက်တဲ့ သန်လျင်ဖားအောက်တောရရိပ်သာကြီးဟာ ယနေ့အခြေအနေအထိဖြစ်လာခဲ့ပါတယ်။ လိုအပ်တဲ့မြေနေရာလျှောက်ထားခြင်းနဲ့ ပန္နက်ချခြင်းကစလို့ ပါဝင်ခဲ့တာ ယနေ့အထိပါပဲ။ ကျွန်မအဖေကတော့ မော်လမြိုင်ဖားအောက်ကို ခဏခဏရောက်ဖြစ်ပေမယ့် ကျွန်မကတော့ ၁၇ နှစ်အတွင်း တစ်ခေါက်မှမရောက်ဖြစ်တာမို့ အခုတစ်ခေါက်မှာ ပီတိတွေပိုဖြစ်လို့ စိတ်ကျေနပ်နေခဲ့ပါတယ်။

မော်လမြိုင်ဖားအောက်တောရက ဧက ၅၀၀ ကျော် ကျယ်ဝန်းပြီး တောတောင်တွေနဲ့ အေးချမ်းတိတ်ဆိတ်ပါတယ်။ ရဟန်း၊ သီလရှင်၊ ယောဂီ စုစုပေါင်း ၅၀၀ ကျော်အမြဲတမ်းတရားအားထုတ်နေတဲ့ ရိပ်သာတစ်ခုဖြစ်ပါတယ်။ နိုင်ငံခြားသားယောဂီတော်တော်များများရှိပါတယ်။ တစ်ပါးကျောင်းများနှင့် တောရဆောက်တည်သလို နေထိုင်ပြီး တရားအားထုတ်နိုင်ပါတယ်။ ဆွမ်းအတွက် သပိတ်ပိုက်ပြီး ဆွမ်းခံထွက်ရပါတယ်။ အလှူရှင်တွေက ကိုယ်တိုင်ဆွမ်းလောင်းလှူတဲ့ ဓလေ့တစ်ခုရှိပါတယ်။ သံဃာတွေများလွန်းလို့ သတ်သတ်လွတ်ဆွမ်းဟင်းနဲ့လောင်းလှူတာတောင်မှ တစ်နပ်ကို ၁၁ သိန်း ကုန်ကျပါတယ်။ တစ်ဦးတည်းလှူဖို့ အခက်အခဲရှိပေမယ့် အလှူရှင်တွေကတော့ တစ်နှစ်ပတ်လုံး ရှိနေတတ်ပါတယ်။

အလှူထည့်ပြီး ပြန်အထွက်မှာ notice board က စာကပ်ထားတာတွေကို စိတ်ဝင်စားမိတာနဲ့ ဓါတ်ပုံရိုက်ထားလိုက်ပါတယ်။ နိုင်ငံခြားကနေပဲဖြစ်ဖြစ်၊ ပြည်တွင်းကနေပဲဖြစ်ဖြစ် မေတ္တာပို့သခြင်းကို ခံယူလိုလျှင် အီးမေးလ်နဲ့ပို့ပေးလိုက်လို့ရပါတယ်။ အဲဒီနေ့မှာ ယောဂီအားလုံးက စုပေါင်းပြီး မေတ္တာပို့သပေးမှာဖြစ်လို့ နေမကောင်းနေသူတွေအတွက် စိတ်ဓါတ်အားဖြင့် အားပေးကူညီရာရောက်နိုင်ပါတယ်။ ယုံကြည်ရင် ယုံကြည်သလောက် အကျိုးသက်ရောက်နိုင်တာမို့ ထူးခြားတဲ့ အိုင်ဒီယာလေးတစ်ခုအနေနဲ့ ရွာထဲမှာ ဖော်ပြပေးလိုက်ပါတယ်။

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....