ဂေဇက်ရွာ ကတ်မတော်အစိုးရ


“မန်းလေပြဲလေဂေဇက်ရွာ ဂျောက်ထဲကျမည့်ဘေး လက်မတင်လေးအလိုတွင် ကတ်မတော်မှ ရွာတာဝန်များကို မလွှဲမရှောင်သာ လွှဲပြောင်းယူလိုက်ရသည်။ ပုံ- ကတ်ချုပ်ကြောင်ကြီး” တီဗွီရေဒီယို မီဒီယာ သတင်းဌာနများမှ ဂေဇက်ရွာ အာဏာသိမ်းပွဲ သတင်း ပျံ့လွှင့်လာနေသည်။ ဟုတ်၏ မှန်၏။ ဇိမ်ဘုန်းဂျီးလူထွက် ဂေဇက်ရွာသဂျီး အာဏာရှင်ဦးခိုင်အား ဖြုတ်ချပြီး ရွာဝပ်ငြိမ်ပြားပိရေးအဖွဲ့ ငါးကြော်ကြောင်စာ ၁/၂၀၁၂ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ သဂျီးဦးခိုင် ဂျပန်ဘီယာနှင့် ကိုဘေးနွားကင်နှင့် စားသောက်မူးယစ် အိပ်ပျော်နေစဉ် ကြွက်ခလေး စာခလေး ကြောင်ဖမ်းသလို အလွယ်တကူ ခုတ်ယူဖမ်းဆီးခြင်း ခံလိုက်ရသည်။ ဝါးရင်းတုတ် ဗိုလ်ဖြိုးဦးစီးသည့် အပျိုစင်ဂျော်လကီး ကိုယ်ရံတော်တပ်ဖွဲ့မှာလည်း အာဏာသိမ်းပွဲကို တားဆီးရန်ဝေးစွ၊ ဘောလုံးဝိဇ္ဇာကပေ၏ ပရီးမီးယားလိဂ်ဘောပွဲ ခန့်မှန်းချက် တက်တက်စင်အောင်လွဲသဖြင့် စိတ်ဓာတ်ကျကာ ကိလေသာစိတ်ပင် မထနိုင်ကြ။ ထောက်လှမ်းရေးမူး BEDC ဗိုလ်စိန်ပေါက်မှာလည်း အာဏာသိမ်းရန် အသံပေးနေသူ ရွာသူ အရီးလတ်အား မျက်ခြေမပြတ် စောင့်ကြည့်နေရသဖြင့် ကြောင်ကြီးအား သတိလက်လွတ် ဖြစ်သွားခဲ့သည်။ (အရက်သမားများ ဆင်ခြင်နိုင်ကြရန်ဖြစ်၏။ )

သဂျီးအိမ်တော်အား ရှာဖွေရာတွင် ရွှေချောင်းတန်ချိန်တထောင်၊ ယူအက်စ်ဒေါ်လာ သန်းတထောင်၊ ယူရိုသန်း တထောင်၊ ပထမတန်းစားစိန် ရတီတသောင်း၊ လက်ဝတ်ရတနာ ကာလတန်ဖိုး ဒေါ်လာသန်းငါးထောင်၊ ဆွစ်ဇာလန်ရှိ ဘဏ်များ၌ အပ်နှံငွေစာရင်း ဒေါ်လာ သန်းငါးသောင်း၊ ပတ္တမြားငမောက် အပါအဝင် အဖိုးတန် ကျောက်သံပတ္တမြား ရတနာများ၊ ရှေးဟောင်းပစ္စည်းများ၊ ကာလပေါက်ဈေး ဒေါ်လာ သန်းတသောင်းတန်ဖိုး ရှိသော ဘိန်းဖြူ၊ ဆေးခြောက်၊ ယာဘစိတ်ကြွဆေးများကို တွေ့ရှိရလေသည်။ ထို့အပြင် မည်သည့်ဘဏ်မှ လက်မခံသော အစုတ်အပြဲ ငွေစက္ကူ ကျပ်ငွေတသောင်းကို ရန်ကုန်နာရေးကူညီမှုအသင်းသို့ လှူဒါန်းရန် ကျွတ်ကျွတ်အိတ် တလုံးဖြင့် ထုတ်ထားသည်ကိုလည်း ချောင်ကြိုချောင်ကြားတွင် တွေ့ရလေသည်။ (သဒ္ဓါတရား ထက်သန်ပုံများနော်..)

ပြည်သူ့ချဉ်ဖတ် အာဏာရှင်ဟောင်း သဂျီးကို စစ်ခုံရုံးမတင်ဘဲ အော်မေဂိုဏ်းသို့အပ်နှံပြီး အသိတရားရစေရန် သက်ညှာစွာ စီရင်ချက်ချသည်။ အာဏာရှိစဉ် မဟုတ်တရုတ်နိုင်ငံနှင့် ပူးပေါင်းပြီး ပြည်သူကို နှိပ်စက်ကလူပြု၊ အတိုက်အခံများအား စစ်ကြောရေး ငရဲခန်းများတွင် လူမဆန်စွာ ရက်စက်ခဲ့ပုံများနှင့် တခြားစီပင် ဖြစ်သည်။ အော်မေဂိုဏ်း ဆရာကြီး အေတီဝမ်နှင့် အူးတီဆန်တို့မှာ ရုပ်ဝါဒီသဂျီးအား သောက်မြင်လွန်စွာ ကပ်နေသည့် အလျောက် ကိုဘေးနွားကင်သကဲ့သို့သဂျီးအား ဆား ဆနွင်း၊ အချိုမှုန့်နယ်ပြီး နေ့ဖက်တွင် မီးအေးအေးဖြင့် ကင်သည်။ ကျက်ခါနီးမှ အသားသိုလှောင်ရာ အအေးခန်းထဲထည့်၍ ညသိပ်လေသည်။ သဂျီးခင်မျာ နေ့ပူညအေး ဒဏ်ခံရသည်သာမက အိမ်မက်ထဲတွင်ပါ သူစားခဲ့သော ကိုဘေးနွားများ၏ ဂျပန်လို ပြစ်တင်ကြိမ်းမောင်းကို မရှုမလှ ခံနေရတော့သည်။ တချိန်က ငရဲနတ်ပြည်မရှိဟု ငါတကော ကောခဲ့သော သဂျီးမှာ အကျွတ်တရား ကြီးစွာရလျက် ရှိနေပေသည်။ ဘုန်းမီးနေလ တောက်ပနေသော ကတ်ချုပ်ကြောင်ကြီး လာရောက်စစ်ဆေးသည်တွင် ချပ်ဝတ်တန်ဆာ အပြည့်အစုံနှင့် သိကြားမင်းကို တွေ့ရသည်ထင်ပြီး အားပါးတရ တိုင်တည်ဆုတောင်းသည်။ သူ့ရုပ်သူ မှန်ထဲတွေ့သောအခါမူကား ငရဲသားလာခေါ်နေသည်ဟု အလွန်အမင်း ကြောက်ရွံ့နေပေသည်။ (လက်ခုပ်တီးဂျပါ….)

ကတ်ချုပ်ကြောင်ကြီးမှ ရွာပြုပြင်ပြောင်းလဲရေးအတွက် ရွာပညာရှိ ဒေါက်တာဆြာသစ် ဦးဆောင်၍ တဦးချင်း ပြုပြင်ရေး ဆီမီနာ ဆွေးနွေးပွဲများကို ပြုလုပ်စေရာ ရွာသားများ စိတ်ဝင်စားမှု နည်းပါးသဖြင့် မားကက်တင်းပါရဂူ မောင်မောင်ဂီထံ အကြံညဏ်တောင်းခံရသည်။ နောက်ဆုံးတွင် သူအကြံပေးသည့်အတိုင်း လောင်းကစားပွဲ၊ မော်ဒယ်ရှိုး ထည့်သွင်းကျင်းပပေးမှ ဝက်ဝက်ကွဲ စည်ကားတော့သည်။ သဂျီးအား ပညာပေး ဆုံးမနေသကဲ့သို့ ပစ်စုတ်ပန်ဂိုဏ်း၊ မိုးပြားဂိုဏ်းသားများကိုလည်း လူပျံတော် မိုက်ကဲဂျော်နီအောင်ပုထံ အပ်နှံပေးသည်။ အောင်ပု ငယ်စဉ်က စောင်ခြုံပြီး မိုးပေါ်ပျံရန် အကြိမ်ကြိမ်ကြိုးစားခဲ့ဖူး၍ လူပျံတော်ဘွဲ့ရသည်ကို ကတ်ချုပ်ကြောင်ကြီး ဘုန်းကြီးလူထွက် ပညာရှိ လူပြန်တော်နှင့် အထင်မှာခြင်းဖြစ်လေသည်။ မကြာခင် ရွာပြင်ဇရပ်တွင် ဆဲဆိုသံများ တသောသောညံနေ၍ ဖုတ်ကျက်တစ္ဆေ မကောင်းဆိုးဝါးမှန်မျှ ထွက်ပြေးကုန်ကြတော့သည်။ နားမခံသာသော ရွာသားများတိုင်ကြား၍ ၎င်းတို့အား အကင်ခံနေရသော သဂျီး၏ ဖြစ်အင်ကို ခေါ်သွားပြရာ သံဝေဂမရဘဲ အကင်နံ့ တထောင်းထောင်းထနေသော သဂျီးအား စားမည်ဝါးမည် တကဲကဲ လုပ်နေ၍ အလျင်အမြန် ရွာပြင်သို့ ပြန်လည်ခေါ်ဆောင်သွားရသည်။ (သစ္စာမဲ့ပုံများပြောပါဒယ်…)

မဟုတ်တရုတ်နိုင်ငံသူလျှို မမှန်နှင့်ဇိုတို့ နှစ်သစ်ကူး ပြည်ကြီးပြန်နေ၍ လွတ်မြောက်သွားသည်။ ၎င်းတို့နှစ်ဦး လွန်စွာကံကြီးပေသည်၊ နို့မို့ပါက အလွန်စိတ်ကြီးသော ကတ်ချုပ်ကြောင်ကြီး လက်ချက်မိသွားလျင် မတွေးဝံ့ တော့ပေ။ သူတို့ ခွင့်ပြန်ရာဝယ် ကျွန်းသစ်လုံးအပြည့်တင်ထားသော ဆယ်ဘီးကား အစင်းတရာ၊ ကျောက်စိမ်း အရိုင်းတုံး တန်၁၀၀၊ ပတ္တမြားခဲ တန်တရာ၊ ရှားပါးတိရိစ္ဆာန် အကောင်တသောင်း၊ အဖိုးတန်ရှားပါး ပရဆေးပင် ကားဆယ်စီးတိုက် ပါသွားခဲ့သည်။ ၎င်းတို့က မြန်မာပြည်သို့ ပလပ်စတစ်ကော်ပတ်ရုပ်၊ ချိုချဉ် သကြားလုံး၊ တပတ်ရစ်စက် အစုတ်ရောင်းရငွေများကို မြန်မာပြည်မှ ပြန်မယူသွားဘဲ သနားသဖြင့် ပြည်တွင်းထွက်ပစ္စည်း များကို အနစ်နာခံ ပြန်ယူသွားရသည်၊ ကားစားရိတ်ရှုံးသည်ဟု ငြီးငြူကြသည်။ ( ဒင်းတို့ကယ်ပေလို့…..)

၎င်းတို့နှစ်ဦး ကတ်ချုပ်ကြောင်ကြီးအား ရန်ညှိုးထားပြီး မဟုတ်တရုတ်နိုင်ငံတွင် မြန်မာပြည်မှကြောင်သား ၉၆ပါးရောဂါပျောက်သည်ဟု လျောက်ပြောသောကြောင့် မြန်မာကြောင်များ မျိုးတုန်းမည့် အန္တရာယ်နှင့်ကြုံတွေ့ ရတော့သည်။ ဤကား မြန်မာနှင့် မဟုတ်တရုတ် နှစ်နိုင်ငံအကြား စတင်ခဲ့သည့် ရန်မီး အစကနဦးပင် ဖြစ်ပေတော့သည်။ နဂါးနှင့်ကျား ရင်ဆိုင်တွေ့ကြလေပြီ။ မည်သူနိုင်၍ ပြည်သူထိုင်မည်နည်း…။ ဆက်ရန်လာမည်မျှော်..

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး