ရွာသားအားလုံးအတွက် 2012 နှစ်သစ်မှာ ဆောင်ရန် – ရှောင်ရန် (အပိုင်း ၄)

True AnswerJanuary 12, 20121min993

“တကယ်တန်ဖိုးရှိတဲ့အရင်းအနှီး“

– စွန့်လွှတ်မှုအရင်းအနှီးက တကယ်တန်ဖိုးအရှိဆုံး
အရင်းအနှီးပါပဲ။

ပိုက်ဆံကိုရော၊ ပိုက်ဆံရှိတာမရှိတာကိုရော အဓိကထားမှုကို စွန့်လွှတ်နိုင်တဲ့အရင်းအနှီးရှိဖို့
ကြိုးစား ရမယ်။

-ကောင်းမှုကုသိုလ်အရင်းအနှီးရှိလို့ ဒါန၊သီလ၊ ဘာဝနာအလုပ်တွေ လုပ်လို့ရတာ၊
အရင်းမပြုတ်သွားဖို့ အရေးကြီးတယ်၊ အရင်းပြုတ်သွားရင် ကောင်းတာ ဆက်လုပ်လို့ မရတော့ဘူး။

-လောဘ၊ဒေါသ၊မောဟ အကုသိုလ်အရင်းအနှီးသာ ရှိရင် သတ်မှတ်ထားတဲ့ လောကီအကျိုးစီးပွား
ရှာတဲ့ အလုပ်သာလုပ်လို့ရမယ်။
လောကီအကျိုးစီးပွားဖြစ်ထွန်းဖို့ကိုသာ အဓိကထားတတ်တယ်။

-အတည်ယူ ဆုပ်ကိုင် တန်ဖိုးသတ်မှတ်တဲ့ (တန်ဖိုးထားတဲ့)အလုပ်ကို စွန့်နိုင်တဲ့စွမ်းရည်သတ္တိကမှ တကယ်တန်ဖိုးရှိတာအစစ်။

– ဒါန၊သီလ၊ဘာဝနာဆိုတဲ့ကောင်းမှုကုသိုလ်အလုပ်တွေကို အချိန်တိုင်း၊နေရာတိုင်း၊အခြေအနေတိုင်း
လုပ်နိုင်ဖို့ ကြိုးစားရမယ်။

“မြတ်သောရှာဖွေခြင်း “

– အမှန်တရားရှာဖွေရင် ကောင်းကျိုးတွေ အကုန်ရ
တယ်။ ပိုက်ဆံအပါအဝင် တခြားဟာတွေ ရှာရင် တော့ ပိုက်ဆံတင်မကမကောင်းကျိုးတွေပါရမယ်။

မြတ်သောအကျင့်(မဂ္ဂင်လမ်း)ကိုသာ မှီခိုအားထားရာ ပြုလုပ်ကြလော့

-ပူဆွေးသောကဖြစ်ခြင်းသည် အချည်းနှီးသာ
ဖြစ်သည်၊ စိတ်နှလုံးငြိမ်းချမ်းမှုကို မရသည့်အပြင် ဒုက္ခသာလျှင် ပွားလာလိမ့်မည်။

-ကိုယ့်စိတ်နဲ့ကိုယ် ဒုက္ခရောက်တာ၊ ကောင်းမှုကုသိုလ်များများလုပ်မှအဲဒီပြဿနာပြေလည်မယ်။
တခြားနည်းနဲ့တော့ အမြစ်ပြတ်ဖြေရှင်းလို့မရဘူး။

– ဤပစ္စည်းသည် ငါ့ဟာဖြစ်၏၊(သို့)သူ့ဟာဖြစ်၏ ဟုလည်း အမှတ်မထား၊ ငါ ငါဟုလည်း မစွဲလန်း
သူသည် ဤငါ့ပစ္စည်း ပျက်စီးဆုံးရှုံးသွားပြီဟု မည်သည့်အခါမျှ ပူဆွေးသောက ရောက်လေ့မရှိ။

-နောင်တ တစ်ဖန် ပူပန်ရပြီးလျှင် မျက်ရည်စက်လက်နှင့် အကျိုးကို ခံစားရမည့်
အမှုကိစ္စမျိုးကို ပြုလုပ်ခြင်းသည် မကောင်း။

-နောင်တ တစ်ဖန် ပူပန်ခြင်းမဖြစ်ရဘဲ နှစ်သက် ရွှင်လန်းစွာဖြင့် အကျိုးကို ခံစားရမည့်
အမှုကိစ္စ မျိုးကို ပြုလုပ်ခြင်းသည် ကောင်း၏။

-မိမိအသက်ကို ကာကွယ်ဖို့ရန်အတွက်ပင်သော်မှ သက်ရှိသတ္တဝါတစ်ဦးကို သိလျှက်နှင့် တမင်
သက်သက် မသတ်ဖြတ်သင့်ပေ။

-ရန်တုံ့ပြန်ခြင်းအားဖြင့် ရန်သည်မည်သည့်အခါမျှ ငြိမ်းအေးမသွားပေ၊ မေတ္တာဖြင့်သာလျှင် ရန်သည်
ငြိမ်းအေးသွားနိုင်သည်မှာဖောက်ပြန်ပြောင်းလဲခြင်း မရှိသော သဘောတရားဖြစ်၏။

-သည်းခံခြင်းနှင့်တူသော(သာ၍ကောင်းသော) အကျင့်သည် ဤလောက၌ တခြားမရှိတော့ပေ။

-မိမိကိုယ်ကိုယ် ကောင်းစွာဆုံးမခြင်းဖြင့်သာ ရခဲလှသော အားထားရာကို ရရှိနိုင်၏။

-ပြုလုပ်တဲ့ကောင်းမှုကုသိုလ် အစောင့်အရှောက်က စိတ်ချရတယ်။

-လုပ်မှ လုပ်တတ်မယ့် အလုပ်ကို လုပ်တတ်ဖို့ လိုတယ်။ (မဂ္ဂင်အလုပ်)

-ကျင့်မှ ကျင့်တတ်မယ့်အကျင့်ကို ကျင့်တတ်ဖို့ လိုတယ်။ (မဂ္ဂင်အကျင့်)

-လျှောက်မှ လျှောက်တတ်မယ့် လမ်းကို လျှောက်တတ်ဖို့လိုတယ်။ (မဂ္ဂင်လမ်း)

————————————
(သန်လျင်သဘာဝရိပ်သာ ဆရာတော် ဦးဥတ္တမသာရ ၏ အနတ္တအဆုံးအမများကို အပိုင်းခွဲလျှက် တင်ပြထားခြင်းဖြစ်ပါသည်)

3 comments

  • manawphyulay

    January 12, 2012 at 2:38 pm

    ဆောင်ရန်တွေ ရှောင်ရန်တွေ လေ့လာမှတ်သားပြီး လိုက်နာနိုင်ဖို့ ၂၀၁၂ မှာ ကြိုးစားနေထိုင်သွားပါမယ်။ လူ့လောကမှာ နေနေသရွေ့တော့ နည်းနည်းလောက်ပဲ ပြုပြင်နိုင်မယ်ထင်ပါရဲ့။ အလုပ်တစ်ခုကနေ နှစ်ခုလုပ်တော့ အလုပ်လောဘရှိတယ်။ ကျန်တဲ့ ကိုယ့်အကြောင်းမကောင်းပြောခံရတော့ တဒင်္ဂတော့ ဒေါသဆိုတာ ဖြစ်ပေါ်လာပြန်တယ် အင်း… အမှန်တော့ တယ်မလွယ်ပါဘူးလေ…

  • ကြောင်ကြီး

    January 13, 2012 at 9:10 am

    စွန့်နိုင်မှအကုန်ရ
    ညဏ်နဲသူများ
    ဘဝင်မကျ..
    မြဲကြလွဲကြ
    သက္ကာယ
    အစွဲတန်းလန်းထ…
    မရှိအတ္တ
    ဖြုတ်နိုင်မှ
    ခဏနိဗ္ဗာန်ရ….
    မစွဲရ မစွဲရ
    မှတ်ထားဗျ
    အဲဒါဓမ္မရသ…..။

  • အောင် မြင်

    January 13, 2012 at 9:24 am

    အသိနောက်က အကျင့်ပါ လိုက်ပါနိုင်အောင် ကြိုးစား သွားပါမည်၊၊

Leave a Reply