“Value” ကို “စံ” ဟု ဘာသာပြန်ချင်ပါသည်။ ကျွန်မတို့သည် မိမိကိုယ်ကို တန်ဖိုးထားတတ်ရန်အတွက် သတ်မှတ်ချက်များ လိုအပ်ပါသည်။ အကယ်၍ ထိုစံအဖြစ်သတ်မှတ်ထားချက်များမရှိလျှင် မိမိကိုယ်ကို အကောင်းမြင်တန်ဖိုးထားမှု self-esteem လည်း မရှိနိုင်ပါ။ ထိုကဲ့သို့ အကောင်းမြင်စိတ် တန်ဖိုးထားစိတ်များကို ငယ်စဉ်ကပင် ပြုစုပျိုးထောင်ပေးသင့်ပါသည်။ မိမိ၏ကလေးအားထိုတန်ဖိုးကို နားလည်အောင် လေ့ကျင့်သင်ကြားပေး နိုင်သူမှာ မိမိကိုယ်တိုင်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် မိဘတိုင်းသည် ကလေးတိုင်းအတွက် role model ဖြစ်သောကြောင့်ဖြစ်ပါသည်။ ကလေးတစ်ယောက် ၈နှစ်အရွယ်ရောက်လျှင် မိဘနှင့်အတူနိုးလျှက်ရှိချိန်မှာ နာရီပေါင်း (၄၀၀၀၀) ခန့်ရှိပြီး ကျောင်း၌နေချိန်မှာ နာရီပေါင်း (၄၀၀၀) ခန့်သာရှိပါသည်။ ကလေးတစ်ယောက် မိမိကိုယ်ကို အကောင်းမြင်စိတ် တန်ဖိုးထားစိတ်ကို တည်ဆောက်ယူရာတွင် ကူညီပေးရမည့် အဓိကအချက်မှာ “စံ” များကို သတ်မှတ်ပေးခြင်းနှင့် ကလေးရော မိမိကိုယ်တိုင်ပါလိုက်နာခြင်းဖြစ်ပါသည်။

စံများကိုသတ်မှတ်ပေးရာတွင် တာဝန်သိတတ်ခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ ရိုသေလေးစားခြင်း၊ သနားညှာတာ ကြင်နာတတ်ခြင်း၊ အတူတူပူးပေါင်းဆောင်ရွက်ခြင်းနှင့် ရဲရင့်ခြင်းစသောဝေါဟာရများကို အမြဲတမ်းအသုံးပြုပြီး ကလေးများနားလည်အောင် ရှင်းပြပြောဆိုပေးပါ။ ထိုစကားလုံးများကို ထပ်ဖန်တလဲလဲ အသုံးပြုပေးပါ။ ထို့ပြင် ၎င်းတို့၏ဆန့်ကျင်ဘက်စကားလုံးများကိုလည်း ပြောပြပြီးခြားနားချက်များကို ကလေးအားနားလည်သိရှိပါစေ။

ကလေးအား ဝေဖန်ခြင်းတက် ချီးမွမ်းခြင်းကိုအလေးထားပေးပါ။ ကလေးအားအပြစ်တင်ဝေဖန်ခြင်းသည် ကလေး၏မိမိကိုယ်ကိုတန်ဖိုးထားစိတ်ကို ဖျက်ဆီးရာရောက်ပါသည်။ ကလေး၏အမှားနှင့်အားနည်းချက်များကို ဝေဖန်အပြစ်တင်ခြင်းထက် ကလေး၏ကောင်းသောအပြုအမူတစ်ခုကိုတွေ့တိုင်း ချီးမွမ်းခြင်း၊ ဆုချခြင်းပြုလုပ်ပေးပါ။ အစားအသောက်နှင့် ဆုချခြင်းကိုရှောင်ကျဉ်သင့်ပါသည်။ ကလေးမှအမှတ်ရနေမည့် ဆုမျိုးဖြစ်ရန်လိုအပ်ပါသည်။

ကလေးသည် မိမိကိုကြောက်နာခံခြင်းထက် သတ်မှတ်ထားသောစံတစ်ခုကို သူကိုယ်တိုင်ကအလေးထားပြီး လိုက်နာခြင်းမျိုးဖြစ်သင့်ပါသည်။ ဤသည်မှာအတွင်းစိတ်နှင့် အပြင်စိတ်၏ခြားနားချက်ဖြစ်ပါသည်။ အတွင်းစိတ်၏ ခံယူချက်ကား တည်မြဲပြီး အပြင်စိတ်မှာ အကြောင်းအမျိုးမျိုးကြောင့်ပျက်စီးတတ်ပါသည်။

ကလေးတိုင်းသည် မိဘများကိုအတုယူကြပါသည်။ မိမိပြောလိုက်သောစကားထက် မိမိ၏အပြုအမူက ကလေးအတွက်ပိုအရေးကြီးပါသည်။ လူတိုင်းသည် စီးပွါးရေး၊ လူမှုရေးကိစ္စရပ်များနှင့်ရှုပ်ထွေးပြီး ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဒေါသထွက်ခြင်းများဖြစ်တတ်ပါသည်။ တစ်ခါတစ်ရံတွင် ကလေးများရှေ့၌ မသင့်တော်သော စကားလုံးများအသုံးပြုမိခြင်း၊ ကျိန်ဆဲမိခြင်းများပြုလုပ်မိနိုင်ပါသည်။ ထိုသို့ပြုမိတိုင်း မိမိ၏ကလေးများကို ထိုအပြုအမူများကို လက်ခံထိုက်သည်ဟု သတင်းပေးရာရောက်ပါသည်။ အကယ်၍ မိမိသည်သတ်မှတ်ထားသော စံထက်နိမ့်ကျသော အပြုအမူမျိုးကို ပြုလုပ်မိလျှင် ကလေးအားမိမိမှားသွားသည်ဟု ၀န်ခံပြောဆိုပြီး တောင်းပန်ရန်ဝန်မလေးပါနှင့်။

ကလေးများ၏မိမိကိုယ်ကို တန်ဖိုးထားစိတ်သည် အောက်ပါအချက်များပေါ်တွင် အခိုင်အမာမူတည်ပါသည်။

၁။ ကလေး၏ လုပ်ဆောင်ချက်တစ်ခုခုကို ပြီးမြောက်အောင်မြင်ခြင်းကြောင့်မဟုတ်ပဲ ကလေး၏အရှိအတိုင်း အချစ်ခံရသည်ဟု ကလေးအားခံစားရစေခြင်းမှာ လွန်စွာအရေးကြီးပါသည်။ မိဘတစ်ချို့သည် ကလေးများအားချစ်ခြင်းမေတ္တာကို ပြသလျှင် ကလေးအားဖျက်ဆီးရာရောက်သည်ဟု အထင်ရှိကြသည်။ အကယ်၍ ထိုချစ်ခြင်းမေတ္တာအား စည်းကမ်းချက်များနှင့်တွဲပြီး ပြဌာန်းပါက ကလေးကိုဖျက်ဆီးရာ လုံးဝမရောက်မှာ သေချာပါသည်။ ကလေးငယ်၏အပြုအမူကိုလိုက်ပြီး ကလေးအားချစ်တယ်၊ မချစ်ဘူးဟု မပြောသင့်ပါ။ အကယ်၍ ကလေးမှ အမှားအယွင်း တစ်စုံတစ်ရာပြုမိလျှင်တောင် မင်းကိုချစ်တယ် ဒါပေမယ့် မင်းလုပ်တာကိုတော့ သဘောမကျဘူးဟု ပြောသင့်ပါသည်။ မင်းက တော်တော်ဆိုးတဲ့ကလေးပဲ ဆိုသောအသုံးအနှုန်းမျိုး မသုံးမိပါစေနှင့်။ ကလေး၏အပြုအမူကိုသာဝေဖန်ပါ၊ ကလေးကိုမဝေဖန်ပါနှင့်။

၂။ ကလေးသည် သူကိုယ်တိုင် ချမှတ်ထားသော ပန်းတိုင်များသို့ရောက်ရှိအောင်မြင်ခြင်းသည် ကိုယ့်ကိုကိုယ်ယုံကြည်မှုကို တည်ဆောက်ရာတွင် အရေးအကြီးဆုံးဖြစ်ပါသည်။ ကလေးကို အမှီအခိုကင်းအောင်အားပေးပါ။ ကလေး၏ လုပ်ဆောင်မှုများတွင် သူကိုယ်တိုင်အတွက်(သို့) တစ်ခြားသူအတွက် အန္တရာယ်မရှိလျှင် ၀င်ရောက်စွက်ဖက်ခြင်းမပြုပါနှင့်။ ကလေးအားသူကိုယ်တိုင်လုပ်နိုင်စွမ်းရှိကြောင်း သိပါစေ။ သူကိုယ်တိုင်ကြုံတွေ့ရသော အတွေ့အကြုံများမှ သင်ယူစေပါ။ အကယ်၍ မှားယွင်းချွတ်ချော်မှုများရှိခဲ့လျှင် ကလေးအားစိတ်ဓာတ်မကျအောင် အားပေးသင့်ပါသည်။ “Mistakes are our Teachers” ဟူသည်ကို ကလေးအားသိပါစေ။ အမှားများမှ သင်ခန်းစာယူနိုင်ခြင်းသည် ရင့်ကျက်မှု၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ ကလေး၏လုပ်ဆောင်မှုတိုင်းတွင် သူကိုယ်တိုင်အောင်မြင်သည်ဟု ခံစားရစေရန် မိဘများမှအကူအညီပေးခြင်း နည်းနိုင်သမျှနည်းအောင် ဂရုစိုက်သင့်ပါသည်။

၃။ မိဘများထံမှ အပြုသဘောဆောင်သည့် တိုက်တွန်းအားပေးမှုကို လက်ခံရရှိခြင်းသည်လည်း အရေးပါပါသည်။ ရွေးချယ်မှု အခွင့်အရေးနှင့် ပါဝင်လုပ်ဆောင်မှုကို အားပေးပါ။ အရွယ်ရောက်ပြီးသူတိုင်း အနာဂတ်တွင် ကိုယ်တိုင်ပြုလုပ် ဆောင်ရွက်ရခြင်းများ၊ မိမိကိုယ်တိုင်ဆုံးဖြတ်ချက်ချမှတ်ရသည့် အရည်အချင်းများကို လိုအပ်ကြသည်။ ထို့ကြောင့် ကလေးတိုင်းကို ထိုအရည်အချင်းဖွံ့ဖြိုးစေရန် ငယ်စဉ်မှစ၍ခိုင်မာစွာ တည်ဆောက်ထားပေးသင့်ပါသည်။ မိဘများ၏ ရည်မှန်းချက်ပန်းတိုင်ကို ထုတ်ဖော်ခြင်းမပြုရန်နှင့် ထိုရည်မှန်းချက်နှင့် ကိုက်ညီမှုမရှိသည့်အခါတွင်လည်း အပြစ်တင်ခြင်း မပြုမိရန် ကြိုးစားပါ။ ကလေးတိုင်းကို တူညီစွာဆက်ဆံခြင်း၊ အခြားသူများနှင့်နှိုင်းယှဉ်ခြင်းမှ ရှောင်ကျဉ်သင့်ပါသည်။

ကလေးတိုင်း၏ကိုယ်ပိုင်ခံယူချက်မှာ သူ၏ယုံကြည်မှုနှင့် အတွေးအခေါ် သဘောထားများကို ပေါင်းစပ်ထားခြင်းဖြစ်ပါသည်။ ကလေး၏ မိမိကိုယ်ကို အကောင်းမြင်ခြင်းသည် သူ၏အောင်မြင်မှု (သို့) ဆုံးရှုံးမှုအတွက် အခြေခံလိုအပ်ချက်ပင်ဖြစ်ပါသည်။

“The manner in which we listen to the world around us is as individual as our fingerprints”  D.G.Campell in Rhythms for Learning

Ref; Learning Fundamentals

 

About Moe Z

has written 32 post in this Website..

Biography is nothing special but I'm special :P