ရွာသားအားလုံးအတွက် 2012 နှစ်သစ်မှာ ဆောင်ရန် – ရှောင်ရန် (အပိုင်း ၅)

True AnswerJanuary 18, 20121min1022

စိတ်စင်ကြယ်ဖို့အဓိက

-စိတ်ထဲမှာ ရာဂစသည့်အညစ်အကြေးများပြည့်နှက်
နေလျက်နှင့် အပြင်ပကိုသာ သုတ်သင်ဆေးကြော
နေခြင်းသည် အဘယ်အကျိုးရှိမည်နည်း။

-မြင့်မြတ်သောစင်ကြယ်မှုကို ရရှိဖို့ရန်သည်
မှန်ကန်သော တရားဓမ္မ စောင့်စည်းမှု မြင့်မြတ်သည့် အကျင့်တရားတို့၌ တည်ရှိနေ၏။

စိတ်ကို အသုံးမမှားဖို့ သာ အရေးကြီးပါ။

-သတ်မှတ်ချက်တွေကို အဓိက ထားနေတဲ့ (စိတ်နဲ့ ပတ်သက်တဲ့)အမှားကင်းဖို့ အရေးကြီးတယ်။

-စိတ်ကို အတည်ယူဆုပ်ကိုင် အဓိကထားပြီး တလွဲ သုံးနေလို့၊(မတည်ငြိမ်တဲ့ စိတ်သဘာဝနဲ့ တစ်သား
တည်း မကျလို့) စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ဖြစ်တာ။

-ဖြစ်ပေါ်နေတဲ့စိတ်အပါအဝင် စိတ်နဲ့ပတ်သက်တာတွေထက် ဒါတွေရဲ့နောက်ကွယ်က ဒီအကျိုးတရား
တွေကို ဖန်တီးနေတဲ့ အကြောင်းတရားက ပိုအရေးကြီးတယ်။

“ အကြောင်းအကျိုး´´

-မျှော်လင့်ချက်ကြီးသလောက် စိတ်ပျက်ခြင်း ကြီးရလိမ့်မယ်။

-အချစ်ကြီးသလောက် အမျက်ကြီးရလိမ့်မယ်။

-အစွဲမကြီးနဲ့၊ စွန့်လွှတ်ခြင်းကြီးပါ။

-အလိုမကြီးနဲ့၊ ကောင်းမှုကုသိုလ်အားကြီးပါ။

-ဖြစ်ချင်တဲ့ စိတ်ကြောင့်ဖြစ်တာမဟုတ်၊ ဖြစ်စေတဲ့ အကြောင်းတရားကို ပြုလုပ်နိုင်မှ ဖြစ်တာ။

-ကုသိုလ်က ကောင်းတဲ့အကျိုးကိုသာ မဖောက် မပြန်ပေးတယ်၊ အကုသိုလ်ကလည်း မကောင်းတဲ့
အကျိုးကိုသာ မဖောက်မပြန်ပေးတယ်။

-လိုချင်နေရမှာမဟုတ် ရထိုက်အောင် ကောင်းမှု ကုသိုလ်ပြုလုပ်ရမယ်၊ ရထိုက်ရင် ရတာပါပဲ။

-ဖြစ်ချင်နေရမှာမဟုတ် ဖြစ်ထိုက်အောင်ကောင်းမှု ကုသိုလ်ပြုရမယ်၊ ဖြစ်ထိုက်ရင် ဖြစ်တာပါပဲ။

-အကျိုးရှိတဲ့အလုပ်ကိုလုပ်ရင် အကျိုးဖြစ်တာပါပဲ။

-လိုတာဖြည့်တဲ့ ကောင်းမှုကုသိုလ်အလုပ်ကို လွတ်လွတ်လပ်လပ်ပြုလုပ်တတ်ဖို့ ကြိုးစားခြင်း
အားဖြင့် လိုအင်ဆန္ဒတွေ ပြည့်ဝလာစေဖို့ပါပဲ။

“ ကောင်းမှုကုသိုလ်ကံ အားကြီးဖို့လိုတယ်။“

-ဘာအရေးကြီးလဲဆိုတော့ ကောင်းမှုကုသိုလ် ပြုလုပ်ဖို့ အရေးကြီးတယ်။

-ဘာလုပ်ရမလဲဆိုတော့ ကောင်းမှုကုသိုလ် လုပ်ရမယ်။

-ဘယ်လိုလုပ်ရမလဲဆိုတော့ ဘယ်လို ညာလိုဆိုတဲ့ အခြေအနေ၊ အကန့်အသတ်တွေက လွန်မြောက်
အောင် လုပ်ရမယ်။

-အပေါ်ယံကောင်းမှုကုသိုလ်ပြုလုပ်ခြင်းမဟုတ်ဘဲ၊ ပါရမီမြောက် အပီအပြင်ပြုလုပ်ခြင်းဖြစ်ဖို့လိုတယ်။

-ကောင်းတာလုပ်တာဖြစ်တဲ့အတွက် ခက်ခက် လွယ်လွယ်၊ ကြာကြာ မကြာကြာ လုပ်နေဖို့သာ
လိုပါတယ်။

-ကောင်းတာလုပ်တဲ့နေရာမှာ ဘာချွင်းချက်မှ မထားဘဲ ပြတ်ပြတ်သားသား ကြိုးစားလုပ်နိုင်ဖို့လိုတယ်။

-လုပ်လို့ရတဲ့ ကောင်းမှုကုသိုလ်မှန်သမျှကို တိုးတိုးပြီး လုပ်နိုင်ဖို့ လိုတယ်။

-ဘာဖြစ်ဖို့ ညာဖြစ်ဖို့ ဘာမှမဖြစ်ဖို့ဆိုတဲ့ အစွန်းတရား တွေက လွန်မြောက်ဖို့ ကောင်းမှုကုသိုလ်ပြုလုပ်တာ ဖြစ်ဖို့လိုတယ်။

-အကျိုးရှိတဲ့အလုပ်ကို လုပ်ရင် ကောင်းမှုကုသိုလ် ဖြစ်မယ်။ ပိုအကျိုးများလေကုသိုလ်အားပိုကြီးလေ။

-ပြင်ဆင်ရတဲ့ အချိန်ကုန် သက်သာသလောက် အကျိုးကျေးဇူးလည်းများတဲ့ ကြိုတင် မစီစဉ်
ထားတဲ့ ကောင်းမှုကုသိုလ်မျိုးလည်း များများ လုပ်နိုင်ဖို့လိုတယ်။

-လုပ်ရမှာက ကောင်းမှုကုသိုလ်၊ လိုက်နာရမယ့် ဥပဒေက လုပ်တာ မလုပ်တာ၊ ဖြစ်တာ မဖြစ်တာ၊
သိတာ မသိတာမှာ လမ်းမဆုံးဖို့ပါပဲ။

“ကံနဲ့ဉာဏ် “

-လုပ်ယူတဲ့အသိက ကံသိ၊ လုပ်ယူမှုကို စွန့်လွှတ်
နိုင်စွမ်းရှိလို့ ဖြစ်ပေါ်လာတဲ့အသိက ဉာဏ်သိ။

-ကံသိကို ဉာဏ်သိဖြစ်အောင် ပြောင်းယူတာ
တရားအလုပ်။

-ကံအားထက် ဉာဏ်အားသာတယ်။

-ကံစီမံရာခံနေရရာက ကံကို စီမံခန့်ခွဲနိုင်တဲ့ ဉာဏ်စွမ်းရည်ပေါ်ပေါက်လာဖို့ ကြိုးစားတာ
တရားအလုပ်ပါပဲ။

“နားလည်မှု အမှန်တရား“

-အမှန်မြင်တာ အမြင်မှန်ပါ။

-ကျေးဇူးတရားအစစ်က တရားကျေးဇူး။

-အကျင့်တရားအစစ်က တရားအကျင့်။

-နားလည်ဖို့လိုသလို နားလည်တဲ့အတိုင်း လုပ်နိုင်ဖို့လည်း လိုတယ်။

—————————————————————–
(သန်လျင်သဘာဝရိပ်သာ ဆရာတော် ဦးဥတ္တမသာရ ၏ အနတ္တအဆုံးအမများကို အပိုင်းခွဲလျှက် တင်ပြထားခြင်းဖြစ်ပါသည်)

2 comments

  • mandalarthu

    January 18, 2012 at 8:24 pm

    ကို True Answer ေ၇
    “ဖြစ်ချင်တဲ့ စိတ်ကြောင့်ဖြစ်တာမဟုတ်၊ ဖြစ်စေတဲ့ အကြောင်းတရားကို ပြုလုပ်နိုင်မှ ဖြစ်တာ။
    -ဖြစ်ချင်နေရမှာမဟုတ် ဖြစ်ထိုက်အောင်ကောင်းမှု ကုသိုလ်ပြုရမယ်၊ ဖြစ်ထိုက်ရင် ဖြစ်တာပါပဲ။”
    ကိုယ် ့ကို တည် ့တည် ့ဆုံးမနေသလိုပါဘဲ။
    မှတ်သားသွားပါတယ် နော်။

  • windtalker

    January 18, 2012 at 9:22 pm

    ကောင်းလိုက်တဲ့ လိုက်နာသင့်တဲ့ အဆိုတွေ ပါဘဲ ခင်ဗျာ
    ကူးသွားပါတယ် ခင်ဗျ

Leave a Reply