ပန်းဂေါ်ဖီသနပ် easy cook

weiweiJanuary 14, 20121min32828
ပန်းဂေါ်ဖီတစ်ပွင့်
အမွှေးနံ့သာတွေ
ပန်းဂေါ်ဖီသနပ်

အခုလိုရာသီမှာ ပန်းဂေါ်ဖီပေါလေ့ရှိပါတယ်။ အပွင့်ကြီးကြီးနဲ့ ဈေးပေါတဲ့အချိန်မှာ ပန်းဂေါ်ဖီသနပ် လုပ်စားလေ့ရှိကြပါတယ်။ ပြုလုပ်နည်းကတော့ ….

ပါဝင်သောပစ္စည်းများ
ပန်းဂေါ်ဖီအပွင့်ကြီးကြီး တစ်ပွင့်
ကြက်သွန်ဖြူ အမွှာကြီး ထည့်လိုသလောက်
ငရုတ်သီးစိမ်းတောင့်ကြီး အနည်းငယ်
ဆား
မြန်မာဗီနီကာ
ဇီယာ
ပဲနံသာစေ့
သနပ်လုပ်တဲ့မဆလာမှုန့်
မဲမဲအစေ့လေးတွေ (ဘယ်လိုခေါ်လဲမသိဘူး)
ငရုတ်သီးအစိမ်းမှုန့်
ဆီ

ပြုလုပ်ပုံအဆင့်ဆင့်
ပန်းဂေါ်ဖီကို အတုံးသေးသေးတုံးပြီး ဆားရေနဲ့အရင်ဆေးရပါမယ်။ ပြီးရင် ရေစစ်ပြီး ရှလကာရည်နဲ့ နာရီဝက်ခန့်စိမ်ရမယ်။ ရှလကာရည်ကို မြုပ်အောင်မစိမ်နိုင်ရင် ဇွန်းရှည်တစ်ချောင်းနဲ့အပေါ်အောက်နှံ့အောင် ခဏခဏမွှေပေးနေရပါမယ်။ အဲဒီထဲကို ကြက်သွန်ဖြုလှီးထားတာနဲ့ ငရုတ်သီးစိမ်းလဲ ထည့်စိမ်ရပါမယ်။ အချဉ်ဓါတ်ဝင်လာရင် ဇကာနဲ့ပြန်စစ်ပြီး နေပူလှမ်းရပါမယ်။ နေပူလှမ်းနိုင်တဲ့အချိန်ပေါ်မူတည်ကြီး ရေရှည်ထားနိုင်တဲ့အချိန်ကွာပါတယ်။ ၂ ရက်လောက်နဲ့ အပြတ်စားချင်ရင်တော့ နေပူမလှမ်းလဲရပါတယ်။ ခြောက်နေရင်တော့ ကြာကြာပိုခံတာပေါ့ …
ဇီယာနဲ့ပဲနံသာစေ့ကို ထောင်းရမယ်။ ထောင်းထားတဲ့ဇီယာမှုန့်၊ ပဲနံသာမှုန့်နဲ့ ဆနွင်းမှုန့်ကို ဒီအတိုင်းပဲ ထည့်ရမယ်။ ငရုတ်သီးစိမ်းမှုန့်ကိုရေနဲ့ဖျော်ပြီး ဆီပူအိုးထဲထည့်ဆီသတ်ရမယ်။ ကျက်ခါနီးမှ အမဲစေ့လေးတွေထည့်ပြီး အဲဒီဆီတွေကို ပန်းဂေါ်ဖီထဲထည့်ပြီး အားလုံးသမအောင် မွှေပြီးရင် စားလို့ရပါပြီ ….

28 comments

  • တညင်သား

    January 14, 2012 at 2:13 pm

    နိင်ဂျံဂါးမှာနေတဲ့ သူများအဖို့ မြန်မာအစားအစာဆိုပြီး ဝယ်စားကြတယ် အကုန်လုံးနီးပါး ထိုင်း ကုန်ပစ္စည်တွေပဲ မုန့်ဟင်းခါးနဲ့ လက်ဖတ် လောက်ပဲ မြန်မာပြည်က ဝင်တယ် တိုက်တိုက်ဆိုင်ဆိုင် ပြီးခဲ့တဲ့အပတ်ကမှ ပန်းဂေါ်ဖီပွင့် ကြော်စားဖြစ်တယ် ထိုင်းနိင်ငံကလာတာ ဘယ်လိုမှအရသာမရှိဘူး …မြန်မာအစားအစာတွေလဲ နိင်ငံတကာကိုထိုးဖောက်နိင်ရင်အရမ်းကောင်းမှာပဲ…..

    • weiwei

      January 14, 2012 at 2:18 pm

      ကိုရီးယားမှာ ပန်းဂေါ်ဖီမရှိဘူးလား ????
      ရန်ကုန်မှာ တော်တော်ပေါနေတယ် … အရသာကတော့ အပွင့်ကြီးလေ စားလို့မကောင်းလေပါပဲ ….

      • ဆူး

        January 14, 2012 at 2:40 pm

        ပန်းဂေါ်ဖီက ရှမ်းပြည်က လာတာနဲ့ တိုက်ကြီးက စိုက်တာနဲ့ ကွာတယ်။
        ရှမ်းပြည်က လာတာက အရမ်းနူးညံတယ်။
        တိုက်ကြီး စိုက်တာကတော့ ကြမ်းတယ်.. နည်းနည်း အခါးဓါတ်မျှမျှလေး ပါနေတယ်။

      • တညင်သား

        January 14, 2012 at 2:41 pm

        ကိုရီးယားမှာ ရှိတဲ့ အပွင့်က ကျွန်တော့်တူလေး လက်သီးဆုပ်လောက်တောင်မရှိဘူး.. 🙂 သူတို့လဲ ကြော်လှော် ချက်ပြုတ်စားတာမတွေ့မိဘူး.. အစိမ်းတိုင်းကိုပဲ ရှာလကာ ရည်လိုဟာမျိုးနဲ့စိမ်စားတယ်.. နောက် ပန်းဂေါ်ဖီ အစိမ်းပွင့် ကိုပဲအစားများတယ်… အခုရာသီကတော့ အသီအရွက်ရှားပါးတဲ့ရာသီပဲ ဂျီးတော်ရေ……….

  • windtalker

    January 14, 2012 at 2:32 pm

    ဒန်ပေါက် တို ့ထောပတ်ထမင်းတို ့နဲ ့တွဲစားလိုက်ရရဖြင့် တော်တော်မြိန် မယ့် ဂေါ်ဖီသနပ်

  • စိန်ပေါက်ပေါက်

    January 14, 2012 at 3:49 pm

    ပန်းဂေါ်ဖီ အမြှောက်လဲ အချိန်ရရင် တင်ပေးပါဦး..
    သေနတ်ထက် အမြှောက်ဆို ပိုစားကောင်းမယ် ထင်လို ့ဘာ

  • Khin Kha

    January 14, 2012 at 4:22 pm

    မဲမဲအစေ့လေးတွေကဘယ်လိုမေးဝယ်ရမှာလဲ။
    တော်ကြာမဟုတ်တာတွေထဲ့မိမှအရသာတခြားဖြစ်မှာစိုးတယ်။

    • weiwei

      January 14, 2012 at 5:10 pm

      ရန်ကုန်မှာဆိုရင်တော့ ပရဆေးဆိုင်တွေမှာ ပန်းဂေါ်ဖီသနပ်လုပ်မယ်ဆိုရင် သူတို့ဟာသူတို့ အနေတော်စပ်ပေးပါတယ် … အဲဒီလိုဝယ်မိလို့ ဘယ်လိုခေါ်လဲဆိုတာ မသိလိုက်တာ …

  • manawphyulay

    January 14, 2012 at 5:51 pm

    ဟုတ်… ပန်းဂေါ်ဖီပွင့်သုပ်လည်းကောင်းတယ်နော်။ သနပ်တော့ လုပ်မစားဖူးဘူး။ နောက် ကန်စွန်းရွက်အစိမ်းသုပ်လည်း ငရုတ်သီးမှုန်နဲ့ သုပ်စားတာ အတော်ကောင်းတယ်။ မှတ်ထားဦးမယ်။ အိမ်မှာ မေမေ့ကို လုပ်ပေးဖို့ ပြောရမယ် အဟိ…

  • အဲဒီပန်းဂေါ်ဖီကို မန်းလေးဘက်မှာတော့ ပန်းမုံလာလို့ခေါ်တာဗျာ။
    သနပ် ဆိုတာမန်းလေးကတော့ အတော်လုပ်စားတယ်။
    သရက်သီးသနပ်
    မရမ်းသီးသနပ်
    သနပ်စားရတဲ့အရသာနဲ့သုပ်စားရတဲ့အရသာတခြားစီရယ်၊။
    ကျနော်အဖွားကတော့ အဲလိုသနပ် တွေကိုဖန်ပုလင်းလေးနဲ့ထည့်ထားတာဗျာ။
    သနပ်တောင်မှ အစိမ်းသနပ်နဲ့အခြောက်သနပ်ဆိုတာရှိသေးတယ်။
    အိမ်မူ့ကိစ္စမနိုင်တဲ့ မလုပ်တတ်တဲ့မိန်းကလေးများကျနော့်အဖွားနဲ့တွေ့ရင် ဗိုက်ကြောပြတ်ပြီသာမှတ်။
    ဒါကြောင့်ဟင်းချက်ကောင်းတဲ့မိန်းမရှာယူထားတာ။
    ဒွမ်…………………………

    • pooch

      January 14, 2012 at 11:36 pm

      လေးပေါက်က ကြော်ငြာဝင်ပြန်ပြီ မယုံဘူး လက်တွေ့စားရမှယုံမှာ အိမ်ထမင်းဖိတ်ကျွေးပါ 😛

      မမဝေရေ ဒီမှာတော့ လေးပေါက် ပြောသလို ပန်းမုံလာပဲ ခေါ်ကြတယ်

      သိပ်မခက်ဘူးဆိုတော့ လုပ်ကြည့်ပါအုန်းမယ်….

      • windtalker

        January 15, 2012 at 6:31 pm

        အပျိုဂျီး ဟင်းချက်တော့မယ်ဆိုတော့…..
        ဒန်တန် ့တန် အမြှောက်တစ်သိန်း

  • zaw min

    January 14, 2012 at 8:02 pm

    ကိုပေါက်မိန်းမအချက်ပြုတ်ကောင်းမကောင်းသေချာအောင် ရွာသူားတွေကိုဖိတ်ပြီးအလှူလုပ်ပါလားဟင်…
    မဝေရေ….သနပ်လုပ်ပြီးရင် ဗုံးပါလုပ်ပေးအုံးနော်..(ခင်လို့ စတာနော်)…

  • small cat

    January 14, 2012 at 8:16 pm

    အဲဒီ မဲမဲ အစေ့ ဘာလဲဆိုတာကိုအတော်လေးစိတ်ဝင်စားမိတယ်။
    မေးစမ်းပြီးသိတဲ့လူများပြောပေးကြစမ်းဘာဗျာ။

  • ဦးဦးပါလေရာ

    January 15, 2012 at 12:16 am

    အခုခေတ် ဗီနီကာကိုသုံးလာကြတော့ လွယ်လဲလွယ် ကောင်းလဲကောင်း အထားလဲခံလာတယ်။
    အရင်ခေတ်ကလဲ ဗီနီကာ ကတော့ရှိပါတယ်။ သုံးလေ့မရှိကြတော့ ဆန်ဆေးရည် ကြည်ကြည်လေးတိမ်၊ အချဉ်ခံပြီး လုပ်ကြရတယ်။ အဲဒီတုန်းက ပန်းဂေါ်ဖီသနပ် အချိုးကျအောင်လုပ်တတ်တဲ့သူဟာ ဇကာကြီးပဲ။ မလုပ်တတ်ရင် သိုးနံ့ နံ သွားတာကိုး။ အဘွားနဲ့ ဘုန်းကြီးကျောင်းကို မကြာခဏလိုက်ဘူးလို့ သိထားတာလေးပါ။

  • aye.kk

    January 15, 2012 at 4:04 am

    weiwei,
    ပန်းဂေါ်ဖီသနပ်ကငယ်ငယ်ထဲကအရမ်းကြိုက်နှစ်သက်တာ..
    ဘဘကြီးကပန်းဂေါ်ဖီသနပ်လုပ်နည်းသင်ထားပေးတာလေးက
    ရှာလကာရေနဲ့သမတဲ့အခါသကြားအနည်းငယ်နဲ့အရက်အနည်းငယ်ထဲ့တယ်..
    နေပူရှိန်ကိုကြည့်ပြီးလှမ်းတာကနာရီဝက်ကျော်ကျော်လေးပေါ့နော်..
    အန်တီတို့လုပ်စားတဲ့ပန်းဂေါ်ဖီသနပ်ကငရုတ်သီးစိမ်းတော့မပါဝင်ဘူး..
    အရက်ကိုနည်းနည်းလေးထဲ့တာကနေပူလှမ်းတဲ့ခါ၊အစိုဓတ်ကိုခဏလေးနဲ့ခြောက်သွေ့စေပြီး
    အရသာကိုမပျက်စေဘူးပေါ့နော်..
    နနွင်းမှုန့်လုံးဝမပါဘဲငရုတ်သီးစိမ်းမှုန့်ကိုဆီသတ်ပြီးအအေးခံတယ်..
    ဆီအေးပြီဆိုမှသာပန်းဂေါ်ဖီကိုထဲ့တယ်..
    ဆီပူရင်ပန်းဂေါ်ဖီတွေနွမ်းသွားပြီး အထားမခံကာသိုးသွားတတ်တယ်ပေါ့နော်..
    ဇီယာနဲ့ပဲနံ့သာကိုဒယ်အိုးထဲမှာသပ်သပ်လှော်ပြီးမွေးလာရင်အအေးခံချထားပြီးမှုန်ု့
    ့ညက်အောင်ထောင်းပြီးပန်းဂေါ်ဖီနဲ့အတူတူသမရောမွှေတာ(ယောက်ဇွန်း)လေးနဲ့ပေါ့နော်..
    မဲမဲစေ့လေးတွေက၊အန်တီတို့ဒေသအခေါ်က(ဘိန်းစေ့)ပေါ့နော်
    သူ့ကိုလဲမီးအေးအေးနဲ့ခဏလောက်သာလှော်ပြီးထားထားတာ၊အားလုံးပြီး
    မှဘဲထဲ့တာပေါ့နော်..စားလို့တော့အင်မတန်ကောင်းပါတယ်..
    ဘကြီးသင်ပေးထားတဲ့နည်းလေးပါ..
    ဝေဝေပေးတဲ့နည်းလေးလဲလုပ်စားကြည့်ပါဦးမယ်..ကျေးဇူးပါဘဲနော် ။

  • Moe Z

    January 15, 2012 at 10:22 am

    မမဝေရေ အိမ်မှာလည်း လုပ်စားဖြစ်တယ်
    ပန်းဂေါ်ဖီအပြင် မုန်လာဥနီ၊ သခွားသီးပါထည့်တယ်
    နာမည်ကတော့ လွယ်လွယ်ပဲသီးစုံသနပ်ပေါ့ 🙂
    မုန်လာဥအဖြူလည်းထည့်လို့ရတယ် မိုးစက်ကတော့အနံ့မကြိုက်လို့မထည့်ဘူး
    လုပ်နည်းကတော့အတူတူပါပဲ သခွားသီးထည့်ရင်တော့ အလယ်အူတိုင်ထုတ်ပစ်ရတယ် …

  • weiwei

    January 15, 2012 at 1:14 pm

    ငယ်ငယ်တုန်းက အဖွားရှိတုန်းက ဆောင်းရာသီရောက်ရင် ပန်းဂေါ်ဖီသနပ် အများကြီးလုပ်ပြီး ဘုန်းကြီးကျောင်းသွားလှူတော့တာပဲ … မွှေးကြိုင်နေတဲ့ ပန်းဂေါ်ဖီသနပ်ကို တစ်အိမ်သားလုံးကြိုက်ကြတယ် … အခုကျွန်မလို့လက်ထက်မှာတော့ တစ်ပွင့်တောင်အနိုင်နိုင်ဖြစ်နေပြီ ဒါပေမယ့် ရိုးရာတစ်ခုလိုပဲ နှစ်တိုင်းလုပ်စားဖြစ်ပါတယ် ….

  • dagonthu

    January 15, 2012 at 1:26 pm

    သနပ်တွေမှာပါတဲ့မဲမဲအစေ့လေးတွေကမုန်ညင်းစေ့ဖြစ်ပါတယ်။

  • dagonthu

    January 15, 2012 at 1:29 pm

    မဲမဲအစေ့လေးတွေကမုန်ညင်းစေ့လေးတွေပါ။

  • ကြောင်ကြီး

    January 15, 2012 at 1:46 pm

    ပန်းဂေါ်ဖီကို သကြားဖြူးပြီး နို့ဆီနဲ့တို့စား၊ အတော်ချို၏။။။

  • water-melon

    January 15, 2012 at 3:19 pm

    ပန်းဂေါ်ဖီက အပွင့်ကြီးအောင် မစင်ဖျန်းရတယ်ဆိုု။
    ဟုုတ်လား ကြားဖူးတာပါ
    ဝိုင်းတော့မရိုက်ပါနဲ့နော်
    😆

  • weiwei

    January 15, 2012 at 3:38 pm

    မိလ္လာရေဖျန်းရင် အသီးအနှံတွေ ကြီးထွားတာကတော့ အမှန်ပါပဲ .. တရုတ်ပြည်မှာ အဲဒီစနစ်ကို ကျင့်သုံးတာကို လက်တွေ့ကြုံခဲ့ဖူးတယ် …
    မြန်မာပြည်မှာတော့ မသိဘူး …

  • ဆူး

    January 15, 2012 at 3:57 pm

    လူကြီးတွေ ပြောတာကြားဖူးတယ်… ရှေးတုန်းက တရုတ်တွေ အီးအီးပါရင်တောင် ကိုယ့်မြေမှာ ကိုယ်ပါတယ်။ သူများမြေမှာ သွားမပါဘူး သဘာဝမြေဩဇာတွေ သူများဆီ ရောက်သွားမှာ စိုးလို့..

  • water-melon

    January 15, 2012 at 4:11 pm

    မဆူးရော အီးအီးပါရင် သူများအိမ်သွားပါတာလား
    သဘာဝမြေဩဇာတွေ သူများဆီ ရောက်မသွားအောင်လေး
    (စိတ်မဆိုးကြေး) 😀

  • aye.kk

    January 15, 2012 at 6:18 pm

    ဝေဝေေ၇..
    မုန်ညှင်းစေ့ကအမှန်ပါ၊စာဖတ်သူအားလုံးကိုအနှူးအညွတ်တောင်းပန်အပ်ပါသည်..
    ဘိန်းစေ့မဟုတ်ပါကြောင်း၊ပြန်လည်ဖြေရှင်းအပ်ပါသည်
    စာရေးသူ၏အမှားသာလျှင်ဖြစ်ပါကြောင်းဝန်ခံအပ်ပါသည်။

  • Khin Kha

    January 20, 2012 at 11:31 am

    ဒါဆိုပရဆေးဆိုင်မှာ သွားဝယ်လိုက်ပါ့မယ်၊ကျေးဇူးပါ ဝေဝေ။

  • amatmin

    January 20, 2012 at 12:42 pm

    အဲဒီ သနပ်တွေကို စားချင်ပေမဲ့ မဆလာနံတာကြီးကို ဖျောက်ပေးနိုင်ရင်အတော်ကောင်းမယ်ဗျာ..
    စားချင်ပေမဲ့ အနံ့ကြောင့်ခပ်ခွာခွာနေ နေရတယ်.. 🙁
    အနံ့ပျောက်အောင်နည်းထွင်ပြီးရောင်းကြဖို့အားပေးတယ်..ကျိန်းသေအမြတ်ကြမ်းမှာနော်

Leave a Reply