ပညာစီးပွါးသောင်းကျန်းသူနှင့် ပညာမဲ့ကြပ်မတ်သူ များ

လင်းဝေJune 1, 20101min661

ပုဂ္ဂလိက ပညာသင်ကျောင်းများ ဖွင့်ခွင့်ပြုမယ် အသံကြားတော့ လက်ရှိ ပညာရေးစနစ် ကို အားမရတဲ့ကျောင်းသားလူငယ်တွေရဲ့မိဘတွေ ခမျာ မမျှော်လင့် ရဲစွာနဲ့ မျှော်လင့်မိကြပါတယ်။ တကယ်ကို စည်းကမ်းကောင်းကောင်း သင်ကြားမှုကောင်းကောင်းနဲ့ ပညာကို တကယ်ပဲပေးနိုင်တော့မလား ၊ ကလေးတွေ ရဲ့အချိန်တွေကို အများကြီးမသုံးပဲ ပညာအဆီအနှစ်နဲ့ စဉ်းစားနိုင်မှုကို ကလေးတွေ ရတော့မလားရယ်လို့ ဝေဝေဝါးဝါးကြားရတဲ့ ပုဂ္ဂလိက ကျောင်းဥပဒေ နည်းလမ်းတွေကို သိလိုစိတ် ပြင်းပြကြပါတယ်။ ဒီနေ့ ခေတ်မှာ မြန်မာပြည်ထဲ လွပ်လပ်ရေး ရနေပေမယ့် ပညာသင်ကြားရေးမှာ တော့ ကျွန်ခေတ်က လို အင်္ဂလိပ်ကျောင်းထားသလား မြန်မာကျောင်းထားသလား ရယ်လို့ မေးခွန်းပြန်မေးတဲ့ အသုံး ခေတ်ထနေချိန်ပါ။ အင်္ဂလိပ်ကျောင်းလို့ အလွယ် ဝိသေသပြုကြတဲ့ကျောင်းဆိုတာတွေက မြန်မာစာ မသင်၊ မြန်မာ့သမိုင်းမသင်၊ မြန်မာ့ပထဝီမသင်တဲ့ ပုဂ္ဂလိကပိုင် Education Center, YIEC, PIEC, ILBC စသည်ဖြင့် ကျောင်းများ ( အချို့သောကျောင်းများက ကုလားပိုင်ကျောင်းများ )။ အဲဒီကျောင်းတွေက စကာင်္ပူ သင်ရိုးအတိုင်းသင်သည်တို့ ဘာတို့လုပ်ကြပါတယ်။ နောက်မြန်မာကျောင်းဆိုတာကတော့ အစိုးရကဖွင့်တဲ့ကျောင်းများပါ။ သူတို့ကတော့ မြန်မာစာသင်၊မြန်မာ့သမိုင်းသင်၊မြန်မာ့ပထဝီ သင်ပေးပါတယ်။(တတ်တာမတတ်တာကတော့ စာသင်သားတွေ ကုသိုလ်နဲ့ ရှေးဘဝပါရမီပါပဲ)။ ဒီလိုကျောင်းအမျိုးအစားအဓိက ကွဲတာ နှစ်မျိုးရှိပါတယ်။ အင်္ဂလိပ်ကျောင်းတွေထားရင် မြန်မာစာကောင်းကောင်းမတတ်ပဲ မြန်မာပြည်အကြောင်းသေချာမသိ။ မြန်မာ့ယဉ်ကျေးမှုကိုနားမလည်ပဲ ကုလားသံလိုလို စကာင်္ပူသံလိုလို အင်္ဂလိပ်သံဝဲဝဲပဲပြောတတ်တော့တယ်။နောက်တစ်ခါ ဒီကျောင်းတွေက အစိုးရ အသိအမှတ်ပြုတာတော့လည်းမဟုတ်ပြန်။ ဒီကျောင်းတွေက ဘယ်အတန်းအောင်အောင် မြန်မာပြည်မှာ ဘာမှလုပ်မရ။(တကယ်တော့လည်း ဘာမှလုပ်စရာကိုမရှိတာပါ)။ မြန်မာကျောင်းထားပြန်တော့ ဘာသိလဲမေးရင် ဘာမှကိုမသိတာ။ ကျူရှင်လည်း တစ်နေကုန်တက်ရ ကလေးတွေကလည်း ဆရာမကို ဟိုဟာပေးရ ဒီဟာပေးရ နဲ့ ဖားနည်းသင်တန်းမတက်ရပဲတက်လာတယ်။ ဒီလို အကြမ်းဖျင်း ဖြစ်ပျက်နေတဲ့ အနေအထားမှာ ပုဂ္ဂလိကျောင်းတွေ ဖွင့်ခွင့်ပေးမယ်ဆိုတော့ မျှော်လင့်မိကြတာပေါ့။ အစိုးရကလည်းအသိအမှတ်ပြုမယ်၊ သင်ရိုးညွှန်းတမ်းတွေကိုလည်း ပညာရေးဌာနကကြပ်မတ်ပြီး မြန်မာ့လူ့အဖွဲ့အစည်း ရဲ့ပြောင်းလဲတိုးတက်မှုကို အထောက်အပံ့ပေးနိုင်မယ့် လူငယ်တွေ မျိုးဆက်တွေ မွေးထုတ်ပေးမယ့် ပညာရေးလာချေပြီပေါ့။ ဒီလိုနဲ့ မျှော်လင့်တုန်းမှာ စာစောင်တွေထဲရေးသားချက်ကို စပြီး သတိပြုမိကြတာကတော့ “ ပုဂ္ဂလိက ပညာသင်ကျောင်းများကို စစ်တိုင်းများက စီစစ်ကြပ်မတ် ၍ ခွင့်ပြုမည် ” ဆိုတာကိုပါပဲ။ အင်းလေ လုံခြုံရေးအရ စီစစ်ဖို့ စဉ်းစားလို့နေမှာပေါ့လေ။ သူတို့ စီစစ်ပြီးရင် ပညာရေးဌာန က ကြပ်မတ်မှာပဲ၊ ကျောင်းတစ်ကျောင်းမှာ ရှိသင့်တဲ့ ဂုဏ်အင်္ဂါရပ်တွေပြည့်စုံရဲ့လား။ကျောင်းပရဝုဏ်ကျယ်ဝန်းပြီး ကျောင်းသားတွေ ကစားခုန်စားပြုဖို့ကော လုံလောက်လား စတာစတာတွေ စစ်ဆေးပြီးမှ ခွင့်ပြုမယ်ထင်ပြီး စောင့်စားခဲ့ကြတယ်။ တကယ်တမ်းမှာတော့ မြန်မာပြည်မှာ ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့ ကျောင်းသားမိဘတွေကို နှစ်စဉ် ညာစားလို့ ကလေးတွေကို နည်းလမ်းမမှန်စွာ သင်ကြား မောင်းနှင်နေတဲ့ ဘော်ဒါ ထောင်စားသူများ အတွက် သာ ထိုဘော်ဒါဆောင်များကို အတည်ပေါက် မျက်နှာပြောင်စွာနဲ့ “ပုဂ္ဂလိက အထက်တန်းကျောင်း” ဆိုကာ ဆိုင်းဘုတ်ပြောင်းချိတ်ခွင့်ပြုလိုက်ခြင်းသာဖြစ်ပါတယ်။ ဟုတ်ပါလိမ့်မယ် ဆိုင်းဘုတ်ပြောင်းချိတ်လိုက်တာလို့မပြောပါနဲ့ ကုန်လိုက်တဲ့ပိုက်ဆံ ဒီလို ဆိုင်းဘုတ်ပြောင်းချိတ်ခွင့်လို့ သူတို့ကပြောလာနိုင်ပါတယ်။ ဒီလိုပိုက်ဆံတွေ ကုန်အောင် ဘယ်လိုအပေးအယူလုပ်ရသလဲ တကယ်တော့ မိဘတွေက စိတ်မဝင်စားပါဘူး။ သူတို့သားသမီးတွေကိုသာ မှန်ကန်သောပညာရေးစနစ်နဲ့ သင်ကြားခွင့်ရစေချင်တာပါ။ နောက်တစ်ခုကတော့ ကလေးကျောင်းစားရိတ်ကို လူကြီးတွေ ခွဲမယူစေချင်တာတော့ ပါပေမပေါ့။ လက်ရှိ ဈေးကွက်အနေအထားအရ ဆိုရရင် ပညာသင်စားရိတ်ဟာ မြန်မာပြည်မှာ အလွန်ကို ကြီးမားလာနေပါပြီ။ အစိုးရကျောင်းတွေထားပြန်တော့လည်း သိပ်သက်သာတာမဟုတ်( ကလေးကို တတ်စေချင်ရင် ကြိုးစားခိုင်းရတဲ့စားရိတ်က မသေးလှပါ၊ ကလေးကလည်း အချိန်တွေအကုန်တော်တော်ခံရပါတယ်။ တတ်မလား မတတ်မလားတော့ မသိရ ) ။ အပြင်ကျောင်းတွေကြပြန်တော့ သာမန်လူတန်းစားအတွက် ကဘယ်လိုမှ မဖြစ်နိုင်။ ဒီဟာက ဘာကို ဦးတည်နေသလဲဆိုတော့ လူတန်းစားကွာခြားချက်ပိုမိုကြီးမားလာမှာကိုပါ။ နောက်တစ်ချက်က တော့ အင်္ဂလိပ်ကျောင်းလို့ အလွယ်ခေါ်တဲ့ GCE A Level ဖြေမယ့်ကလေးတွေက အစိုးရအလုပ်မလုပ်တော့မှာကိုပါ။ ဒီလိုဆိုရင် အစိုးရ ဌာနတွေက ဝန်ထမ်းတွေက ညံ့ပြီး အပြင်လူတန်းစားက တော်နေတဲ့ လက်ရှိအခြေအနေက ပိုပြီး ကြီးထွားလာမှာပြီး အစိုးရယန္တယားလည်ပတ်မှုဟာ ပိုမို ညံ့ဖျင်းသထက်ဖျင်းလာမှာ ဖြစ်ပြီး ဂျာအေးကို သူ့အမေက ရိုက်လို့ မရပ်နိုင် ဖြစ်မှာဖြစ်ကြောင်း စိုးရိမ်မိစွာနဲ့ အများသူငါ စဉ်းစားဖို့ မြင်မိတာလေး တင်ပြပါရစေ။

One comment

  • thawhtutwin

    June 1, 2010 at 9:18 am

    Good article . Government should think about it carefully , because education is future of our nation .

Leave a Reply