သင်ဟာ ဗမာ၊ ဘယ်နေရာမှာ

ဘယ်သို့နားမှာ၊ နားနေပါလဲ…

နေရာထိုင်ခင်း၊ သိမ်ညံ့ဗျဉ်းခြင်း

ကောင်းသည်ခြင်းလဲ၊ ရှိမှုရှိတုံ

သင်ဟာဗမာ အိုဗမာတို့

သင်၏အမျိုး သင့်ကိုကိုးပြီး

တိုးရာမမြင်၊ ကွဲပြားလူမျိုး

အကျိုးကိုးပြီး၊ ကိုယ့်အမျိုးကိုယ်သတ်

မျှော်လင့်တတ်သည်…

မြန်မာကောင်းကျိုး တည်မည်တည်း…

 

ဘာ…

“သင်္ကြန်နဲ့နှစ်သစ်ကူးရုံးပိတ်ရက်ကို လျော့လိုက်တယ်…”

မခံစားနိုင်သော ၀န်ထမ်းတစ်ယောက်အသံ…ကျွန်တော့် နားနဲ့ကြားလိုက်ရတယ်…

ဘယ်လိုများဖြစ်သွားပါလိမ့်…

ဘာတွေများ…အရေးကြီးသွားပါလိမ့်…

မြန်မာနိုင်ငံအတွက် ဘယ်လောက်များ တိုးတက်ဖို့အရေးပါနေပါလိမ့်…

 

“ဒီအကြောင်းကို နိုင်ငံခြားသားကဆုံးဖြတ်ဦးတောင် ဗမာဖြစ်တဲ့ လူ့စွမ်းအားအရင်းအမြစ်ကရော ထောက်ခံတာပဲလား”

တအံ့တသြ မေးလိုက်တဲ့ ၀န်ထမ်းတစ်ယောက်အသံ…ကျွန်တော့် နားနဲ့ ကြားလိုက်ရတယ်..

ဘယ်လိုများ ဖြစ်သွားပါလိမ့်

မြန်မာနိုင်ငံက ၀န်ထမ်းတွေများ ငယ်စဉ်ကတည်းက သင်ပေးလိုက်သလို မရိုကျိုးတော့ပါလား…

 

“ ဒါကတော့ရှင်းပါတယ်…သူက မြန်မာနိုင်ငံမှာ လစာထောင်ကျော်ရနေလို့ နိုင်ငံခြားသားခိုင်းသမျှ မျက်စိမှိတ်လုပ်တာ အခုမှ မဟုတ်တာ…ကြာပေါ့”

“အဲလိုမလုပ်ရင် ဒီရာထူးဘယ်လိုရပါတော့မလဲ”

မထူးဆန်းသလို ပြောလိုက်တဲ့ ၀န်ထမ်းတစ်ယောက်အသံ…ကျွန်တော့် နားနဲ့ ကြားလိုက်ရတယ်..

ဘယ်လိုများ ဖြစ်သွားပါလိမ့်

ဒါဟာ ဖြစ်လေဖြစ်လရှိတဲ့ တွေ့နေမြင်နေကြအရာတွေပဲလား…

 

“ဒါတော့ဘယ်မရလဲ သူကျေနပ်လို့ ဖိနပ်ပဲတိုက်တိုက် ထမင်းပဲသွားချက်ချက်၊ ငါတို့ကတော့ အ၀တ်လိုက် မလျှော်နိုင်ပါဘူး”

မခံမရင်နိုင်ပြောလိုက်တဲ့ ၀န်ထမ်းတစ်ယောက်အသံ…ကျွန်တော့် နားနဲ့ ကြားလိုက်ရတယ်..

ဘယ်လိုများ ဖြစ်သွားပါလိမ့်

သူတို့ ဘယ်လိုဖြစ်ကြတာတုန်း…အရင်တုန်းက လစာလေးပုံမှန်ရနေရင်ကျေနပ်တဲ့သူတွေ…

 

တကယ်တော့ အဲဒီလိုစကားတွေကိုကြားခဲ့ရတာ တစ်လကျော်သွားခဲ့ပြီ…

ဝန်ထမ်းတွေ ရင်ထဲက မျက်ရည်တွေကျနေတာ တစ်လကျော်သွားခဲ့ပြီ…

အဲဒီလိုပဲ ၀န်ထမ်းတွေစကားကို သူတို့ နားမထောင်ခဲ့တာလဲ တစ်လကျော်သွားခဲ့ပြီ…

အရင်တုန်းက ကိုယ့်အလုပ်လေးလုပ်ပြီး…လစာလေးကို မထိခိုက်အောင် ချွေတာခဲ့တဲ့ ၀န်ထမ်းတွေ

အခုတော့ စိတ်မပါပဲ အလုပ်တွေလုပ်နေကြတယ်…

သူတို့ အလုပ်ထဲမှာ သံယောဇဉ်မရှိတော့ဘူး… သူတို့ အလုပ်အပေါ်မှာ တွယ်တာမှုကင်းသွားကြပြီ…

သူတို့ ခန္ဓာကိုယ်တွေ အလုပ်မှာ လေးတွဲ့တွဲ့လှုပ်ရှားနေပေမယ့်… သူတို့ဝိညာဉ်တွေ၊ သူတို့စိတ်တွေ..

အလုပ်ကို စွန့်ခွာနေကြပြီ…

မကြာခင်မှာ..သူတို့ကိုယ်ခန္ဓာတွေပါ အလုပ်ကနေစွန့်ခွာကြတော့မယ်…

 

တကယ်တော့ ငါတို့တွေ…ဘယ်နေရာပဲရောက်ရောက်…

ဘယ်ဘ၀ပဲရောက်ရောက်…

ဘယ်လောက်ကြီးတဲ့ ရာထူးဂုဏ်သိမ်တွေရှိရှိ…

ငါတို့အမျိုးအနွယ်ကိုတော့ စောင့်ရှောက်ကြရမယ်…

ငါတို့ဟာ ဗမာလူမျိုးတွေပဲ….

 

ကြောင်ဝတုတ်

ရန်ကုန်၊ ၂၀၁၂ နှစ်စပိုင်း

About ကြောင်ဝတုတ်

ကြောင်ဝတုတ် has written 104 post in this Website..

တစ်ခါတစ်လေ... လောကကြီးအား ပြောင်းပြန်ကြည့်တတ်ပေသည်...