တွဲရေး ခွဲရေး တယ်မအေး Interim

အရေးကြီးပြီ ညီနောင်အပေါင်းတို့...သွေးစည်းကာ ညီစေညီကြစို့...

ဒီနေ့ အင်တာနက်သတင်းများမှာ ကြားဖြတ်ရွေးကောက်ပွဲနဲ့ဆိုင်လို့ သတင်းအချို့ ဖတ်ရပါတယ်။ (၁) ပြန်လွတ်လာတဲ့ အက်စ်အန်အယ်ဒီခေါင်းဆောင် ဦးခွန်ထွန်းဦးကို ရှမ်းကျားဖြူပါတီမှ ပါတီနှစ်ရပ်ပေါင်းပြီး လားရှိုးမြို့နယ် ကိုယ်စားပြုဝင်ပြိုင်ဖို့ ကမ်းလှမ်းချက်နဲ့ ရွေးကောက်ပွဲ မဝင်ဘဲနေခဲ့တဲ့ တိုင်းရင်းသားပါတီများ ပြန်လည် မှတ်ပုံတင်ရန်ရှိခြင်း (၂) မိထ္ထီလာမြို့နယ် အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းအဖြစ် ပါတီဗဟိုမှ ဦးဝင်းထိန် (အန်အယ်လ်ဒီ ရုံးအဖွဲ့မှူး)အား ရွေးချယ်လိုက်ခြင်းကို မြို့နယ်အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးမှ စိန်ခေါ်ကာ တသီးပုဂ္ဂလ အရွေးခံမည်ဆိုခြင်း။ ဧရာဝတီတိုင်း မြန်အောင်မြို့နယ်မှာလည်း အလားတူ ပြသနာ ရှိနေတယ်။ http://burmese.dvb.no/archives/20131 (၃) နေပြည်တော် နယ်မြေများမှာ အဆိုတော် ကိုဇေယျာသော်နဲ့ လတ်တလော ပြန်လွတ်လာသူ မျိုးဆက်သစ်များ အန်အယ်လ်ဒီပါတီမှ ဝင်အရွေးခံပါမယ်။
ကိုယ်စားလှယ်လောင်းရွေးတာနဲ့ ပတ်သက်ပြီး သဘောထား တင်းမာသူများကို မရွေးဘူးလို့ ဒေါ်စုမှာ ဦးသိန်းစိန် အစိုးရနဲ့ သဘောတူထားချက် ရှိသလားလို့ အတွေးပေါ်မိတယ်။ မိထ္ထီလာကိစ္စမှာဆိုရင် အတော် ရုပ်ဆိုးပါတယ်။ သို့ပေမယ့် ဒေါ်မြင့်မြင့်အေး အလျော့ပေးသင့်တယ် မြင်တယ်။ ဗဟိုမှရွေးချယ် လိုက်သူသည် ယုံကြည်စိတ်ချရတဲ့ အရည်အချင်းပြည့်ဝသူ ဖြစ်တာကြောင့် လက်ခံသင့်တယ်။ ပါတီဗဟိုကော်မတီအနေနဲ့ ဒေါ်မြင့်မြင့်အေးရဲ့ စွမ်းဆောင်ချက်ကို တာဝန်ပိုကြီးတဲ့ နေရာသတ်မှတ်ပေးခြင်းဖြင့် အသိအမှတ်ပြုသင့်တယ်။
ကြားဖြတ် လစ်လပ်၄၈ နေရာရှိပြီး အတိုက်အခံများ အနိုင်ရဖို့ လိုအပ်တယ်။ ဒါတောင် လွှတ်တော်ထဲ လူနည်းစု အဖြစ်နဲ့သာ ရပ်တည်နိုင်မယ်။ အန်အယ်လ်ဒီ ပါတီဖက်ကနေ ကြည့်ရင်တော့ တစုတဝေးထဲဖြစ်ဖို့ နေရာတိုင်းမှာ အနိုင်ရမှ ဖြစ်ပါမယ်။ ၁၉၉ဝခုနှစ် ရွေးကောက်ပွဲတုန်းက အန်အယ်လ်ဒီ ၈၂ရာခိုင်နှုန်းကျော်နဲ့ အနိုင်ရခဲ့တာပါ။ ပြည်နယ်များမှာ ဒေသခံ တိုင်းရင်းသားပါတီများ အားကောင်းပြီး အန်အယ်လ်ဒီ၊ အာဏာရ ပါတီများနဲ့ သူနိုင်ငါနိုင် အပြိုင်ကျဲနိုင်စွမ်း ရှိပါတယ်။ ယနေ့ထွက်ပေါ်လာတဲ့ သတင်းများအရ ပြည်နယ်များမှာ အတိုက်အခံမဲ ကွဲဖို့များစွာ ရှိနေပါတယ်။ ၁၉၉ဝခုနှစ် ရွေးကောက်ပွဲတုန်းက မြို့နယ်အချို့မှာ အားကောင်းတဲ့ အတိုက်အခံနှစ်ဦး သုံးဦးရှိနေလို့ မဲပြန့်သွားပြီး ယခင်အာဏာရပါတီ တစည အနိုင်ရသွားတဲ့ သာဓကများစွာ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ပွဲမှာလဲ တောင်ဥက္ကလာမှာ အလားတူ ဖြစ်ရပ်မျိုး တွေ့ရပါတယ်။
အန်အယ်လ်ဒီအနေနဲ့ လွှတ်တော်တွင်းမှ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ မဟာဗျူဟာ ချမှတ်ပြီးသွားလို့ ရွေးကောက်ပွဲ အနိုင်ရအောင် မှန်ကန်တဲ့ နည်းဗျူဟာများ ရှိရပါတော့မယ်။ အစိုးရဖက်က အတိုက်အခံများကို ထိုးနှက်ရာမှာ သူတို့နိုင်ချင်တဲ့ ရွေးဂေါက်ပွဲမှာ ဒေါ်စုကို ဖယ်ထုတ်ထားပြီး အရိုးအရင်း ချကျွေးမယ့်ပွဲကြတော့ မဲပြန့်သွားအောင် ဖမ်းထားသူများကို လွှတ်ပေးတယ်။ မကြာခင် ယခုထက် ပိုရှုပ်ထွေးတဲ့ အခြေအနေများကို မြင်တွေ့ဖို့ ရှိနေပါတယ်။ မသထာရေစာ နေရာအရေအတွက်ကို အတိုက်အခံများအကြား စားခွက်လုအောင် လုပ်ထားတာမို့ အန်အယ်လ်ဒီ ဘယ်လိုပြင်ဆင်ထားသလဲ။ ဝါးလုံးထိုးအဖြောင့်တန်း ရွေးကောက်ပွဲနေရာတိုင်း အနိုင်ရအောင် လုပ်မှာလား၊ ဝင်လာနိုင်ဖွယ်ရှိတဲ့ မဟာမိတ်ဟောင်း တိုင်းရင်းသား အတိုက်အခံအသစ်များနဲ့ ညှိနှိုင်းယူမှာလား စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ပြန်လွတ်လာတဲ့ ၈၈မျိုးဆက်အဖွဲ့ရဲ့ အင်အားကိုရော ရွေးကောက်ပွဲအတွက် ယူမှာလား၊ ဒါမှမဟုတ် နိုင်ငံရေး မဟာမိတ်အဖြစ် ထားရှိသွားမှာလား။ အန်အယ်လ်ဒီနဲ့ ၈၈မျိုးဆက်အဖွဲ့ သဘောထားကွဲလွဲစရာ မရှိပေမဲ့ နှစ်ကိုယ့်တစိတ် ဖြစ်ဟန်လည်း သိပ်မရှိလှဘူး။
ရွေးကောက်ပွဲ အောင်နိုင်ဖို့ ကိုယ့်အားကိုယ်ကိုးမယ်ဆိုရင် ၈၈မျိုးဆက် အဖွဲ့များနဲ့ ရွေးကောက်ပွဲ မဲဆွယ်၊ မဲစာရင်း၊ မဲပေးခြင်းနဲ့ မဲရေတွက်မှုများမှာ ပူးပေါင်း ဆောင်ရွက်နိုင်တယ်။ ၁၉၉ဝခုနှစ် တုန်းကလို အချိန်ပြည့်တာနဲ့ အများပြည်သူ ရှေ့မှောက် မဲပုံးဖောက် ရေတွက်ခြင်းမျိုး ဖြစ်စေဖို့ အားထုတ်သင့်တယ်။ နေပြည်တော် လေးနေရာမှာ ကိုဇေယျာသော်တို့လို မျိုးဆက်သစ် ကိုယ်စားလှယ်များ အနိုင်ရဖို့ ဒီမိုကရက် အဖွဲ့တိုင်း၊ စိတ်ပါဝင်စားသူတိုင်းက အန်အယ်လ်ဒီအရေးထက် ဒီမိုကရေစီအရေးအဖြစ် ဝိုင်းဝန်းကူညီကြဖို့ လိုအပ်ပါတယ်။

11 comments

  • blackchaw

    January 19, 2012 at 10:21 am

    ငါတို့ရဲ့ သမိုင်းတစ်ခေတ်ကို
    ငါတို့သွေးနဲ့ရေးခဲ့ပြီ
    သွေး… သစ္စာလည်း ပြုခဲ့ပြီ…။
    (နိုင်ငံတော်အတွက်ဆို အသက်ကိုလည်းဘာမထီ
    သေပစေခွပ်ဒေါင်းသွေးဟေ့ ရဲရဲ ရှေ့ကိုချီ)၂
    လွတ်လပ်ခွင့်နဲ့ ငြိမ်းချမ်းရေးအတွက်ရည်
    အဆုံးသတ်တိုက်ပွဲ ငါတို့ နွှဲရမည်။

  • စိန်ပေါက်ပေါက်

    January 19, 2012 at 11:22 am

    အို..ရွာဆူ၊ရွာစားတို ့..
    တစ်ချိန်ကြရင် စိန်ပေါက်ပေါက်လဲ ဝင်ပြိုင်ဦးမယ်..
    အဲကြရင် မဲထဲ့ဖို ့မမေ့ကြနဲ ့..
    စိန်ပေါက်ပေါက် သမဒဖြစ်ရင် သင်္ကန်းတစ်ယောက်တစ်စုံချီးမြင့်မယ်..
    ညှင်း.ညှင်း.

  • windtalker

    January 19, 2012 at 1:40 pm

    ကိုကြောင်ကြီး ပြန်လာပြီး ၊ တစ်နေနေရာ ကနေ ဝင် ကူ သင့်တယ် …
    သဘောတူလား ရွာသူားတို ့

  • Thel Nu Aye

    January 19, 2012 at 2:12 pm

    အရေးကြီးတာကြိုတင်မဲစာရင်းမပေးကြပဲကိုယ်တိုင်သွားထဲ့စေချင်ပါတယ်။ ပြီးခဲ့တဲ့အခေါက်တုန်းကလိုလဲစာရင်းပေးပြီးမဲသွားမထဲ့တော့ကိုယ့်နာမည်ကိုသူတို့ပေးစေချင်တဲ့
    လူခြစ်ပြီးထဲရော။ ဒီညီညီညွတ်ညွတ်နဲ့တပြိုင်ထဲကိုယ်တိုင်မဲထဲ့ကြဖို့လိုပါတယ်။
    မတော်ကြိုတင်မဲ ၅ ပိသာထဲကိုယ့်နာမည်ပါသွားအုံးမယ်။

  • kyeemite

    January 19, 2012 at 3:37 pm

    ဒါနဲ့ဆက်စပ်ပီးတော့ ဒေါ်စုရွေးကောက်ပွဲဝင်ဘို့ ပြင်ဆင်နေတဲ့သတင်းကိုဒီမနက် ဗွီအိုအေ မှာကြားလိုက်ရပါတယ်..
    ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကို်ယ်စားလှယ်နေရာကနေ ဝင်ပြိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဇန်နဝါရီ ၁၈ ရက် ဗုဒ္ဓဟူးနေ့ မနက်က ၁ဝ နာရီခွဲလောက်က သံလျင်မြို့နယ်မှာ ရှိတဲ့ တောင်ပိုင်းခရိုင် ကော်မရှင်ရုံးမှာ ကိုယ်တိုင် ကိုယ်စားလှယ်လောင်းအမည်စာရင်းကို သွားတင်ခဲ့ပါတယ်။ ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားလွာကို ကော်မရှင်က စိစစ်ပြီးပြီဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးအပါအဝင် တခြားမြို့နယ်တွေကို ရွေးကောက်ပွဲ စည်းရုံးရေးခရီးစဉ်တွေ စတော့မယ်လို့ NLD ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်ကပြောပါတယ်။

    အဲဒီလိုဒေါ်စုကိုယ်တိုင်စည်းရုံရေးဆင်းလိုက်ရင် အဆင်ပြေသွားမယ်လို့ယုံကြည်ပါတယ်..
    အချို့မြို့နယ်တွေမှာ ဗဟိုကရွေးတဲ့ ကိုယ်စားလှယ်လောင်းကို မြို့ခံတွေကလက်မခံချင်ဘူးကြားရတာ
    တော့စိတ်မကောင်းပါ..မြို့နယ်ကအဆိုပြုလာတဲ့ကိုယ်စားလှယ်လောင်းတွေထဲက..
    ယုံကြည်စိတ်ချရတဲ့ အရည်အချင်းပြည့်ဝသူ ကိုသေသေချာချာစိစစ်ပြီးရွေ်းတာကြောင့် လက်ခံသင့်တယ်။
    အခုထဲကအထက်နဲ့အောက်မညီညွတ် တာကိုပြနေရင် ကြံ့ဖွတ်တွေဝမ်းသာအောင်လုပ်သလိုဖြစ်နေမှာ
    မို့ ဆင်ခြင်သင့်ကြကြောင်းပါ..

  • awra-cho

    January 19, 2012 at 4:23 pm

    အင်းဒွတ်ခ ဒွတ်ခ

  • la wun

    January 19, 2012 at 5:24 pm

    မဲထည့်ရင်နာမည်နဲ့မှတ်ပုံတင်နဲ့ကိုယ်တိုင်ထည့်တာမှာဟုတ်မှာ။

    ဟိုနှစ်ကဆိုအိမ်ကလူကြီးတွေကလာခေါ်မှာကြည့်နေတဲ့။တမဲမှာအဆုံးခံမှာမဟုတ်ဘူးဆိုပြီး
    အိမ်ကထိုင်စောင့်တာ။သမ္မတသာပေါ်လာတယ်။အိမ်ကလူကြည့်တွေလှည့်တောင်မကြည့်
    ကြဘူး။

  • Phaung Phaung

    January 19, 2012 at 5:41 pm

    အဲဒါ ကြိုတင်မဲထဲပါသွားလို့ပေါ့… ထိုင်စောင့်လေ သူတို့ကကြိုက်လေပေါ့… အခုလဲ အောင်သိန်းလင်းက ဘယ်လိုမဲလိမ်ရမလဲ ကြိုတင်ဂွင်ဆင်နေလောက်ပီ

  • ဦးဦးပါလေရာ

    January 19, 2012 at 7:32 pm

    ဒီမိုကရေစီ ဆိုတော့ ဒီလိုပဲ တွဲလိုက် ခွဲလိုက် ကွဲလိုက် ပေါ့ ကိုကြောင်ရေ။
    အခုမှ လူခေါ်ဆိုင်း တီးခါစပဲရှိပါသေးတယ်။
    ရှေ့လျှောက် ဇတ်လမ်းမျိုးစုံ ကြည့်ရဦးမှာပါ။

    တကယ့်ပွဲက ၂၀၁၅ မှလို့ ထင်ပါတယ်။
    အခုကြားဖြတ်ကတော့ NLD က အနိမ့်ဆုံး တယောက်ပဲ လွှတ်တော်ထဲရောက်ရင်တောင် ပြောစရာ လုပ်စရာတွေ အသင့်အတင့် လုပ်နိုင်မှာလို့ထင်ပါတယ်။

    ကျုပ်အထင်က NLD ဝင်သမျှနေရာအားလုံးနီးပါး နိုင်လိမ့်မယ်ထင်တယ်။
    အရင်တခေါက်နဲ့မတူတာက ဒီ လစ်လပ်နေရာလေးတွေလောက်တော့ ကင်မရာကိုယ်စီနဲ့ မီဒီယာသမားတွေ စေ့စေ့စပ်စပ် စောင့်ကြည့်နိုင်လောက်ပါပြီ။

  • ဒီမိုကရက် အဖွဲ့တိုင်း၊ စိတ်ပါဝင်စားသူတိုင်းက အန်အယ်လ်ဒီအရေးထက် ဒီမိုကရေစီအရေးအဖြစ် ဝိုင်းဝန်းကူညီကြဖို့ လိုအပ်ပါတယ်။

    ကျနော်ကတော့ ဉာဏ်မမှီပေမယ့် ဒေါ်စုနဲ ့NLD ကို အနိုင်ရဖို ့ဘဲ တပ်အားသရွေ ့ကူညီပေးချင်ပါတယ်။
    အမေစု နဲ ့ကျောင်းသားတွေ ဟန်ချက်ညီညီ ချီတက်နိုင်ပါစေ။

Leave a Reply