ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်အချို့တွင် ဒီဂျစ်တယ်ဆီပန့်သုံး ကွန်ပျူတာစနစ်ဖြင့် ရောင်းချမည်

introJune 1, 20101min410

ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုထားသည့် စက်သုံးဆီဆိုင်အချို့တွင် လက်ရှိသုံးစွဲလျက်ရှိသည့်ဆီပန့်များအစား ဒီဂျစ်တယ်ပန့်များကို အစားထိုးတပ်ဆင်ပြီး ဆီရောင်းချမှုကိုလည်း ကွန်ပျူတာစနစ်ဖြင့် လုပ်ဆောင်မည်ဖြစ်ကြောင်း ထိုပန့်များကို တင်သွင်းရောင်းချပေးသည့် International Marine Services Co.,Ltd အုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်ဟိန်းက မေလ ၂၁ ရက်တွင် ပြောကြားသည်။ အဆိုပါ ဒီဂျစ်တယ်ဆီပန့်များသည် သတ်မှတ်ပေးထားသော စက်သုံးဆီရောင်းဈေးအတိုင်း ဝယ်ယူသူထည့်လိုသည့် ဆီပမာဏကို တိကျစွာထည့်ပေးနိုင်မည့်ပန့်များဖြစ်ကာ လက်ရှိတွင် ထိုပန့်များကို ကုမ္ပဏီသုံးခုမှ လုပ်ကိုင်ဆောင်ရွက်မည့် စက်သုံးဆီဆိုင်ပေါင်း ၂ဝ တွင် ပြောင်းလဲတပ်ဆင်ရန် သဘောတူညီမှုရရှိပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။ “ဒီဂျစ်တယ်ပန့်တွေကိုတော့ ကုမ္ပဏီတော်တော်များများက စိတ်ဝင်စားကြတယ်။ သုံးစွဲမယ့်ကုမ္ပဏီတွေကလည်း လက်ရှိပန့်တွေနေရာမှာ ဒီပန့်တွေကို အမြန်ဆုံးပြောင်းလဲတပ်ဆင်သွားဖို့ရှိပါတယ်” ဟု ၎င်းကပြောသည်။ ထို့ပြင် စက်သုံးဆီရောင်းချပေးရာတွင် လက်ရှိကျင့်သုံးလျက်ရှိသည့်ပုံစံအစား ကွန်ပျူတာဖြင့် ကျသင့်ငွေဘောက်ချာထုတ်ပေးသည့်စနစ်ကို ပြောင်းလဲကျင်သုံးမည်ဖြစ်ကြောင်းဆိုသည်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်များအနေဖြင့် ဝယ်ယူသူများကို ဝန်ဆောင်မှုပေးရာတွင် ပိုမိုအဆင်ပြေကောင်းမွန်ရေးအတွက် ထိုဒီဂျစ်တယ်ဆီပန့်များကို အစားထိုးတပ်ဆင်ခြင်းဖြစ်ပြီး လက်ရှိသုံးစွဲလျက်ရှိသည့်စနစ်များနှင့် ကိုက်ညီမှုရှိစေရန် ဆောင်ရွက်ထားကြောင်း သိရသည်။ ပြောင်းလဲတပ်ဆင်မည့် ဒီဂျစ်တယ်ဆီပန့်များမှာ ဂျပန်နိုင်ငံလုပ် Tatsuno တံဆိပ်ပန့်များဖြစ်ပြီး ထိုင်းနိုင်ငံမှတစ်ဆင့် တင်သွင်းခြင်းဖြစ်ကြောင်း၊ ပန့်တစ်ခု၏တန်ဖိုးမှာ ကျပ်သိန်း ၇၀-၈ဝ ဝန်းကျင်ဖြစ်ပြီး မော်ဒယ်နှင့် လုပ်ဆောင်ချက်ပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုရှိကြောင်း ဆိုသည်။ ထိုဒီဂျစ်တယ်ဆီပန့်များကို ပြောင်းလဲတပ်ဆင်ခြင်းအားဖြင့် စက်သုံးဆီလျော့နည်း၍ အလေအလွင့်ဖြစ်ခြင်းများကို သက်သာစေမည်ဖြစ်ကြောင်း၊ သို့ရာတွင် မီးအားမပြည့်ပါက စက်မလည်ပတ်နိုင်သည့် အားနည်းချက်ရှိကြောင်း သိရသည်။

Ref: Internet Journal