သူရဿဝါနှင့် ရှိုး

ခိုးကူးခွေ နှိပ်စက်မှုကြောင့် ဂီတ လောကသား အဆိုတော်များ ဒုက္ခ ရောက်ကြသော အခါ သမယ ဖြစ်သည့် အားလျော်စွာ ထုတ်ထားသော အခွေဖိုး အနည်းငယ်မျှ ကာမိရန် ရည်ရွယ်၍ သော်လည်းကောင်း၊ မိမိ၏ အနုပညာ အရည် အသွေးနှင့် နာမည် ကျော်ကြားမှုကို မြှင့်တင် လို၍ သော်လည်းကောင်း ဂီတ ဖျော်ဖြေပွဲ (ရပ်ကွက် အခေါ် ရှိုးပွဲ) များကို တွင်တွင် ကျယ်ကျယ် ပြုလုပ်၍ ဂီတချစ် ပရိသတ် များကလည်း ရှိုးပွဲသာ ဖြစ်ပါစေ၊ ဘယ်နေရာ ဖြစ်ဖြစ် လိုက်ကြည့်မည် ဟူသော ရဲရဲတောက် စိတ်ဓါတ်ကို ပိုင်ဆိုင် ထားကြသည် ဖြစ်သဖြင့် ရောင်းသူ ဝယ်သူ အသံတူ၍ ရှိုးပွဲများ ကဒီးကဒီး ပြုလုပ် ကြသော ရှိုးခေတ်ကြီး ဖြစ်သည့် အလျောက် မောင်သူရဿဝါ တစ်ယောက် သည်လည်း ဂလိုဘယ် ခေတ်ကြီးကို မမှီမကမ်း အမြီးတန်းလန်း ဆွဲ၍ ကျန်ခဲ့သူ မဖြစ်ရ လေအောင် ရှိုးပွဲ တစ်ပွဲလောက် ကြည့်ရှုရန် စိတ်အကြံ ဖြစ်မိလေသည်။

ရှိုးပွဲဟု ဆိုရာတွင် မြန်မာပြည်၌ (၁၂)လ ရာသီလုံး ပွဲတော်များ ရှိသည့် စံချိန်ကို ကျော်လွန်၍ ရှိုးပွဲများ သည်ကား အခါမရွေး၊ အကြောင်း ပြချက် မရွေး ရှိကြလေ၏။ အနောက်တိုင်း အင်္ဂလိပ် လူမျိုးတို့နှင့် သက်ဆိုင်သည့် ခရစ္စမတ် ပွဲတော် ရက်တွင်လည်း အထိမ်းအမှတ် ဟူ၍ ရှိုးကြ၏။ မြန်မာ့ ရိုးရာ သီတင်းကျွတ် မီးထွန်း ပွဲတော် ရက်တွင်လည်း ပျော်ပွဲရွှင်ပွဲ ဟူ၍ ရှိုးကြ၏။ ဒီဖက်နှစ်မှ ဟိုဖက်နှစ်သို့ ခုန်ကူးမည့် ညတွင်လည်း နှစ်သစ်ကူး အထူး ဟူ၍ ရှိုးကြ၏။ ဖေဖော်ဝါရီ (၁၄)ရက် ချစ်သူများနေ့ ဟူသော ရက်တွင်လည်း ချစ်သူများနေ့ အမှတ်တရ ဟူကာ ရှိုးပြန်၏။ တစ်ဦးနှင့် တစ်ဦး အပြိုင် အဆိုင် ဆန်းသစ် တီထွင် ကြသော ခေတ်ကြီး ဖြစ်သည့် အလျောက် နောက်ပိုင်းတွင် “တပို့တွဲလ အထိမ်းအမှတ် နာမည်ကျော် ဟစ်ဟော့ အဆိုတော် လေးများ ကိုယ်တိုင် ထမနဲထိုးရင်း သီချင်းဆိုမည့် ရောကာ မွှေကာ သမကာ ထမနဲ ရှိုးပွဲကြီး” တို့၊ “ပြာသိုလ အထိမ်းအမှတ် ကန်းထရီး အဆိုတော် ကြီးများက မြင်းစီးရင်း သီချင်းဆိုမည့် မြင်းခင်း အမှတ်တရ ရှိုးပွဲကြီး” တို့၊ “တော်သလင်းလ အထိမ်းအမှတ် ရော့ခ်ကာ ကြီးများ လှေလှော် သမ္ဗာန်ခပ်ရင်း သီချင်းဆိုမည့် တော်သလင်း လှေလှော်ရွက်တိုက် ရှိုးပွဲကြီး” တို့ မပေါ်လာ နိုင်ဘူးဟု ပြော၍မရ။

နောက်ပြီး ရှိုးပွဲ ဆိုသည်နှင့် နှစ်တန်း နှစ်စား ထပ်ခွဲ၍ ရသေးသည်။ ဖရီးရှိုးနှင့် လက်မှတ် ဝယ်၍ ကြည့်ရသော ရှိုးပွဲ ဟူ၍။ ဖရီးရှိုး ကတော့ အလကား ကြည့်ရသော ပွဲများ ဖြစ်သဖြင့် အကြွေးရလျှင် ဆင်တောင် သုံးကောင်လောက် ဝယ်ထားမည် ဟူသော သဘောနှင့် ကိုက်သဖြင့် အထွေအထူး ပြောစရာ မရှိပါ။ အဲ.. လက်မှတ် ဝယ်၍ ကြည့်ရသော ရှိုး။ သူရဿဝါတို့ လူပျိုပေါက် အရွယ်မှာ ရှိုးပွဲ လက်မှတ်ခ များက သုံးထောင်၊ လေးထောင်၊ ငါးထောင် အဲဒီ ပတ်ဝန်းကျင် ပေးရသည်။ ထိုတုန်းက ရှိုးပွဲ ဟူသည်မှာ ယခုလောက် သိပ်ပြီး ခေတ်မစားသေး။ နောက်ပိုင်း ရှိုးပွဲခေတ် ဖြစ်လာပြီး ရှိုးပွဲများ အပြိုင် အဆိုင် ဖြစ်လာသည်။ အရောင်း အဝယ် သဘောတရား အရ ကုန်ပစ္စည်း တစ်မျိုးတည်းကို ထုတ်လုပ်မှု များလာလျှင် ဝယ်လိုအား ရောင်းလိုအား ချိန်ဆ၍ ကုန်ပစ္စည်း ဈေးနှုန်းများ ကျဆင်းမှု ရှိသည်။ အဲဒါကို တွေး၍ ယခုနေ ငါးထောင် ပေး၍ ရှိုးပွဲ ကြည့်မည့် အစား ရှိုးပွဲများ များပြား လာ၍ ဈေးနှုန်းများ ကျလာပါမှ ခပ်များများ ကြည့်တော့မည် အားခဲ ထားတာ မှားပြီ။ ရှိုးပွဲများ များလာသလို လက်မှတ်ခ ဈေးနှုန်း များလည်း ပို၍ ပို၍ ပို၍ တက် တက် တက်လာသည်။

အဲဒီတော့ မထူးတော့ပြီ။ ရှိုးပွဲ တစ်ပွဲ လောက်တော့ ကြည့်ဖူးတယ် ရှိရအောင် ဈေးကြီးလည်း ကြည့်တော့မည်။ နာမည်ကျော် အဆိုတော်များ ပါဝင်သော ပွဲတစ်ပွဲ လက်မှတ် ဝယ်လိုက်၏။ ညနေ ခြောက်နာရီ စမည့်ပွဲ ဖြစ်သော်လည်း ငါးနာရီ မတိုင်ခင် ကတည်းက သူရဿဝါ ရောက်လေ၏။ အလို… သတင်းကြား ထားတာက အဆိုတော် ဆယ်ယောက် လောက်ပဲ ဆိုမှာ… အခု အဆိုတော်တွေ အယောက် ငါးဆယ်၊ တစ်ရာလောက် အသာလေး ရှိနေပါ ရောလား။ အသေ အချာ မျက်လုံး ပွတ်၍ ကြည့်မိမှ အဆိုတော်များ မဟုတ်၊ ရှိုးပွဲ လာအားပေး ကြသည့် ကိုကို မမ ပျိုပျို လှလှ ကလေးများ ဖြစ်ကြကုန်၏။ အော်… စင်ပေါ်တက် သီချင်း ဆိုမည့် အဆိုတော် များတောင် သူတို့လောက် ပြောင်ပြောင် ရောင်ရောင် ဝတ်လာဖို့ စိတ်ကူးရမည် မထင်။ ပြင်ဆင် ခြယ်သ ထားလိုက် ကြပုံများ အဆိုတော်ရှုံး၊ မင်းသမီးရှုံး။ ဘာကို သွားသတိရ သလဲ ဆိုတော့ ရွာမှာ တစ်နှစ်တစ်ခါ ကြုံတောင့် ကြုံခဲ အလှူပွဲ ရှိသဖြင့် “တစ်ရက်တည်းနဲ့ တစ်နှစ်စာ ဖုံ မှုန်နေအောင် ပြင်ပစ် လိုက်မဟဲ့” ဟူသော တောသူ ကလေးများ၏ စိတ်ပိုင်းဖြတ် ပုံမျိုး။

အချို့ ကောင်ကလေးများ ကျပြန်တော့ ရှိုးပွဲက မစသေး။ ခေါင်းပင် မထောင် နိုင်တော့။ သူရဿဝါ သနား သွားသည်။ “အော်… ဒီကောင်လေးနှယ် ကိုယ့်ဟာကိုယ် အိမ်မှာ ပုလင်းလေး ဝယ်သောက်ရင် အေးအေး ဆေးဆေး သောက်လို့ မှောက်လို့ ရရဲ့သားနဲ့ ကိုယ့်ဒုက္ခ ကိုယ်ရှာပြီး လူပေါင်း သောင်းခြောက်ထောင် ကြားထဲ မူးရရှာတယ်” ဟူ၍။ ဒါတွေက အသေးအဖွဲ။ တကယ့် ရှိုးပွဲ စတော့မှ သူရဿဝါ ဒုက္ခ ရောက်သည်။ နာမည်ကျော် အဆိုတော်က “မင်္ဂလာပါ” နှုတ်ဆက် စကားကို ဘတ်စ်ကား ပေါ်တွင် ခါးပိုက်နှိုက် ခံရ၍ ခြောက်ခြောက် ခြားခြား အော်သည့် အသံဖြင့် စတင် နှုတ်ဆက်သည်။ မှတ်သား ရပါပေ၏။ ဒီကြားထဲ စတိတ်စင် အနောက်တွင် ဘယ်သူတွေ ဆေးလိပ် ခိုးသောက်သည် မသိ။ စင်ပေါ်သို့ မီးခိုးလုံးများ ခဏခဏ တက်လာတာလည်း ကြုံရသည်။ အဆိုတော်က သီချင်း ဆိုပြန်တော့ သူ့သီချင်းသူ နှစ်ကြောင်း သုံးကြောင်း ပရိသတ်ဖက် မိုက်ထိုး ပေးကာ ဆက်ဆို ခိုင်းသည်။ အော်.. သီချင်း စာသား မေ့နေလို့ ဖြစ်မှာ ပါလေဟု ဖြေသိမ့် ရ၏။ တခါတလေ ကိုယ်က သူ့သီချင်း မရ၍ လိုက်မဆို လျှင်တောင် “ဟိုးအနောက်က ပရိသတ်တွေ လိုက်ဆိုလေ… လုပ်ပါ.. ကျယ်ကျယ်လေး” ဟူ၍ ဆိုချင်မှန်း မသိ၊ မဆိုချင်မှန်း မသိ အတင်းကာရော ဆိုခိုင်းတာလည်း ပါသေးသည်။ ကိစ္စမရှိ… ကာရာအိုကေ ဆိုင်မှာတောင် သွား သွား ဆိုနေသေးတာ။ တစ်ပုဒ် တစ်လေတော့ လိုက်ဆို ပစ်လိုက်မည်။

သူရဿဝါ အထင်နှင့် အမြင် တက်တက်စင် လွဲလေ၏။ နောက် အဆိုတော် တစ်ယောက် လာတော့လည်း ထိုနည်း လည်းကောင်း။ နှစ်ကြောင်း သုံးကြောင်း ဆိုပြီးလျှင် ပရိသတ်ကို ဆက်ဆို ခိုင်းပြန်၏။ ပရိသတ် ကလည်း အမှတ်မရှိ လိုက်ဆိုပြန်၏။ နောက်တစ်ယောက်.. နောက်တစ်ယောက် အကုန်လုံး ဒီအတိုင်း ဆက်ဖြစ်သည်။ သူရဿဝါ အူလည်လည် ဖြစ်လာ၏။ “နေပါဦး… စတိတ်ရှိုးနဲ့ ဆရာ ကန်တော့ပွဲများ ငါမှားပြီး ရောက်လာ သလား” တွေးမိသည်။ ဆရာ ကန်တော့ပွဲ များမှာလို ရှေ့ကနေ နည်းနည်း တိုင်ပေး တာကို နောက်လူများက ဆက်ဆိုရသည့် ပုံစံ ဖြစ်နေ၏။ ဒီလိုနှင့် အဆိုတော် ဆယ်ဦးလုံး သီဆိုမှုလည်း ပြီးရော.. သူရဿဝါ လည်ချောင်းများ နာ၍ ကျန်ခဲ့သည်။ နဝေတိမ်တောင် ဖြစ်၍ အိမ်ပြန် လာရင်း လမ်းမှာ မကျေမနပ် တွေးမိသည်။ “တောက်! ဒီလိုမှန်းသိ ကိုယ့်ဟာကိုယ် အိမ်မှာ ရေချိုးခန်းထဲ တစ်ယောက်တည်း အော်ဆို နေလိုက်ပါတယ်.. အခုတော့ လူတွေ ကြားထဲ သီချင်းတွေ လိုက်အော် ဆိုရတာ ရှက်လိုက်တာ” ဟူ၍။

အိမ်ပြန်ရောက်တော့ ချက်ချင်း မအိပ်နိုင်။ မှန်ချို ဆေးကလေး လျက်ရင်း ကောက်ချက် ချမိသည်။ အော်.. တကယ်တော့ ရှိုးပွဲ ဆိုတာ ကိုယ့်ပိုက်ဆံ ကိုယ်ပေးပြီး ကိုယ့်ဟာကိုယ် အဆိုတော်လို ပြင်ဆင် ဝတ်စားကာ ကိုယ့်ဟာကိုယ် မူးအောင် သောက်၍ ကိုယ့်ဟာကိုယ် သီချင်းများ ထည်လဲ အော်ဆိုကာ ကိုယ့်ဟာကိုယ် အိမ်ပြန်ရသော ကြုံတောင့် ကြုံခဲ ပွဲကြီး ဖြစ်ပေ တော့သကိုး။

(အထက်ဖော်ပြပါ ဆောင်းပါးကို ယခုတစ်ပတ်ထုတ် Net Guide Journal, Volume 2, Issue 18 တွင် ပုံနှိပ်ဖော်ပြခဲ့ပြီး ဆောင်းပါးသရုပ်ဖော်ပုံကို ကာတွန်းနေကြီး မှ ကျေးဇူးပြုရေးဆွဲပေးပါသည်)

သူရဿဝါ

ဇန်နဝါရီ ၂၆ ရက် ၊ ၂၀၁၂ ခုနှစ်

www.thurathawah.net

www.twitter.com/Thurathawah

www.facebook.com/ThuraThawah

www.facebook.com/LiteraryArtBlog

About သူရႆဝါ

သူ ရ ႆ ဝါ has written 157 post in this Website..

25 Years Old From Yangon | Myanmar | Writer | Blogger | Stand-up Comedian | Freelance Web Designer | Admin Member of Suboo Multi Social Network | Contact Me as Followings, kophonethantkyaw@gmail.com www.thurathawah.net www.facebook.com/ThuRaThaWah www.twitter.com/Thurathawah