ရွှေလသာသောညရက်များ

aye.kkJanuary 20, 20121min74411

လမင်းထိန်ထိန်သာသော“ည”ရက်ကလေးများရောက်လျှင်
ကျမအတွက်၊လွန်စွာမှပင်ပျော်ရွှင်ကြည်နှူးမဆုံးဖြစ်ရပါသည်။
အိမ်ရှိ၊မိသားစု ညီအစ်ကိုမောင်နှမ အားလုံးလည်း ကြည်နှူးပျော်ရွှင် ကြပါသည်။
သာလွန်းသည့်ညရက်များတွင်မိသားစုများအားလုံး ၊ အိမ်ရှေ ့ပါလာအုတ်ခုံလေးပေါ်တွင် ထိုင်ကြကါ၊လေညှင်းခံကြပါသည်။
အဖေနှင့်အမေက၊စကားစမည်ပြောဆိုကြပါသည် ။ ကျမတို ့မောင်နှမတွေက၊ကလေးဘာသာ၊ဘာဝအတိုင်း တစ်ယောက်တစ်မျိုးမရိုးရအောင် စကားထာဝှက်ခြင်း,ပုံပြောချင်း,ပန်းခြံထဲရှိ ညနေခင်းက ကြွေလွင့်ကျထားသည့် ခရေပန်းလေးများအား လအရောင်လေးနှင့် မြင်ရသမျှကောက်ကာ ခရေပန်းကုံးလေးများ ထိုင်ကာသီကုံးတတ်ပါသည် ။
တစ်ခါတစ်ရံ တစ်လမ်းတည်းနေ အိမ်နီးချင်းကစားဖော်များနှင့်၊ထုတ်ဆီးတိုးခြင်း ၊ ပုန်းတီးခြင်း ၊ တူးတူပုန်းတမ်းဆော့ကစားကြပါသည် ။ ထိုအခါမျိုးတွင်မိဘအသီးသီးတို့ကလည်း မိမိတို့အိမ်ရှေ ့ပါလာအုတ်ခုံလေးများတွင် အသီးသီးထိုင်ကာ စောင့်ပေးရင်း ကစားခွင့်ပြုတတ်ကြပါသည် ။ ထိုလသာသော၊ညရက်ကလေးများရောက်တိုင်းလည်း ပျော်ရွှင်မှုအတိအား ပြည့်ပြည့်ဝဝခံစားရသဖြင့် လသာသောညရက်များအား၊ကျမက အမြဲဆိုသလိုစောင့်မျှော်တတ်ခြင်းက အကျင့်တစ်ခုလိုဖြစ်နေပါတယ်။
ကျမတို့စက်ဘီးစီးရန်သင့်တော်သည်ဟု၊မိဘတို့ကမြင်လာပါကလည်း လသာသောညရက် လူရှင်းချိန်များ၌ ပေတရာ(ကတ္တရာ)ခင်းထားသော ကားလမ်းမကြီး(ဗိုလ်ချုပ်လမ်းမကြီး)၌ မိဘများက မိမိတို့၏သားသ္မီးများအား အဖေဖြစ်သူကိုယ်တိုင်တို့က၊စက်ဘီးစီးနင်းတတ်စေရန်သင်ပေးကြပါသည် ။ ကျမတို့ စက်ဘီးစီးနင်းတတ်သည့်အချိန်၌ လထိန်ထိန်သာသောညရက်များတွင် လူရှင်းသောအချိန်တို့၌ မမောနိုင်မပမ်းနိုင် ကစားဖော်များနှင့်အပြိုင်စီးနင်းကြပါသည် ။
ကျမတို့ချွေးထွက်အောင်ကစား၍ မောပန်းပါကလည်း အဖေမေတို့က အမောဖြေခိုင်းတတ်ပါသည် ။
ကျမတို့၏အိမ်ရှေ့လမ်းတောင်ဘက်ခြမ်း၌ ရုပ်ရှင်ရုံနှင့်တွဲသည့်ပွဲဈေးတန်းကလေးတစ်ခုက ညတိုင်းရှိပါသည်။
ရုပ်ရှင်ရုံလမ်းလည်းဖြစ်ကာ ရုပ်ရှင်မပြခင်အချိန်ထိ လူများအသွားအလာမပြတ်ဘဲ အမြဲစည်ကားနေ၍ ရုပ်ရှင်ပြသည့်အချိန်နှင့် ရုပ်ရှင်ပွဲမပြီးခင်အထိသာ ပေးဆော့တတ်ပါသည် ။
ကျမမိဘများက၊ လသာလွန်းသည့်အချိန်များ၌သာ၊ကျမတို့အားပေးဆော့၍ လအရမ်းသာလျှင် ကျမအရမ်းပျော်ပါသည်။
သာလွန်းသောလရက်ညကလေးများ မြန်မြန်ရောက်ပါစေဟုသာ၊နေ့စဉ်ဆုတောင်းနေမိတတ်ပါသည် ။
တစ်ခါတွင်…
ကျမအား၊အဖေက မဟာယနထေရဝါဒ ကိုးကွယ်ကာ သူတို့ရိုးရာဓလေ့ထုံးတမ်းစဉ်လာအရ လနှင့်ပတ်သက်သည့် ရိုးရာမုန့်စားပွဲအကြောင်းအား ရှင်းပြဘူးပါသည် ။ လွန်စွာနားထောင်ကောင်းသဖြင့် သဘောကျနှစ်ခြိုက်မိပါသည်။ ဗဟုသုတဖြစ်ရသည်ဟုလည်းစိတ်ကခံယူမိပါသည်။ လနှင့်ပတ်သက်၍အဖေပြောပြဘူးသည်မှာ-
လသည်လူ၏စိတ်နှလုံးစွမ်းရည် မြင့်မားမှုကိုပေးသည်ဟု လှေနံဓားထစ်ကဲ့သို့ တထစ်ချယုံကြည်ထင်မှတ်ထားကြောင်း ၊ သူတို့၏ယုံကြည်သက်ဝင်မှု ဓလေ့ရိုးရာအရ လသည်လူ၏စိတ်နှလုံးရည်မြင့်မားမှုကိုပေးစွမ်းနိုင်သဖြင့် လမှုန့်စားပွဲအား ရိုးရာအစဉ်အလာအနေဖြင့် ကျင်းပပြုလုပ်ခဲ့ကြကြောင်း ၊ အဖေတို့လူမျိုးများနေထိုင်သည့်အိမ်များတွင် လအားကြည့်ရှူခံစားနိုင်ရန်နှင့် လမှုန့်စားပွဲအားကျင်းပပြုလုပ်နိုင်ရန် လသာဆောင်အားအထွဋ်အမြတ်ထား၍ မင်္ဂလာအချိန်နှင့် တိုက်ဆိုင်ကာ မင်္ဂလာယူ၍ တခမ်းတနား ဆောက်လုပ်ကာ နေထိုင်ကြကြောင်းပြောပြပါသည် ။
အဖေသည်”လသာဆောင်”ဆောက်လုပ်နေစဉ်အတွင်း ပြည်သူပိုင်အသိမ်းခံခဲ့ရသဖြင့် စိတ်ထိခိုက်ကြီးမားစွာ ခံစားခဲ့ရပြီး မင်္ဂလာမှအမင်္ဂလာဖြစ်ခဲ့ရ၍ ယခုလိုညမျိုးတွင် သားသ္မီးတို့အား စိတ်ချမ်းသာစေလိုသည့်၊အနေဖြစ်ဆော့ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်းလည်းထဲ့ပြောပြပါသည်။
ရာသီဥတုကောင်းမွန်နေချိန် လသည်ပြည့်ပြည့်ဝ၀ဝိုင်းဝိုင်းစက်စက်နှင့်ထိန်ထိန်သာနေသည့်အချိန်အခါမျိုးတွင် လကိုကြည့်မြင်ပါလျှင် လူတို့၏စိတ်နှလုံးစွမ်းရည်မှာ၊ကြည်လင်မြင့်မားလာပြီး၊စိတ်အညစ်အကြေးတို့ခဏတာမျှပင်ဖြစ်စေ ကင်းစင်ပပျောက်ပြီး စိတ်၏ပျော်ရွှင်ကြည်နှူးမှုကို၊လူတိုင်းသိမြင်ခံစား ရရှိနိုင်သည်ဟု ပြောပြပါသည် ။
ထို့ကြောင့်အဖေတို့ရိုးရာအရ ရာသီဥတုကောင်းမွန်သည့်အခြေအနေ လသာသည့်ရက်အားရွေးချယ်ကာ၊သတ်သတ်မှတ်မှတ်ထားပြီး ကျင်းပကြကြောင်းသိရပါတယ် ။
ထိုနေ့ထိုရက်များ၌ကျင်းပသည့် ရည်ရွယ်ချက်ကလည်း ၊ စိတ်၏ကြည်လင်မှုရရှိသည့်အချိန်အခါအခြေအနေကောင်းဖြစ်၍၊ဆုံးဖြတ်ချက်များလည်း၊အမှားအယွင်းမရှိဘဲ၊မှန်ကန်စွာချမှတ်နိုင်သည်ဟု ယူဆထားကြကြောင်း၊ဗဟုသုတအဖြင့်သိရှိရပါတယ်။
ရိုးရာလူမျိုးများ၏ အစဉ်အလာအရ နှစ်သက်ကာသုံးဆောင်လာကြသည့် လဖက်ရည်ရေနွေးကြမ်းနှင့် တွဲဘက်သည့်ရိုးရာမှုန့်များဖြင့်တည်ခင်းဧည့်ခံရင်း
အဓိကကြသောအချက်များဖြစ်သည့်
၁။ဆွေမျိုးညီအစ်ကိုမောင်နှမတို့နှင့်အတူတကွချစ်ခင်စည်းလုံးမှုရရှိရန်ရယူခြင်း၊
၂။ဘာသာရေးကိစ္စဆိုင်ရာဆွေးနွေးဆုံးဖြတ်ခြင်း၊
၃။အမွေစားအမွေခံကိစ္စများဆိုင်ရာဆုံးဖြတ်ခြင်း၊
၄။မျိုးနွယ်ဆက်ခံမှုကိစ္စဆုံးဖြတ်ခြင်း(အောင်သွယ်မှုကြားခံထားမည့်သူတာဝန်ပေးအပ်ခြင်း)ရွေးချယ်ခြင်း၊
တို့အားပြုလုပ်ခဲ့သည်ဟု ဗဟုသုတအဖြစ်လက်ဆင့်ကမ်းကာပြောပြခဲ့ပါသည် ။
ပျော်ရွှင်ကြည်နှူးရသည့် လသာညရက်များက ကျမအတွက်တော့ “ရွှေလသာသောညရက်များ”လို့သာဆိုချင်မိပါတယ်။

“ရွှေလသာသောညရက်များ”က၊ကျမဘဝအတွက်ပျော်ရွှင်စရာအတိနှင့်သာထုံလွှမ်းခဲ့ပါတော့တယ်။။။

11 comments

  • aye.kk

    January 20, 2012 at 7:42 am

    လသာညတွေ
    မေ့မရ။

  • Khin Kha

    January 20, 2012 at 10:35 am

    ငယ်ငယ်တုံးကလသာတဲ့ညဆို အရမ်းပျော်ခဲ့တာ။
    လရောင်အောက်မှာသူငယ်ချင်းတွေနဲ့ စော့ခွင့်ရလို့လေ။
    အရွယ်လေးရောက်တော့ လသာညမှာပျော်ခဲ့ဖူးပါတယ်။
    ချစ်တဲ့သူနဲ့အတူတွဲပြီး လမင်းကြီးကြည့်ရင်းထိုင်ခဲ့ရလို့။
    အခုအသက်အရွယ်ကြီးလာတော့ လသာတဲ့ညကိုမျှော်ခဲ့ရတယ်။
    ဘာလို့လဲဆိုတော့ ညဖက်လျှပ်စစ်မီးခဏခဏပျက်လို့———

  • windtalker

    January 20, 2012 at 2:36 pm

    မမ ညည ထထက
    မမ ပထမ
    ကပါ ကပါ မမ ရာ
    ညည လသာသာ
    ဟီဟိ
    ( ဂေဇက် မှ မမ မဟုတ်ဘာ ၊ ငယ်တုန်းက သင်ခဲ့တဲ့ ကဗျာလေးမှ )

  • စိန်ပေါက်ပေါက်

    January 20, 2012 at 2:56 pm

    ကျနော်တို ့ငယ်စဉ်က
    လသာသာ..မသာသာ ညတိုင်းကဲသဗျာ
    ဘုန်းကြီးကျောင်းထဲ ဘောလုံးခိုးကန်တယ်
    ရေခိုးကူးတယ်
    အိမ်ရှေ ့သဲပုံပေါ် ဂျွမ်းထိုးတယ်
    မုန် ့ဖိုးမပေးတဲ့ အူးပေ တို ့အိမ်ကို ခဲနဲ ့ပေါက်တယ်
    ကျောက်ဒိုးရိုက်တယ်..
    အစုံပဲ

    ပြီးရင် ညစ်ပစ်နေတဲ့ကိုယ်လုံးနဲ ့ ခိုးပြီးအိပ်တယ်..
    မျက်လုံး ၂လုံးပွင့်ရင် ဘာဆော့ရမလဲ စဉ်းစားတယ်..
    ထမင်းစားပြီရင် ငပေါက်တို ့ အိမ်မှာရှိတော့ဘူး
    စားချိန်နဲ ့အိပ်ချိန်ပဲ အိမ်မှာရှိတယ်..

    😆

    ပျော်ချာဂျီးဗျာ..
    ခုတော့.

    ပျော်စရာနတ္ထိ..
    တစ်ခါတလေ တိုက်ပေါ်က ခုန်ချ သတ်သေချင်စိတ်ပေါက်တယ်..
    ခက်တာက အမြင့်ကြောက်လို ့..မတက်ရဲလို ့
    နို ့မို ့ဆို.
    😕

  • pooch

    January 20, 2012 at 3:00 pm

    ကျမလည်း ငယ်ငယ်က ခရေပန်းလေးတွေ ကောက်ပြီးကိုယ်တိုင်သီခဲ့ဖူးတယ် ဇာတိမြို့မှာ နေစဉ်ခပ်ငယ်ငယ် အရွယ်ကပါ အဖိုးတွေ အဖွားတွေ နဲ့ နေခဲ့စဉ်ကပါ
    ုထုတ်စီးထိုးတန်းလည်း ဆော့ခဲ့ဖူးတယ်
    ခုနေတွေးလိုက်ရင်လည်း လွမ်းစရာတွေချည်းပါပဲ 🙁

  • aye.kk

    January 21, 2012 at 8:20 am

    ုုု့ု့khin kha,ရေကလေးဘဝကအပူပင်းကင်းကြလို့ပျော်စရာပါ.. အသိတယောက်ကပြောတယ်နောင်ဘဝလူဖြစ်ရင် လျှပ်စစ်မီးလာတဲ့နေရာမှာလူဖြစ်ရပါစေလို၏လို့ဆုတောင်းတယ်တဲ့လေ..။
    ကိုဝင်းတော့ကာ,..ညည လသာသာ နဲ့ဆော့လို့ပြီးရင်ရေချိုးခန်းထဲ
    ဝင်ပြီးရေဆင်းပေါက်ကိုအလုံပိတ်ပြီးရင်ရေတွေများလာပြီဆိုရင် ဝမ်းလျှားမှောက်ပြီးရေစိမ်တော့တာပါဘဲ။
    အဖေကပြောတယ်ဟိုဘဝကငါ့သ္မီးရေထဲကငါးဖြစ်ခဲ့သလားတဲ့လေ..။
    စိန်ပေါက်ပေါက်ရေ,အခုကလုပ်သက်ပြည့်ပင်စင်ယူဘို့ဆုံးဖြတ်လိုက်ပါပြီ၊မကြောက်
    မရွံ ့ညစ်တဲ့လူကရှိနေသေး..။
    pooch,ရေ..ဟိုဘက်အိမ်ကခရေပင်အိုကြီးက အမတို့အိမ်ရှေ့ပန်းခြံလေးထဲလေတိုက်ရင်လွင့်လွင့်ကျလာတယ်၊လသာရက်အိမ်ခေါင်းရင်းဘက်က
    ဆောင်တော်ကူးအနံ ့ကတမွှေးမွှေး၊ခရေလေးကတသင်းသင်းမကောက်ရမနေနိုင်အောင်ပါဘဲကွယ်..။

  • aye.kk

    May 11, 2015 at 1:43 pm

    လသာတဲ့ညရက်တွေ
    ပြန်အမှတ်ရလို့ပါ။

  • ခင်ဇော်

    May 11, 2015 at 1:46 pm

    ဟုတ်တယ်နော်။
    အရင် က လပြည့်ည ဆို အိမ်ရှေ့ထွက်ထိုင်ရင် ထိုင်၊ ကစားရင် ကစားးး
    ခု ဒီမှာတော့ ဘယ်နေ့ လပြည့် လကွယ်တောင် မသိတော့တဲ့ ဘွ။

  • aye.kk

    May 11, 2015 at 2:13 pm

    လသာညရက်ကို
    ပြန်အမှတ်ရမိလို ့ပါ။

  • Alinsett @ Maung Thura

    May 11, 2015 at 2:20 pm

    အန်တီအေးရဲ့ အရင်က ပိုစ့်အဟောင်းတွေ ပြန် ဖတ်ရတာ တော်တော် ကောင်းတယ်
    အရေးကောင်းတဲ့ အန်တီအေး ။

    အခုလည်း အားတဲ့အခါ ရေးပါအုန်း။
    အခုဆို အတွေးတွေပို ကောင်းလို့ အရေးလည်း ပိုကောင်းတော့မှာပဲ
    ကျနော်လည်း အားတဲ့အခါ အန်တီအေး အရင်ကရေးခဲ့တဲ့ ပိုစ့်အဟောင်းတွေ
    ရှာဖတ်အုန်းမယ်

  • aye.kk

    May 11, 2015 at 2:25 pm

    တူတော်မောင်အလင်းဆက်ရေ။
    အန်တီက
    မရေးတတ်ဘဲနဲ ့ဝင်ရေးရတာ၊အားနာလို့ပါကွယ်။

Leave a Reply