I.L.O မှ လက်ကမ်းစာစောင်တစ်သိန်း မြန်မာနိုင်ငံတွင် ဝေမည်။

chitkayMay 31, 20101min850

ရန်ကုန်မြို့၊ အပြည်ပြည် ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ရုံး (ILO) က အဓမ္မ ခိုင်းစေမှု ဆိုင်ရာ လက်ကမ်း စာစောင်များကို အစိုးရ၊ ကုလသမဂ္ဂ၊ ပြည်တွင်း ပြည်ပ လူမှုရေး အဖွဲ့အစည်းများ၊ ရပ်ရွာ လူမှု အသိုင်းအဝိုင်း များမှတဆင့် ဇွန်လလယ်ပိုင်း မှစပြီး ဖြန့်ဝေ သွားမည် ဖြစ်ကြောင်း ယင်းရုံးမှ ဆက်သွယ် ညှိနှိုင်းရေးမှူး  စတိဖ် မာရှယ်လ်က ပြောကြားကြောင်း သိရှိရပါသည်။ ယင်းလက်ကမ်း စာစောင်တွင် အဓမ္မ စေခိုင်းမှု ဆိုသည်မှာ အဘယ်နည်း၊ မည်သို့ တိုင်ကြား နိုင်သနည်း၊ တိုင်ကြားမှုသည် လျှို့ဝှက် လုံခြုံမှု ရှိပါသလား၊ တိုင်ကြားပုံ နည်းစနစ် အရ မည်သို့ ဆောင်ရွက်သနည်း၊ တိုင်ကြားခြင်းဖြင့် မည်သို့ ရလာဒ်များ ပေါ်ပေါက်လာ နိုင်ပါသလဲ၊ တိုင်ကြားမှု ပြုလုပ်ရန် မည်သူ့ကို ဆက်သွယ် ရမည်နည်း စသည်ဖြင့် ခေါင်းစဉ်များ ခွဲလျက် မြန်မာ ဘာသာဖြင့် လွယ်ကူ ရှင်းလင်းစွာ နားလည်နိုင်အောင် ရေးသားထားကြောင်း သိရှိရပါသည်။ အဆိုပါ လက်ကမ်း စာစောင်ကို ဖြန့်ဝေရန်အတွက်  အလုပ်သမားရေးရာ ဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်ကြည်နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ရုံး၊ (အိုင်အယ်လ်အို)၊ အမှုဆောင် ညွန်ကြားရေးမှူး မစ္စတာ ကာရီတာ ပရီအိုလာနှင့် အဖွဲ့နှင့် ယခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် တွေ့ဆုံစဉ် သဘော တူညီချက် ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ အိုင်အယ်လ်အိုက ပထမ ပုံနှိပ်မှု အနေဖြင့် စောင်ရေ တစ်သိန်း ရိုက်နှိပ်ထားပြီး လိုအပ်သလောက် ဆက်လက် ဖြန့်ဝေသွားမည် ဟုဆိုပါသည်။ လက်ကမ်း စာစောင်တွင် အဓမ္မ ခိုင်းစေမှု ဆိုသည်မှာ လူတစ်ဦး တစ်ယောက်အား အလုပ် တစ်ခုကို ထိုသူ မပြုလုပ်ပါက (သို့မဟုတ်) မလိုက်နာပါက တစ်စုံတစ်ရာ အပြစ်ပေး ခံရမည် ဟူသော ခြိမ်းခြောက်မှုကြောင့် ထိုသူ၏ ဆန္ဒမပါဘဲ ဥပဒေနှင့် ဆန့်ကျင်၍ ခိုင်းစေသော အလုပ်မျိုးကို ခေါ်ပါသည် ဟုဖော်ပြ ထားပါသည်။ ထို့အပြင် တိုင်ကြားချက်ကို ပေးပို့ရန် အိုင်အယ်လ်အို အဖွဲ့ရုံး၏ တည်ရှိရာ (ကုန်သည်ကြီးများ ဟော်တယ်၊ ဆူးလေ ဘုရားလမ်း) လိပ်စာ အသေးစိတ်၊ ဆက်သွယ်ရန် ဖုန်းနံပါတ်များနှင့် အီးမေးလ်များကို ဖော်ပြ ထားသည်ဟု သိရှိရပါသည်။

Source by : www.enjoy.net.mm