အရိယသစ္စာဆီသို့(၁)

blankJanuary 14, 20121min793

မိမိကိုယ်တိုင် မှန်သောအယူနှင့်အနည်းငယ် နီးစပ်ရန်ရည်ရွယ်ပါတယ်။ ရေးတဲ့နေရာမှာ (၁) မူရင်းစာသားများ (၂) မူရင်းစာများကိုကျွန်တော်၏ နားလည်ထားမှုများ (၃) ထို နားလည် ထားမှုနဲ့ ပါတ်သက်တဲ့ ကျွန်တော်၏အတွေးများကို အဓိကထား၍ ပြုပြင်လမ်းညွှန်ပေးစေ လိုပါတယ်။ ကျွန်တော်ရွေးချယ်သုံးနှုံးသည့် စကားလုံးများကြောင့်ဖြစ်သော အစွန်းထွက် စိတ်ခံစားမှုများကို ဒုတိယနေရာထား၍ ပြုပြင်ပေးရန်တောင်းပန်ပါသည်။ ပြုလုပ်မှုများ၏ ဖြစ်ပေါ်လာမည့်အကျိုးတရားကို တိကျစွာသိရှိနိ်ုင်ပြီး အတိုင်းအတာသိသိ ဖြင့်ပြုလုပ်ပါက ပြုလုပ်မှုများ၌ ငြိကပ်သာယာမှုမရှိ ဆိုသောအချက်တစ်ခုကိုသာ ဦးတည် ရေးသားမှာ ဖြစ်ပါတယ်။ ထိုအချက်သည် မူရင်းစာသားများကို ကျွန်တော်၏ နားလည်ထားမှု တစ်ခုသာဖြစ်ပါတယ် မှန်ခြင်း၊ မှားခြင်းကို ပြုပြင်လမ်းညွှန်ပေးစေလိုပါတယ်။ မူရင်းစာသားများ ကိုအောက်တွင်ဖေါ်ပြအပ်ပါသည်။ (၁) ရည်ရွယ်ချက်လွန်ဖြင့် ကောင်းသော ကိုယ်,နှုတ်,နှလုံးလှုပ်ရှားမှုကို ပြုလုပ်သူ သည်လည်း မိမိပြုလုပ်သော ကိုယ်,နှုတ်, နှလုံးလှုပ်ရှားမှု၌ ငြိကပ်သာယာ၏။ အကြောင်းမှာ လှုပ်ရှားမှုများ၏ အမှန်အကန်ဖြစ်ပွား မှုများကို မသိမြင်ဘဲ ပိုပိုမိုမို လွန်လွန်ကဲကဲ ဖြစ်ပွား လိမ့်မည်ဟု မြော်လင့် ရည်ရွယ် မိသောကြောင့် ဖြစ်သည်။ လှုပ်ရှားမှု၏ အမှန်အကန် သဘောသဘာဝကို မသိမမြင်ဘဲ လှုပ်ရှားပါက လှုပ်ရှားမှု၌ ငြိကပ်သာယာမည် အမှန်ဖြစ်၏။ (သာမညသဘောတရားကျမ်း Ebook စာ ၇၆ ) “လှုပ်ရှားမှုများ၏ အမှန်အကန်ဖြစ်ပွား မှုများကို မသိမြင်ဘဲ ပိုပိုမိုမို လွန်လွန်ကဲကဲ ဖြစ်ပွားလိမ့်မည်ဟု မြော်လင့် ရည်ရွယ် မိသောကြောင့်” ဟူ၍ရေးသားထားသည့်အတွက် “လှုပ်ရှားမှုများ၏ အမှန်အကန်ဖြစ်ပွား မှုများကို သေချာတိကျစွာ(အပိုအလိုမရှိ) သိမြင်ပါက” ပြုလုပ်မှုများ၌ ငြိကပ်သာယာမှုမရှိဟု နားလည်ရပါသည်။ (၂) ရည်ရွယ်ချက်မှန်ဖြင့် ပြုလုပ်သူသည် ပြုလုပ်မှု၏ အကျိုးတရားမှန်ကို ရည်ရွယ်၍ အတိုင်းအတာသိသိဖြင့် ပြုလုပ်ခြင်းဖြစ်သောကြောင့် ပြုလုပ်မှုအဖြစ်၌ သာယာငြိကပ်မှုမရှိပေ။ ( သာမညသဘောတရားကျမ်း Ebook စာ ၈၆) အပြုအမူများ၏ အကျိုးတရားမှန်အား သိနိုင်ခြင်းရှိမရှိနှင့်သက်ဆိုင်သော ခေတ်လူငယ် တစ်ဦး၏ အမေးကို ရှင်ဉာဏက ဖြေဆိုထားသည်။ ထိုဖြေဆိုထားမှုသည် အပြုအမူများ၏ အကျိုးတရားမှန်ကို (အပိုအလိုမရှိ) သိနိုင်မှုမရှိခြင်းကို ရည်ညွှန်းနေသော အဖြေဖြစ်သည် ဟု ကျွန်တော် နားလည်ပါသည်။ မှန်ခြင်း၊ မှားခြင်းကို ပြုပြင်လမ်းညွှန် ပေးစေလိုပါသည်။ မူရင်းစာသားများကို အောက်တွင်ဖေါ်ပြထားပါသည်။ (၃) ခေတ်လူငယ်တစ်ဦး၏အမေး ။ ။ လူတစ်ယောက် ညအမှောင်မှာ တစ်ယောက်တည်း ကားမောင်းလာတယ် ဆိုပါစို့။ လူသွားလူလာ လည်း မရှိ၊ ကားအသွားအလာလည်းပြတ်နေတဲ့ နေရာတစ်ခု ထားပါတော့။ လမ်းအလည် တည့်တည့်မှာ လူတစ်ယောက် မှောက်လျက်လဲနေပါပြီ။ ရှောင်သွားလို့လည်း မရ၊ လမ်းကလည်း ကျဉ်း၊ မိုးကလည်း ရွာ။ တစ်ခုခု မဖြစ်မနေ လုပ်ရပါတော့ မယ်။ တက်နင်းပြီး မောင်းပြေး ရမလား၊ ဒါမှမဟုတ် ကားပေါ်ကဆင်းပြီး စူးစမ်းကူညီပေးရမလား။ ဒါပေမဲ့ ကိုယ် သူ့နားရောက်မှ ဟန်ဆောင်နေတာကထပြီး ရန်ပြုလုယက်နေမှ ဒုက္ခ။ တက်နင်းပြီး မောင်းပြေး ရအောင်ကလည်း လူကောင်းဖြစ်နေလျင် မကောင်းပြန်ဘူး၊ ဘာလုပ်ရမလဲပေါ့။ ဖြစ်ချင်ရာဖြစ်ကွာ၊ တစ်ခုခုရွေးချယ် ပြီး လုပ်လိုက်တော့မယ်၊ ဖြစ်ပေါ်လာတဲ့ အကျိုးရလဒ်ကို ကျေကျေနပ်နပ်ကြီး ခံယူမယ်။ အဲသည်လို ဆုံးဖြတ်လိုက်ရမှာလား၊ စသည်ဖြင့်ပေါ့လေ။ ကားဆရာ ရွေးချယ်တဲ့လမ်း က လွန်ကျူးမှု ဖြစ်နေပြန်လည်းမဟန်သေးဘူး။ ဒါကြောင့် တပည့် တော် အနေနဲ့ လွန်ကျူးမှုရဲ့ စံနှုန်းတွေကို သိချင်ပါတယ်။ တချို့ကိစ္စတွေက လွန်ကျူး တယ်၊ မလွန်ကျူးဘူးဆိုတာကြိုသိနိုင်လားပေါ့။ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ကို ကြည့်ပြီးမှ ပေါက်ဖော် လုပ်ရမှာလားပေါ့။ဒါမှမဟုတ် ကားမောင်းတဲ့လူ ကြုံတွေ့ရတဲ့ ရွေးချယ်ပြု လုပ်ရမဲ့ အခြေအနေမျိုး က မဂ္ဂင်ရှစ်ပါးထဲမှာ မပါဘူးလားပေါ့။ ဒါမှမဟုတ် တပည့်တော်ရဲ့ ဥပမာ က လူ့လောကထဲမှာ မဖြစ်နိုင်တဲ့ မရှိနိုင်တဲ့ ဥပမာလားပေါ့။ ဘာသာတရားဆိုတာဘာလဲ Ebook စာ (၄၄) မှ (၄) ရှင်ဉာဏ၏အဖြေ ။ ။ အဖယ်ခိုင်းနိုင်လျင် ခိုင်းဖို့ပေါ့။ မခိုင်းနိုင်လျင်လည်း ကားက ရှေ့ချည်းမောင်းလို့ရတဲ့ ယာဉ် မှ မဟုတ်တာပဲ။ ကွေ့မရလည်း နောက်ဆုတ်သွားလိုက်ဖို့ပေါ့။ ကိုယ်က အရေးကြီးနေ တယ် ဆိုလျင်လည်း သူများကိုတိုက်သတ်သွားရလောက်အောင် အရေး အားဖြင့် မကြီးထိုက် ပါဘူး။ ဘယ်လောက်အရေးကြီးကြီး တစ်ခြားနည်းလမ်းနဲ့ ပျက်ကွက် နိုင်တာ တွေရှိတာ လည်း နှလုံးသွင်းရမှာပေါ့။ သင်္ကာမကင်းလျင် နောက်ပြန်ဆုတ်၊ လူအင်အား ထပ်ရှာပြီး မှသွား။ ကယ်မရမဲ့သူဖြစ်တယ် ထင်လျင် ကိုယ့်ဘက်ကပြင်ဆင်ပြီး ကယ်ဖို့လုပ်ရမှာပေါ့။ အထင်နဲ့ အမြင်လွဲမှားပြီး ခံရတယ်ဆိုသော်မှ ကိုယ်ကသူ့အတွက် အန္တရာယ်ရှိသူအဖြစ် မရပ်တည် လျင် ကိုယ့်မှာ အဆုံးရှုံးအထိပါး မများနိုင်ပါဘူး။ ဒါတွေ ဟုတ်တယ်မထင်လျင် ခွင့်လွှတ်ပါ။ (ဘာသာတရားဆိုတာဘာလဲ Ebook စာ (၆၉) မှ ပြုလုပ်မှုများ၏ ဖြစ်ပေါ်လာမည့်အကျိုးတရားကို တိကျစွာ(အပိုအလိုမရှိ) သိရှိနိ်ုင်ပြီး အတိုင်းအတာသိသိ ဖြင့်ပြုလုပ်ပါက ပြုလုပ်မှုများ၌ ငြိကပ်သာယာမှုမရှိဟူသော ယူဆထားချက် နှင့် အပြုအမူများ၏ အကျိုးတရားမှန်ကို (အပိုအလိုမရှိ) သိနိုင်မှုမရှိခြင်းကို ရည်ညွှန်းနေသော ရှင်ဉာဏ၏အဖြေ ထိုအချက်နှစ်ခုသည် အရိယသစ္စာဆီသို့နီးစပ်နိုင်ရန်အတွက် ကျွန်တော့်၏ ရှေ့တွင် ကာဆီးနေသော တံတိုင်းအမှတ် (၁) ဖြစ်ပါသည်။

3 comments

  • nyanakyaw

    January 14, 2012 at 10:17 pm

    အရိယသစ္စာဆီသို့ နီးစပ်နိုင်ရန်အတွက် ပထမဦးဆုံးလေ့လာစေလိုသော စာအုပ်များမှာ ဓမ္မစာအုပ်၊ ထိုစာအုပ်တွင် အပိုင်း (၄)ပိုင်းပါဝင်ပြီး ဓမ္မစကြာ၊ ပဋိစ္စသမုပ္ပါဒ်၊ အနတ္တလက္ခဏသုတ်၊ မဟာသတိပဌာနသုတ် ဆိုပြီး ပါဝင်ပါတယ်။ ထို့နောက်ဆက်လက် ဖတ်ရှုစေလိုသော စာအုပ်များမှာ တဏှာရှင်းတမ်း နှင့် အစိတ်စိတ်အဖြာဖြာ ဥပါဒါနက္ခန္ဓာ စာအုပ်တို့ကို ဖတ်ရှုစေလိုပါတယ်။ နားမလည်သော အပိုင်းကို ရောက်လျှင် စာအုပ်ကို ခဏချ၍ (၃)မိနစ်ခန့်အနားယူပြီး ရှေ့စာမျက်နှာ အနည်းငယ်မှ ပြန်၍ ဖတ်စေလိုပါသည်။ တကယ်ကို ဖြူစင်သော စေတနာအရင်းခံဖြင့်သာ

    • kai

      January 15, 2012 at 8:20 am

      စာအုပ်တွေတော့ မဖတ်ရသေးဘူး..။
      အယူဝါဒအရ ..တော်တော်လေးရှေ့နောက်ညီတယ် ခန့်မှန်းမိတာမို့.. အင်္ဂလိပ်လို ဘာသာပြန်ပြိး.. အနောက်နိုင်ငံတွေကို.. စိမ်ခေါ်ထိုးဖေါက်သင့်တယ် ထင်မိတယ်..။
      အကြံပေးတာပါနော..။
      အင်္ဂလိပ်လို.. အင်္ဂလိပ်လို.. ဆိုတာလေး.. ခေါင်းထဲထည့်ပေးထားဖို့ပါ…။

  • blank

    January 16, 2012 at 9:27 am

    စေတနာနှင့်အကြံပြုသူများ၊ ပို့စ် ကိုဖတ်ရှုသူများအားလုံးကို ကျေးဇူးတင်ပါသည်

Leave a Reply