ရွှေညဝါဆရာတော် ကျောင်းတိုက်မှ ထွက်ခွာပေးမည်ဟု ဝန်ခံလက်မှတ်ထိုးလိုက်ပြီ

ပုိင္ေလးJanuary 20, 20121min754

ရွှေညဝါဆရာတော် ကျောင်းတိုက်မှ ထွက်ခွာပေးမည်ဟု ဝန်ခံလက်မှတ်ထိုးလိုက်ပြီ

ရွှေညဝါ ဆရာတော် အရှင် ပညာသီဟသည် သတင်းသုံးရာ သာဓု ကျောင်းတိုက်မှ ၁ လ အတွင်း ငြိမ်းချမ်းစွာ ထွက်ခွာပေးပါမည်ဟု ယနေ့ နေ့လယ် ၂ နာရီကျော်ကဝန်ခံလက်မှတ် ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။

သာဓုကျောင်းတိုက်မှ ဖယ်ရှားပေးမည်ဟု ဝန်ခံလက်မှတ်ထိုးအပြီး ရွှေညဝါ ဆရာတော်ကို တွေ့ရစဉ် (ဓာတ်ပုံ – ဧရာဝတီ)

“အခုလေးတင် တိုင်း သံဃမဟာနယက (မဟန) အဖွဲ့က ပင့်ဖိတ်လို့ ကြွပြီး ၁ နာရီမှာ ဆွေးနွေးဖြစ်တယ်။ ကျုပ်အနေနဲ့ မဟာနာယက ဆရာတော် ဘုရားကြီးတွေနဲ့ အကျိတ်အခဲတွေ ပြေစေချင်တယ်လေ။ အဲဒါကြောင့်လည်း ထွက်ပေးမယ် ဆိုပြီးတော့ အေးအေးဆေးဆေးပဲ ဝန်ခံ လက်မှတ်ထိုးခဲ့တယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင် မြို့နယ် နတ်စင်လမ်းရှိ သာဓု ကျောင်းတိုက်မှ ကျောင်းထိုင် နာယက ရွှေညဝါ ဆရာတော်က ဧရာဝတီ ကို မိန့်ကြားသည်။

ယခုကဲ့သို့ ဝန်ခံလက်မှတ် ရေးထိုးပေးလိုက်ခြင်းသည် ငြိမ်းချမ်းရေးအကျိုးကို လိုလား၍ ဖြစ်ကြောင်း၊ သတ္တိရှိရှိနှင့် သာသနာ အကျိုး၊ တိုင်းပြည်အကျိုး ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ မည်သို့မျှ မခံစားရကြောင်း၊ ဘဝ အခြေ အနည်းငယ် ထိခိုက်သွားမည် ဖြစ်သော်လည်း အကောင်းဆုံး ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခင်ကတည်းက ပေးဆပ် စွန့်လွှတ်နေကြဖြစ်ကြောင်း ဆရာတော်က ဆိုသည်။

ကျောင်းတိုက်မှ ထွက်ခွာပေးပြီးနောက် မည်သည့်နေရာတွင် သတင်းသုံး နေထိုင်မည်ကိုမူ မသိရသေးကြောင်း ဆရာတော်က မိန့်သည်။

“ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ကျုပ်တို့ တိုင်းသူပြည်သားတွေကို ပြောချင်တယ်။ နှုတ်က ငြိမ်းချမ်းရေးကို တဖွဖွအော်နေ၊ ပြောနေ၊ စိတ်ဆောင်နေကြတာ မျိုးထက် လက်တွေ့ကျကျ တိတိလင်းလင်း ပြောရမယ်ဆိုရင် ကိုယ်တိုင် ပါဝင်ဖို့ လိုအပ်တယ် ဆိုတာ ပြောချင်ပါတယ်” ဟု ရွှေညဝါ ဆရာတော်က ဆိုသည်။

ဆရာတော် အနေဖြင့် သက်ဆိုင်ရာ သံဃာအဖွဲ့အစည်း တာဝန်ခံ ဆရာတော် များ၊ ဒေသအာဏာပိုင်များ ရှေ့မှောက် တွင် ကျောင်းတိုက်မှ မထွက်ခွာမီ မတည်ငြိမ်မှု ပြဿနာ တစုံတရာ မဖြစ်ပေါ်ရန် တာဝန်ယူပါမည်ဟုလည်း လက်မှတ် ရေးထိုးခဲ့ရကြောင်း ဆရာတော်အား ကူညီ ရပ်တည်နေသူ နိုင်ငံရေး အကျဉ်း သားဟောင်း ကိုဇော်ရဲဝင်းကပြောသည်။

မဟန အဖွဲ့ ၄ရ ပါး စုံညီ အစည်းအဝေး ဆုံးဖြတ်ချက်ပါ အကြောင်းကြားစာတွင် ရွှေညဝါ ဆရာတော်ကို သာဓုကျောင်း တိုက်မှ ဖယ်ရှားရန်၊ သံဃာ အဆင့်ဆင့်၏ ဆုံးမညွှန်ကြားမှုကို မနာခံ၍ ဒုဗ္ဗစ ပုဂ္ဂိုလ် (သံဃာအဖွဲ့အစည်း၏ ဆုံးမမှုကို မနာခံသူ) အဖြစ် သတ်မှတ်ရန်နှင့် မဟန ၏ ခွင့်ပြုချက် မရဘဲ သာဓုကျောင်းတိုက်အတွင်း မည်သည့် သင်တန်းမှ ဖွင့်လှစ် ဆောင်ရွက်ခြင်း မပြုရန်တို့ ပါဝင်ပြီး အဆိုပါ အကြောင်းကြားစာအတွက် ရွှေညဝါ ဆရာတော်သည် အသနားခံစာ နှစ်ကြိမ် တင်ခဲ့သော်လည်း ပယ်ချခံခဲ့ရကြောင်း သိရသည်။

၂၀၁၁ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် ဆရာတော် အရှင် ပညာသီဟသည် မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံး၌ ဩဝါဒ ပေးခဲ့ခြင်းကြောင့် မဟန အဖွဲ့က ဆရာတော်အား ဒီဇင်ဘာ ၁၂ ရက်နေ့ ရက်စွဲဖြင့် အကြောင်းကြားစာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

“ဆရာတော်လို သာသနာအတွက်၊ အမိမြန်မာပြည်အတွက်၊ အနာဂတ်အတွက် ဆောင်ရွက်တဲ့ ပုဂ္ဂိုလ်မျိုးအတွက် ဘယ်ဘဝပဲ ရောက်ရောက် ထာဝရ ရပ်တည်သွားမှာပါ။ နောက်ဆုံး ဆရာတော်ရဲ့ ကျောင်းမှာ မနေရတော့ ရင်တောင် တပည့်တော်တို့ လမ်းဘေးမှာ အလှူခံပေးပြီး ဆရာတော်အတွက် လုပ်ဆောင်ပေးသွားမှာပါ” ဟု ကိုမင်းကိုနိုင်က ရွှေညဝါ ဆရာတော်ထံ ယမန်နေ့ ညနေက သွားရောက်စဉ် လျှောက်ထားခဲ့သည်။

ယနေ့ နေ့လယ်တွင် မဟန က ရွှေညဝါ ဆရာတော်နှင့် ပတ်သက်၍ ကြားနာခဲ့စဉ် တိုင်း မဟန ကျောင်းတိုက်ဝန်း အတွင်း နိုင်ငံရေး အကျဉ်းသားဟောင်း အရှင် ဂမ္ဘီရ အပါအဝင် သံဃာတချို့နှင့် စိတ်ဝင်စားသူ လူ ၅၀ဝ ကျော်တို့က ရောက်ရှိ စောင့်စားခဲ့သည်။

ရွှေညဝါအဖွဲ့ကို ၂၀၀၂ ခုနှစ်တွင် ဗန်းမော်ဆရာတော်ကြီးက ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်၍ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် ရွှေညဝါ သံဃာ့တက္ကသိုလ်များ စတင်ဖွင့်လှစ် ခဲ့သည်။

ဧရာဝတီ Link မှ

4 comments

  • Phaung Phaung

    January 20, 2012 at 12:42 pm

    ဟင်..စိတ်မကောင်းစရာကြီး … ကြည့်မြင်တိုင်တစ်ခုလုံးက ရွှေညဝါဆရာတော်ကြီးကို ကြည်ညိုကြတယ်… ရပ်ကွက်တခုကို တရက်စီ တန်းဆွမ်းကြွတယ်… စာသင်သားတွေအတွက်လေ… အားလုံးက တလေးတစားနဲ့ အကြီးအကျယ်လှူကြတယ်… သံဃာနာယကအဖွဲ့က မတရားဘူးလို့ထင်တယ်…သူ့ကို ကိုးကွယ်တဲ့ဒကာတွေစုပြီး ကျောင်းဆောက်လှူရင်ကောင်းမယ်

  • kyeemite

    January 20, 2012 at 1:08 pm

    စိတ်မကောင်းပါဘူးဗျာ ကြားရတာ..
    ဆရာတော်ရဲ့စိတ်ဓါတ်ကိုလေးစားဦးညွှတိမိပါတယ်.

  • ဇွဲမာန်(အင်းဝ)

    January 20, 2012 at 10:30 pm

    ရဲရင့်သူတို့ရဲ့အောင်ပွဲဟာတနေ့မြင်ရောင်မိသေး….။

  • Nay Aye

    January 21, 2012 at 9:36 pm

    တော်သေးတာပေါ့ သွားရုံလေးသွားခိုင်းလို့ တချို့တလေလို ဖမ်းလိုက်ရင် ကွိုင်…..။
    လုံးဝ ကို မတရားတာ။။။ဒါပဲ ပြောတတ်တယ်လေ တို့က ရိုးရိုးသားသားပြောတာပါနော်။
    ခုထိ ကြောက်နေတုန်းပဲ..ဟဲ..ဟဲ..။

Leave a Reply