ဘလက် အခုတလော စာရေးချင်စိတ်၊ ဓါတ်ပုံရိုက်ချင်စိတ် တော်တော်နည်းသွားခဲ့ပါတယ်။ အပျင်းထူလာတဲ့ သဘောပါဗျာ။
သူများရေးတာတွေကို လိုက်ပြီးတူးဆွနေတာနဲ့ ပျင်းသွားတာလည်း ပါပါတယ်။ အခုလည်း ကျွန်တော်တို့ ရွာရဲ့ တစ်ယောက်သော စာရေးသူ
အမျိုးသားတစ်ယောက်ရဲ့ ဇနီးက ဆဲဗင်းဒေးဂျာနယ်မှာ စာရေးပါတယ်။ ပြီးခဲ့တဲ့ အပတ်က ဆဲဗင်းဒေးဂျာနယ်မှာ ဖေါ်ပြပါရှိခဲ့တဲ့ ဆောင်းပါး
လေးကို စာရေးသူထံက ခွင့်ပြုချက်တောင်းပြီး ရွာသူရွာသားတွေဖတ်ဖို့ ဖေါ်ပြပေးလိုက်ပါတယ်။ ဘယ်သူ့ ဇနီးလည်း ဆိုတာကိုတော့
မမေးကြေးပါခင်ဗျာ။ သိသူများကလည်း သိတယ်မှတ်ပါ။ မသိသူများကလည်း မသိဘူးမှတ်ပြီး ဖတ်ပေးကြပါ။
အဆင်ပြေတယ်ဆိုရင် လက်ခုတ်သံလေးများ ချီးမြှင့်ခဲ့ကြပါလို့။
ဘလက်

ကျွန်တော်တို့ တိုင်းပြည်အနေနဲ့ ယခု အချိန်ကာလဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ကြိုးပမ်းလုပ်ဆောင်နေတဲ့၊ သမ္မတကြီး ဦးသိန်းစိန်ပြောကြားခဲ့တဲ့ ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသော အုပ်ချုပ်မှုကို ဖေါ်ဆောင်ဖို့ ကြိုးစားနေတဲ့ ကာလဖြစ်ပါတယ်။ ဒီလို ဒီမိုကရေစီလမ်းစဉ်ကို ကျင့်သုံးဖို့ ကြိုးပမ်းနေစဉ်ကာလမှာ သမ္မတကြီးပြောကြားခဲ့တဲ့ စကားတွေကို အလေးအနက်ထား ဖေါ်ဆောင်ပေးမယ့် အရေးကြီးဆုံးမောင်းနှင်အားက အစိုးရယန္တယားရဲ့ လည်ပတ်မှုပါပဲ။ အစိုးရ ယန္တယားက အဓိကမောင်းနှင်သူတွေဆိုတာ ထိပ်ဆုံးအဆင့် ညွှန်ချုပ်မှသည် အောက်ခြေအဆင့် စာရေးအထိပါဝင်သော ပြည်သူ့ဝန်ထမ်းများပဲ ဖြစ်ပါတယ်။ သမ္မတကြီးက တိုင်းပြည်ကို ပိုမိုကောင်းမွန်တဲ့၊ တိုးတက်တဲ့ နိုင်ငံအဖြစ် ထူထောင်လိုပေမယ့် သူတစ်ယောက်တည်း စွမ်းအားနဲ့တော့ မဖြစ်နိုင်ပါဘူး။ အစိုးရယန္တယားထဲမှာ ပါဝင်ထမ်းဆောင်နေတဲ့ ပြည်သူ့ဝန်ထမ်းများက အစိုးရ ယန္တယား ရဲ့ မူဝါဒဦးဆောင်သည့် အပိုင်းဖြစ်သော သမ္မတဦးဆောင်သည့် ၀န်ကြီးအဖွဲ့၊ အစိုးရအဖွဲ့၏ ကောင်းမွန်သော စိတ်ဆန္ဒအမှန်ကို ရှင်းရှင်းလင်းလင်းနားလည်သဘောပေါက်ပြီး ထိရောက်မှန်ကန်စွာ ပြုမူဖို့လိုပါတယ်။ ၄င်းတို့ရဲ့ စွမ်းဆောင်ရည်မြင့်မားအောင်၊ Effectiveness and Efficiency အမြင့်ဆုံးရရှိမယ့် စီမံခန့်ခွဲမှုပုံစံတွေ၊ ကြိုးပမ်းအားထုတ်မှုတွေ၊ ဒီလိုကြိုးပမ်းအားထုတ်လိုတဲ့ စိတ်စေတနာတွေနဲ့ အစိုးရယန္တယားကို မောင်းနှင်ဖို့ အလွန်အရေးကြီးပါတယ်။ အစိုးရယန္တယားကို မူဝါဒဖြင့် ဦးဆောင်ပေးသော သမ္မတ နှင့် ၀န်ကြီးအဖွဲ့ ကလည်း ကိုယ်ချမှတ်တဲ့ မူဝါဒ တကယ် အကောင်အထည်ပေါ်လာစေရန် လိုအပ်သော ပတ်ဝန်းကျင် အနေအထားကို ဖန်တီးပေးဖို့၊ မူဝါဒကို လိုက်နာလာအောင် တွန်းအားပေးဖို့ တာဝန်ရှိပါတယ်။ ပြည်သူ့ဝန်ထမ်းဆိုသည်မှာ ပြည်သူတို့၏အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးရမယ့်၊ တိုးပွားစည်ပင်လာအောင် ကူညီပေးရမယ့်၊ ပြည်သူလူထုအခက်အခဲကို ၀ိုင်းဝန်းဖြေရှင်းပေးရမယ့် သူတွေလို့ အကြမ်းဖျင်းနားလည် သဘောပေါက်ထားပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေကတော့ ပြည်သူလူထုကို ကိုယ်စားပြုပေးမယ့် ပြည်သူ့အသံတွေကို နားထောင်ပေးမယ့် ပြည်သူ့ဝန်ထမ်းတွေ အလွန်ရှားပါးပါ သေးတယ်။ အများစုသော ပြည်သူ့ဝန်ထမ်းများဟာ အစိုးရ၀န်ထမ်းအဖြစ်ခံယူပြီး ၄င်းတို့ ကိုယ် ၄င်းတို့ အာဏာပိုင်များအဖြစ် အထင်ရောက်ကာ ဘယ်လိုအာဏာကို အသုံးပြု ချယ်လှယ်ရမလဲဆိုတဲ့ စိတ်ဓါတ် မပျောက်ကြသေးပါဘူး။ စီးပွားရေးလုပ်ငန်းများနှင့် ဆက်စပ်ပတ်သက်နေသော နေရာများမှ ပြည်သူ့ဝန်ထမ်းများရဲ့ အကျင့်စရိုက်နဲ့ စိတ်ဓါတ်များဟာ ပျက်ယွင်းမှုပိုများပါတယ်။ နယ်မြို့များတွင် အုပ်ချုပ်မှု အပိုင်း ၌
ရှိသော ပြည်သူ့ဝန်ထမ်းများမှာ ဘုရင်တစ်ပါးအလား ဖြစ်နေကြသည်။ လတ်တလောတွင်ပဲ နယ်မြို့လေးတစ်ခုမှာ အာဏာပိုင်အဖွဲ့များက နှစ်သစ်အကြို ပျော်ပွဲရွှင်ပွဲကျင်းပရေးအတွက် ကာရာအိုကေမလေးများကို ထိုမြို့လေးရှိ တည်းခိုခန်းသို့ ခေါ်ဆောင်လာပြီး ပျော်ကြပါးကြရာမှ အဝေမတည့်ဖြစ်ကာ ထိပ်ပေါက်ခေါင်းကွဲ ဖြစ်ခဲ့ကြပါတယ်။ တည်းခိုခန်းပိုင်ရှင်လည်း ထိုမိန်းကလေးများအတွက် အခန်းခကို ဘယ်သူ့ဆီက တောင်းရမှန်းမသိ တောင်မေးမြောက်မေးနဲ့ အအော်အငေါက်ခံခဲ့ရသတဲ့။ ဒါ့အပြင် ဟိုသို့ ဒီသို့ အာဏာပြ အနိုင်ကျင့်မှုများမှာ နယ်မြို့ များတွင် အလွန်အဖြစ်များနေသော ကိစ္စများဖြစ်နေဆဲပါ။ ၀ိသမလောဘ စီးပွားရေးသမားများကလဲ အာဏာပိုင်များအကြိုက်လိုက်ပေါင်းပြီး အားနည်းသော ပြည်သူလူထုကို အနိုင်ကျင့် အမြတ်ထုတ်နေတဲ့ ဖြစ်ရပ်များမှာလဲ အများအပြားပါပဲ။ ဒီလိုဖြစ်ရပ်များဟာ အလွန်မှ အရုပ်ဆိုး အကျည်းတန်လှပါတယ်။ ပြည်သူ့ဝန်ထမ်းဆိုတာ ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှုရအောင်၊ ပြည်သူတွေရဲ့ အမြင်မှာ အားကိုးသင့် အားကိုးထိုက်သူ ဖြစ်အောင် ပြည်သူ့ဝန်ထမ်းဂုဏ်ကို ထိန်းသိမ်းသင့်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးတဲ့ ဒေါက်တိုင်အဖြစ် ရပ်တည်နေတဲ့ ပြည်သူ့ဝန်ထမ်းများဟာ မိမိတို့ရဲ့ ဒေါက်တိုင်တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ရမယ့်အပြင် လက်ရှိ အသိပညာ ဖွံ့ဖြိုးမှု အားနည်းနေသေးတဲ့ ပြည်သူလူထုရဲ့ ဒေါက်တိုင်ကိုပါ ကူညီထောက်ပံ့ပေးရမယ့် အနေအထားဖြစ်ပါတယ်။ ဒါကို လစ်လျူရှုပြီး မိမိတို့ အဆင်ပြေသလို အခွင့်အရေးယူနေခြင်းဟာ တိုင်းပြည်တိုးတက်ဖို့အတွက် အနှောက်အယှက်ဖြစ်နေပြီလို့ မြင်တတ်ဖို့ အရေးကြီးလာပါပြီ။ ဒီလို အသွင်ကူးပြောင်းဆဲကာလ အရေးကြီးသော အချိန်အခါမှာ ပြည်သူ့ဝန်ထမ်းများဟာ မိမိတို့ ကျင့်ကြံရမည့် အပြုအမူများနဲ့ ထားရှိရမည့် စိတ်ဓါတ်ကို ရှင်းလင်း ပြတ်သားစွာနားလည်ဖို့ လိုအပ်ပါတယ်။ ပြည်သူ့ဒီမိုကရေစီကို ကိုယ့်ဒီမိုကရေစီလို ကျင့်သုံးချင်နေတဲ့ ပြည်သူ့ဝန်ထမ်းများအနေနဲ့ ယခုလို အချိန်ကာလမှာ အချိန်မီ ပြင်ဆင်သင့်နေပါပြီ။ ပြည်သူလူထုမှလည်း မိမိတို့ အဆင်မပြေ အခက်အခဲ ဖြစ်နေသော ကိစ္စရပ်များကို ရဲရဲဝံ့ဝံ့ ဖေါ်ထုတ်အသိပေးဖို့ လိုပါတယ်။ ထိရောက်နိုင်သည်ဖြစ်စေ၊ မထိရောက်နိုင်သည်ဖြစ်စေ၊ တရားဝင်လမ်းကြောင်းမှ ဆိုင်ရာသို့ တိုင်တန်းခြင်းကို တွန့်ဆုတ်နေဖို့ မသင့်ပါဘူး။ တိုင်ကြားချက်များကို အရေးတယူရှိမှု တုန့်ပြန်အရေးယူခြင်းတို့ ထိရောက်မှု မထိရောက်မှုဆိုသည်မှာ မတရားပြုကျင့်ခံရခြင်းအပေါ် မမျှတစွာ ဆောင်ရွက်ခြင်းအပေါ် မကျေနပ်မှုကို ဖေါ်ထုတ်ပြသသည့် အကြိမ်အရေအတွက်နှင့် လူဦးရေပေါ်တွင်လည်း မူတည်နေပါတယ်။ လူအများ၊ ပြည်သူအများက လက်မခံတော့ဘူးဆိုရင် ပျက်ယွင်းနေတဲ့ အကျင့်စရိုက်တွေ၊ စိတ်ဓါတ်တွေကို ပြည်သူ့ဝန်ထမ်းတွေ အနေနဲ့ လက်ခံကျင့်သုံးဖို့ ရှက်ကြောက်တတ်လာမှာပါ။ အမှန်တရားကို ဖေါ်ထုတ်ရမှာ၊ တရားတဘောင်ရင်ဆိုင်ရမှာ၊ မကျေနပ်ချက်တွေကို ဆိုင်ရာသို့ ရဲရဲဝံ့ဝံ့ တင်ပြရမှာတွေကို မကြောက်ရွံ့ ဖို့ လိုအပ်ပါတယ်။ အစိုးရ ယန္တယားရဲ့ အမြင့်ဆုံး အဆင့်ဆင့်မှာ မောင်းနှင်နေသော ဦးဆောင်သူများကို အသိပေးနိုင်မှသာ ချို့ ယွင်းချက်ကို အချိန်မီ သိမြင် ပြုပြင်နိုင်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံသစ်ဆီသို့ ချီတက်နိုင်မယ်လို့ ပြည်သူလူထုအနေနဲ့လည်း နားလည်သဘောပေါက်ထားဖို့ လိုအပ်ပါတယ်။ ပြသနာသေးသေးလေးပဲဖြစ်ဖြစ်၊ ကြီးကြီးပဲ ဖြစ်ဖြစ်၊ အဆင်ပြေသလို ခါးစည်းခံနေမယ်ဆိုရင် မိမိတို့အတွက်လဲ ကြီးစွာသော အခက်အခဲများ ကြုံတွေ့ပြီး တိုးတက်မှု မရရှိသလို တိုင်းပြည်အတွက်လည်း အကြီးအကျယ် နစ်နာမှုကြီးကို ပါဝင်ပတ်သက်နေသလို ဖြစ်နေမယ်ဆိုတာ သိမြင်ထားရမှာ ဖြစ်ပါတယ်။ အစိုးရယန္တယားရဲ့ အဆင့်ဆင့်သော တာဝန်ရှိသူများကလည်း ပြည်သူ့ဝန်ထမ်းများ အကျင့်ပျက် အာဏာပြမှုများကို ပြတ်ပြတ်သားသားအရေးယူမှသာ ဖွင့်ဟဖေါ်ထုတ်လာသော ပြည်သူလူထုကို ပိုမိုဖွင့်ဟလာအောင် အားပေးရာရောက်မှာ ဖြစ်ပါတယ်။ တိုင်သာတိုင်၏ အကျိုးမရှိဖြစ်နေပါကလည်း ပြည်သူလူထု ၏ ယုံကြည်ကိုးစားမှုကို ရရှိနိုင်မှာ မဟုတ်ပါဘူး။ ရှင်းလင်းပြတ်သားသော လမ်းကြောင်းချပြပြီး ထိုလမ်းကြောင်းမှ သွေဖည်နေသော ပြည်သူ့ဝန်ထမ်းများကို ပြင်းပြင်းထန်ထန် အရေးယူခြင်းဖြင့် တိုင်းပြည်ရဲ့ အဓိက ဒေါက်တိုင်တစ်ခုဖြစ်တဲ့ ပြည်သူ့ဝန်ထမ်းများရဲ့ အခန်းကဏ္ဍကို အမြန်ဆုံး ပြုပြင်စေလိုသဖြင့် ရေးသားလိုက်ပါတယ်။
နိုင်နိုင်ဇော်

black chaw

About black chaw

black chaw has written 332 post in this Website..