ကွန်ပျူတာ လုပ်ငန်းရှင် အသင်း ဦးစီး၍ အိုင်တီမောလ် ဖွင့်လှစ်ရန် စီစဉ်နေ (Internet Journal)

BayoteMay 31, 20101min650

မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင် အသင်းက ဦးစီး၍ ရန်ကုန်မြို့ရှိ ကွန်ပျူတာ အရောင်းဆိုင်များ စုပေါင်းကာ အိုင်တီမောလ် တစ်ခု ဖွင့်လှစ်ရန် ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း ထို အသင်း ဥက္ကဌ ဒေါ်ဝါဝါထွန်း က မေလ ၂၂ ရက်တွင် ပြောကြား သည်။ ထို အိုင်တီမောလ်ကို ဒဂုံမြို့နယ်၊ ပြည်လမ်း မပေါ်ရှိ တော်ဝင် စင်တာ တွင် ဖွင့်လှစ်ရန် ရည်ရွယ် ထားပြီး လက်ရှိတွင် ထို စင်တာနှင့် ညှိနှိုင်းဆဲ ဖြစ်ကြောင်း၊ ဖွင့်လှစ်ဖြစ်မည် ဆိုပါက အောက်တိုဘာလ တွင် စတင်ဖွင့်လှစ်ရန် ရှိကြောင်း ၎င်းက ဆိုသည်။ “လက်ရှိ မှာတော့ ညှိနှိုင်း နေတုန်းပဲ။ ဆိုင်ပေါင်း ကတော့ ၄ဝ လောက် ပါမယ်။ နေရာကတော့ တစ်ထပ် ဖြစ်မလား၊ နှစ်ထပ် ဖြစ်မလား မသိသေးဘူး” ဟု ဒေါ်ဝါဝါထွန်းက ပြောသည်။ လက်ရှိတွင် ရန်ကုန်မြို့၌ အိုင်တီမောလ် အနေဖြင့် စိန်ဂေဟာ ပါရမီ ရှော့ပင်းစင်တာ တွင် ဖွင့်လှစ်ထား ပြီး ဘလူးအိုးရှင်း ကုမ္ပဏီက ဦးစီး ဆောင်ရွက်လျက် ရှိသော ဂျူပီတာ အိုင်တီမောလ် တစ်ခုသာ ရှိပြီး ကျောက်တံတား မြို့နယ် အတွင်းရှိ ဘီအေကေ ရှော့ပင်း စင်တာကလည်း ၎င်း၏ ပထမထပ်ကို အိုင်တီမောလ် အဖြစ် အသွင်ပြောင်းရန် စီစဉ်လျက်ရှိသည်။

အိုင်တီမောလ် ဖွင့်လှစ်ရန် စီစဉ်ခြင်းနှင့် ပတ်သက်၍ ကျောက်တံတား မြို့နယ်ရှိ Technoland ကွန်ပျူတာ အရောင်းဆိုင်မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမြတ်စိုးဝင်း က “ဒီလိုမျိုး အိုင်တီမောလ်တွေ ပေါ်လာတော့ ကောင်းပါတယ်။ နိုင်ငံခြားမှာ ဆိုရင်လည်း အိုင်တီမောလ်လို နေရာမျိုး တွေက တစုတစည်းတည်း ရှိနေတော့ ပိုရောင်း ရတယ်။ ဝယ်သူတွေ အနေနဲ့လည်း တစ်နေရာတည်းမှာ တစုတစည်းတည်း ဝယ်လို့ ရတော့ အဆင်ပြေ တာပေါ့” ဟု ပြောသည်။ တော်ဝင်စင်တာတွင် ဖွင့်လှစ်မည့် အိုင်တီမောလ် နှင့် ပတ်သက်၍ ၎င်းက ပြောကြား ရာတွင် “ဒီနေရာက နေရာ အနေအထားတော့ မဆိုးပါဘူး။ ကျွန်တော်တို့ အနေနဲ့လည်း ဒီမောလ်မှာ ဆိုင်ဖွင့်ဖို့ စိတ်ဝင်စား ပါတယ်” ဟုဆိုသည်။ သို့ရာတွင် အိုင်တီမောလ်များ အနေဖြင့် ဆိုင်ခန်း များများ ပါဝင် နိုင်စေရန် ကျယ်ဝန်းသည့် ကြမ်းခင်း ဧရိယာရှိရန် လိုအပ်ပြီး အခြား ဝန်ဆောင်မှုမျာ ဖြစ်သည့် လျှပ်စစ်မီး ပုံမှန် ရရှိရေး၊ မီတာခ သင့်တင့်မျှ တရေး၊ ဖုန်းလိုင်း နှင့် အင်တာနက် လိုင်းများ ကောင်းမွန်ရေး တို့တွင်ပါ အထူး အာရုံစိုက် လုပ်ဆောင်ပေးရန်မှာမူ မရှိမဖြစ် လိုအပ်ကြောင်း အင်တာနက်ဂျာနယ်တွင် ဖော်ပြထားသည်။