အရိယာဟုတ်မဟုတ် အပြင်သဏ္ဍာန်ကြည့် ဆုံးဖြတ်နိုင်ပါသလား

မေး။ ။ အရှင်ဘုရား တပည့်တော်တို့သာမန်လူများအနေနဲ့ ရဟန္တာစတဲ့အရိယာပုဂ္ဂိုလ်တွေ ကို ပြင်ပန်းသဏ္ဍာန်ကြည့်ပြီး ဟုတ်မဟုတ် ဆုံးဖြတ်နိုင်ပါမလားဘုရား။ နောက်ပြီး စကားပြောဆိုပုံကိုကြည့်ပြီး ဒီပုဂ္ဂိုလ်ဟာ အရိယာဟုတ်မဟုတ်ကို ဆုံးဖြတ်လို့ရနိုင်လားဘုရား။ ယခုခေတ်လူတွေ ဘယ်လိုကြည့်ပြီး တစ်စုံတစ်ယောက်ကို အရိယာပုဂ္ဂိုလ်လို့သမုတ်ကြလဲဆိုတာ သိချင်လို့ပါဘုရား။ အရှင်ဘုရား အဆင်ပြေတဲ့ချိန် စာပြန်ပေးပါဘုရား။

မင်းလူ၊ မိုးကုတ်။

အရိယာဖြစ်တဲ့ သံဃာတွေဟာ မိမိကိုယ်ကို အရိယာဖြစ်ရင်လည်း လူများကို အရိယာဖြစ်တယ်လို့ပြောရင် ပါစိတ်အာပတ်သင့်ကြတာမို့ မပြောဆိုကြပေ။ နောက်ပြီး ကိုယ်တိုင်အရိယာမဟုတ်ဘဲ အရိယာလိုပြောရင် အဲဒီသံဃာဟာ ပါရာဇိကအာပတ်သင့်လို့ ရဟန်းမဟုတ်တော့ပါဘူး။ ဒါကြောင့် သံဃာများအနေနဲ့တော့ အရိယာဖြစ်တယ်၊ မဖြစ်ဘူးဆိုတာကို သူတို့ကိုယ်တိုင်ပြောဖို့ ခက်ခဲတဲ့အတွက် ပြောဆိုကြလိမ့်မည် မဟုတ်ပေ။

အပြင်သဏ္ဍာန်နဲ့စကားပြောဆိုပုံတို့ကိုကြည့်ပြီး ဘယ်သံဃာဟာ အရိယာဟုတ်မဟုတ်ကို သိရှိဖို့ရန် အလွန်ခက်ခဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရဟန္တာဖြစ်တဲ့သံဃာများမှာ ဝါသနာဆိုတဲ့အကျင့်စရိုက် ရှိနေသေးတာမို့ ပုထုဇဉ်အမူအရာများ ရှိနေတတ်သေးလို့ပါ။ မြတ်စွာဘုရားလက်ထက်က ရှင်ပိလိန္ဒဝစ္ဆရဟန္တာမထေရ်ဟာ အရင်ဘဝတွေက ပုဏ္ဏားဘဝမှာဖြစ်လာသူမို့ မာန်မာနပြင်းထန်တဲ့ ဝါသနာပါလာတဲ့အတွက် လူမြင်တိုင်း ကြမ်းတမ်တဲ့စကားနဲ့ ပြောဆိုလေ့ရှိပါတယ်။ အဲဒီလိုပြောဆိုတဲ့ အတွက်ကြောင့်လည်း တချို့သောပုဂ္ဂိုလ်များဟာ ရှင်ပိလိန္ဒဝစ္ဆမထေရ်ကို ရဟန္တာမှန်မသိလို့ မုသားစတဲ့ မဟုတ်မမှန် မလေးမခန့် စကားများပြောဆိုခဲ့ကြပါတယ်။

နောက်ပြီး အရိယာဖြစ်တဲ့ အနာထပိဏ်သူဌေးကြီးဟာ သူ့သမီးအရိယာဖြစ်တာ မသိခဲ့တာကို ထောက်ဆကြည့်မယ်ဆိုရင် သာမန်လူများအဖို့ တစ်ဦးတစ်ယောက်ကို အရိယာဟုတ်မဟုတ် သိဖို့ရန် ခဲယဉ်းလိမ့်မယ် ထင်ပါတယ်။

ဒါပြင် အရှင်မဟာကဿပရဟန္တာမထေရ်မြတ်ကြီး တောကျောင်းမှာ သီတင်းသုံးတဲ့အချိန်တုန်းက သူရဲ့အလုပ်အကျွေးဥပါသကာတစ်ယောက်ဟာ မထေရ်နောက်က လိုက်နေရပေမဲ့ အရှင်မဟာကဿပမထေရ်ကို ရဟန္တာမှန်း မသိခဲ့ပါဘူး။ ဒါကြောင့်လည်း တစ်နေ့ မထေရ်နောက်ကနေ သပိတ်ကိုင်ပြီး လိုက်ရင်းနဲ့ “ငါသည် ဤလောကတွင် ရဟန္တာဟု ကျော်စောသူများ ခဏခဏ ကြားဖူးပေမဲ့ ရဟန္တာဆိုတာကို မမြင်ဖူးသေးဘူး”လို့ ပြောဆိုခဲ့တာကို သာသနာလင်္ကာရစာတမ်းတွင် ဖတ်ရတဲ့အတွက် အပြင်သဏ္ဍာန်နဲ့စကားပြောဆိုပုံကိုကြည့်ပြီး သာမာန်လူများအနေနဲ့ အရိယာဟုတ်မဟုတ် ခွဲခြားသိမြင်ဖို့ရန် ခံယဉ်းတယ်ဆိုတာ ခုရေးပြခဲ့တဲ့ သာဓကတွေကိုထောက်ဆကြည့်ရင် သိနိုင်ပါတယ်။

ဒါပေမဲ့ မိမိနဲ့အနေနီးသူများဖြစ်ရင်တော့ အဲဒီပုဂ္ဂိုလ်ရဲ့ ရုပ်လက္ခဏာအဆင်း၊ အနေအထိုင်တို့ကိုကြည့်ပြီး တရားထူးရမရဆိုတာကို ခွဲခြားသိနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်ဟာ တရားထူးရလာရင် ရုပ်ပိုင်းဆိုင်ရာလည်း ကြည်လင်ပြီးသွားလာလှုပ်ရှားမှုကလည်း နဂိုလိုမဟုတ်ဘဲ ပုံစံပြောင်းသွားပါတယ်။ မြတ်စွာဘုရားလက်ထက်က သားရဟန်းတရားထူးရလာတာကို မိခင်ဖြစ်သူက သူ့သားရဟန်းရဲ့ ရုပ်ဆင်းသဏ္ဍာန်နဲ့ လှုပ်ရှားမှုကိုကြည့်ပြီး သိခဲ့ပါတယ်။ ဒီလိုပါပဲ ရှင်သာရိပုတ္တရာမထေရ်လောင်းဖြစ်တဲ့ ဥပတိဿ တရားထူးရလာတာကို သူငယ်ချင်းဖြစ်သူ ရှင်မောဂ္ဂလန်မထေရ်လောင်း ကောလိတက ဥပတိဿရဲ့ မျက်နှာနဲ့သွားလာလှုပ်ရှားမှုကိုကြည့်ပြီး သိခဲ့ပါတယ်။

ဒါကြောင့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် တရားထူးရမရ၊ အရိယာဟုတ်မဟုတ်ကို ခေတ္တခဏအပြင်မှာတွေ့ရုံနဲ့ ခွဲခြားသိနိုင်ဖို့ရန် ခဲ့ယဉ်းတယ်လို့ ခုပြောပြခဲ့တဲ့ မြတ်ဗုဒ္ဓလက်ထက် သာဓကတွေကို ထောက်ဆကြည့်ရင် သိနိုင်သလို မိမိနဲ့အနေနီးသူများဆိုရင်တော့ တစ်ပါးသူရဲ့ ရုပ်ဆင်းလှုပ်ရှားမှု တမူထူးခြားမှုတို့ကိုကြည့်ပြီး ဝေဖန်စီစစ်သုံးသပ်ရနိုင်ပါတယ်။ အဲဒီတော့ မေးခွန်ရှင်သိချင်တဲ့ အကြောင်းအရာကို ဦးဇင်းရသမျှအချိန်လေးမှာ ဦးဇင်းသိသမျှ ဖြေကြားပေးရင်း စာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး လိုရာဆန္ဒပြည့်ဝကာ ပန်းတိုင်ကိုလျင်မြန်စွာ လျှောက်လှမ်းနိုင်ပါစေလို့ ဆန္ဒပြုလျက်…..။

အရှင်ကောမလ(ခ)ဆန်နီနေမင်း

3 comments

  • amatmin

    January 24, 2012 at 4:54 pm

    သာမန်လူများကို လေ့လာရာမှာတောင် အချိန်ယူပြီးလေ့လာနိုင်မှ.မှန်းဆနိုင်တာဆိုတော့..
    တရားသမားတွေ ရောက်ချင်တဲ့ အရိယာအနေအထားဆိုရင်တော့ပိုခက်ခဲမှာဖြစ်ကြောင်းလက်ခံရင်း
    အငြင်းအခုန်ဖြစ်လေ့ရှိတတ်တာလေးတွေ အတွက်တွေးစရာအဖြေလေးတွေမှတ်သားရတဲ့အတွက်ကျေးဇူးတင်ကြောင်းပါ..

  • koyinmaung

    January 24, 2012 at 11:26 pm

    အရှင်ဘုရားခုလိုရှင်းပြတာကျေးဇူးကြီးလှပါတယ်ဘုရား..

  • kyeemite

    January 25, 2012 at 11:50 am

    အရှင်ဘုရားခုလိုရှင်းပြတာ..တော်တော်ကောင်းပါတယ်ဘုရား..
    တပည့်တော်အမြင်ရှင်းသွာပါပီ…
    ကျေးဇူးကြီးလှပါတယ်ဘုရား…

Leave a Reply