စဉ်းစားကြစေလိုပါတယ် ( အဆဲခံချင်လို့ကိုရေးတယ် ( ၅ ) )
 
အင်း ဒီ Post ကတော့
kanjosan ရဲ့
” မြန်မာပြည်မှာ ရောင်းစရာများကျန်သေးလား ”
ဆိုတဲ့ Post ဖတ်ရင်း
အဘ တွေးမိတာလေးတွေပါကွယ် ။
 
” အဲ့ဒီလို ဟိုတယ်တွေ ဆောက်ရင်ရော ကျွန်တော်တို့လူမျိုးတွေအတွက် ဘာအကျိုးရှိနိုင်မလဲ..
ကျွန်တော်တို့လည်း သွားရောက်တည်းနိုင်တဲ့ နှုန်းထားရှိပါသလား “
 
( ၁ ) အဲ့ဒီလို ဟိုတယ်တွေ ဆောက်ရင် အနဲဆုံး အခွန်အခတွေ နိုင်ငံတော်က ရတာပေါ့ကွယ် ။
( ၂ ) ကံကောင်းရင် မြန်မာလူမျိုးတွေ အလုပ်အကိုင် အခွင့်အလမ်းနှင့် အတတ်ပညာတွေလဲ ရဦးမှာ ။
( ၃ ) ဟိုတယ် ပါတ်ဝန်းကျင်ဒေသရဲ့ Infra-structure တွေလည်း ကျွဲကူးရေပါ မြင့်လာဦးမှာ ။
( ၄ ) ပိုက်ဆံ လာပေး / ဖြုံးမယ့် နိုင်ငံခြားသားတွေကိုလည်း ဆွဲဆောင်မှု တစ်ခုဖြစ်ဦးမှာလေ ။
( ၅ ) နောက်ပြီးတော့ ဒီဟိုတယ် အဆောက်အဦးကြီးက မြန်မာပြည်မှာ ရှိနေ ကျန်နေခဲ့မှာလေ ။
 
” ကျွန်တော်တို့ တည်းနိုင်တဲ့ နှုန်းထားရှိပါသလား ” ဆိုတာနှင့်ပါတ်သက်လို့ကတော့
မွဲတဲ့သူတွေဟာ ပါလီမန်ခေတ် မဆလခေတ် နဝတခေတ် ဒီမိုကရေစီခေတ် ဘယ်ခေတ်မှာပဲဖြစ်ဖြစ်
ဈေးကြီး ဟိုတယ်တွေမှာ မတည်းနိုင်ပါဘူးကွယ် ။ တန်ရာ တန်ရာ မှာနေရတာပေါ့ကွယ် ။
 
အေး အဲဒီ ဟိုတယ်တွေက အဖြူမှပေးတည်းတယ်
 မြန်မာ လူမျိုးဆိုရင်ပေးမတည်းဘူးလို့
လူမျိုးရေး ခွဲခြားပြီး စည်းကမ်းထုတ်ထားရင်တော့
အဘကိုယ်တိုင် လမ်းပေါ်တက်ပြီး ကန့်ကွက် ပေးပါ့မယ်ကွယ် ။
 
မှန်တာပြောရရင်
ဥပဒေ စည်းကမ်းတွေကို မှန်မှန် ကန်ကန် လိုက်နာမယ်
အခွန်အခ တွေ မှန်မှန် ကန်ကန် ပေးဆောင်မယ် ဆိုလို့ကတော့
မြန်မာနိုင်ငံမှာ ဟိုတယ်တွေလာဆောက်တဲ့ကိစ္စဟာ
လှိုက်လှိုက် လှဲလှဲကို ကြိုဆိုရမယ့် ကိစ္စပါကွယ် ။
 
ဝမ်းနည်းစရာ ကောင်းတာကတော့ ၊ အဘ အထင်ပါ ၊
မြန်မာလူမျိုးတွေဟာ မဆလခေတ်ကြီးမှာ နှစ်ရှည်လများ ပုံသွင်းခံခဲ့ရတာကြောင့်
ဆိုရှယ်လစ် ဆန်ဆန် အတွေးအခေါ်တွေ လွှမ်းမိုးခံနေရပါသေးတယ် ။
 
ဒီမိုကရေစီခေတ်ဆိုတာ ပဒေသာပင်ပေါက်တာ မဟုတ်ပါဘူး ။
လူတွေကို လွတ်လပ်စွာ ပြောဆို ရေးသားခွင့်
လူအချင်းချင်း အခွင့်အရေး တန်းတူ ညီမျှခွင့် နှင့်
ပြည်သူ အများစုမှ အုပ်ချုပ်ပိုင်ခွင့် စတာတွေကိုပဲ ပေးတာပါ ။
 
လူတစ်ဦးချင်းစီရဲ့ အရည်အချင်း ( ကံတရား လည်းပါတာပေါ့လေ ) ပေါ်မူတည်ပြီး
ဆင်းရဲ ချမ်းသာ ကတော့ သိသိသာသာကို ကွဲပြားနေဦးမှာပါ ။
ဘာမှမပူနှင့် သိပ်မကြာခင်မှာ ဆင်းရဲလို့ ဆေးမကုနိုင်လို့
သေရတဲ့သူတွေ အောတိုက် အများကြီးကို တွေ့ရဦးမှာ ။
 
လူအချင်းချင်း ဆင်းရဲ ချမ်းသာ တန်းတူ ဖြစ်စေမယ့် စနစ်ကို လိုချင်ရင်တော့
ဆိုရှယ်လစ် ဒါမှမဟုတ် ကွန်မြူနစ် စနစ်ကို တောင်းဆိုတာက ပိုကောင်းပါတယ်ကွယ် ။
( တန်းတူညီမျှ တတန်းတစားတည်း ညီညီ ညာညာ မွဲ ကြတာလေ )
 
လက်ရှိ အခြေအနေမှာ တိုင်းပြည်ဟာ မွဲပြာကျနေတယ် ။
အစိုးရ အဆက်ဆက် ဝါဒဖြန့်ခဲ့တဲ့
သယံဇာတ ပေါကြွယ်ဝတဲ့ ရွှေနိုင်ငံဆိုတာကြီးကိုလည်း
အဘ လုံးဝ အယုံအကြည်မရှိပါဘူး ။
 
ဘယ်သယံဇာတတွေကများ ဆော်ဒီတို့ ဘရူနိုင်းတို့ သြဇီတို့ နော်ဝေတို့ လို
တိုင်းသူပြည်သား သန်း ၆၀ လောက် မှီခိုစားရလောက်အောင်
လောက်လောက်လားလား ထွက်လို့လည်း ။
ဟိုဟာ တို့စိတို့စိ ဒီဟာ တို့စိတို့စိ မစို့မပို့လေး ထွက်တာကိုများ ။
 
အဲဒီတော့ကာ ငမွဲတိုင်းပြည်ကြီး အမြန်ဆုံး ဖွံဖြိုးတိုးတက်ဖို့က
ငွေ ( ရင်းနှီးမြုပ်နှံမှု ) လိုတယ် ။ ဖိတ်ခေါ် ကြိုဆိုရမယ် ။
 
အစပိုင်းမှာတော့ ပါတ်ဝန်းကျင် ညစ်ညမ်းမှုတွေ ၊
ယဉ်ကျေးမှုတွေ ထိတ်တိုက်တွေ့မှုတွေ ( Idea & Culture Shock ) ရှိမှာပဲ ။
မတတ်နိုင်ဘူး လောလောဆယ်တော့ ချမ်းသာအောင် အရင်လုပ်ရမှာပဲ ။
တိုင်းပြည်ချမ်းသာလာမှ ဥပဒေတွေ ထပ်ထုတ်ပေါ့ ။
( ဂျပန် နှင့် တရုတ်ကြီး လည်း ဒီလမ်းကြောင်း အတိုင်း တက်လာရတာပဲ )
 
” ပြည်သူပြည်သားများဟာ မြင်သာမြင်ရပြီး မကြင်ရတဲ့ဘ၀ဖြစ်နေတာ တော်တော်ကိုဆိုးပါတယ် “
 
အဘလည်း စိတ်မကောင်းဘူး ။ ဟုတ်တယ် ။
( ၁ ) သံလွင် မြစ်ကို ယိုးဒယား နှင့် တရုတ် တဝက်စီ
( ၂ ) ဧရာဝတီမြစ်ကို တရုတ် သီးသန့်
( ၃ ) ချင်းတွင်းမြစ်ကို ကုလား သီးသန့် ( စီစဉ်နေပြီ )
လျှပ်စစ်ဓါတ်အား ထုတ်ဖို့ ၊ ရရင် သူတို့နိုင်ငံကိုရောင်းဖို့ ၊ လက်ခံလိုက်ရတယ် ။
 
( ၄ ) မုတ္တမ ပင်လယ်အော်က Gas ကို ယိုးဒယား ကို
( ၅ ) ရခိုင်က Gas ကို တရုတ် ကို
ရောင်းပေးနေရတယ် ။ မြန်မာက သုံးရတယ်ကိုမရှိဘူး ။
 
ဒါပေမယ့် စိတ်မကောင်းပေမယ့်
အဘတို့နိုင်ငံလို ပိုက်ဆံမရှိတဲ့ ငမွဲ နိုင်ငံ ၊
နည်းပညာမတတ်တဲ့ ငဖျင်း နိုင်ငံ အတွက် ၊
ဒီနည်းလမ်းအပြင် ဘာနည်းလမ်းများ ရှိလို့တုန်း ။
 
နိုင်ငံတော် သမ္မတ နေရာကပဲ ဝင်စဉ်းစားကြည့်ပါအုန်း ။
အခုတောင်မှ ပြည်ထောင်စု အစိုးရကော ၊
ပြည်နယ် နှင့် တိုင်းဒေသကြီး အစိုးရတွေကော ၊
အကုန်လုံး ဘတ်ဂျက် လိုငွေ အကြီးအကျယ် ပြနေလို့
ဘာဆက်လုပ်ရမှန်း မသိဖြစ်နေတာ ။
ဒီလိုသာ နှစ်စဉ် ဘတ်ဂျက် လိုငွေ အကြီးအကျယ် ပြနေလို့ကတော့
နောက်ဆို မြစ်တွေ Gas တွေနှင့်တင် မကဘူး ၊ လူပါထိုးဆပ်ရမှာ ။
 
အေး ချုပ်ဆိုတဲ့ သဘောတူ စာချုပ်တွေကသာ
သိသိသာသာ ပွင့်လင်းဖို့ ( Transparency ) ၊ ကြားလူပွဲစား ဝင်မစားဖို့ ၊
အဂတိ ကင်းစင်ဖို့ ၊ မြန်မာနိုင်ငံဖက်က ပက်ပက်စက်စက် မနစ်နာဖို့သာ လိုတာ ။
နဲနဲ ပါးပါး နစ်နာဖို့က မျော်လင့်ပြီးသား ၊
ဘယ် ကုမ္ပဏီကမှ သူတို့ ရှုံးမယ့် နစ်နာမယ့် စာချုပ် လာမချုပ်ဘူး ။
မနစ်နာချင်ရင် ၊ ကိုယ်တတ်တယ်ထင်ရင် ၊ ကိုယ့်ဖာသာလုပ် ။
 
ကဲ တော်သေးဘီ ။
သူကြီးက မဆဲရ ဆိုလို့သာ မဆဲမယ် ၊
စိတ်ထဲမှာတော့ ကျိန်ဆဲနေလောက်ပြီ ။
 
အမှန်ကိုရော ၊ အမှားကိုရော ထင်ထင်ရှားရှား မြင်နိုင်ကြပါစေကွယ် ။
 
အဘကတော့ ရှင်းရှင်းလင်းလင်း ပြတ်ပြတ် သားသား ဝန်ခံလိုက်တယ် ။
ပိုက်ဆံမရှိတဲ့ ငမွဲ ၊ နည်းပညာမတတ်တဲ့ ငဖျင်း ၊ နိုင်ငံက နိုင်ငံသားလေး ၊
 
အဘ Foreign Resident

Foreign Resident

About Foreign Resident

Foreign Resident has written 203 post in this Website..

စားဝတ်နေရေးအတွက် သင်္ဘောလိုက်နေရင်း ၊ ကံဇတ်ဆရာရဲ့အလိုကျ ကျွန်းကြီးတစ်ကျွန်း ပေါ်မှာ သောင်တင်နေမိပြီး ၊ အမိမြေကို လွမ်းဆွတ်နေရသူပါ ။