မြစ်ချောင်းများစွာရှိသည့်အထဲကမှ မြစ်ချောင်းများသည်  အချို့သောလူသားတို့အတွက် အသက်သွေးပင်ဖြစ်ပါသည်။ မြစ်ချောင်းများအတွင်း ၀မ်းစာရေးအတွက်ကျိုးပမ်းနေသူ အများအပြားလည်း ရှိပါသည်။

မိုးလင်းစ  မလင်းတလင်း အချိန်မှာပင် အိပ်ချိန်ကို ပဓာနမထား မျက်လုံးနှစ်လုံးပွင့်ကာစ ကနေ  နေ၀င်နေညိုချိန်ရောက်သည့်တိုင် ၀မ်းရေးအတွက် ရေစုန် ရေဆန်ကို ဇွဲနဲ့ မာန်နဲ့ အားတင်းလှော်ခတ်ရင်း ကြိုးစားပမ်းစား ၀မ်းစာရှာနေကြရပါသည်။  လှေကို နေအိမ်လို သဘောထားပြီး နေကြရရှာတယ်… မြစ်ရိုးတလျှောက် အစုန်အဆန်ဖြင့်  မမောနိုင် မပန်းနိုင် ဘ၀ကို ရုန်းကန်လှုပ်ရှားနေကြရသည်။   အဉ္ဇန၊ ကစ္ဆပ၊ နတ်မြစ်၊ မယူမြစ်တွေတစ်လျှောက် ရွက်လှေ၊ လောင်းလှေများက အစုန်အဆန်ရှိနေဆဲ။ သည်မြစ်ကြီးများက ရွှေလိုလျှင် ရွှေပေးခဲ့သည်။ ငွေလိုလျှင် ငွေပေးခဲ့သည်။ ဘ၀ရှင်သန်မှုများပေးခဲ့သည်။ သို့အတွက် ခေတ်အဆက်ဆက် မင်း နေပြည်တော်ကြီးများ၊ မြို့ပြများကို သည်မြစ်ကြီးတို့ကို အမှီပြု တည်ဆောက်ခဲ့ကြသည်။ ဧရာဝတီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး…။  ရိုးမကို ခေါင်းတင် စီးဆင်းလာခဲ့သည့် မြောင်လေးများမှသည် ညောင်လေးများ၊ ချောင်းမကြီးများ၊ မြစ်မကြီးများအဖြစ် အထပ်ထပ် အဆင့်ဆင့် စီးဆင်းလာခဲ့သည်။ ရိုးမနှင့်ပင်လယ်၊ ငြိမ်းချမ်းသော တောင်တန်းနှင့် ပြာလွင်သောရေပြင်သည် မိုးအနဂ္ဂအဆွေပင် မဟုတ်ပါလား။ ရိုးမတောကြီး စိမ်းလမ်းနေမှ ကစ္ဆပအလှတင့်ပါမည်။ ရိုးမတောမှာ မိုးဖြိုင်ဖြိုင်ရွာမှ ကစ္ဆပရေပြင် ပြည့်ဖြိုးလာမည်။ရိုးမတောကြီးတွင် မိုးဖြိုင်ဖြိုင်ရွာစေသတည်း။  ပူပြင်းသည့် နွေရာသီရဲ့ ပုံရိပ်တစ်ခုမို့ ပြာလွင်သော ကောင်းကင်အောက်က အပြာရင့်ရင့်တောင်တန်းတို့မှာ မီးခိုးတန်းများကို မြင်တွေ့ရမည်။ ယာမီးရှို့၍ ဖြစ်ကောင်းဖြစ်မည်။ မီးသွေးအတွက်လည်း ဖြစ်ကောင်းဖြစ်မည်။ ရွှေ့ပြောင်းတောင် ယာခင်းများက တောင်ပေါ်သားတို့၏ မိရိုးဖလာအသက်မွေးမြူမှုဟု ဆိုစေဦး။ လောင်စာအတွက် ထင်းခုတ်ခြင်းနှင့် မီးသွေးဖုတ်ရန်၊သစ်ထုတ်ရန်အတွက် သစ်ပင်ကြီးများ နည်းပါးလာခဲ့ပြီ။ သစ်ခုတ်မည့်သူအများကြီး သစ်ပင်စိုက်မည့်သူက နည်းနည်း။

ရိုးမတောင်တန်း၊ သြရမတောင်တန်း၊ ချင်းတောင်တန်း၊ မယူတောင်တန်းကြီးများမှာရော သစ်ပင်တို့ ဆက်လက် ရှင်သန်ခွင့် ရှိဦးမည်လား။ သစ်ပင်မရှိတော့သော တောင်တန်းကနေ အစပြုစီးဆင်းလာသည့် မြစ်များထဲမှာ ဒဏ်ရာဒဏ်ချက်တို့ များလာခဲ့ပြီ။ သောင်များထွန်းလာသည်။ မြစ်များ ကောလာသည်။ ရေကြောင်းကျပ်လာသည်။”မိုးရာသီဆို ဇိုင်ချောင်း၊ ဖုံသာချောင်း၊ လေးမြို့ချောင်းပေါင်းပြီး စီးတဲ့ရေက မြစ်ကမ်းကို တိုက်စားကမ်းကို ပြိုစေတယ်။ ကမ်းပြိုပြီး တစ်ဖက်မှာ သောင်တွေထွန်းလာတယ်။ လေးမြို့မြစ်မှာ သင်္ဘောတွေ ၀င်ထွက်မရတော့ဘူး။ အဉ္ဇနဒီ လိုခေါ်ခဲ့တဲ့ လေးမြို့မြစ်ကြီးကလည်း အိုမင်းလာခဲ့ပြီ”ဟု ဒေသခံ တစ်ဦးက ပြောပြသည်။    သမိုင်းတွင် လေးမြို့ခေတ်ဆိုပြီး စည်ပင်ဝပြောခဲ့သည့်မြစ်မှာ အနိစ္စ သဘော ပြောင်းလဲခြင်းကို မလွန်ဆန်နိုင်တော့ပြီ။ မိုးရာသီဆို ရေစီးပြင်းသည့် မြစ်၊ ရာသီစုံ သီးနှံ များစွာကို ဖြစ်ထွန်းစေသည့် မြစ်၊ ရာဇ၀င်ထဲက မြစ်၊ မာကျောသည့် လမ်းခင်း ကျောက်တွေ ထုတ်သည့်မြစ်၊ ရွှေထွက်သည့် မြစ်၊ သည်လေးမြို့ မြစ် ထာဝရစီးဆင်းနိုင်ပါစေလား။

မိုးရာသီ ရောက်သည်နှင့်တပြိုင်နက် ရေ၀ဲများသည် စက်လှေ၊ လောင်းလှေကို ၀မ်းခေါင်းထဲ ဆွဲသွားတတ်သည့် မယူမြစ်ကတော့ နွေရာသီဆို အသွင်တစ်မျိုးပြောင်းပြီး သင်္ဘောကို ကုန်းပိုးထားတတ်နေပြီ။ “မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တွေက ဆက်သွယ်သွားလာမှုမှာ ကုန်းလမ်းတွေ မရှိသေးတော့ မယူမြစ်ဟာ အဓိက ဆက်သွယ်သွားလာရေး လမ်းပါပဲ။ တစ်နေ့မှာ သင်္ဘောအသွားတစ်စင်း၊ အပြန်တစ်စင်း နေ့တိုင်းပြေးဆွဲနေတယ်။ မယူမြစ်ကတော့ မိုးရာသီတွေမှာ ရေ၀ဲတွေနဲ့ ရေစီးပြင်းပေမယ့် နွေရာသီဆို သင်္ဘောကသောင်တင်လို့ နေတတ်တယ်”ဟု ဒေသခံတစ်ဦးက ဆိုသည်။ မယူမြစ်သည် နယ်စပ်သို့ ကုန်စည်ပို့ဆောင်ရာ၊ မယူတောင်ခြေအောက်က ကွေ့ပတ်စီးဆင်းရာ ကမ်းတစ်လျှောက် ဒေါ်လာပုစွန်တို့ ရှင်သန်ရာမြစ်အထက်မှာ ရေချိုကိုပေးပြီး သီးနှံများ ဖြစ်ထွန်း ရာ ရတနာမြစ်ကြီး၊ မယူမြစ်ကြီး ကျန်းမာပါစေသား။

လက်ဝဲကိုးဆယ့်ကိုးမြို့၊ လယ်ယာကိုးဆယ့်ကိုးမြို့ အရင်းတည် ဖြစ်ထွန်းစီးဆင်းသည့် ကစ္ဆပနဒီမြစ်တွင် ရင်လှိုင်းခတ်သံများနှင့်အသက် ၀င်နေဆဲ။ ခေတ်အဆက်ဆက်ကို မှတ်ကျောက်တင်လာခဲ့သည်။ သည် မြစ်အထက်ပိုင်းမှသည် ရခိုင်လူမျိုးတို့ စတင်အခြေချခဲ့ကြ သည်။ သည်မြစ်က စကားပြောသည်။ မြစ်အောက်ပိုင်း မြေနုကျွန်းကိုဖြစ်စေပြီး စပါးဆန်ရေ ပေါကြွယ်ဝစေသည်။ သည်မြစ်သည် ထမင်းအိုးမြစ်ဖြစ်သည်။ဘ၀ပေါင်းများစွာကို ရှင်သန်စေနိုင် သည့် မြစ်ဖြစ်သည်။သဘာဝတရား၏ လက်ဆောင်ကို ရင်မှာပိုက်ပြီး သဘာဝတရားနှင့် လိုက်လျော ညီစွာ ထာဝရစီးဆင်းပါစေ။ခြံဝင်းတစ်ခုမှာ စည်းရိုးရှိသကဲ့သို့ နိုင်ငံမှာလည်း စည်းရိုးရှိသင့်သည်။ နတ်မြစ်သည် နိုင်ငံကို သဘာဝကခတ်ထားသည့် တံတိုင်းစည်းရိုး။  အရိုးကိုအရွက်မဖုံးရန် သတိပေးသည့် မြစ်၊ရာစုထောင်ချီစီးဆင်းနေမည့်မြစ်၊ မြစ်ကြောင်း တိုသော်လည်း ဒီရေအတက်အကျ ကြမ်းသည့်မြစ်။ မြစ်ကျိုးအင်းများ ပွားလာသည့်မြစ်၊ မယူတောင်တန်း၏ ကုန်းသားများကိုခြစ်ပြီး ရင်ကွဲခံသည့်မြစ်၊ နယ်စပ်ကုန်စည်ဝင်ထွက်ရာမြစ်၊ ကမ်းတစ်လျှောက် ကုလားပုစွန် မျိုးပွားသည်ထက်ပွားအောင် အာဟာရဖို့ပေးသည့် မြစ်၊ ခြံစည်းရိုး အပြင်ဘက်ကမြစ်၊ ဤမြစ်သည် အတိတ်ကိုလည်းသတိရှိ၊ ပစ္စုပ္ပန်ကိုလည်း တွေ့ထိ၊ အနာဂတ် ကိုလည်း ရင်တုန်ပန်းတုန် စောင့်နေသည့်မြစ်ပင် မဟုတ်ပါလား။

မြစ်တစ်ခု၏ ကမ်းပါးပေါ်ရပ်ပြီး ဟိုးမြစ်တစ်ဖက်က အုန်းပင်စီစီရီရီ မှိုင်းပျပျကို မျော်ငေးရင်း မြစ်ဖြတ်လေကို ရှူရှိုက်ကြည့်လိုက်ပါစို့လား။ မြစ်တစ်ခု၏ နှလုံးခုန်သံကို ခံစားကြည့်ရန် ကြိုးစား လိုက်သည့်အခါ အမုန်းတရားတို့က ရေလှိုင်းလေးများကဲ့သို့ ဝေးသည်ထက် ဝေးသွား စေသည်။ မေတ္တာလှိုင်းကလေးတွေက နီးသည်ထက် နီးလာစေသည်။  မြစ်တို့သည် မတူညီသော အလုပ်တွေက အစပြု စီးဆင်းလာကြသော်လည်း ဦးတည်ရာပင်လယ်တို့က တစ်ခုနှင့်တစ်ခု တစ်ဆက်တည်း တစ်စပ်တည်းပါ။ ဘ၀များကလည်း ဖြစ်တည်ရာ မတူညီနိုင်သော်လည်း ဦးတည်ရာတို့ကတော့ မြစ်များလို တူညီစေချင်သည်။ ကစ္ဆပနဒီနှင့် ဧရာဝတီ၊ အဉ္ဇနနဒီနှင့် ဒုဋ္ဌ၀တီ မိုင်ပေါင်းဝေးသော်လည်း ရေလှိုင်းတွေက ယှက်သန်းရှိနေသလို မြစ်ကမ်းပါးမှာ ရပ်နေသူတို့အားလုံး၏ နှလုံးသားများကလည်း တစ်သွေးတည်း တစ်သားတည်းပင် မဟုတ်ပါလား။    သဘာဝတရား ဖောက်လွှဲဖောက်ပြန်ရှိလာသည့်အတိုင်း ဖြစ်ပျက်ပြောင်းလဲခြင်း ကို မြစ်တို့ကလည်း ခုခံတွန်းလှန်နိုင်စွမ်း မရှိနိုင်တော့ပြီ။ ကမ္ဘာအရပ်ရပ်မှာ ရေမရှိသည့် မြစ်များ၊ ချောင်းယောင်ဆောင်လာသည့် မြစ်များ ဘယ်လောက်ရှိလေမလဲ မမှန်းဆရဲတော့။ လူသားတို့က သဘာဝအလျှောက်စီးဆင်းနေသည့် မြစ်များကို အသုံးချရန်ကြိုးစားရင်း ကြိုးစားလာကြသည်။ မြစ်များ၏ သဘာဝ အရင်းအမြစ်တွေကို အသုံးချ၍ ဂေဟစနစ်များကို ဖျက်ဆီးပစ်သကဲ့သို့ ဖြစ်သွားသည်။ ပျက်စီးသွားသည့် အစိတ်အပိုင်းတစ်ခုက ကမ္ဘာပေါ်ရှိ မှီတင်းနေထိုင်ကြသူတို့ကို ဒဏ်ခတ်လာသည်ဟု ပညာရှင်များက ထောက်ပြကြသည်။  မည်သို့ဆိုဆို မြစ်တွေကတော့ စီးဆင်းလျက်ရှိနေဦးမည်။ ဘ၀များကလည်း မြစ်တို့လို ရှင်သန်လျက် ရှိနေဦးမည်သာ။ ခေတ်များ ပြောင်းသွားမည်။ ဘ၀များပြောင်းသွားမည်။ မြစ်ကြောင်းများလည်း ပြောင်းသွား လိမ့်မည်။ ခေတ်တို့ပြောင်းသွားပါစေ၊ ဘ၀တို့ပြောင်းသွားပါစေ၊ မြစ်ကြောင်းတို့လည်း  ပြောင်းလိုလျှင် ပြောင်းသွားပါစေ။ဘ၀တွေထဲက မြစ်တို့ကတော့ ဆက်လက်စီးဆင်းပါစေ။ ကမ္ဘာတည်သရွေ့၊ ဘ၀တွေရှင်သန်နေသရွေ့ပေါ့။

About khinmintatthu

khinmin tatthu has written 150 post in this Website..