ပိုင်ရှင်မဲ့ အလောင်းများကို နာရေးကူညီမှုအသင်း သင်္ဂြိုဟ်ပေး

breezesMay 31, 20101min592
1275046558_NT22

နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် ပိုင်ရှင်မဲ့အလောင်း ပျမ်းမျှ (၁၅) လောင်းခန့်ကို လစဉ် သင်္ဂြိုဟ်ပေးနေရကြောင်း သိရသည်။

အသင်းဥက္ကဋ္ဌ ဦးကျော်သူက “ရဲက အကူအညီတောင်းမှ၊ အာမခံမှ၊ ထောက်ခံချက်ပေးမှ ကျနော်တု့ိ သင်္ဂြိုဟ်ပေးပါတယ်။ ဆေးရုံက ရောက်လာတာမှန်ပေမယ့် ရဲက အာမခံရပါတယ်။ ဆေးရုံက သေစာရင်းထုတ်ပေးတယ်။ တချို့ဖြစ်စဉ်တွေကျ မြို့နယ်ကျန်းမာရေးဌာနတွေက ပေးပါတယ်”ပြောကြားသည်။

ပိုင်ရှင်မဲ့အလောင်းဆိုသည်မှာ သက်သေခံ အထောက်အထားလက်ဝယ် မတွေ့ရသည့် ရေနစ်သေဆုံးခြင်း၊ ဆွဲကြိုးချသေခြင်း၊ လမ်းဘေးအမှိုက်ပုံ၌ သေဆုံးနေခြင်း၊ ခရီးသွားစဉ် ရုတ်တရက် သေဆုံးခြင်း စသည်ဖြင့် သေဆုံးသူများဖြစ်သည်။

အဆိုပါ ပိုင်ရှင်မဲ့အလောင်းကို PC (police case) ဟု သတ်မှတ်ကာ ရဲထောက်ခံမှုဖြင့်သာ သင်္ဂြိုဟ်ပေးပြီး သချုႋင်းလက်မှတ် သီးခြားထုတ်ပေးမှုမရှိဟု သိရသည်။

နာရေးကူညီမှုအသင်း တာဝန်ရှိသူတဦးက “လမ်းဘေး သေတယ်။ ရဝတ သက်သေနဲ့ ရဲက စစ်ဆေးတယ်။ ပြီးတော့ ဆေးရုံပို့တယ်။ ဆေးရုံက ရင်ခွဲပြီး ရဲက သေမှုသေခင်း (Police Case) ဖွင့်တယ်။ အလောင်းပိုင်ရှင် ပေါ်လာတဲ့အထိ ဆေးရုံက စောင့်ပေးပါတယ်။ ပိုင်ရှင် မပေါ်တော့ဘူးလို့ ဆေးရုံက ဆုံးဖြတ်ပြီးမှ ကျနော်တို့အသင်းကို အကူအညီတောင်းပါတယ်” ဟု ရှင်းပြသည်။

နယ်အဝေးမှ ရန်ကုန်ရောက်ရှိလာစဉ် လမ်းဘေး၌ သေဆုံးသူအချို့ ရှိတတ်ကြောင်း၊ ဆေးရုံအနေဖြင့်လည်း အလောင်းပိုင်ရှင်ကို နှစ်ရက်ထက် ပိုမစောင့်နိုင်ကြောင်း၊ နာရေးကူညီမှုက ပို့ဆောင်သင်္ဂြိုဟ်ပြီးမှ အလောင်းပိုင်ရှင်တို့ ရောက်ရှိလာတတ်သည်ကိုလည်း ကြုံဖူးကြောင်း ၎င်းက ပြောသည်။

နာရေးကူညီမှုအသင်း မပေါ်မီက ဤကဲ့သို့ ပိုင်ရှင်မဲ့အလောင်းများကို မြို့တော်စည်ပင်မှ တာဝန်ယူသင်္ဂြိုဟ်ပေးခဲ့ရကြောင်း သိရသည်။ သို့သော် နိုင်ငံတော်အမှုများတွင်မူ စည်ပင်ကတာဝန်ယူပေးကြောင်း စည်ပင်သာယာဝန်ထမ်းတဦးက ပြောသည်။

“ခုလည်း စည်ပင်က ပို့ပေးနေရတဲ့ ပိုင်ရှင်မဲ့အလောင်းတွေ ရှိတတ်ပါတယ်။ ရထားမှောက်၊ ဗုံးကွဲ၊ ယာဉ်တိုက် စတဲ့ နိုင်ငံတော်အမှုတွေမှာ အလောင်းပိုင်ရှင် အချိန်မီရောက်မလာရင် ကျနော်တို့ပဲ တာဝန်ယူရပါတယ်” ဟု ၎င်းက ပြောသည်။

ပိုင်ရှင်မဲ့အဖြစ် အခြေခံသတ်မှတ်ခြင်းမှာ မှတ်ပုံတင်ကဲ့သို့ အထောက်အထားမတွေ့ရှိရခြင်းဖြစ်ကြောင်း၊ ယင်းသို့ မှတ်ပုံတင်မပါဘဲ ပိုင်ရှင်မဲ့အဖြစ် သေဆုံးရသည့်ကိစ္စသည် ကာယကံရှင်ကြောင့် ဖြစ်နိုင်သကဲ့သို့ နိုင်ငံတော်အစိုးရ၏ အားနည်းချက်ကြောင့်လည်း ဖြစ်နိုင်သည်ဟု ရန်ကုန်မြို့နေ အငြိမ်းစား ကျောင်းဆရာကြီးတဦးက သုံးသပ်ပြောဆိုသည်။

၎င်းက “မှတ်ပုံတင် မရှိတာရယ်၊ ယူဆောင်သွားလေ့ မရှိတာရယ်လည်း ပါတာပေါ့။ မှတ်ပုံတင်မရှိတဲ့သူတွေဆို ဥပမာ ပျံကျကျူးကျော်တဲတွေ ရန်ကုန်မှာ ရှိနေသေးတယ်။ အဲဒီက လူတွေမှာ မှတ်ပုံတင် ကိုင်နိုင်သူ ဘယ်နှယောက်ရှိမလဲ။ နောက်ပြီး အိမ်မဲ့ရာမဲ့ အခြေအနေမဲ့တွေ ရှိသေးတယ်။ ဒီတော့ မြန်မာပြည်မှာ ဖွားသေစာရင်းတို့၊ အိမ်ထောင်စု လူဦးရေ စာရင်းတို့ အတိအကျရှိနိုင်ပါ့မလား။ ဒါတွေဟာ နိုင်ငံတော်ရဲ့ အားနည်းချက်တွေပဲ” ဟု ပြောဆိုသည်။

နာရေးကူညီမှုအသင်းတွင် အလောင်းသယ်ယာဉ် (၁၇) စီးထားရှိပြီး တနေ့ ပျမ်းမျှ ရုပ်ကလာပ် (၄ဝ – ၅၀) ခန့် ပို့ဆောင်ပေးလျက်ရှိကြောင်း၊ သင်္ကြန်အပြီး အပူချိန် ပြင်းထန်စဉ်က တနေ့လျှင် ရုပ်ကလာပ် (၇ဝ – ၈၀) ခန့် ပို့ဆောင်ပေးခဲ့ရကြောင်း အသင်းဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။

နာရေးကူညီမှုအသင်းက လစဉ် သင်္ဂြိုဟ်ပေးနေသည့် အလောင်းများအပြင် အခြား လူမှုအသင်းများ၊ စည်ပင်စာရင်းများ၊ နယ်တို့တွင် မထင်မရှားသေဆုံးသည့် ပိုင်ရှင်မဲ့အလောင်းများလည်း ရှိကြောင်း သိရသည်။

2 comments

  • khinmintatthu

    May 31, 2010 at 7:55 pm

    ကောင်းသောလုပ်ဆောင်ခြင်းပေါ့ဗျာ….နာရေးကူညီမှုအသင်းကြီးမှ လူကြီးလူကောင်းများကို ကျေးဇူးအထူးတင်ရှိပါတယ်…. သာဓုလည်းခေါ်ပါတယ်ဗျာ….

  • shwenyarmaung

    June 19, 2010 at 2:32 pm

    သာဓု..သာဓု…..သာဓု

Leave a Reply