မှောင်မည်း လူ မြို့

သူရႆဝါJanuary 21, 20121min752

ရုတ်တရက် လန့်နိုး လာခဲ့သည့် အချိန်တွင် ကိုယ့်ပတ်ဝန်းကျင် တစ်ခုလုံး မှောင်မဲလျက် ရှိသည်။ ကိုယ့်မှာ မီးစုန်းများ ပါဝင်သော စားပွဲတင် နာရီ မရှိသဖြင့် ကိုယ်နိုးထ လာခဲ့သည့် အချိန်ကို အတိအကျ မသိရ သော်လည်း စိတ်၏ စေ့ဆော်မှုကြောင့် (၂)နာရီ တိတိ ဖြစ်နေကြောင်း သေချာခဲ့သည်။ အမှောင်ကို ကြည့်ရင်း မိနစ် အနည်းငယ်ခန့် ကြာသော အခါ မျက်လုံးများက အမှောင်ထဲတွင် ဝိုးတဝါး မြင်နိုင်စွမ်း ရှိလာ၏။ ကိုယ့် အနီးတဝိုက် လူများ၊ ကားများ သွားလာ လှုပ်ရှား နေကြသည်ဟု တရိပ်ရိပ် ခံစား သိရ၏။ ကိုယ့် မျက်လုံးနှင့် စိတ်အာရုံကို ဒီထက်ပို စူးစိုက် မိသည်။ မီးပွိုင့်မှာ မီးနီမိ၍ ရပ်တန့် နေသော ယာဉ်တန်းများ၊ ခရီးသည်တင် ကားများ၊ လမ်းဘေး ဝဲယာ တစ်ဝိုက် တစာစာ အော်နေ ကြသော လမ်းဘေး ဈေးသည်များ၊ လမ်းကူး နေသူများ၊ ဦးတည်ရာ တစ်ခုသို့ ရွေ့လျား သွားလာ နေကြသည့် များပြား ပြန့်ကျဲသော လူများ၊ ဝိုး…. ကိုယ် မြို့လယ်ခေါင် အစည်ကားဆုံး နေရာကို ရောက်နေ ခဲ့တာ ပါလား။

ပတ်ဝန်းကျင်မှ ကိုယ် သိဖူး မြင်ဖူးသမျှ အမှတ်အသား များကို အလိုလို ရှာဖွေ မိသည်။ နာရီစင်… မြို့လယ်ခေါင် ခရစ်ယာန် ဘုရားကျောင်း အနီးမှ နာရီစင်ကြီး ရှိသလား။ ယခုထိ ဘယ်အရာ ကိုမှ သေသေချာချာ မဆုံးဖြတ် နိုင်သေး သော်လည်း ယခု ကိုယ် ရောက်ရှိ နေရာ အရပ်သည် ကိုယ့်ကို တရင်းတနှီး နိုင်လွန်း နေသည်ဟု မသိစိတ်က သေချာနေ၏။ ကိုယ် နေ့စဉ်လိုလို သွားလာ လှုပ်ရှား နေကျ လမ်းများ၊ နေရာများ ဖြစ်သည် ဟူသော ရင်းနှီးမှု ရနံ့ကို အလိုလို ရနေသည်။ မျက်လုံးများက မြို့လယ်ခေါင် နာရီစင်ကြီး ဆီသို့ အရောက်တွင် ရှာဖွေမှု ရပ်တန့် သွား၏။ အချိန်ကို ကြည့်လိုက်တော့ ကိုယ်စိတ်ထဲ ထင်သည့် အတိုင်းပင် (၂)နာရီ တိတိ။ နေ့လည် (၂)နာရီလား၊ ညသန်းခေါင် (၂)နာရီလား။ ရှေးဟောင်း နာရီကြီး ဖြစ်သဖြင့် ဒစ်ဂျစ်တယ် နာရီများ ကဲ့သို့ နေ့၊ ည အမှတ်အသားပြ စာသား မပါရှိ။ သို့သော် နေ့လည် (၂)နာရီ ဖြစ်ကြောင်း ကိုယ်သိသည်။

ကိုယ့်အသိစိတ် စတင် လှုပ်ရှားလာသည့် အချိန်မှ စတင်၍ အဆက်မပြတ် အလုပ်လုပ် နေခဲ့သော ကိုယ့် ပင်ကိုယ်သိစိတ် အဆုံးအဖြတ်သည် ယခုထိ တစ်ချက်မျှ မမှားယွင်းသေး။ ဒါဆို နေ့လည် (၂)နာရီ အချိန်က ဘာလို့ မှောင်မည်းဝိုးဝါး ဖြစ်နေတာလဲ။ ကိုယ် အိပ်ပျော် နေရာမှ နိုးထ လာခဲ့တာ ဆိုလျှင် နေ့လည် (၂)နာရီ အချိန် ဆိုတာ မဖြစ်နိုင်။ နောက်ပြီး ကိုယ်ကရော ဘယ်နေရာမှာ စတင် အိပ်စက် ခဲ့မိပြီး ဘာကြောင့် ပုံမှန် မဟုတ်သော နေရာတစ်ခုမှာ နိုးထ လာခဲ့တာလဲ။ အမှားအယွင်း တစ်ခုခု ကိုယ့်ဆီမှာ လာကပ်ငြိ ခဲ့သလား။ ပထမ ဦးဆုံး အကြိမ်အဖြစ် ကိုယ့်ကိုယ်ကို မယုံကြည်မှုကို ခံစားရသည်။

ပတ်ဝန်းကျင်တွင် သွားလာ လှုပ်ရှား နေကြသည့် လူများ၊ ယာဉ်များ အားလုံး၏ ပြုမူ ဆောင်ရွက် ပုံများက နေ့လည် နေ့ခင်း အချိန်၏ သက်ဝင်လှုပ်ရှားမှု ပုံစံနှင့် အံဝင်ခွင်ကျ။ သူတို့ဆီက သွက်လက် တက်ကြွမှု၊ ဖျတ်လတ် နိုးကြားမှုကို ကိုယ် မြင်ရသည်။ နောက်ပြီး သူတို့ ရင်ထဲမှ တစ်ကိုယ်ရည် တစ်ကာယ အတ္တကို နာမည်တပ်၍ မရသော အရောင်တစ်မျိုး ဖုံးလွှမ်းလျက် ထွင်းဖောက် မြင်ရသည်။ အိပ်မက်လား… ကိုယ် အိပ်မက်ထဲ ရောက်နေ တာလား။ လူ၏ အတ္တကို မမြင်နိုင် မတွေ့ထိ နိုင်သော စိတ္တဇနာမ် အဖြစ် သိထားရာမှ ယခုလို အရာဝတ္ထု ပုံသဏ္ဍာန် အတိအကျ မြင်ရ သည့်အခါ ကိုယ် ခြောက်ခြား လာ၏။ ကိုယ့် အာခေါင်တွေ ခြောက်သွေ့ လာသည်။ ဦးတည်ရာမဲ့ လမ်းလျှောက် ခဲ့မိ၏။

ကြီးမား ကျယ်ဝန်းသော အဆင့်မြင့် အရောင်း ကုန်တိုက် တစ်ခု အတွင်း ကိုယ် ရောက်လာသည်။ အရောင်း ဝန်ထမ်း အမျိုးသား လူငယ်များ၊ ချောမော လှပသော အမျိုးသမီး ငယ်လေးများက သူတို့၏ ကုန်ပစ္စည်းကို ဝယ်ယူသူ များအား ချိုသာ ပြေပြစ်စွာ ရှင်းပြ နေကြသည်။ သို့သော် ပုံမှန် အနေအထား တစ်ခုနှင့် လွဲချော် နေသည်ဟု ထင်မိသည်။ ကိုယ် သေသေချာချာ အာရုံစိုက်၍ ထပ်ကြည့် လိုက်သည်။ ဘုရားရေ… သူတို့၏ ချိုသာသော စကားသံ များနှင့် ဆန့်ကျင်စွာ သူတို့၏ ပကတိ မျက်နှာများက တည်တံ့ မာကျော နေကြပါလား။ နောက်ပြီး သူတို့၏ အကြည့်များ… ထိုအကြည့် များသည် ပုံမှန် အနေအထား မဟုတ်၊ အမည်မဖော် နိုင်သော ပုံစံတစ်မျိုးဖြင့် ထူးဆန်းကာ နေ၏။ ကိုယ့်စိတ်တွေ အတော်ပင် ရှုပ်ထွေး လာသည်။ ကုန်တိုက်ကြီး၏ အပေါ်ဆုံး အထပ်သို့ မရေမရာ ကိုယ်တက်လာ ခဲ့သည်။

အပေါ်ဆုံး ထပ်ရှိ အသေးစား ရုပ်ရှင်ရုံ တစ်ခုထဲ ကိုယ် ရောက်သွား၏။ ရယ်ရွှင်ဖွယ်ရာ ရုပ်ရှင် ဇာတ်ကား တစ်ကားကို ပြသနေ လေသည်။ ရုပ်ရှင် ပိတ်ကား ထဲမှ သရုပ်ဆောင် များက ရယ်စရာ ကောင်းသော စကားများ၊ သရုပ်ဆောင် မှုများ ပြုလုပ် နေကြသည်။ သူတို့၏ မျက်နှာများ သည်လည်း ခုနက တွေ့ခဲ့သည့် သူများလိုပင် မာကျော ခက်ထန်မှု အပြည့်။ ဝေခွဲမရစွာ ရုပ်ရှင် ကြည့်နေသည့် ပရိသတ် များကို ကိုယ် ဝေ့ဝဲ ကြည့်မိသည်။ ကျယ်လောင် ရွှင်မြူးသော ရယ်သံများနှင့် ရယ်မော နေကြသည့်တိုင် သူတို့၏ အပြုံးနှင့် မျက်နှာများက တည်ငြိမ်မာထန် နေ၏။ ခုနက လိုပင် ထူးဆန်း၍ အမည် မတပ်နိုင်သော အကြည့်များ မှာလည်း တစ်ထပ်ထဲ။ စိတ်ပျက် လက်ပျက် ကိုယ် ထွက်ခွာ လာခဲ့သည်။

ရွှေရောင် ဝင်း၍ အေးမြသော စိတ်ကို ခံစားမိသည့် အချိန်တွင် ကိုယ် ဘုရား စေတီ၏ ရင်ပြင်တော် ပေါ်သို့ ရောက်နေပြီ ဖြစ်ကြောင်း သတိရသည်။ ဆည်းလည်းသံနှင့် ရင်ပြင်တော် ပေါ်မှ ခြေနင်း ကျောက်ပြား၏ အေးစက်မှုသည် စိတ်ကို ခဏတော့ ငြိမ်သွားစေ၏။ မြို့၏ တန်ခိုးကြီး စေတီတော် ဖြစ်သဖြင့် ဘုရား ရှိခိုးသူများ၊ လာရောက် ဖူးမျှော် သူများ များပြား စည်ကား နေသည်။ ခုနကနှင့် မတူသော ငြိမ်းအေးမှုကို ရ၏။ ကြည်လင် ပြတ်သားသော ဝတ်တက် ရွတ်ဖတ်သံ များကို ခပ်သဲ့သဲ့ ကြားရ သဖြင့် ထိုနေရာသို့ မှန်း၍ လျှောက်လာ ခဲ့သည်။ စေတီတော် ရင်ပြင်တွင် ထိုင်၍ ဘုရားကို ညီညာစွာ ပူဇော် ဝတ်ဖြည့် နေကြသည့် ဝတ်ရွတ်ဖတ်သူ လူနှစ်ဆယ် ခန့်ကို တွေ့ရသည်။ ချမ်းမြေ့ငြိမ်းအေး စိတ်ဖြင့် သူတို့ အနားသို့ ကိုယ် တိုးကပ် သွားမိသည်။

အား… သူတို့၏ မျက်နှာတွေ၊ သူတို့၏ မျက်နှာ များသည် ခုနက တွေ့ခဲ့ ရသည့် လူများ အတိုင်း ပါပဲလား။ ငြိမ်းချမ်း အေးမြသော အသံစီးဆင်း မှုကို ထုတ်လွှင့်သည့် ဘုရားစာ ရွတ်ဆိုသံ များနှင့် ဆန့်ကျင်စွာ သူတို့တွေ၏ မျက်နှာများ အေးခဲမာကျော နေကြသည်။ သူတို့၏ မျက်ဝန်း အကြည့်များ သည်လည်း…..။ ကိုယ် သွေးရူး သွေးတန်း ပြေးထွက် လာခဲ့သည်။ ကိုယ့် ဘေးဘီ ဝဲယာ တစ်ဝိုက် ဘုရား ရေချမ်း ကပ်နေ သူများ၊ ပုတီးစိပ် ကြသူများ၊ ဘုရားဖူး နေကြသူများ သည်လည်း သူတို့ ပြုမူ ဆောင်ရွက် နေသည့် အလုပ်များနှင့် ဆန့်ကျင်စွာ မာကျော အေးစက်သည့် မျက်နှာများနှင့်။ ကြောက်လန့်တကြား ကိုယ် ပြေးဆင်း လာခဲ့သည်။ ခြေရူးတည့်ရာ ကိုယ့်သွားလမ်း ပေါ်တွင် တွေ့သမျှ လူများ အားလုံးလည်း ဒီအတိုင်းပဲ ဖြစ်ပါလိမ့်မည်။ ကြောက်လန့် ခြောက်ခြား နေလျက်က ကိုယ် လိုက်ကြည့် မိပြန်သည်။ အမှန်ပါပဲ… လူများ အားလုံးသည် တစ်ဦးနှင့် တစ်ဦး မတူညီသော သွားလာ လှုပ်ရှား ပြောဆို မှုများကို ကိုယ်စီ ပြုလုပ် နေကြ သော်လည်း သူတို့ အားလုံး၏ မျက်နှာများ ကတော့ အားလုံး အတူတူ… မာကျောထုံကျင် အေးစက်မှု များကို တပ်ဆင်လျက်။ နောက်ပြီး ကိုယ်အခုထိ အဓိပ္ပါယ် မဖော်နိုင်သော ထူးဆန်းသည့် မျက်ဝန်း အကြည့်များနှင့်။

အကြည့်တွေ၊ မျက်လုံးတွေ၊ မျက်ဝန်းတွေ…. အဲဒါ ဘယ်လို အချင်းအရာ မျိုးပါလိမ့်။ သူတို့၏ မျက်ဝန်း မျက်သား များက ဘာဖြစ် နေတာပါလိမ့်။ ကိုယ် ကြည့်မိသည်။ သေသေချာချာ လိုက်ကြည့် မိပြန်သည်။ အိုး…. ကိုယ့် နှုတ်ခမ်းတွေ ပြတ်ထွက် သွားမတတ် ကိုက်ထား လိုက်မိ၏။ ကိုယ် အရမ်း ကြောက်လာသည်။ ကိုယ် ဖော်ဆောင် မရသော၊ ဝေခွဲ မရသော အရာများကို ချက်ချင်း သိလိုက်ပြီ။ သူတို့… သူတို့ အားလုံး၏ မျက်လုံးအိမ် အတွင်းရှိ မျက်သား များသည် ဖြူလျော် နေကြသည်။ ကြောင် ကန်း နေသော မျက်သားများ…. သူတို့ အားလုံး အမြင်အာရုံ ကန်းနေသူ များကဲ့သို့ ဒါမှ မဟုတ် အိပ်မက်ထဲတွင် အသိစိတ်မဲ့ လမ်းလျှောက် နေသကဲ့သို့ စမ်းတဝါးဝါး ပြုမူ လှုပ်ရှား နေကြတာ ပါလား။ နောက်ပြီး သူတို့ အားလုံး၏ မျက်နှာများသည် မာကျော အေးခဲ နေကြတာ ပါလား။ ဒီတစ်လောက လုံးမှာ ကိုယ်က လွဲ၍ အားလုံး စက်ဆုပ် ဖွယ်ရာ ဖြူဖွေး နေသော မျက်သား များကို ဖွင့်ချလျက် အေးခဲ သေဆုံး နေသည့် မျက်နှာများ ဖြစ်နေ ကြပါလား။

ကြောက်ရွံ့မှု၊ ခြောက်ခြားမှု၊ တုန်လှုပ်မှု၊ ပကတိ အခြေအနေကို နားလည်စွာ ဝေခွဲမရမှု… စသည့် ခံစားချက်များ ကိုယ့် မျက်နှာပေါ်တွင် ထင်ဟပ်လျက် ရှိနေပြီ ထင်သည်။ မယုံကြည်စွာဖြင့် မှန်သား တစ်ချပ် ရှေ့တွင် ကိုယ် စွန့်စား၍ ရပ်လိုက်၏။ ပြီးနောက်… ယုံကြည်မှု တစ်ခုခု ကိုယ့်ဆီမှ ကိုယ်ပြန်၍ ရလိုရငြား အားတင်း၍ ပြုံးကြည့် လိုက်သည်။ မှန်ထဲတွင် ကိုယ့်နှုတ်ခမ်း များက ပြုံးလိုက်သည့် သင်္ကေတ အဖြစ် တွန့်ကွေး၍ သွားသော်လည်း ကိုယ့်မျက်နှာ ကတော့ အေးခဲမာကျော နေခဲ့ပြီ။ သူတို့တွေ… သူတို့တွေရဲ့ မျက်နှာဟာ ကိုယ့်ဆီ ဘယ်လို ရောက်လာ တာလဲ။ ကိုယ် ဘာဖြစ် သွားခဲ့ တာလဲ။ ကိုယ်ကြောက်ရွံ့သည့် မျက်နှာက ဘာလို့ ကိုယ်ကိုယ်တိုင် ပြန်ဖြစ် နေတာလဲ။ ဒါဆို.. ဒါဆို ကိုယ့် မျက်လုံး တွေရော။ အနည်းငယ် လက်ကျန်မျှ မျှော်လင့်ချက်ဖြင့် ကိုယ့်မျက်လုံးတွေကို ပြန်ကြည့် လိုက်သည်။ ကိုယ့်မျက်ဝန်း မျက်သားများ ဖြူလျော်လျက် ရှိသည်။ ကိုယ်ရော… ကိုယ့်ပတ်ဝန်းကျင် အနီးအဝေး အားလုံးရော လှုပ်ရှား သွားလာ နေလျက်က လူသေများလို ခံစားချက် တစုံတရာ မရှိသည့် စက်ဆုပ်ဖွယ်ရာ မျက်နှာများ ဖြစ်နေခဲ့ပြီ။

“ အား …….. ”

ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့စွာ ခြောက်ခြောက်ခြားခြား အော်ဟစ် မြည်တမ်းသံ ပေါ်ထွက် လာပြီးသည့်နောက် ဖြူလျော် သေဆုံး နေသော မျက်လုံးများ၊ အေးခဲမာကျော နေသော မျက်နှာများဖြင့် ကိုယ့်ကို ဝိုင်းဝန်း ကြည့်ရှု နေကြသူ များ၏ အလယ်တွင် ကိုယ် အမှန်တကယ် လန့်နိုး လာခဲ့လေသည်။

သူရဿဝါ
ဇန်နဝါရီ ၁၆ ရက် ၊ ၂၀၁၂ ခုနှစ်
www.thurathawah.net
www.facebook.com/ThuraThawah
www.facebook.com/LiteraryArtBlog

 

2 comments

  • ဘာပြောရမှန်းကို မသိတော့ပါဘူးဗျာ
    ကျိန်းသေတာတစ်ခုကတော့
    ကိုယ့်ရုပ်ကို မှန်ထဲကို ပြန်ကြည့်မိကြောင်းပါ …
    ” အားးးးးးးးးးးးးး “

  • thit min

    January 21, 2012 at 1:52 pm

    အဇ္ဈတ္တ အသွင်တွေကိုမြင်ရတာကို ပြောလိုက်တာပါ။ လူရဲ့အတွင်း သဏ္ဌာန် တွေကိုမြင်ရတယ်။
    အဲ ဒီ သဏ္ဌာန် တွေက မြို့ကိုပုံဖော်တော့ မဲမှောင်နေတဲ့ လောကကြီးကိုဘဲ ဖြစ် ပေါ်စေပါတယ်တဲ့။
    အဝိဇ္ဇာအမှောင်ကို ဆိုလိုချင်ဟန် တူပါရဲ့။
    နောက်တော့ အဲဒီလူတွေရဲ့ “ပကတိမျက်နှာတွေ”နဲ့ ရင်ဆိုင်သွားရတယ်ပေါ့။
    တကယ်လဲ ရင်ဆိုင်နေကြရတာပါ။
    ခဏ စောင့်အုန်းနော်ဆိုတဲ့ စကားလောက်မှမပြောဘဲ အကြာကြီး
    သွေးတောင့်အောင် စောင့်စေတာ “ဘာငရဲ”အမျိုးအစားထဲ ထဲ့သင့်လဲလို့ တခါတခါတွေးမိပါရဲ့။
    မှောင်နေသော လောကကြီးက ကြောက်စရာ ကောင်သော လူသားတို့ရဲ့ အတွင်းစိတ် နဲ့
    အကျိုးဆက်ကိုသတိထားမိစေဖို့ပုံဖော်သောစာလို့ မှတ်ယူလိုက်ပါမယ်။

Leave a Reply