မြန်မာနိုင်ငံတွင် ကျင်းပသွားမည့် ရွေးကောက်ပွဲများသည် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးဆီသို့ လမ်းပွင့်စေလိမ့်မည်ဟု အာဆီယံ မျှော်လင့်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ် ဆို

klnJune 1, 20101min582

မြန်မာနိုင်ငံတွင် ကျင်းပသွားမည့် ရွေးကောက်ပွဲများသည် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးဆီသို့ လမ်းပွင့်စေလိမ့်မည်ဟု အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်က ပြောကြားခဲ့သည်ဟု သတင်းဖော်ပြချက်များအရ သိရသည်။ အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်က စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် မေလ ၂၆ရက်က ကျင်းပခဲ့သည့် (၁၈)ကြိမ်မြောက် အာဆီယံ-အီးယူ ဝန်ကြီးများ အစည်းအဝေးအပြီး ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ယင်းအစည်းအဝေးသို့ အာဆီယံနှင့် အီးယူအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ၎င်းတို့၏အမြင်များကိုလည်း ဖလှယ်ခဲ့ကြကြောင်း တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။ အာဆီယံတွင် မြန်မာ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ ကမော္ဘဒီးယား၊ လာအိုနှင့် ဗီယက်နမ်တို့ပါဝင်ပြီး အာဆီယံကို ၁၉၆ရခုနှစ် ဩဂုတ်လ ၈ရက်နေ့တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ မြန်မာနိုင်ငံတွင် လက်ရှိ၌ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့်ပါတီ ၄၂ပါတီ ရှိသွားပြီဖြစ်ပြီး နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီ ၃၁ပါတီအနက် ၂၄ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းများ ပြီးစီးပါက ရွေးကောက်ပွဲကျင်းပမည့်ရက်ကို ကြေညာသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး ကပြောကြားထားသည်။ ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရသည် ယခုနှစ်အတွင်း လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပသွားမည်ဟု ပြောကြားထားသည်။ ကျင်းပသွားမည့် ရွေးကောက်ပွဲများသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂ဝ အတွင်း ပထမဆုံး ကျင်းပသည့် ရွေးကောက်ပွဲများ ဖြစ်ကြောင်း သိရသည်။

2 comments

  • လင်းဝေကျော်

    June 1, 2010 at 8:24 am

    သံတမန်တစ်ယောက်အနေနဲ့ တရားဝင်ပြောရတာကတော့ အကောင်းမြင်ဘက်ကပဲပြောရမှာပေါ့။
    အကောင်းဘက်ကို ပို့ပေးတဲ့စကားကတော့ ဘာပဲဖြစ်ဖြစ် ပြောနေတာပါပဲ။ ဖြစ်မဖြစ်ကတော့ သူ့တာဝန်လဲမဟုတ်သလို
    သူ့အကျိုးလဲ တိုက်ရိုက်မဟုတ်ဘူးလေ။

  • zarny

    August 10, 2010 at 12:58 pm

    တရား မျှတပါစေ ဆုတောင်းပါတယ်

Leave a Reply