မင်္ဂလာဈေးကို စည်ပင်အင်ဂျင်နီယာများဖြင့် ပြုပြင်မည် ယာယီဈေးနှင့် မင်္ဂလာဈေးသစ်ရှိဆိုင်ခန်းလွတ်များတွင် နေရာချထားပေးပြီး အခမဲ့ရောင်းချခွင့်ပြုရန်ရှိ

klnJune 1, 20101min510

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မင်္ဂလာဈေးကြီး မီးလောင်သွားသော ဖြစ်စဉ်ကြောင့် ပြန်လည်ပြုပြင် တည်ဆောက်မှုများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အင်ဂျင်နီယာများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး မည်သည့်ကန်ထရိုက်ကိုမျှ တာဝန်ပေးအပ်သွားမည် မဟုတ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ ဈေးကြီးအား ပြန်လည်ပြုပြင်နေစဉ်အတွင်းတွင် ယာယီဈေးနှင့် မင်္ဂလာဈေးသစ်ရှိဆိုင်ခန်းလွတ်များ၌ နေရာများချထားပေးမည်ဖြစ်ပြီး အခမဲ့ရောင်းချခွင့်ပြုသွားမည်ဟု သိရသည်။ အဆိုပါဈေးကြီးအား ပြန်လည်ပြုပြင်ပြီးစီးပါက မူလအမည်ပေါက်အတိုင်းဆိုင်ခန်းများ ပြန်လည်နေရာချထားပေးမည်ဖြစ်သည့်အပြင် ဈေးသူဈေးသားများအနေဖြင့်လည်း ပြန်လည်ရောင်းချခွင့်ရသည့်နေ့မှစ၍ ယခင်ကပေးဆောင်နေသည့် သတ်မှတ်ထားသော အခွန်အခများအတိုင်းသာ ပေးဆောင်ရန်စီစဉ်ထားသည်ဟု သိရသည်။ ယင်းအပြင် ဈေးပြင်ဆင်သည့်အတွက် မည်သည့်ငွေကြေးမျှ ပေးဆောင်ရန်မလိုအပ်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ စီစဉ်ဆောင်ရွက်ပေးသွားမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အသိပေးကြေညာချက်များကို ဗီနိုင်းများဖြင့် ဈေးကြီးတွင် ကပ်၍ ကြေညာထားမည်ဖြစ်ကြောင်း သိရသည်။