Pooch ပြချင်တာလေး နမူနာ တင်ပေးလိုက်ပါတယ်။

သီချင်းလေးတစ်ပုဒ်ကို ကြားဖူးကြပါလိမ့်မယ်။
မိန်းကလေးလက်ရေးသီရင် ခွင့်လွှတ်စေချင်တဲ့။

သူ့ချစ်သူကို ပေးတဲ့ မေတ္တာစာလေးမှာ သူ့ရဲ့ လက်ရေး ကသီကရီလေးကို အပြစ်မမြင်စေချင်ပါဘူးလို့ တောင်းပန်ထားတဲ့ သီချင်းကလေးပါ။

လက်ရေးကနေ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားကို အကဲခတ်လို့ရတယ်ဆိုတဲ့ ပညာရှင်တွေလည်းရှိပါရဲ့။

ကျွန်မပြောချင်တဲ့ လက်ရေးကတော့ အဲဒီလို ချစ်ခြင်းမေတ္တာနဲ့ စိတ်နေစိတ်ထားအကြောင်းတွေ မဟုတ်ရပါဘူး။

ကိုယ်ရေးလိုက်တဲ့ စာဟာ လှတာမလှတာထက် ဖတ်ရှုသူရဲ့ သဘောပေါက် နားလည်မှုရရှိဖို့ အဓိကလို့ပြောချင်ပါတယ်။

လက်ရေးမလှလို့ စာမေးပွဲ တစ်ခုမှာ ကျွန်မဆုမရခဲ့တဲ့ အဖြစ်လည်းကြုံခဲ့ဖူးပါတယ်။

ဒီနေရာမှာ ကာတွန်းတွေနဲ့တောင် လှောင်ပြောင်ခံရတဲ့
ဆရာဝန်လက်ရေးပီသဖို့ သူများ ဖတ်မရအောင်ကျင့်ရေးနေတယ်” ဆိုတာလေးနဲ့ ပတ်သက်ပြီးပြောချင်ပါတယ်။

ဆေးကျောင်းသားတွေ လက်ရေးဆိုးရတာ အကြောင်းရှိပါတယ်၊

ကျောင်းသားတွေ ဆယ်တန်း(ကျွန်မတို့ကတော့ Regional college ) အထိ ဖတ်စာအုပ်တွေ အဆင်သင့်နဲ့ မြန်မာလို တစ်ပိုင်း စာသင်လာရရာကနေ

ဆေးကျောင်းစတက်ခါစမှာ Lecture ကို အင်္ဂလိပ်လိုချည်း သက်သက်စသင်ရတာက တစ်ကြောင်း

၊ဖတ်စာအုပ်တွေက လုံလုံလောက်လောက်မရှိ(photocopier တွေလည်း မပေါ်သေးတဲ့ခေတ်)

handout တွေတောင် မပေါများသေး

၊ဆေးကျောင်းကျူရှင်ဆိုတာ ရှားရှားပါးပါးဆိုတဲ့ သမိုင်းမတင်မီခေတ် ဖြစ်တာကတစ်ကြောင်း ဆိုတော့

ဆရာတွေ သင်တဲ့ Lecture ကို အသည်းအသန် လက်ရေးတိုတွေနဲ့ လိုက်ရေးကြရပါတယ်။

အားလပ်ချိန်တွေမှာ တစ်ယောက်နဲ့တစ်ယောက် တိုက်ပွဲတွေ၊အပေါက်ဖါပွဲတွေ လုပ်ကြရပါတယ်

။အဲဒီတော့ ကျွန်မတို့ ဆရာဝန်တွေ လက်ရေးဆိုးရတာ မဆန်းပါဘူးလို့ရှေ့နေလိုက်ချင်ပါတယ်။

(ခုခေတ် ဆေးကျောင်းသားတွေကတော့ အစစအရာရာ photocopy,printer,internet ဆိုတာတွေ ပေါပေါများများရနိုင်တဲ့ ခေတ်ကြီးဆိုတော့

ကျွန်မတို့ ဆေးကျောင်းသားဘ၀ကနဲ့ မတူတော့ဘူးပေါ့နော။ကျွန်မတို့ထက် လက်ရေးပိုလှကြမှာပေါ့
)
ဆရာဝန်တိုင်းတော့ လက်ရေးဆိုးတာမဟုတ်ရပါဘူး။

လက်ရေးအလွန်လှသော ဆရာမကြီး ဒေါက်တာဒေါ်နှင်းရီ(ပါမောက္ခ သမားတော်ကြီး)

၊ဆရာကြီး ဒေါက်တာဦးကြည်စိုး(ပါမောက္ခ ခွဲစိတ်ဆရာဝန်ကြီး)၊

ဒေါက်တာဒေါ်ခေမာရီ(သမားတော်ကြီး) တို့ရဲ့ လက်ရေးကတော့ အလွန်နှစ်ရာလောက် ရှင်းလင်းသပ်ရပ်သန့်ရှင်းလို့ လေးစားဖွယ်ဖြစ်ပါတယ် ။

ဆရာဝန်လက်ရေးဖတ်မရလို့ ပြဿနာဖြစ်ရတဲ့ ဇာတ်လမ်းတွေကတော့ အစုံကြားဖူးကြပါလိမ့်မယ်။

မကြာမတင်ကမှ ဖြစ်ခဲ့တဲ့ ကိုယ်တွေ့လေးတစ်ခု ကြုံတုန်းပြောပြချင်ပါတယ်။

ကျွန်မနဲ့ အလွန်ခင်မင်တဲ့ မိတ်ဆွေတစ်ယောက် ကျန်းကျန်းမာမာရှိရာကနေ လွန်ခဲ့တဲ့ ၃လလောက်က ရောဂါတစ်ခု မမျှော်လင့်ပဲ ဖြစ်လို့ ဆေးရုံတက်အထူးကုတွေနဲ့ ပြလိုက်ရပါတယ်။

အဲဒီရောဂါအတွက် သောက်ရမယ့်ဆေးတွေဟာ အားဆေးမပါ ၁၀ မျိုးတောင်ရှိပါတယ်။

သောက်ရမယ့်အချိန်တွေကလည်း မနက်အိပ်ရာထအစာမစားမီ ၊မနက်စောစာ စားပြီး

၊နေ့လည်စာစားပြီး ၊ညနေစောင်းညစာစားပြီး ၊ည အိပ်ရာဝင်ခါနီး အမျိုးမျိုးပါပဲ။

နှစ်လုံး၊တစ်လုံး၊တစ်ခြမ်း၊တစ်တောင့် သောက်ရမယ့် ဆေးချိန်ကလည်း အမျိုးမျိုးပါ။

အဲဒီဆေးညွှန်းတွေပါတဲ့ ဆေးစာအုပ်ကို ကျွန်မကို အားကိုးတကြီးနဲ့လာပြပါတယ်။

ဆေးခန်းမှာပဲ ဆေးစာအုပ်ပြပြီး ၀ယ်လိုက်ရင်တော့ တစ်ခါတည်း ဆေးကဒ်တွေမှာ သောက်ရမယ့် အချိန်နဲ့ အရေအတွက်ရေးပေးမှာဖြစ်ပေမယ့်

ဈေးနည်းနည်းနည်းကြီးတော့ ကုန်ကျစားရိတ်သက်သာအောင် အပြင်ဆေးဆိုင်က ၀ယ်ဖို့လည်းရည်ရွယ်ပါတယ်။

ကျွန်မက သူ့ရဲ့ စာအုပ်ကြည့်ပြီး စာရွက်လေးတစ်ရွက်နဲ့ ဆေးနာမည်၊သောက်ရမယ့် အချိန်တွေ ဇယားလေးဆွဲပေးလိုက်ပါတယ်။

အဲဒီလို ရေးပေးရာမှာ အထူးကုရဲ့လက်ရေးက သိပ်အဆိုးကြီးမဟုတ်ပေမယ့် Aldactone ,Vasteral MR,Digoxin, …,

နောက် ဆေးနာမည်တစ်ခုကို ဖတ်အပြီး ကျွန်မ ဇဝေဇ၀ါဖြစ်သွားပါတယ်။

ဖတ်လိုက်တော့ Paradenk ½ OD တဲ့၊ဒီလူနာကို ဘာလို့ ပါရာစီတမောတိုက်ပါလိမ့်လို့တွေးမိပါတယ်၊

ကိုက်တာခဲတာတွေရှိလို့လားလို့ သူ့ကိုမေးတော့လည်းမရှိပါဘူးတဲ့

၊အင်း အရည်ပျော်ဦးနှောက် ကျွန်မ မသိသေးတဲ့ ဆေးပညာအသစ်တွေလားလို့တွေးပြီး မြင်တဲ့အတိုင်းချရေးပေးလိုက်ပါတယ်။

ဒီလူနာက နောက်နှစ်ပတ် ရက်ချိန်းမှာ ကျွန်မရေးပေးတဲ့ ဇယားလေးကို အထူးကုကို ပြလိုက်ပါသေးတယ်။

ဖတ်ကြည့်ပြီး ဒီလိုရေးပြီးသောက်တာကောင်းပါတယ်တဲ။့

ဒီလိုနဲ့ နှစ်ပတ်ခြား ပြန်ပြရာကနေ တစ်လခြားပြရပါတယ်၊

ကျန်းမာရေးလည်းပိုကောင်းလာလို့ ၃လမြောက်မှာ ဆေးအချို့လျှော့ပေးပါတယ်

။ဆေးအပြောင်းအလဲ အသစ်ရေးပေးတဲ့ စာကို ဖတ်ရင်းကျွန်မ မျက်လုံးပြူးရပါတယ်

၊လွန်ခဲ့တဲ့ ၃လ ကတည်းက ကျွန်မရေးပေးထားတဲ့ Paradenk ဆိုတာက Furadenk ဆိုပါလား

ဘုရားဘုရားကျွန်မ လူတစ်ယောက်ကိုး တိုက်ရမယ့်ဆေးမတိုက်ပဲ မတိုက်ရမယ့် ဆေးကို ၃လ လုံးလုံး တိုက်ခဲ့မိပါပေါ့လား။

Paradenk ဆိုတာ အကိုက်အခဲပျောက် ပါရာစီတမောပါ Paracetamol၊

Furadenkဆိုတာ Lasix လို့လည်းခေါ်တဲ့ Furocemide ဆီးဆေးပါ၊

Fu ဆိုတာအစားလက်ရေးဆက်နေတော့ Pa လို့ဖတ်လိုက်မိတာပါပဲ။

Aldactoneဆိုတဲ့ ဆီးဆေးလည်းပေးထားပြီးသားဆိုတော့

အရည်ပျော်ဦးနှောက်ပိုင်ရှင် ကျွန်မက ဆီးဆေးထပ်ပေးတယ်မထင်မိပါဘူး

၊Trade name တွေ အကြားအမြင်နည်းတဲ့ ကျွန်မ အပြစ် အဓိကပါပါတယ်။

အော် ဒီဆီးဆေးမပါပဲလည်း ကျွန်မမိတ်ဆွေ လူနာက ကောင်းလာလို့တော်ပါသေးရဲ့၊

တခါ ပါရာစီတမောက များများသောက်ရင် အသည်းကို ထိခိုက်စေပါတယ်

။ဒါကို ၃လ ဆက်တိုက်သောက်လိုက်ရတဲ့ ကျွန်မမိတ်ဆွေအပေါ်လည်း တော်တော်ကို အားနာသွားမိပါတယ်။

သူဘာမှ မဖြစ်တာ ဒုတိယမ္ပိ တော်ပါသေးရဲ့။ dose နည်းလို့လည်းပါမှာပေါ့။

အခြားသော အသက်အန္တရာယ်ဖြစ်စေတဲ့ မှားယွင်းမှုတွေလည်း ရှိခဲ့မှာပါ။

ဒီလို အဖြစ်တွေ မဖြစ်အောင် ဘယ်လိုလုပ်ကြရပါ့မလဲ။

တချို့ ဆရာဝန်တွေက ဆေးဝယ်ပြီးရင် ပြန်ပြခိုင်းတတ်တယ်။ဒါလည်းနှစ်ဦးနှစ်ဖက်အချိန်ကုန်စေပါတယ်။

တချို့ကတော့ ဆရာဝန့်လက်ရေးမှတ်မိလောက်တဲ့ ဒီဆေးခန်းမှာပဲ ဆေးကိုအကုန်ဝယ်

၊ဒါမှမဟုတ် တစ်ရက်စာ တစ်ပတ်စာဝယ်၊ပြီးမှ အလားတူ ဆေးကို အခြားဈေးသက်သာရာဆိုင်မှာရှာဝယ်ကြပါတယ်။

ကျွန်မရဲ့ စိတ်ကူးကတော့ ကျွန်မတို့တွေ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ၊အရေးကြီးတဲ့ စာရွက်စာတမ်းတွေ အင်္ဂလိပ်လို ဖြည့်ရတဲ့အခါ

(သံရုံး VisaForm လိုမျိုး) PRINT LETTER နဲ့ ဖြည့်ပါလို့ပါပါတယ်။

Capital Letter (Upper case) ကို သုံးခိုင်းတာပါပဲ။

အဲဒီလိုပဲ ဆရာဝန်များကလည်း ဆေးညွှန်းကို Capital Letter နဲ့ရေးပေးတဲ့ အကျင့်လေးမွေးယူကြမယ်ဆိုရင်

ကျွန်မတို့တွေ လက်ရေးဆိုးတဲ့ ကာတွန်းဇာတ်လိုက်အဖြစ်ကနေ လွတ်လမ်းမြင်ပြီပေါ့။

မာမီကြီးခေါ်တဲ့ ဒေါက်တာဒေါ်မြင့်မြင့်ခင်လည်း ဒီကိစ္စ တိုက်တွန်းစာရေးဖူးပါတယ်။

မိန်းကလေးလက်ရေးသီတာ သူ့ချစ်သူနားလည်ပေးနိုင်ပေမယ့်

ဆရာဝန်လက်ရေးသီလို့ လူနာ ဆေးမှားမိရင် ခုခေတ် မီဒီယာတွေ တံတွေးခွက်ထဲ လက်ပစ်လေးကူးနေရပါ့မယ်။

(ဘာမဆို ကွန်ပျူတာနဲ့ပဲ အလုပ်လုပ်တဲ့ မြန်မာ့လူ့ဘောင်သစ်ကြီးထဲ ရောက်သွားနိုင်ရင်တော့ ဒီအဖြစ်တွေ မစိုးရိမ်ရတော့ဘူးပေါ့နော်။)

အခြားအခြားသော အင်္ဂလိပ်စာအရေးနဲ့ ပတ်သက်တဲ့ ကဏ္ဍတိုင်းမှာလည်း Print Letter သုံးကြရင် နားလည်မှု မှားယွင်းလို့ ချွတ်ချော်တာတွေ အတန်အသင့် ပပျောက်သွားမယ်လို့ မျှော်လင့်မိပါတယ်။

ရွာသူရွာသားတွေကော ဒီလို အဖြစ်မျိုးများကြုံဖူးကြပါသလား၊

အခြားဘယ်လို နည်းလမ်းတွေနဲ့များ ဖြေရှင်းကြပါသလဲလို့ သိချင်ပါတယ်။

ကိုသစ်စကားငှားသုံးရရင် လက်ရေး ဆီမီနာပေါ့။

အကြံပေးကြပါအုံးလို့ ဖိတ်ခေါ်ပါတယ်။

padonmar

About padonmar

has written 222 post in this Website..

THAKHIN CJ #12112010 (5/2/16)