ငါးတွေလည်း နားညီးကုန်ကြပြီ

yannaingechJune 1, 20101min410

ဘီဘီစီသတင်းမှာ ဖတ်မိတာလေးတစ်ခုပါ။ လူတွေကြောင့် ဖြစ်လာတဲ့ဆူညံသံတွေဟာ ငါးတွေကို ခြိမ်းခြောက်လာနေပြီလို့ဆိုပါတယ်။

ကမ်းလွန်ရေနံတူးရာကနေ ထွက်လာတဲ့အသံတွေ၊ ဆိုနာ၊ လှေသင်္ဘောတွေက ထွက်လာတဲ့အသံတွေရဲ့ ငါးတွေအပေါ်သက်ရောက်မှုတွေကို သိပ္ပံပညာရှင် တွေက လေ့လာခဲ့ကြပါတယ်။ တိတ်ဆိတ်တဲ့ရေအောက်ကမ္ဘာမှာ နေကြတယ်ဆိုပေမယ့် ငါးတွေဟာ အသံတွေကို ကောင်းစွာကြားနိုင်ပြီး အသံတွေဟာ ငါးတွေရဲ့ ဘဝမှာ အရေးပါတဲ့ကဏ္ဍက ပါဝင်ပါတယ်။

ယနေ့အထိလေ့လာပြီးသမျှ ငါးတွေအားလုံးဟာ အသံတွေကို ကြားနိုင်ပါတယ်။ အချို့ငါးတွေက အတွင်းနား (inner ear) နဲ့ ကြားရပြီး အချို့ငါးတွေကတော့ သူတို့ ခန္ဓာကိုယ်ဘေးတလျှောက်မှာရှိတဲ့ဘေးလိုင်း (lateral line) တွေကနေ အသံတွေကို ကြားရပါတယ်။ ကြားနိုင်စွမ်းတွေကတော့ ငါးအမျိုးအစား အပေါ်လိုက်ပြီး ကွာခြားတာကိုတွေ့ရပါတယ်။ ယေဘုယျအားဖြင့် ငါးတွေဟာ အသံလှိုင်း ၃ဝ ဟာဇ် ကနေ ၁၀၀ဝ ဟာဇ်အထိကို အကောင်းဆုံးကြားနိုင်ကြပါတယ်။ အချို့ငါးတွေမှာတော့ ၃၀၀ဝနဲ့၅၀၀ဝဟာဇ်ကြား အသံတွေကို ကြားတယ်လို့ဆိုပါတယ်။

ငါးတွေဟာ နယ်မြေလုတဲ့အခါ၊ အစားအစာလုတဲ့အခါ၊ဒါမှမဟုတ် ဥဥတဲ့အခါ၊ အခြားအသားစားသတ္တဝါတွေရဲ့ တိုက်ခိုက်မှုကို ခံရတဲ့အခါမျိုးတွေမှာ အသံလှိုင်းတွေကို ထုတ်လွှတ်တတ်ကြပါတယ်။ မျိုးရင်း ၁၀၉ခုက ငါးမျိုးစိတ် ၈၀ဝ ကျော်ဟာ ၅၀ဝ ဟာဇ်ထက်နိမ့်တဲ့ လှိုင်းနဲ့ အသံတွေကို ထုတ်လွှတ်နိုင်ကြတာကိုတွေ့ရပါတယ်။

ဆူညံသံတွေဟာ ငါးတွေကို မိတ်လိုက်ဖက်ရှာရာမှာ၊ အကောင်းဆုံးဥဥစရာနေရာရှာရာတွေမှာ အနှောင့်အယှက်ပြုတဲ့အတွက် ငါးတွေရဲ့ မျိုးပွားမှုကို ထိခိုက်စေပါတယ်။ ဒါအပြင် ဆူညံသံတွေကြောင့် ငါးအချင်းချင်း အသံပေးဆက်သွယ်မှုကို ထိခိုက်စေပြီး မိမိတို့ရဲ့ သားကောင်ဆီက အသံတွေကို မကြားနိုင်တာ၊ မိမိတို့ဆီကိုလာနေတဲ့ အခြား အသားစားသတ္တဝါတွေရဲ့အသံကို မကြားရတာတွေဖြစ်စေပါတယ်။ ဆူညံသံတွေဟာ ငါးတွေရဲ့ ပျံ့နှံ့နေထိုင်မှု၊ မျိုးပွားမှု၊ အပြန်အလှန် ဆက်သွယ်မှုနဲ့ အန္တရာယ်ကိုရှောင်ရှားနိုင်မှုတို့အပေါ် ထိခိုက်စေပါတယ်။

လေထဲကအသံတွေကိုသာ နားထောင်နေတဲ့ လူသားတွေကတော့ ရေအောက်ကဆူညံသံတွေကို မျက်ကွယ်ပြုနေကြဆဲပါ။