လွမ်းရသည့် နွေဦးရာသီကာလလေးများ(၃)

aye.kkJanuary 19, 20121min788

နွေဦးရာသီကာလ ၊ ကျောင်းပိတ်ရက်ရှည်ကာလလေးများက ပျော်စရာအကောင်းဆုံးနှင့် လွမ်းစရာအဖုံဖုံ ဇတ်လမ်းစုံစွာလည်း ကြုံခဲ့ရပါသည် ။
ကျမတို့၏ကျောင်းပိတ်ရက်ရှည်ကာလများ..
အဖေနေ့တစ်ဝက် ရုံးတက်သောနေ့နှင့် ၊ တနင်္ဂနွေလိုရုံးပိတ်ရက်မျိုးရောက်လျှင်အမေသည် ၊ ခင်ပွန်း ၊ သားသ္မီး အမွေထိန်းဆွေမျိုးတို့အား ကျွေးမွေးချင်သည့် သူ့စေတနာ သူကျွမ်းကျင်ထားသော မုန့်လုပ်နည်းမျိုးစုံတို့အား အပင်ပန်းခံကာ ဝတ္တရားမပျက် ၊ ထိုနေ့ထိုရက်များရောက်တိုင်း အစဉ်အလာတခုပမာ လုပ်ကျွေးတတ်သူ ဖြစ်ပေသည် ။ နွေရာသီကျောင်းပိတ်ရက် စနေ တနင်္ဂနွေ နေ့များရောက်တိုင်း မုန့်လုပ်စားပါက ကျမတို့မောင်နှမအားလုံး အမေ့ကိုဝိုင်းကူကြရပါသည် ။ အုန်းသီးခွဲသူ အုန်းသီးခြစ်သူ မုန့်ကြိတ်သွားပေးရသူ ၊ မုန့်ချေပေးသူ ၊ အချိုရည်ကျိုသူ(အမေကိုယ်တိုင်) ကိုယ်စီတာဝန်များပေးကာ ခိုင်းတတ်ပါသည် ။
ကျမကအိမ်မှာ ဝလွန်းသူဖြစ်၍ဟုဆိုကာ မုန့်ကြိတ်ဆုံသို့သွားပေးရကာ မုန့်ကြိတ်တာ ၊ တာဝန်ယူပေးရသူဖြစ်ပါသည် ။ အမေကကျမအားဝလွန်းသည် လမ်းများများလျှောက်ဟုဆိုပြီး ခိုင်းရခြင်းဖြစ်သည်ဟုပြောပါသည် ။ အမေ့အားဆင်ခြေတက်ခွင့် ၊ စောဒကတက်ခွင့်တို့အား မည့်သူူ့ကိုမျှအမေခွင့်မပြု ။ ရုံးပိတ်ရက်ရောက်တိုင်း မုန့်ကြိတ်ပေးရ သဖြင့်မုန့်ကြိတ်ဆုံအိမ်နှင့် မိသားစုပမာ ခင်မင်ရင်းနှီးခဲ့ပေသည် ။
ကျမကိုမုန့်ကြိတ်ဆုံအိမ်က အဝေးကလှမ်းမြင်ကတည်းကပင် သူ့အိမ်သားများအား ….. အတီသ္မီးလာတာတွေ ့တယ်ဟေ့…..ကြိတ်လက်စမုန့်ညှစ်ရေ မြန်မြန်ဖြတ်..ကျန်တာကိုနောက်မှဆက်ကြိတ်ဟုဆိုကာအမြဲပြောလေ့ရှိသည်ကို…သူ့သားသ္မီးများက..ကျမအား မုန့်ကြိတ်ပေးနေချိန်တွင် ပြန်ပြောပြလေ့ရှိပါသည် ။
တစ်ခါတွင်..ကျမအား ၊ အတီကစည်းကမ်းတအားကြီးတယ်..ကြာနေရင်အဆူခံ ၊ အရိုက်ခံနေရမယ် ဘယ်လျှောက်ဝင်နေသေးလဲဟု စကားကြောရှည်ကာ ကလေးအားမေးနေမှာ စိုးရိမ်နေ၍ဖြစ်သည်ဟု ဆိုကာပြောပြပါသည် ။
ဪ……….ကျမအားဝလွန်းသဖြင့်လမ်းလျှောက်ခိုင်းသည်ဟုအမေပြောလျှင် ၊ တစ်ခါတစ်ခါဝမ်းနည်းစိတ်တို့ဖြင့် မျက်ရည်စို့မိပါသည် ။ မုန့်ကြိတ်ဘို့ဆိုလျှင် ကျမစိတ်တွင်တတ်အပ်သိနေသည်ကား..ဘယ်သူမှမသွားချင်တာကိုသိနေ၍ဖြစ်ပါသည် ။ အဘယ်ကြောင့်ဆိုသော် မုန့်နှစ်အိတ်အားသတ္တုအိုးကြီးထဲထည့်ပြီး
သဘက်အားကရွတ်ခွေကာ ခေါင်းပေါ်ခုတင်ပြီးရွက်ပြန်ရ၍ဖြစ်ပါသည် ။ မောင်နှမတွေက ထိုပုံစံနှင့် သွားရသည်ကို အလွန်ရှက်သည်ဟု ပြောတာ ကျမသိထားပါသည် ။ တစ်ရက်တွင်အမေ့အား ကျမရှက်သည်ဟုပြောမိလျှင် ဒါဟာရှက်စရာမဟုတ်…..မရှက်တတ်အောင်သင်ထားပေးတာ ၊ တာဝန်ပေးလျှင်မငြင်းနဲ့ဟုပြောလိုက်ပါသေးသည် ။ သ္မီးချင်းတူတာတောင်….ကျမက“ဟုတ်”ပါ့မလား ဟုစိတ်ရိုင်းဝင်မိဘူးသေးသည် ။
ကျမအတွေးလျှင်ကား……….
မုန့်ကြိတ်ပြီးပြန်လာပါက မုန့်အိတ်အားခေါင်းပေါ် ရွက်တွင်ကာလမ်းလျှောက် ပြီးပြန်လာရသည်..ပတ်ဝန်းကျင်အမြင်တွင် ကဲ့ရဲ့ခံရမည်ကား ကြိမ်းသေသိနေသည် နေတော့တိုက်ကြီးတာကြီးနှင့်.. အိမ်ဖော်အဒေါ်ကြီးတွေခိုင်းရင်ရသည့်ကိစ္စဟုမြင်ကာတွေးမိပါသည် ။ ထိုသို့တွေးမိကလွန်စွာ ဝမ်းနည်းရ၍ဖြစ်ပါသည် ။ တစ်ခါတွင် အိမ်ဘေးအဒေါ်ကြီးတယောက်က အတီက ဒီသ္မီးလေးဆိုတအားနှိမ်တယ်ဟု ပြော၍ကြားလျှင် အားလုံးမမြင်ကွယ်ရာတွင် တရှုံ ့ရှုံ ့နှင့်အားရအောင် ထိုင်ငိုကာ မျက်ရည်သုတ်ပြီးမှ အမေ့နဘေးနား ပြန်လာကာ လုပ်စရာရှိသည်များ ကိုဝိုင်းကူလုပ်ပေးပါသည် ။
မုန့်ကြိတ်ရာကပြန်လာလျှင် တာဝန်ပြီးဆုံးပြီဟုထင်မိပါသည် ၊ တစ်ခါတစ်ခါတွင်အမက ကျမအားမုန့်ဝိုင်းချေပေးအုန်းဟု ချော့ပြောပါက မနေနိုင်အမနှင့်ဝိုင်းကူကာ မုန့်ချေပေးရတတ်သေးသည် ။ အမေကအလုပ်ဟူသမျှ ဂုဏ်ရှိစွအားလုံးလုပ်တတ်လျှင် အကောင်းဆုံးဟုပြောပါသေးသည် ။ ဆိုလိုသည်က ဝိုင်းလုပ်ကူဟု ပြောလိုက်ခြင်းဖြစ်သည်ဟု ကျမစိတ်တွင်ခံစားမိပါသည် ။
အမေက ထန်းညက်ကျိုကျို၊ကြံသကာကျိုကျို ညောင်စီးကျအောင်ကျိုသော မုန့်မျိုးလုပ်စားသည့်အခါတိုင်း အနားတွင်နေခိုင်းတတ်ပါသေးသည်။ ညောင်စီးကျအောင် ဘယ်လိုကျိုရတယ်ဆိုတာ ကြည့်ထားတတ်ထားရမည်ဟုပြောပါသည် ။ ပြီးလျှင်ကြံသကာကျိုနေသည့် အချိန်တော်တော်လေးအရောင်ရလာတာမြင်လျှင် အမေက အိုနားကမခွါတော့……….ဒလစပ်ပင်သစ်သား ယောင်းမကြီးနှင့်အိုးကိုမွှေနေပါတော့သည် ။ အိုးထဲမှယောင်းမကိုဆွဲတင်လိုက်မလိုက်နှင့် တွင်ကြံသကာရည် များပြတ်တောင်းပြတ်တောင်း ဖြစ်နေတာမြင်လျှင် မရသေးဟုဆိုကာ ပြလည်းပြမွှေလည်းမွှေနေပါသည် ။
တဖြေးဖြေးနှင့်ညောင်စီးကျလာလျှင် အမေကယောင်းမမှာ ကြံသကာရည်များစေးထန်းလျှက် ပြတ်တောင်း..ပြတ်တောင်းမဖြစ်တော့ဘဲ အမျှင်များတန်းလာပါသည် ၊ အရောင်မှာလည်း ညို့ ့လာနေပြီဖြစ်ပါသည် ၊ အမေကပါးစပ်နှင့် ကြည့်ထား ၊ မှတ်ထားဟုပြောကာ အမြင်တွင်သိနေအောင် နောင်လုပ်စားတတ်အောင်ဟုပြောဆိုကာသင်ပြခဲ့ပါသည် ။ ကြံသကာကျိုအိုးကိုလည်းမီးဖိုမှချကာ ခဏအအေးခံထားပြီးမှသာ မုန့်နှစ်များနှင့်နယ်ပါတော့သည်။ (ထိုမုန့်ကအဖေ့ရိုးရာမုန့်ဖြစ်၍နောင်အလျှင်းသင့်က၊ဖော်ပြချင်ပါသည်)
အမေကနွေဦးရာသီကာလများနှင့်လိုက်ဖက်သည့် ၊ ရွှေရင်အေး ၊ သာကူပြင်(အုန်းနို့ရေနှင့်သောက်သည်) ကျောက်ကျော ၊ မုန့်ပိန္နဲစိ ၊ မုန့်လက်ဆောင်း ၊ မုန့်လုံးရေပေါ် ၊ ဟာလဝါ ၊ ဆနွင်းမကင်း အစရှိသည်တို့အား မရိုးနိုင်အောင်လုပ်ကျွေးတတ်ပါသည် ။ ကလေးဘဝအရွယ် မုန့်စားရသောအချိန် ပျော်စရာအကောင်းဆုံးပင် ။
အစဉ်အလာတခုသဖွယ် အမေအမြဲလုပ်ကျွေးကာပင်လာခဲ့သော်လည်း ၊ မိသားစုများ မမျှော်လင့်ထားသော နွေသီးရာသီကာလတခု တွင်ထိတ်လန့် တုန်လှုပ်ဖွယ်ရာ ရောါဂါဆိုးတစ်ခု ကအမေ့ခန္ဓာကိုယ်ပေါ်ကျရောက် လာခဲ့လေသည် ။ အဖေက သားသ္မီးများအား ကူးစက်မှာစိုးရိမ်စိတ်ကြီးမား သဖြင့်ကျမတို့နှင့် ခွဲခြားထားကာ စည်းတားခြင်း ခံခဲ့ရလေသည် ။
အမေသည်ကား အဖေ့ဆန္ဒ ၊ သားသ္မီးများကကြောက်ရွံ ့နေမှုတို့ကိုမြင်တွေ ့နေရကာ ၊ သံဝေဃတရား ကြီးမားစွာရလျှက် ၊ သူ့ဘဝအားထိန်းကျောင်းပဲ့ပြင်လာသည့် ဆွေမျိုးအဖြစ်မှတ်ထင်ခဲ့သည့် အမွေထိန်းမိဘများပိုင်ဆိုင်ရာ မြို ့ပြင်ရှိဆန်စက်ဝင်းကြီးထဲက အိမ်ငယ်တစ်လုံးမှာကျမတို့ မသိအောင်တိတ်တဆိတ် စီစဉ်ပြီးသွားရောက်နေထိုင်ပါတော့သည် ။
ထိုအကြောင်းအားပြန်ပြောလျှင် သင်ခန်းစာကြီးမားစွာရလျှက် ကျမရင်ထဲကြေကွဲဆို့နင့်ရကာ ရင်နှစ်မွှာတို့အစိတ်စိတ်မျှ ကွဲကြေမွှလျှက် အပူလုံးဆို့ကာခံစားရပေသည် ။ နွေဦးရာသီကာလမှမဟုတ် ရုံးပိတ်ရက် ၊ကျောင်းပိတ်ရက်၊အလုပ်လက်နှင့်မပြတ်ကာ မငြီးငြူပါဘဲ အမြဲတစေ ၊စေတနာထားကာ အပင်ပန်းခံ၍ ရာသီမရွေး အချန်အခါမရွေး လုပ်ကျွေးပြုစုရင်း ကျမတို့ကြီးပြင်းလာသည့် အရွယ်ထိဒုက္ခခံကာ ပြုစုကျွေးမွေးလာခဲ့သည့် အမေကား …………….လူ့လောကမှအပြီးတိုင်ထွက်ခွာသွားခဲ့ပါတော့သည် ။
နွေဦးရာသီကာလရောက်တိုင်း ကျမတို့မောင်နှမတွေ အမေနှင့်သိုက်သိုက်ဝန်းဝန်းပျော်ရွင်စွာမုန့်လုပ်စားခဲ့သည့်
အချိန်များကဘဝတွင်ပျော်စရာအကောင်းဆုံးဖြစ်ခဲ့သော်လည်း အလွမ်းဇတ်နှင့်တစ်စခန်းရပ်သိမ်းကာ အပြီးချုပ်ငြိမ်းခဲ့လေသည် ။
အမေမသေခင် တစ်လအလိုတွင်ကျမတို့မောင်နှမအားလုံး လာရောက်ရန်မှာကြားသဖြင့် ကျမတို့သွားရောက်ကြခဲ့ကျပါသည် ။ ထိုသို့အဖြစ်ဆိုးမျိုးအား အမေ့ကိုမြေချသည့်အချိန်၌ ဘယ်သော ဘယ်အခါ ဘယ်ဘဝမှာမှ ဒီလိုအဖြစ်မျိုးမကြုံတွေ ့ရန်ဆုတောင်းပေးကြရန်မှာကြားပါသည် ။ ပြီးလျှင်မောင်နှမများ တစ်ယောက်ချင်းစီ သီးခြားမှာကြားချင်သည် အားလုံးအပြင်ထွက်ပေးရန် တောင်းဆိုသဖြင့်ထွက်ပေးကြရပါသည် ။
ကျမအလှည့်ရောက်လျှင် အမေက ပေးနိုင်သောတစ်ခုတည်းသောအမွေက“သည်းခံ”ရမည်ကိုသာတောင်းဆိုပါသည် ။ တန်ဘိုးမဖြတ်နိုင်သောထိုစကားနှစ်လုံး အမေကကျမထံမှတောင်းဆိုခဲ့ပေသည် ။
ဪ……………………..ကျမဘဝ ၊ နွေဦးရာသီကာလအမှတ်တရများက ၊များစွာပါပေ ပြော၍မကုန်၊ရေး၍မကုန်သာလျှင် ရှိပေတော့မည် ၊ လွမ်းစရာများနှင့်သာဖြစ်ခဲ့ရပါလေသည် ။

8 comments

  • windtalker

    January 19, 2012 at 1:52 pm

    နွေဦးကာလ ဖုန်ထသောအခါ
    စီးနေကြစက်ဘီး လေထိုးကျွတ်ဖာ
    ဇူးကိုသွားမှာ ၊ ရေလဲကူးတာ
    ဘိုးဘိုးပေ ပူတူတူးတုန်းကပါ…
    ပုံ
    အမည်သိ ဂေဇက်စာဆို ဘိုးဘိုးပေ

  • thit min

    January 19, 2012 at 5:57 pm

    ကံကောင်းလှပါတယ်အစ်မရယ်။
    ကျနော့မှာအမေသေတာကို တောင် သေပြီးတော်တော်ကြာမှ အိမ်ကပေးသိတာပါ။
    ဆုံးသွားတဲ့နေရာကလဲ မြစ်ကူးချောင်းခြား၊ဆုံးတဲ့အချိန်ကမိုးတွင်းကြီးလေ။
    ကျနော်ကိုအိမ်မှာအဖော် တယောက်နဲ့ထားခဲ့ပြီးတအိမ်လုံး ကုန်းတတန်၊ရေတတန်လိုက်
    သွားကြတာ။
    ဒွေးရိုက်နေရင်းသေသွားတဲ့ ရုပ်ရှင်(လမ်းပြ လိပ်ပြာ) ဆိုတဲ့ကားကို ကြည့်ရတဲ့အခါ
    တူလိုက်တာလိုအောက်မေ့မိပါရဲ့။
    အမေကို နောက်ဆုံးလို့မသိဘဲ ခွဲခဲ့ရပြီး ဘယ်တော့မှကိုပြန်မတွေ့ရတော့တာပါအစ်မရယ်။
    နောက်ဆုံးအချိန်ထိအမေ့ကိုနှုတ်ဆက်ခွင့်ရလို့ အစ်မ ကြေနပ်နိုင်ပါစေနော်။

  • ဦးဦးပါလေရာ

    January 19, 2012 at 6:53 pm

    ဟိုးခေတ်ကတော့ အဆုတ်ရောဂါဆိုတာမျိုးတောင် ကုလို့ မလွယ်၊ ကုလို့မပျောက်နိုင်လို့
    မဖြစ်သင့်တာတွေ ဖြစ်ကြရပါတယ်။

    ကျုပ်ဖခင်ကြီးဆိုလဲ ဒီခေတ်အနေနဲ့ပြောရရင် ဘာမှကိုမဟုတ်တဲ့ရောဂါနဲ့ ဆုံးပါးရတယ်။

    အခုအချိန်လို အခွင့်အရေးမျိုး သူတို့ မရရှာကြဘူးလေ။

  • အမေက ပေးနိုင်သောတစ်ခုတည်းသောအမွေက“သီးခံ” ဆိုသောစကားနှစ်လုံးသာလျှင် ဖြစ်၍ ထိုဂတိတစ်ခုအား အမေအားပေးရန်မှာကြားကာ တောင်းဆိုပါသည် ။ တန်ဘိုးမဖြတ်နိုင်သောထိုစကားနှစ်လုံး အမေကကျမထံမှတောင်းဆိုခဲ့ပေသည် ။””
    ဆိုတော့ အမရယ် တကယ်ကို အဖိုးထိုက်တဲ့ အမွေလေးရထားခဲ့ပြီးပြီဘဲလေနော်။အားပေးသွားပါတယ်ဗျာ။

  • weiwei

    January 19, 2012 at 10:55 pm

    ဒီပို့စ်လေးဖတ်ရတာ ဝမ်းနည်းမိပါတယ် …
    ကျွန်မတို့ငယ်ငယ်ကနေ ကြီးလာတဲ့အထိ (ယနေ့အထိ) မေမေက အိမ်အလုပ်အားလုံးကို လုပ်ပါတယ် … ခိုင်းတော့မယ်ဆိုရင်လဲ ကျွန်မညီမလေးနံမည်ကိုပဲ ခေါ်ပြီးခိုင်းလေ့ရှိပါတယ် … မေမေက သမီးကြီးကို ပိုချစ်တယ်လို့ ယနေ့အထိ အားလုံးကသိနေကြပေမယ့် တကယ့်တကယ်သေချာစဉ်းစားကြည့်ရင် ကျွန်မက အခုအထိ ဘာမှအသုံးမကျသေးတဲ့ ကလေးသာသာ အရည်အချင်းသာရှိနေပြီး ကျွန်မ ညီမကတော့ အိမ်ရှင်မတွေ စံထားရလောက်တဲ့ အိမ်ရှင်မတစ်ယောက်အရည်အချင်းတွေ အပြည့်ရှိနေပါတယ် …

  • pooch

    January 20, 2012 at 1:15 am

    စိတ်မကောင်းပါဘူး ဒီစာလေးဖတ်ရတာ
    ကျမကိုယ်တိုင်လည်း အဖေဆုံးတာကို မမြင်မတွေ့လိုက်ရပဲ အကြားနဲ့ ပဲ လက်ခံခဲ့ရတာပါ
    ကိုယ်ချင်းစာပါတယ်

    အခါအခွင့်များကြုံရင်ဖြင့် မုန့်လုပ်နည်းလေးများလည်း သိချင်ပါတယ် မျှပါအုန်းနော်

  • Khin Latt

    January 20, 2012 at 4:27 am

    အစ်မအေး ရေ – အမှတ်(၂) တောင် မဖတ်ရသေးဘူး။
    အစ်မ ရဲ့ အမေအကြောင်း ဖတ်ရတာ စိတ်မကောင်းလိုက်တာ။
    အတိတ်က ကံ အကြောင်းလို့ဘဲ မှတ်ရတော့မှာဘဲ။
    အရင်က အစ်မ ရဲ့ အမေ က အစ်မ အတွက် ကိုယ်လက်လှုပ်ရှားဖို့ အချိန်ရအောင် လုပ်ခိုင်းတာလို့ဘဲ ကျွန်မတော့ ထင်တာပါဘဲ။
    ဘာဘဲ ဖြစ်ဖြစ် အစ်မ ကလဲ လိမ္မာသားနော်။ ဝမ်းနည်းလဲ အမေခိုင်းတာ မငြင်းဘူး။
    နောက် အစ်မ အမေ ဆုံးမတဲ့ “သီးခံ / သည်းခံ ” ဆိုတာကတော့ တန်ဖိုးအရှိဆုံး စကား ပါဘဲ အစ်မရေ။
    ကျွန်မ လဲ အခု သည်းခံ နိုင်စိတ် ကောင်းကောင်း မွေးနိုင်ဖို့ ကြိုးစားနေပါတယ်။

  • aye.kk

    January 20, 2012 at 8:07 am

    ကိုဝင်းတော့ကာ,ကျေးဇူးပါ၊စာရေးရင်းနဲ့ငိုမိတာကဗျာလေးကြောင့်ပျော်သွားတယ်။
    ကိုသစ်………….ရင်ထဲကမွှန်းကြပ်နေတာပြေလျှော့သွားတယ်၊နှစ်သိမ့်ပေးတာကျေးဇူးပါ။
    ဦးဦးပါလေရာ……..တရားရှာကိုယ်မှာတွေ ့ခဲ့ရပါတယ်။
    အတိသဉ္ဖာ………………….ကျေးဇူးပါ။
    ဝေဝေရေ, မောင်နှမထဲမှာအလတ်ဖြစ်တော့လပ်နေတဲ့သူဖြစ်ခဲ့ရပါတယ်။
    pooch,ရေအဖေ့ရိုးရာမှုန့်ကိုရေးရမှာမဝံ့မရဲဖြစ်နေမိပါတယ်။
    မလတ်ရေ,..ရေးနေရင်းသတိလွတ်လွတ်သွားတယ်၊စာတွေကျလိုက်ကျန်ခဲ့လိုက်နဲ့၊မှားမှားရေးမိတယ်
    နားလည်ပေးပါဦးနော်၊ကျေးဇူးပါ။

Leave a Reply